Thursday 31 December 2009

၆၂ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေး အမေရိကန် အစိုးရ သ၀ဏ်လွှာပို့

31 December 2009

၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၄ ရက်၊ တနင်္လာနေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံရဲ့ ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ မြန်မာလူထုကို အမေရိကန် ပြည်ထောင်စုက ဆုတောင်းမေတ္တာ ပို့သလိုက်ပြီး လွတ်လပ် ငြိမ်းချမ်း ကြွယ်ဝ ချမ်းသာပြီး ဒီမိုကရေစီ ထွန်းကားတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့ အမေရိကန် ပြည်ထောင်စုက အခိုင်အမာ ထောက်ခံပါကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောဆိုလိုက်ပါတယ်။

ဒီမိုကရေစီ လိုလားတဲ့ မြန်မာလူထုရဲ့ဆန္ဒ ပြည့်ဝစေဖို့ မြန်မာအစိုးရက အဓိပ္ပာယ်ပြည့်ဝတဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ လုပ်ဆောင်မှုအပေါ် အခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်သွားဖို့ အမေရိကန် ပြည်ထောင်စုက အဆင်သင့် ရှိနေတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

သူတို့ရဲ့ လူ့အခွင့်အရေးကို လွတ်လပ်စွာ အသုံးပြုတဲ့ နေရာအနှံ့က လူထုတွေရဲ့ ငြိမ်းချမ်းတဲ့ ကြိုးပမ်း အားထုတ်မှုတွေကို မိမိတို့ ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံသားတွေ အလားတူ လုပ်ဆောင်နိုင်မယ့် နေ့ရက်ကို မိမိတို့ စောင့်မျှော်နေပါကြောင်းနဲ့ အဲဒီနေ့ရက် မကြာခင် ရောက်လာမယ်လို့ မိမိတို့ မျှော်လင့်ပါကြောင်း အမေရိကန် ပြည်ထောင်စုက မြန်မာလူထုဆီ ပေးပို့တဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလဲ ကျင့်သုံးမယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) သွားရောက်ခဲ့ပြီး မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။(ဗွီအိုအေ)

(ဆက်ဖတ်ရန်.......)

Wednesday 30 December 2009

ကိုညီညီအောင်ကို ပုဒ်မ ထပ်တိုးပြန်

Tuesday, 29 December 2009 19:21 အေးလဲ့
မင်္ဂလာဒုံ လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်ကို ပုဒ်မတခု ထပ်တိုး စွဲဆိုလိုက်ကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ပြုလုပ်သည့် ကိုညီညီအောင်အတွက် အင်းစိန်ထောင်တွင်း တရားရုံး ရုံးချိန်းကို အမေရိကန်သံရုံးမှ တာဝန်ရှိသူများနှင့် အကျိုးဆောင် ရှေ့နေ ၂ ဦး တို့ ၁၅ မိနစ်ကြာ တက်ရောက် ကြားနာခွင့် ရခဲ့ကြောင်း သိရသည်။ နောက်တကြိမ် တရားရုံးချိန်းကို လာမည့် ဇန်နဝါရီလ ၁ ရက်၊ သောကြာ နေ့သို့ ပြန်လည် ချိန်းဆိုလိုက်သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ကိုညီညီအောင်ကို ယခု ထပ်မံစွဲဆိုသည့် အမှုသည် ရဲအရေးမပိုင်သော အမှု ဖြစ်သည့်အတွက် ဗိုလ်တထောင်မြို့နယ် မှတ်ပုံတင်ရုံးက မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၃) ဖြင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားသည်ဟု ၎င်းကဆိုသည်။

ရှေ့နေ ဦးကြည်ဝင်းကလည်း “အရင်က စွဲဆိုထားပြီး ဖြစ်တဲ့ အမှု နှစ်မှုကို စွဲချက် တင်သင့်၊ မတင်သင့် လျှောက်လဲချက် စာနဲ့ ရေးတင်ရတယ်” ဟု ပြောသည်။

ကိုညီညီအောင်နှင့်ပတ်သက်၍ ရှေ့နေ ဦးဉာဏ်ဝင်းက “သူ့ကို ကြည့်ရတာ ကျန်းမာရေးက အရင်တပတ်ကထက်စာရင် အများကြီး ကောင်းပါတယ်၊ သူ့အမှုအကြောင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ စကားပြောဖြစ်ပါတယ်” ဟု ဆိုသည်။

စစ်အစိုးရက ကိုညီညီညီအောင်ကို နိုင်ငံသား မှတ်ပုံတင် အတုပြုလုပ်သုံးစွဲမှုဆိုင်ရာ ပုဒ်မဖြစ်သော စာရွက်စာတမ်း လိမ်လည် အတုပြုလုပ်သည့်ပုဒ်မ (၄၂၀)၊ စာရွက်စာတမ်း အတုကို အသုံးပြုသည့် ပုဒ်မ (၄၆၈) နှင့် နိုင်ငံခြားငွေ စည်းကမ်းသတ်မှတ်ချက် ဖောက်ဖျက်မှုဆိုင်ရာ နိုင်ငံခြားငွေ တရားမဝင်လက်ဝယ် ထားရှိသည့် ပုဒ်မ (၂၄/၁) တို့ဖြင့် တရားစွဲဆိုထားခဲ့သည်။

ယမန်နေ့က ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးမှ ဒု ကောင်စစ်ဝန်အပါအဝင် တာဝန်ရှိသူတို့ ထောင်ဝင်စာတွေ့ခွင့်ရကြောင်း ကိုညီညီအောင်၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။

သို့သော် အမေရိကန်သံရုံးမှ တာဝန်ရှိသူတဦးကမူ ယမန်နေ့က ထောင်ဝင်စာတွေ့ခွင့်ရခြင်းနှင့် ပတ်သက်ပြီး တစုံတရာမှ ပြောဆိုခြင်း မရှိပေ။

ဒီဇင်ဘာ ၁၈ ရက်နေ့က အမေရိကန်သံရုံးမှ တာဝန်ရှိသူများနှင့် ကိုညီညီအောင်တို့ ခေတ္တခဏတွေ့ဆုံခဲ့ရာ ၎င်း၏ အစာအငတ်ခံဆန္ဒပြမှု ပြီးဆုံးပြီဖြစ်ကြာင်းကို အတည်ပြုပြောဆိုခဲ့သည်ဟု သိရသည်။

ကိုညီညီအောင်သည် ဒီဇင်ဘာလ အစောပိုင်းတွင် အကျဉ်းထောင်ဝန်ထမ်းများက အကျဉ်းသားများအပေါ် ဆက်ဆံရေး မတရားမှုကို မကျေနပ်သည့်အတွက် အစာငတ်ခံဆန္ဒပြခဲ့ကြောင်း၊ ထို့ကဲ့သို့ ဆန္ဒပြခဲ့သောကြောင့် အာဏာပိုင်များက စစ်ခွေးတိုက် ထဲသို့ ပြောင်းရွှေ့ တိုက်ပိတ်လိုက်ကြောင်း ဒေါ်ခင်ခင်ဆွေက ပြောသည်။ ထိုအတောအတွင်း သူ၏ ကျန်းမာရေးမကောင်းဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

အင်းစိန်ထောင် ဝန်ထမ်းတဦးက ဒေါ်ခင်ခင်ဆွေအား တပတ်လျှင် တကြိမ် ထောင်ဝင်စာ တွေ့ခွင့် ပေးနေရာမှ နှစ်ပတ်လျှင် တကြိမ်သာ ပေးတွေ့တော့မည် ဖြစ်ကြောင်း ဖုန်းဆက်အကြောင်းကြားသည် ဟု ပြောသည်။ အလားတူ အမေရိကန်သံရုံးမှ တာဝန်ရှိသူများကိုလည်း နှစ်ပတ်လျှင် တကြိမ်သာ ထောင်ဝင်စာ တွေ့ခွင့်ပေးသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်ခဲ့စဉ် မင်္ဂလာဒုံလေဆိပ်၌ ကိုညီညီအောင်ကို ဖမ်းဆီးခဲ့သည်။ သူ အဖမ်းခံရပြီး ၃ ပတ်အကြာ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ ထိုပေါက်ကွဲမှုများအတွက် တာဝန်ရှိသည်ဟုလည်း အစိုးရ သတင်းစာထဲတွင် စွပ်စွဲထားသည်။

ကိုညီညီအောင်သည် ၂၀၀၅ မှ ၂၀၀၉ အတွင်း လူမှုရေးဗီဇာ (Social Visa) ဖြင့် မြန်မာနိုင်ငံသို့ (၈) ကြိမ် ပြန်ခဲ့ကြောင်း သတင်းစာတွင် ရေးထားသည်။

ကိုညီညီအောင်၏ မိခင်အပါအဝင် မိသားစုဝင် ၅ ဦးသည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၃ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ သိရသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

Friday 25 December 2009

အိမ်ပြင်ခွင့် ပြန်ရရေး ဒေါ်အာင်ဆန်းစုကြည် စောင့်ဆိုင်း

Thursday, 24 December 2009 19:27 ကိုထွေး

နေအိမ်ပြင်ဆင်နေမှုအား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ကန့်ကွက်ထားမှုကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စုံစမ်းစစ်ဆေး နေချိန်တွင် အိမ်ပြင်ဆင်မှု လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး ထွက်ပေါ်လာမည့် ရလဒ်ကို ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က သူ၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းနှင့် ယနေ့ တွေ့ဆုံစဉ် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် (ဓာတ်ပုံ - ရိုက်တာ)

“တရားရုံးချုပ် ပြင်ဆင်မှု လက်ခံတဲ့ ကိစ္စနဲ့ အိမ်ပြင်တဲ့ကိစ္စ ရပ်ဆိုင်းခံရတာတွေကိုပြောတယ်၊ ဒေါ်အောင်ဆန်း စုကြည်က အိမ်ပြင်ဖို့ ရပ်ဆိုင်းထားပါ ဆိုတာကို လိုက်နာတယ်၊ စုံစမ်းစစ်ဆေးမှုက ရလာမယ့် အဖြေကို စောင့်နေတယ် ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

အာဏာပိုင်များက ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့က စတင် ပြင်ဆင်ခဲ့သည်။

သို့သော်လည်း ဦးအောင်ဆန်းဦးက သူ၏ ကိုယ်စားလှယ် ဦးစိုးဝင်းနိုင်မှတဆင့် အိမ်ပြင်ဆင်မှုကို ကန့်ကွက်ထားသဖြင့် ယခုကဲ့သို့ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် ဦးအောင်ဆန်းဦးသည် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရသည့် နေအိမ်ကို သူလည်း ပိုင်ဆိုင်သည်ဟု ဆိုကာ အမွေပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနှင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။

၂၀၀၇ ခုနှစ်တွင် အိမ်ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် သူ တင်ပြထားသည့် သက်သေများနှင့် တွေ့ခွင့် မရခဲ့ပေ။ ထိုအချိန်မှစပြီး ထိုအမှုကို ရပ်ထားခဲ့ရသည်။

၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က မြန်မာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ဝန်ကြီးချုပ် ဦးနုက အင်လျားကန်စောင်းရှိ နေအိမ်ကို ပေးအပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ထိုအိမ်၌ပင် နေထိုင်လာခဲ့သည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန် ထောင်တွင်း၌ အမှု ရင်ဆိုင် နေရစဉ်ကပင် နေအိမ်ကို လုံခြုံရေးအတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ်အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိက ထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန် အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

မေလက သူ၏ နေအိမ်သို့ အမေရိကန် တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာ အကျယ်ချုပ် ချမှတ်ခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လက အကျယ်ချုပ်သက်တမ်း ထပ်မံ တိုးမြှင့်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဒီမိုကရေစီအရေး လှုပ်ရှားသူများက လိုလား တောင့်တနေကြသည်။

ရန်ကုန်မြို့ NLD ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် အတွက် ရုံးခန်းဖွဲ့ရန် အာဏာပိုင်တို့ကို အကြောင်းကြားထားကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

အဆိုတော် အေးချမ်းမေကို မြန်မာပြည်တွင် ပိတ်ပင်

Friday, 25 December 2009 18:07 သဲသဲ

နာမည်ကြီး အဆိုတော် အေးချမ်းမေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီဟု ပရိသတ်တချို့က ယူဆနေကြချိန်တွင် အေးချမ်းမေနှင့် ပတ်သက်သည့် သတင်းများမှာ မြန်မာ စာနယ်ဇင်းများတွင် ပိတ်ပင် ခံနေရသည်။
အေးချမ်းမေ၏ စီးရီးကာဘာတခု

လူကြိုက်များသည့် သူ၏ သီချင်းများကိုပင် ခေတ်စားနေသည့် FM ရေဒီယိုများတွင် ထုတ်လွှင့်ခြင်း မပြုရန် အာဏာပိုင်တို့က ပိတ်ပင်ထားကြောင်း ရန်ကုန်မှ ပေါ့ပ်ဂျာနယ်တစောင်၏ အယ်ဒီတာချုပ်က ပြောသည်။

“အေးချမ်းမေက Black list ထဲမှာ ပါနေတယ်။ ဘာကြောင့် ဆိုတာ အသေအချာလည်း မသိရဘူး” ဟု အဆိုပါ အယ်ဒီတာချုပ်က ဧရာဝတီကို ပြောသည်။

မိမိကိုယ်ကိုယ် အဆုံးစီရင် သွားပြီဟူသော ကောလာဟလမှာ ၁၉၉၇ ခုနှစ်က အေးချမ်းမေ အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ချိန်မှ စတင် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သူက ဆိုသည်။

“အဲ့ဒီတုန်းက ဂျာနယ်တိုက်ကို ပရိသတ်တွေက ဖုန်းတဂွမ်ဂွမ်နဲ့ ဆက်မေး ကြတာ မနည်းဘူး” ဟု သူက ရှင်းပြသည်။

အေးချမ်းမေက ထိုကောလာဟလကို၂၀၀၆ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သည့် ၀ါရှင်တန်ရှိ ဘုရားရှိခိုးကျောင်း ရန်ပုံငွေ ဖျော်ဖြေပွဲတခုတွင် ပါဝင်ဆင်နွဲခြင်းဖြင့် စတင် ချေဖျက်လိုက်သည်။

တေးဂီတလောကနှင့် ၈ နှစ်ကြာ အဆက်ပြတ်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် စင်မြင့်ဖျော်ဖြေပွဲ ဖြစ်သည်ဟု အဆိုတော် အေးချမ်းမေ၏ အစ်မဖြစ်သူ နော်လယ်ဖောက ဧရာဝတီကို ပြောသည်။

“သူ့ရဲ့ ခံစားချက်က အသက်လည်း နည်းနည်းရပြီ ဆိုတော့ ဘုရားသီချင်းတွေ ဆိုချင်တာပေါ့နော်၊ အဲ့ဒီက သင်းအုပ်ဆရာရဲ့ တောင်းဆိုမှုကြောင့် မေတ္တာနဲ့ ဆိုပေးခဲ့တာပါ” ဟု အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော နော်လယ်ဖောက ဆိုသည်။

ထိုဖျော်ဖြေပွဲကို Youtube နှင့် အင်တာနက်စာမျက်နှာ အများအပြားတွင် တွေ့နိုင်သည်။ သီဆိုမှုမစတင်မီ အေးချမ်းမေက “သေရွာပြန် အေးချမ်းမေပါ” ဟု ပြောပြီး ၎င်း၏ နာမည်ကြီးခဲ့သော “သူသိသွားပြီ” ဟူသည့် သီချင်းဖြင့် ဖျော်ဖြေရာ ပရိသတ်များ တခဲနက် အားပေးကြသည်ကို တွေ့ရသည်။ဝါရှင်တန်မြို့ရှိ စတိတ်ရှိုးတခုတွင် တွေ့ရသော အေးချမ်းမေ

အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်သို့ ပြောင်းရွှေ့သွားသော အေးချမ်းမေသည် “ပျော်ရွှင်ခြင်းနိုင်ငံ” ဟူသည့် တေးစီးရီးဖြင့် နာမည်ကျော်လာသူ ဖြစ်သည်။ ၁၉၉၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း ကာလများသည် သူ၏ အအောင်မြင်ဆုံး အချိန်များ ဖြစ်သည်။ ပျော်ရွှင်ခြင်းနိုင်ငံသည် ထိုကာလများ၏ ဂီတအနုပညာလောကတွင် ရောင်းအား အကောင်းဆုံး တေးစီးရီး အဖြစ် စံချိန်တင်နိုင်ခဲ့သည်။

ထိုစီးရီးတွင် ပါဝင်သော “တစစီကျိုးပဲ့နေတယ်” သီချင်းက အေးချမ်းမေကို ထိပ်တန်းသို့ ရောက်ရှိရန် ပို့ဆောင်လိုက်ခြင်း ဖြစ်သည်ဟု အများက သုံးသပ်ကြသည်။

ထိုသီချင်းကို ရေးစပ်ပေးခဲ့သူ တေးရေးဆရာ မင်းချစ်သူက “ရန်ကုန် ပန်ဒါ စားသောက်ဆိုင်မှာ သူသီချင်းဆိုနေတာကို စတွေ့ကတည်းက သူ့ရဲ့ ဆိုဟန်နဲ့ ပုံစံက ပရိသတ် လက်ခံနိုင်တယ်၊ သူ့မှာ ထူးခြားတဲ့ အရည်အချင်းနဲ့ ဆွဲဆောင်မှု ရှိတယ်လို့ ခံစားမိတယ်၊ ဖြစ်နိုင်မယ်လို့ သုံးသပ်ပြီးတော့ သူ့အတွက် သီချင်းတွေကို လုပ်ပေးဖြစ်ခဲ့တာ” ဟု ပြောပြသည်။

ပျော်ရွှင်ခြင်းနိုင်ငံ နောက်ပိုင်းတွင် အေးချမ်းမေ၏ JV ၁၅၀၀၊ ချစ်သူနားဆင်ဖို့၊ ရင်ခွင်အခန်း၊ ရပ်တန့်လို့မရနိုင် စသည့် စီးရီးများ ပေါ်ထွက်ခဲ့သည်။

အေးချမ်းမေ၏ သီချင်း အများအပြားကို သူ၏ ပရိသတ်များက YouTube အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားကြောင်း တွေ့ရသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

Wednesday 23 December 2009

အလင်းရောင်လိုသူနှင့်အလင်းပေးလိုသူ

ဟန်လေး



(ဆက်ဖတ်ရန်.......)

ဖြည်းဖြည်းလေး အနှေးယာဉ်ရထား





(ဆက်ဖတ်ရန်.......)

Tuesday 22 December 2009

မြန်မာ ၁၅၀ ခန့်ကို မလေးအာဏာပိုင်များက ဖမ်းဆီး

Tuesday, 22 December 2009 16:55 ၀ါးရှီးဖော

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မန်တာလီ ရပ်ကွက်ရှိ အိမ်ရာဝန်းတခုကို အာဏာပိုင်များက ၀င်ရောက် စီးနင်းခဲ့ရာ မြန်မာ ၁၅၀ ခန့် အပါအဝင် စုစုပေါင်း လူ ၅၀၀ ခန့်ကို ဖမ်းဆီးသွား ခဲ့ကြောင်း ကြားသိရသည်။

မန်တာလီ ရပ်ကွက်တွင် တရားမ၀င်နေထိုင်သူ မြန်မာ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် အာဖရိကတိုက် နိုင်ငံများမှ အလုပ်သမားများစွာ ရှိပြီး အဆိုပါ ဖမ်းဆီးမှုကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

“များသောအားဖြင့် မြန်မာတွေက ပတ်စ်ပို့စ် ရှိကြပါတယ်။ ဖမ်းသွားတဲ့ လူတွေကို ရဲစခန်းရောက်မှ စစ်ဆေးပြီး ပတ်စ်ပို့စ် ရှိရင်တော့ ပြန်လွှတ်ပေးတယ်။ ပတ်စ်ပို့စ်ရှိတဲ့ လူကြီးပိုင်းတွေကိုကျတော့ ရဲစခန်းအထိ ခေါ်မသွားတော့ဘူး” ဟု အဆိုပါ ဖမ်းဆီးမှုကို မြင်တွေ့လိုက်သူ ကိုစောကျော်နိုင်က ဧရာဝတီသို့ပြောသည်။

မလေးရှားနိုင်ငံသူတဦးကို အာဖရိက တိုက်သားတဦးက သတ်လိုက်သည့် လူသတ်မှု ကိစ္စအပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများနှင့် တရားမဝင် နေထိုင်သူ များအား မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်ထဲရေးတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ရရှိထားသော သတင်းများအရ ၀င်ရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု သူကဆိုသည်။

အဆိုပါအိမ်ရာတွင် A မှ G အထိ တိုက် ၇ လုံးရှိသည့်အနက် G၊ F၊ E၊ D လေးလုံးကိုသာ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

“အိမ်ရာအပြင်ကနေ ပိတ်ဆို့ပြီး ဖမ်းတယ်။ နောက်ပြီး ရဟတ်ယာဉ် တစ်စင်းက အိမ်ရာထဲကို ဆလိုက်ထိုးပေးထားပြီး ထွက်ပြေးတဲ့ သူတွေကို လိုက်ရှာတယ်” ဟု ကိုစောကျော်နိုင်က ပြောပြသည်။

မန်တာလီ ရပ်ကွက်သည် မူးယစ်ဆေးဝါးမှုများ၊ ဒုစရိုက်မှုများ နှင့်ပတ်သက်မှု ရှိသည်ဆိုသည့် သတင်းကို အာဏာပိုင်များ ရရှိထားသဖြင့် ယခုကဲ့သို့ ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းရပ်ကွက်တွင် နေထိုင်သော မြန်မာများက ပြောဆိုသည်။

အဖမ်းခံရသူများကို မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိမရှိ ချက်ချင်း ဆီးစစ်ပြီး ထွက်လာသည့် ရလဒ် အပေါ်မူတည်၍ တည်ဆဲ ဥပဒေအရ အရေးယူကာ ကျန်ရှိနေသော တရားမ၀င်နေထိုင်သူများကို စမုံညင်း စခန်းတွင် တရားစီရင်၍ ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

စမုံညင်း စခန်းသည် မလေးရှားနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများကို ဖမ်းဆီးထိန်းသိမ်းထားရာ နေရာ ဖြစ်သည်။

ယခုလမှစ၍ မလေးရှားနိုင်ငံအတွင်း ၀င်ရောက်လာသော နိုင်ငံခြားသားအားလုံးကို မလေးရှား အာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်ကာ ကွာလာလမ်ပူမြို့ အနောက်ဘက်တွင် ရှိသော ဒေသများကို ပစ်မှတ်ထား၍ ဖမ်းဆီး စစ်ဆေးနေသည်ဟု မလေးရှား နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့မှ ကိုထွန်းထွန်းကပြောသည်။

သိန်းနှင့်ချီသော မြန်မာအလုပ်သမားများသည် မလေးရှားနိုင်ငံအတွင်းသို့ လာရောက် အလုပ်လုပ်ကိုင် လျက်ရှိပြီး အလုပ်သမား အခွင့်အရေးကိစ္စ၊ လူမှုဆက်ဆံရေးကိစ္စရပ်တို့ကြောင့် မြန်မာအလုပ်သမားများနှင့် ၎င်းတို့၏ လုပ်ငန်းရှင်များ မကြာခဏ ပြဿနာများ ဖြစ်ပွားကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးထားသော မြန်မာအလုပ်သမားပေါင်း ၂၈၀၀ ခန့်ရှိသည်ဟု သိရသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

ပလက်ဝက်မြို့နယ်တွင် စစ်သင်တန်းများပေးလျက်ရှိနေ

December 22, 2009

ရခိုင်ပြည်၊ ပလက်ဝမြို့နယ်တွင် အောက်တိုဘာလဆန်းမှစ၍ ပလက်ဝမြို့နယ် မီးသတ်တပ်ဖွဲ့ နှင့်ဒေသခံ စစ်တပ်တို့ ပူးပေါင်းလျက် ကျီးလေ၊ ထရွိင်အိုင်၊ ပန္နဲတစ်ပင်၊ ကွမ်းဘုတ်နှင့် လက်ပံတန်း ရွာများတွင် စစ်ရေးပြ သင်တန်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ် တလျှောက်ရှိ ရွာများမှ ဒေသခံရွာသူ/သားများအား တစ်ရွာမှ သင်တန်း တဖြတ်လျှင် အနည်းဆုံး ၅ ယောက်မှ ၇ ယောက်ကြား သွားရောက် တက်ရောက်နေရကြောင်း အဆိုပါ ပလက်ဝမြို့နယ်မှ ဒေသခံတစ်ဦးမှ Arakan Review သို့ ပြောသည်။


“ကျွန်မတို့ ရွာသူ/သားတွေကို မတက်မနေရ တက်ရမယ်ဆိုပီး ပလက်ဝမြို့နယ်မှာရှိတဲ့ ဘောလုံးကွင်းမှာ စစ်ရေးပြသင်တန်းကို အတင်းအားဓမ္မ တက်ရောက်စေတယ်။ စစ်ရေးပြ သင်တန်းက အနည်းဆုံး တစ်ပတ်လောက် ကြာတယ် တစ်ခါတစ်လေဆိုတော့ ၁၀ ရက်လောက် ကြာသွားတတ်တယ်။ သူတို့ပြောတာ ကတော့ “အမိမြန်မာနိုင်ငံတော်ကို ရန်ရှာလာရင်၊ နယ်မြေ ကျုးကျော်လာရင် မင်းတို့ကပဲ အရင်ခံရမှာ၊ ဒါကြောင့် မင်းတို့ကို အဲလိုမဖြစ်ရအောင်လို့ ခုကတည်းက ပြင်ဆင်ပေးနေတာ၊ စေတနာကို နားလည်စမ်း” ဆိုပြီးပြောတယ်။ ကျွန်မတို့ကို ဘယ်သူက ရန်ရှာလာမှာလဲ။ တစ်ချို့ကလေးတွေကတော့ သေနတ်တွေ ကိုင်ရလို့ ပျော်နေကြ တယ်လေ။ နောက်ဘာဖြစ်လာမယ် ဆိုတာကို သူတို့က မသိကြတော့ ပျော်နေကြတာကို” ဟု ပြောပြခဲ့သည်။

ဆက်လက်ပြီး ၎င်းက ပြောသည်မှာ “သင်တန်းက အခုထက်ထိ မပြီးသေးဘူး စစ်ရေးပြ သင်တန်းကို အောက်တိုဘာလ ကတည်းကနေ တက်နေရတာ၊ အခုထက်ထိပါပဲ၊ သင်တန်း တစ်ခါခေါ်ရင် အနည်းဆုံး လူအယောက် ၅၀ ကျော် ၆၀ လောက်ပါတတ်တယ်။ နေမကောင်း ဖြစ်နေတဲ့သူ၊ မသွားလာနိုင်ဖြစ်နေတဲ့ အဘိုးကြီးတွေကိုလည်း အဲဒီစစ်ရေးပြ သင်တန်း လုပ်နေတာကို ကြည့်ရမယ်ဆိုပြီး အနီးအနားက နေ ထိုင်ကြည့်ခိုင်းတယ်။ သင်တန်းတဖြတ် ပြီးသွားရင် နောက်တစ်ဖြတ် အဲလိုမျိုး ဆက်တိုက်ကို သင်ပေးနေတာပါ။ ကျွန်မတို့ အဖေ၊ အမေတို့ ပြောတာကတော့ ပလက်ဝအနီးအနားမှာ ရှိနေတဲ့ တိုင်းရင်းသား တပ်တွေကို ခြောက်လှန့် ပြနေသလိုမျိုးနဲ့ စစ်သားစုဆောင်းတဲ့ နည်းတစ်မျိုးလို့ ပြောတယ်” ဟု ပြောသည်။

ယခုလိုမျိုး စစ်ရေးပြသင်တန်းများ ပြုလုပ်နေသော ဘောလုံးကွင်း တကွင်းလုံးတွင် မြန်မာနိုင်ငံ အလံများကို ပတ်လည် တစ်လျှောက်တွင် စိုက်ထူထားသောကြောင့် ဒေသခံရွာသားများက ထင်ကြေး ပေးနေကြသည်မှာ မြန်မာ့တပ်မတော်အစိုးရ အနေနဲ့ တစ်ခုခုကို စနစ်တကျ ကြိုတင်ပြင်နေခြင်း ဖြစ်နိုင်ကြောင်း ၊ တိုက်ပွဲအတွက် နယ်မြေအပိုင်စီးထားသလိုမျိုးလည်း ဖြစ်နေပြီ ဟု ပလက်ဝမြို့နယ် ဒေသခံရွာသားများမှ ထင်ကြေးပေးနေကြ သည်။(ရခိုင်သတင်း)

(ဆက်ဖတ်ရန်.......)

Sunday 20 December 2009

မြန်မာခရစ်ယာန်စုပေါင်းခရစ္စမတ်ပွဲတော်(ကိုရီးယား)

20/12/2009 Sunday



တောင်ကိုရီးယားနိုင်ငံရောက်မြန်မာခရစ်ယာန်မိသားစုများသည် စုပေါင်းခရစ္စမတ်ပွဲတော်ကို ပူချွန်းမြို့တွင် စုပေါင်းခရစ္စမတ်ကော်မတီ ကဦးဆောင်ပြီး အိမ်ရှင်အသင်းတော်အနေဖြင့် စိုးစာရှာလုံမြန်မာခရစ်ယာန်အသင်းတော်ကတာဝန်ယူကြောင်းသိရသည်။

ခရစ္စမတ်ပွဲတော် ဒေသစံတော်ချိန်ညနေ ၃း၀၀နာရီမှ၅း၀၀နာရီအထိ ကျင်းပခဲ့ရာ ကိုရီးယားရောက်မြန်မာနိုင်ငံတိုင်းရင်းသား
ညီအစ်ကိုများ စုံစုံလင်လင် တက်ရောက်၍ လူအင်အား(၂၀၀)နီးပါးရှိတယ်လို့ပြောသည်။

ထိုစုပေါင်းခရစ္စမတ်ပွဲတော်ကော်မတီကို ဦးဆောင်ခဲ့သူတစ်ဦးက ၄င်းခရစ္စမတ်ပွဲတော်ကို ၂၀၀၁ခုနှစ်မှကျင်းပခဲ့ရာယခုနှစ်ဆို(၈)နှစ်
ရှိပါပြီ။စခါစကတော့ အခက်အခဲလေးတွေတော့ရှိဒါပေါ့။အဲဒီအချိန်တုန်းက ကိုရီးယားနိုင်ငံတွင်မြန်မာလိုဝတ်ပြုကိုကွယ်ခြင်းအစီအစဉ် အသင်းတော်(၄)ပါးဘဲရှိပါတယ်။

စုပေါင်းခရစ္စမတ်ပွဲတော်ကော်မတီကို စတင်ဦးဆောင်သူများကတော့
(၁)ဆရာပါရွှေး (၂)ဆရာဒဲးနစ် (၃)ဦးမာန် (ကျင့်လျန်မာန်) (၄)ဆရာကျော်ကျော် (၅)ဆရာမမေရီ (၆)ဆရာမ ဥမ္မာသင်းသင်းကျော်

တေးဂီတဦး ဆောင်သူကတော့ ကိုသက်၊ကိုအောင်လွင်။ဆရာဒဲးနစ်၊ဆရာကျော်ကျော် တို့ဖြစ်ကြောင်းသိရပါသည်။

ရည်ရွယ်ချက်ကတော့ ကိုရီးယားရောက်မြန်မာခရစ်ယာန်များ တစ်စုတစ်စည်းခရစ္စမတ်ပွဲတော်ကျင်းပနိုင်ရန်၊ ကိုရီးယားရောက်
ရွှေမြန်မာတိုင်းရင်းသားများကိုဖိတ်ပြီးခရစ်တော်၏သတင်းကောင်းပြောကြားရန်။


(ဆက်ဖတ်ရန်.......)

Saturday 19 December 2009

မင်္ဂလာရှိသော ခရစ္စမတ်တေးသံ

ချင်းတွင်းဝိုင်းတော်သားများမှ ချင်းတွင်းဆိုက်ကို လာရောက်အားပေးလာကြသော သူများကို ခရစ္စမတ်တေးသီချင်းများဖြင့် နုတ်ဆက်လိုက်ပါတယ်




(ဆက်ဖတ်ရန်.......)

ဂန်ဘာရီနေရာ အိန္ဒိယ နိုင်ငံသား တဦး လျာထားခံရ

Friday, 18 December 2009 16:57 ကိုထွေး

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ၏ နေရာအတွက် ကုလသမဂ္ဂ အရာရှိတဦး ဖြစ်သူ အိန္ဒိယ နိုင်သား မစ္စတာ ဗီဂျေနာဘီယာ (Vijay Nambia) ကို တာဝန်ပေး ခန့်အပ်ရန် လျာထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ပြီးခဲသည့် မေလအတွင်းက သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြို့ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော ဗီဂျေ နာဘီယာ (ဓာတ်ပုံ - AP)

မစ္စတာ ဂန်ဘာရီကို ဆူဒန်နိုင်ငံ ဒါဖာအရေး ဖြေရှင်းရန်အတွက် ပြောင်းလဲ တာဝန်ပေး လိုက်ပြီး နောက်ပိုင်း ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် Inner City Press သတင်းဌာနက ရေးသား ထားသည်။

အိန္ဒိယ၊ အရှေ့တောင်အာရှက လာရောက်ခြင်းကြောင့် မစ္စတာ ဂန်ဘာရီထက်စာလျှင် မြန်မာ့အရေးကို ပိုပြီး၍ နီးနီး ကပ်ကပ်ဆောင်ရွက်နိုင်မည့် အနေအထားမျိုးရှိနိုင်ကြောင်း မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက ဆိုသည်။

“မြန်မာပြည်မှာက ကုလသမဂ္ဂရဲ့ နိုင်ငံရေး ကိစ္စ၊ အမျိုးသားရင်ကြားစေ့ရေး ကိစ္စ ဆောင်ရွက်ပေးနိုင်မယ့် အနေအထားက အားနည်း တယ်လေ၊ ဒါကြောင့် ဘယ်သူပဲခန့်ခန့် ကျနော်တို့ နိုင်ငံရဲ့အနေအထားက အများကြီး အကျိုးရှိမယ်မထင်ဘူး” ဟု ၎င်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က“အဲဒီ ပုဂ္ဂိုလ်ဟာ မြန်မာပြည်ကိစ္စများ ကို လုပ်တဲ့ အခါမှာ ပထမဆုံးသူလုပ်ရမယ့် တာဝန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးကြား ဆက်ဆံ ထိတွေ့ဖို့ဟာ သူရဲ့တာဝန် ဖြစ်တယ်ဆိုတာကို ပထမဆုံး နားလည်ဖို့လိုပါတယ်၊ မစ္စတာ ဂန်ဘာရီလက်ထက်တုန်းကလို စစ်အစိုးရ စကားတိုင်းနားထောင်မယ်၊ ခိုင်းတိုင်းလုပ်မယ်၊ ပြီးတော့ ပြန်သွားမယ် ဆိုရင်တော့ ဘာမှ တိုးတက်မှုရှိမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

မစ္စတာ ဗီဂျေနာဘီယာသည် ၀ါရင့် သံတမန်တဦးဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး အဖြစ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကစတင်၍ တာဝန်ထမ်း ဆောင်ခဲ့သည်။

ယခင်က မစ္စတာ ဗီဂျေနာဘီယာသည် မစ္စတာ ဘန်ကီမွန်း၏ အထူးအကြံပေး ပုဂ္ဂိုလ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၂၀၀၂ ခုနှစ်မှ ၂၀၀၄ ခုနှစ် အတွင်း မစ္စတာ ဗီဂျေနာဘီယာသည် အိန္ဒိယနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် တာဝန် ယူခဲ့သည်။

မစ္စတာ ရာဇာလီ အစ္စမေးလ်၊ မစ္စတာ ဂန်ဘာရီတို့နောက် Vijay Nambiarသည် တတိယမြောက် အထူး ကိုယ်စားလှယ် ဖြစ်လာမည် ဖြစ်သည်။

ယခင်က တာဝန်ထမ်းဆောင်ခဲ့သော ကိုယ်စားလှယ် ၂ ဦး သည် မြန်မာနိုင်ငံအရေးကို ထူးထူးခြားခြား တိုးတက် ကောင်းမွန် စေရန် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြကြောင်း လေ့လာသူများက ဆိုသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်တွင် မြန်မာနိုင်ငံသို့ အရေးပေါ်ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အဖွဲ့တွင် မစ္စတာ ဗီဂျေနာဘီယာလည်း ပါဝင်ခဲ့သည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြမှု ရပ်ဆိုင်း

မြင့်မောင် | သောကြာနေ့၊ ဒီဇင်ဘာလ ၁၈ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၂၀ မိနစ် ပြည်တွင်းသတင်း

အင်းစိန်ထောင်တွင်း အစာငတ်ခံ နေခဲ့သော အမေရိကန် နိုင်ငံသားဖြစ်သူ ကိုညီညီအောင်သည် ဆန္ဒပြမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သူ၏ ရှေ့နေက ပြောသည်။

“ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြတာ ပြီးသွားပြီလို့တော့ ပြောတယ်။ သူရဲ့ ကျန်းမာရေး အခြေအနေကတော့ တခြားတော့ မရှိပါဘူး၊ လူတော့ တော်တော် ပိန်သွားပါတယ်။ ဘယ်နေ့ ပြီးသွားတယ်ဆိုတာကိုတော့ အသေးစိတ် မသိရပါဘူး။ အားလည်း နည်းနေတဲ့ပုံ ပေါ်ပါတယ်။ သူနဲ့ သီးခြား စကားပြောခွင့် မရပါဘူး။ တရားရုံးထဲမှာပဲ တွေ့ခွင့်ရပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

အသက် ၄၀ အရွယ် ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်က အကျဉ်းသား အခွင့်အရေးပေးရန် ယခုလ ၄ ရက်နေ့မှ စတင်ကာ တောင်းဆိုခဲ့သည်။

အာဏာပိုင်များဘက်က လိုက်လျောမှု ရှိ၊ မရှိနှင့် မည်သည့်နေ့ရက်က ဆန္ဒပြမှု ပြီးဆုံးခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရဘဲ ရှိသည်။

ယနေ့တွင် အင်းစိန် တောင်ပိုင်းခရိုင် တရားရုံးက စွဲချက်နှစ်ခုအတွက် ရဲအရာရှိ သက်သေတဦးစီကို စစ်ဆေးခဲ့သည်။ လာမည့် ၂၉ ရက်နေ့တွင် အမှုတင်သင့်၊ မတင်သင့်ကို လျှောက်လဲချက် ပေးရမှာဖြစ်သည်။

“အန်တီတို့နဲ့ မတွေ့သေးတော့ တိတိကျကျ မပြောနိုင်သေးဘူး။ … လူကိုယ်တိုင် အန်တီတို့နဲ့ မတွေ့ရတာ ၂ ပတ် ရှိသွားပြီ။ လာမယ့် တနင်္လာနေ့မှာ တွေ့ရမယ်။ အဲဒီမှာ အကုန်လုံး သိနိုင်လိမ့်မယ်။ ဒီအပတ် ရုံးချိန်း ထုတ်ပါ့မလားဆိုပြီးတော့ မိသားစုတွေက စိုးရိမ်နေရတယ်။ ရုံးချိန်းထွက်လာတယ်ဆိုတော့ အရမ်းကို ဝမ်းသာပါတယ်။ သူ နေကောင်းစွာနဲ့ ထွက်လာတယ်ဆိုတော့ အန်တီတို့က အရမ်းဝမ်းသာပါတယ်” ဟု အဒေါ်ဖြစ်သူ ဒေါ်ခင်ဆွေဆွေက ပြောသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် အတိုက်အခံ လှုပ်ရှားသူ ကိုညီညီအောင်သည် ဘန်ကောက်မြို့မှတဆင့် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်သို့ ဝင်ရောက်လာစဉ် ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သည်။

၁၉၈၈ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနယ်စပ်သို့ ထွက်ပြေးခိုလှုံခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချခဲ့သည့် ကိုညီညီအောင်သည် မြန်မာနိုင်ငံသို့ ၈ ကြိမ် ဝင်ရောက်ခဲ့သည်။

သူ့ကို လိမ်လည်မှု - ပုဒ်မ ၄၂၀၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှု - ပုဒ်မ ၄၆၈၊ နိုင်ငံခြား ငွေလဲလည်မှု - ပုဒ်မ ၂၄ တို့ဖြင့် စွဲဆိုထားသည်။

အမေရိကန် အထက်လွှတ်တော် အမတ် ဂျိမ်းစ်ဝဘ်က ကိုညီညီအောင် အစာငတ်ခံဆန္ဒပြမှုကြောင့် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။(မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

Thursday 17 December 2009

Freedom Form Fear

Aungsan Suu Ky Freedom Form Fear


(ဆက်ဖတ်ရန်.......)

ဒဏ်ခတ်မှု ချိုးဖောက်သည့်ဘဏ် ဒေါ်လာ သန်းရာချီ လျော်ရမည်

Thursday, 17 December 2009 18:21 ကိုထွေး

အမေရိကန် အစိုးရက မြန်မာနိုင်ငံ အပါအ၀င် အရေးယူ ပိတ်ဆို့ခံထားရသည့် နိုင်ငံများ၏ စီးပွားရေး ဌာနများနှင့် သက်ဆိုင်သော ငွေကြေး အလွှဲအပြောင်းများ ဆောင်ရွက်ခဲ့သည်ဟု ၀န်ခံခဲ့သော Credit Suisse ဘဏ်က ဒေါ်လာ ၅၃၆ သန်း ပေးဆောင်ရမည်ဟု သိရသည်။

အမေရိကန် တရားရုံးချုပ်က ယင်းသို့ ပေးဆောင်ရန် ယမန်နေ့က ကြေညာခဲ့ပြီးနောက် အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်သည့် အတွက် အကြီးမားဆုံး ပေးဆောင်ရသည့် ပြစ်ဒဏ် ဖြစ်ကြောင်း အေပီ သတင်းဌာနက ယနေ့ ရေးသားလိုက်သည်။

International Emergency Economic Powers ဥပဒေကို ၁၉၉၅ ခုနှစ်လယ်ပိုင်းမှ စတင်၍ ၂၀၀၆ ခုနှစ်အထိ ချိုးဖောက် ခဲ့ကြောင်း တွေ့ရှိရသဖြင့် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

မြန်မာ၊ အီရန်၊ ကျူးဘား၊ လစ်ဗျား၊ ဆူဒန်စသော နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ငွေကြေး အလွှဲ အပြောင်းများ ဆောင်ရွက်ခဲ့သည့် အတွက် အမေရိကန်အစိုးရနှင့် နယူးယောက်မြို့ မက်ဟန်တန်ရှိ ရှေ့နေရုံးကို ယင်း လျော်ကြေး ငွေပေးဆောင်ရမည် ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

စစ်ဆေးမှုကို ဦးဆောင်ခဲ့သည့် တရားရေးဌာန၏ ဒု ရှေ့နေချုပ် Lanny Breuer က “တခြား ငွေကြေးဆိုင်ရာ နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကလည်း ဒီကိစ္စကို လေ့လာကြမယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု ပြောသည်။

၁၈၅၆ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ငွေကြေးနှင့် ပတ်သက်သည့် ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးနေသည့် Credit Suisseဘဏ် ဌာနချုပ်သည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင် တည်ရှိပြီး ဆွစ်ဇာလန်နိုင်ငံ၏ အကြီးဆုံး ဘဏ် တခုလည်းဖြစ် သည်။

“Credit Suisseဘဏ် အနေနဲ့ ဒီကိစ္စကို လေးလေးနက်နက်ဆောင်ရွက်နေပါတယ်၊ ဘဏ်နဲ့သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတိုင်း ကို လေးစားလိုက်နာ ထိန်းသိမ်းဆောင်ရွက်နေသလို အမြင့်မားဆုံး သိက္ခာတရားနဲ့ ပတ်သက်လို့လည်း အာမခံတယ်” ဟု Credit Suisse ဘဏ်၏ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ရေးသားထားသည်။

ယခုနှစ်အစောပိုင်းတွင် အင်္ဂလန် အခြေစိုက် Lloyds TSB ဘဏ်သည် ဆူဒန်၊ အီရန်၊ လစ်ဗျားနိုင်ငံများနှင့် ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု ကိစ္စရပ်များတွင် ပတ်သက်ခဲ့သည့် အတွက် အမေရိကန် ဒေါ်လာ သန်း ၃၅၀ ပေးဆောင်ခဲ့ရသည်။

Lloyds ဘဏ်က ၂၀၀၃ ခုနှစ်တွင် ယင်းကိစ္စများကို ရပ်ဆိုင်းခဲ့ရာ အီရန်ဘဏ်က Credit Suisse ဘဏ်နှင့် ဆက်သွယ်ခဲ့သည်။

၂၀၀၂ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်အတွင်း အီရန်နိုင်ငံ စီးပွားရေးနှင့် ပတ်သက်၍ ငွေကြေးလွဲပြောင်းမှုမှာ ဒေါ်လာ ၅၀၀၀၀မှ ၂၀၀၀၀၀ အထိ လေးဆခန့် တိုးတက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဘဏ်သည် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှ ၂၀၀၆ ခုနှစ်အထိ အမေရိကန် အစိုးရက ချမှတ်ထားခဲ့သော အရေးယူ ပိတ်ဆို့မှုများကို ချိုးဖောက်၍ ဒေါ်လာသန်း ၇၀၀ အထိ ငွေကြေးများကို စီးဆင်းစေခဲ့သည်ဟု သိရသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

NLD ခေါင်းဆောင်ပိုင်း ပြောင်းလဲရေး ကွဲလွဲမှုများရှိ

Thursday, 17 December 2009 19:07 ရန်ပိုင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် ကော်မတီ (CEC) ကိုပြန်လည် ဖွဲ့စည်းရန်နှင့် ပတ်သက်၍ NLD အဖွဲ့ဝင်များ အကြားတွင် သဘောထားအမြင် ကွဲလွဲမှုများ ဖြစ်ပေါ်နေ သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သည့် NLD ခေါင်းဆောင်များနှင့် ယမန်နေ့က တွေ့ဆုံရာတွင် လက်ရှိ CEC အဖွဲ့ ပြင်ဆင်ဖွဲ့စည်းရန် ပြောကြားခဲ့ခြင်းအား ကြိုဆိုကြောင်း ပဲခူးမြို့နယ် NLD ဥက္ကဋ္ဌ ဦးမြတ်လှက ဧရာဝတီကို ပြောသည်။

“မလုပ်နိုင်ဘဲနဲ့ ထိပ်ဆုံးက နေရာတွေ ယူထားတော့ ဘာလုပ်မှာလဲ၊ မပြောင်းလဲရင် NLD ကျဆုံး သွားမှာပေါ့၊ တက်တက် ကြွကြွနဲ့ လူငယ်တွေ အများကြီးရှိတယ်၊ အမေရိကန် သမ္မတတောင်မှ အသက် ၄၀ ကျော်ပဲ ရှိသေးတယ်”ဟု ၎င်းကဆိုသည်။

ဦးမြတ်လှသည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ပဲခူးမြို့အမှတ် ၂ မဲဆန္ဒနယ်မှ ရွေးကောက်ခံ အမတ်တဦးဖြစ်ပြီး ယခုနှစ် ဧပြီလ တွင် ပြုလုပ်ခဲ့သည့် NLD ညီလာခံတွင် ကျန်းမာရေးချွတ်ယွင်းမှုကြောင့် ပါတီတာဝန်များကို မထမ်းဆောင်နိုင်တော့သည့် သက်ကြီး ခေါင်းဆောင်များအား အနားယူရန် ရွှေဂုံတိုင်ညီလာခံတွင် အဆိုတင်သွင်းခဲ့သူလည်း ဖြစ်သည်။

၎င်းအဆိုကိုတင်သွင်းရခြင်းမှာ မိမိအကျိုးနှင့် ပါတီအတွင်းပြိုကွဲမှု ဖြစ်ပေါ်စေရန်မဟုတ်ဘဲ တိုင်းပြည်၏ ရေရှည် ကောင်းကျိုး အတွက်ဖြစ်ကြောင်း၊ ဆက်လက်လုပ်ဆောင်ရမည့် ပြုပြင်ပြောင်းလဲရေးများမှာ တပြည်လုံးရှိပါတီဝင်များ တောင်းဆိုနေသည့် ဗဟိုကော်မတီကိုဖွဲ့စည်းပေးရန်နှင့် ညီလာခံတခုထပ်မံခေါ်ယူပေးရန်ဖြစ်ကြောင်း ရှေ့နေကြီး ဦးမြတ်လှကဆိုသည်။

NLD ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေကမူ လက်ရှိ CEC အဖွဲ့အား ပြန်လည်ဖွဲ့စည်းမည်ဆိုလျှင် အောက်ခြေမှ ပါတီဝင် များက ရွေးကောက်တင်မြှောက်ခြင်းနှင့် ဗဟိုအဆင့်မှ ရွေးချယ်၍ ယာယီတာဝန်ပေးခြင်းဟု နှစ်မျိုးရှိကြောင်း၊ ယခု လက်ရှိအခြေ အနေတွင် အောက်ခြေမှ ရွေးချယ်တင်မြှောက်ခြင်း သည် မဖြစ်နိုင်ကြောင်း ပြောသည်။

“လက်ရှိ CEC ကို တိုးချဲ့ဖွဲ့စည်းပြီးတော့ လုပ်ငန်းလည်ပတ်မှု ပိုကောင်းလာမယ်ဆိုရင်တော့ လက်ခံကြမှာပါ” ဟု ၎င်းကဆိုသည်။

သို့သော် ပါတီဝင်များ တောင်းဆိုသကဲ့သို့ တနိုင်ငံလုံးအတိုင်းအတာနှင့် ညီလာခံတခု ခေါ်ပေးရန်မှာ လက်ရှိအခြေအနေတွင် မဖြစ် နိုင်ကြောင်း၊မြို့နယ်၊ တိုင်း၊ပြည်နယ် အဆင့်ဆင့် ညီလာခံများကို ဦးစွာပြုလုပ်ရမည်ဖြစ်ကြောင်း၊စစ်အစိုးရက ပိတ်ပင်ထားသဖြင့် မြို့နယ်အများစုတွင် ရုံးခွဲများ ဖွင့်လှစ်ခွင့်၊ ဆိုင်းဘုတ်တင်ခွင့်များပင် မရှိသေးကြောင်း၊ ထို့ကြောင့် CEC ရွေးချယ်မှုကို ယာယီ အနေ ဖြင့် လက်ရှိဗဟိုကော်မတီမှ ညှိနှိုင်းတိုးချဲ့လျှင် ပိုမိုကောင်းမွန်သည်ဟု ထင်မြင်ကြောင်း ဦးခင်မောင်ဆွေကပြောသည်။

ဗဟိုအမျိုးသမီးအထောက်အကူပြုတာဝန်ခံတဦးဖြစ်သူ ဒေါ်ခင်စောဌေးကလည်း“ပါတီညီလာခံခေါ်ယူပြီးတော့ ဗဟိုကော်မတီ ပြန်ဖွဲ့တာက အကောင်းဆုံးဖြစ်မယ်ထင်တယ်၊ ညီလာခံဆိုတာက အကြီးကြီးလုပ်စရာမလိုပါဘူး၊မြို့နယ် ဥက္ကဋ္ဌတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ခေါ်တာ အကောင်းဆုံးဖြစ်မယ်”ဟု ပြောသည်။

ယခုကဲ့သို့ အောက်ခြေပါတီဝင်များက တောင်းဆိုနေခြင်းသည် ဗဟိုကော်မတီအား ဆန့်ကျင့်နေခြင်းမဟုတ်ကြောင်း၊ ဗဟိုကော်မတီ အနေဖြင့်လည်း အောက်ခြေ ပါတီဝင်များအား နားလည်ပေးစေလိုကြောင်း၊ မြို့နယ်၊ ကျေးလက်များတွင် အင်အားရှိရန် ပါတီဗဟို အနေဖြင့် မှန်ကန်စွာမူဝါဒချမှတ်ရန် လိုအပ်ပါကြောင်း ဒေါ်ခင်စောဌေးကဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေး ဌာနမှ ကိုမိုးဇော်ဦးကလည်း အဖွဲ့အစည်းတိုင်းတွင် လူကြီး နှင့် လူငယ်များကြား သဘောထားကွဲလွဲမှုဆိုသည်မှာ သဘာဝ ဖြစ်လေ့ဖြစ်ထရှိသည့် သဘောဖြစ် ကြောင်း၊ သို့သော်လည်း ၎င်းအချက်ကို အကြောင်းပြု၍ ညီညွတ်ရေး မပြိုကွဲသင့်ကြောင်း ပြောသည်။

“ညီလာခံ ကျင်းပဖို့ဆိုတာ လက်ရှိအခြေအနေမှာ မလွယ်ဘူး၊ စစ်အစိုးရက ခွင့်ပြုမယ် ခွင့်မပြုဘူးဆိုတာကို ကြည့်ရလိမ့်မယ်၊ လိုအပ်ရင် လူကြီးတွေက ခေါ်ယူပေးပါလိမ့်မယ်”ဟု၎င်းကဆိုသည်။

ပါတီတွင်းမျိုးဆက်သစ် ခေါင်းဆောင်များပေါ်ထွက်လာရေးသည် ပါတီယန္တရားလည်ပတ်နေသည့် အချိန်အခါမျိုးတွင် ပိုမို လွယ်ကူ ကြောင်း၊သို့သော်ယနေ့အခြေအနေသည် ပါတီဗဟိုနှင့် အောက်ခြေကြားတွင် အဆက်အစပ်မရှိဖြစ်နေကြောင်း၊ ဗဟိုကော်မတီ အနေဖြင့်လည်း အောက်ခြေပါတီဝင်များ၏ လိုလားချက်များကို လက်ခံနားထောင်ခြင်း၊ စမ်းသပ်တာဝန်ပေးခြင်းများကို ပြုလုပ်သင့် ကြောင်း၊သို့သော်လည်း ပါတီဝင်များလိုလားသည့် ညီလာခံခေါ်ယူရေးတွင်မူ စစ်အစိုးရက တင်းကျပ်ထားသည့် အောက်တွင် ခရီးသွားလာရေးစသည့် အခက်အခဲများစွာ ပေါ်ပေါက်လာနိုင်သည့်အတွက် ဆွေးနွေးအဖြေရှာသင့်ကြောင်း NLD ခေါင်းဆောင် အသက်(၈၀) ၀န်းကျင်ရှိ ဦးဝင်းတင်က သုံးသပ်သည်။

NLD အဖွဲ့အတွင်းရှိ အသက်အရွယ်ကြီးရင့်သည့် CEC များမှာ ဥက္ကဋ္ဌ ဦးအောင်ရွှေ ၊အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင်များဖြစ်သည့် ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ဦးသန်းထွန်း၊သခင်စိုးမြင့်နှင့်ဦးလှဖေတို့ဖြစ်ကြပြီး ၎င်းးတို့၏ အသက်များမှာ ပျမ်းမျှအားဖြင့် အသက် ၈၀ နှင့် ၉၀ကြားတွင် ရောက်ရှိနေကြပြီ ဖြစ်ကြောင်း၊ စစ်အစိုးရက အကျယ်ချုပ်ထားသည့် ဒု ဥက္ကဌ ဦးတင်ဦးသည်လည်း အသက် (၈၃) နှစ်ရှိကြောင်း သိရသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

အန်အယ်ဒီ ခေါင်းဆောင်မှု ပြင်ဆင်ရေး တိုင်းရင်းသားများ ကြိုဆို

မြင့်မောင် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၄၂ မိနစ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းမည့် အပေါ် ပြည်တွင်းရှိ တိုင်းရင်းသားများနှင့် ဝါရင့်အဖွဲ့များက ကြိုဆို လိုက်ကြသည်။

အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင် - CEC အဖွဲ့ဝင် ဦးလွန်းတင်တို့ ယမန်နေ့က တွေ့ဆုံပြီးနောက် CEC တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်ကို ပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့နှင့် တိုင်းရင်းသား ခေါင်းဆောင်များက ကြိုဆိုလိုက်ခြင်း ဖြစ်သည်။

“ဦးအောင်ရွှေ၊ ဦးလွန်းတင်၊ ဦးလွင်ကို ဒေါ်စုက ပြောတဲ့ စကားကို လူကြီးတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ သဘောတူတယ်။ အဲဒီလို ပါတီ ပြင်ဆင်ဖွဲ့စည်းမယ် ဆိုတာက ကောင်းတဲ့ လက္ခဏပါပဲ။ အဲဒီ အခြေအနေမှာ ကြိုဆိုထောက်ခံပါတယ်။ ပါတီအတွက် လူငယ်တွေနဲ့ သွေးသစ် လောင်းသင့်တယ်။ တိုက်ပွဲက ဘယ်လောက် ကြာဦးမယ်ဆိုတာ မသိနိုင်သေးတဲ့အတွက် ပါတီ သွေးသစ်လောင်းဖို့ လုပ်တာက မှန်ကန်တယ်လို့ ယူဆပါတယ်” ဟု ဝါရင့် နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက မဇ္ဈိမကို ပြောသည်။

CRPP ခေါ် လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က “ဥက္ကဋ္ဌ အပါအဝင် CEC အဖွဲ့ဝင် ၃ နဲ့ တွေ့တဲ့အခါကျတော့ သဘောတူညီမှု ရတာကို ကြိုဆိုပါတယ်။ လက်ရှိ CECတွေ အပါအဝင် နောက်ထပ် တိုးချဲ့ ဖွဲ့စည်းမယ်လို့တော့ ကြားတယ်။ ပထမအဆင့်အနေနဲ့ ကောင်းတဲ့ အလားအလာလိုတော့ ကျနော့်အနေနဲ့ မြင်ပါတယ်” ဟု ပြောသည်။

ZNC ခေါ် ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်ကလည်း “မြန်မာနိုင်ငံမှာ အင်အားအကောင်းဆုံး ပါတီကလည်း ဖြစ်တယ်။ သူတို့ ပါတီထဲမှာ အသက်ကြီးတဲ့ သူတွေ၊ အလုပ် မလုပ်နိုင်တဲ့သူတွေ အနားပေးပြီးတော့ လုပ်ဖို့ဆိုပြီး အမျိုးမျိုး ပြောပြဆိုကြတယ်။ အခုလို ဂါရဝပြုပြီးတော့ ဦးအောင်ရွှေ၊ ဦးလွန်းတင်၊ ဦးလွင် နေရာကို အစားထိုးဖို့ ဒေါ်စုက လုပ်တာကို ဟိုဘက်အားလုံး လက်ခံတယ်ဆိုတော့ ကောင်းတဲ့လက္ခဏာပါ။ အဖွဲ့တခုထဲ အတွက် မဟုတ်ဘဲနဲ့ ကျနော်တို့ နိုင်ငံတခုလုံးအတွက်ပါ မျက်နှာကို ထောက်တယ်၊ အပြုသဘော ဆောင်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သက်ရွယ်ကြီး ပါတီခေါင်းဆောင် ၃ ဦးကို ရန်ကုန်ရှိ အစိုးရ ဧည့်ဂေဟာ စိမ်းလဲ့ကန်သာ ဂေဟာတွင် ယမန်နေ့က တနာရီခန့်အကြာ တွေ့ဆုံပြီး CEC တိုးချဲ့ရေးကို အကြံပြု တောင်းဆိုခဲ့ရာ ခေါင်းဆောင်ကြီးများက သဘောတူခဲ့ကြသည်။

လက်ရှိ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေသည် အသက် ၉၂ နှစ်၊ CEC အဖွဲ့ဝင် ဦးလွန်းတင်သည် ၈၈ နှစ်နှင့် အတွင်းရေးမှူး ဦးလွင်မှာ ၈၅ နှစ်အရွယ် ရှိပြီဖြစ်သည်။

သခင်ချန်ထွန်းက “အသက်အရွယ်ကြီးပြီး ကျန်းမာရေးအရ ဦးဆောင်ဦးရွက် မပြုနိုင်တဲ့သူတွေ နားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါတော့တာကြောင့်မို့လို့ပါ။ သူတို့နေရာမှာ လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေကို အားဖြည့်ပြီး၊ သူတို့က နောက်ကနေ အကြံဥာဏ်ပေးပြီး လုပ်သင့်တယ်” ဟု အကြံပြုပြောဆိုသည်။

ဦးအေးသာအောင်ကလည်း “နောက်တက်လာမယ့် လူငယ်တွေ၊ လုပ်ရည်ကိုင်ရည် ရှိတဲ့သူတွေနဲ့ တိုးချဲ့ပြီးတော့ ကျန်းမာရေး မကောင်းတဲ့သူ၊ ဒါမှမဟုတ် လုပ်ရည်ကိုင်ရည်ကျ သွားတဲ့သူတွေရဲ့ နေရာကို အစားထိုးပြီးတော့ လဲလှယ်တာက ပါတီတိုင်းမှာ လုပ်ရိုးလုပ်စဉ်တခုပါပဲ။ အဲဒီလို လုပ်ခြင်းအားဖြင့် မြန်မာပြည်အတွက်၊ ဒီမိုကရေစီရေအတွက် ကောင်းတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ အလုပ်လုပ်နိုင်တဲ့ ပါတီတခု ဖြစ်လာမယ့်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်ရေးအတွက် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ပူးပေါင်း ဖြေရှင်းပေးမည်ဟု ကမ်းလှမ်းခဲ့သော စာထဲတွင် ပါတီ၏ CEC များနှင့် တွေ့ဆုံ ဂါရဝပြုခွင့်ကိုပါ တောင်းခံထားခဲ့ပြီးနောက် စစ်အစိုးရက ပါတီခေါင်းဆောင်များ တွေ့ဆုံပွဲကို စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ချုပ်၏ လက်ရှိ CEC တွင် ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေအတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး) နှင့် အဖွဲ့ဝင်များမှာ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ သခင်စိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေတို့ ဖြစ်သည်။(မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

Wednesday 16 December 2009

ကရင်နှစ်ကူးပွဲများ ကျင်းပကြ

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 16 ရက် 2009 ခုနှစ် 18 နာရီ 20 မိနစ်

ကရင်တိုင်းရင်းသားများက ရိုးရာနှစ်သစ်ကူးပွဲတော်များကို ရန်ကုန်နှင့် ကရင်ပြည်နယ်အတွင်း ယနေ့တွင် တပြိုင်တည်း ကျင်းပခဲ့ကြသည်။

သက္ကရာဇ် ၂၇၄၉ နှစ်မြောက် သလေလ ၁ ရက်နေ့ ကျရောက်သည့် နှစ်သစ်ကူး ပွဲတော်နေ့တွင် အထိမ်းအမှတ် အခမ်းအနားများကို အနည်းဆုံး ရန်ကုန်မြို့ အာလိမ်ငါးဆင့်ဘုရား၊ အလုံမြို့နယ် ကျမ်းစာကျောင်းနှင့် ကရင်ပြည်နယ် ဘားအံရှိ ပြည်နယ်ရုံး၊ မြဝတီမြို့ ရွှေကုက္ကို၊ မြိုင်ကြီးငူ၊ တောင်ကလေးတို့တွင် ကျင်းပခဲ့ကြသည်။

ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည့် ရွှေကုက္ကိုပွဲတွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (ဒီကေဘီအေ)၏ ၉၉၉ တပ်ရင်းမှ ဗိုလ်ကြီးမန်းသူရိန်က အမှာစကား ပြောကြားသွားခဲ့သည်။

“ကျနော်တို့ကရင် လူမျိုးတွေက နေ့ထူးနေ့မြတ်အဖြစ် နှစ်သစ်ကူးရက်ရယ်၊ လက်ချီပွဲနေ့ရယ်ပေါ့။ အဲဒါကျနော်တို့ ကရင်လူမျိုးတွေရဲ့ ရိုးရာမပပျောက်အောင်၊ နောင်လာနောင်သား ကလေးတွေ အတုယူလို့ရအောင် စည်းစည်းလုံးလုံးနဲ့ လာတက်ကြဖို့ မှာတယ်ပေါ့” ဟု တပ်ရင်း အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဒီကေဘီအေက ပွဲတော်တခုကို ဇွဲကပင်တောင်ခြေတွင် ပြုလုပ်နိုင်ရန် စီစဉ်ထားခဲ့သော်လည်း လုံခြုံရေး အခြေအနေကြောင့် တောင်ကလေးနှင့် မြိုင်ကြီးငူတို့တွင်သာ ဖြည့်တင်းလုပ်ခဲ့ရကြောင်း သူက ဆက်ပြောသည်။

သို့သော် ပြည်နယ်မြို့တော် ဘားအံတွင် ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်မှုမရှိတော့သလို ယနေ့ နှစ်ကူးပွဲကို ပြည်နယ်ရုံးတွင် အလံတင် အခန်းအနားတရပ်သာ ကျင်းပပြုလုပ်ကြောင်း ယင်းပွဲသို့သွားရောက်ခဲ့သူ ကရင်လူငယ်တဦးက ပြောသည်။

“ဘားအံမြို့ပေါ်မှာက မစည်တော့ဘူး။ မနက်က အယောက် ၂၀၀ လောက် အလံတင်အခမ်းအနား လုပ်ပြီး ပြန်သွားကြတယ်။ တောင်ကလေးကို သွားကြတာများတယ်။ အဲဒီ့မှာ စည်တယ်လေ။ ဈေးတန်း တွေလည်း ရှိတယ်လေ။ ညပွဲလည်းရှိတယ် ဒီမှာ ဘာမှမရှိပဲဟာ” ဟု သူက မဇ္ဈိမကို ပြောသည်။

နှစ်ကူးပွဲတော်ကို ပြုလုပ်ခွင့်မရရှိမှုများလည်း ရှိနေကြောင်း ကရင်အမျိုးသားတဦးဖြစ်သူ စောချာလ်နိုက ပြောသည်။

“အခြေအနေမကောင်းလို့ရှိရင် အာဏာပိုင်တွေနဲ့ ညှိနိုင်းလို့ မရလို့မလုပ်ရတဲ့နေရာတွေလည်း အများကြီး ရှိတာပေါ့။ တချို့နေရာတွေမှာဆိုရင် ကရင်တွေအပေါ်မှာ အမြင်နဲနဲစောင်းတဲ့ ဒေသခံအာဏာပိုင်တွေနဲ့ တိုးလို့ရှိရင် လုပ်ရကိုင်ရတာ ပိုခက်ခဲတာပေါ့ဗျာ။ စစ်ရေး အခြေအနေမကောင်းတဲ့ နေရာကလူတွေဆို လုပ်ခွင့်မရကြဘူးလေ။ အဲဒီနေရာမျိုးတွေကြတော့ ဘယ်အာဏာပိုင်နဲ့မှ ညှိလို့မရဘူး” ဟု သူက ပြောသည်။

ထိုင်း၊ မလေးရှား၊ ကနေဒါ၊ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဆွီဒင်၊ နယူးဇီလန်၊ ဂျပန် တို့တွင် ရောက်ရှိနေကြသည့် ကရင်လူမျိုးများကလည်း ရိုးရာနှစ်သစ်ကူးပွဲကို ပြုလုပ်ကြမည်ဟုလည်း သိရသည်။

ကရင်နှစ်သစ်ကူးနေ့ဖြစ်သော ကရင်ပြက္ခဒိန်အရ သလေလ (ထိုင်ခေါက်ဖိုး) လဆန်း ၁ ရက်နေ့သည် မြန်မာပြက္ခဒိန် ပြာသိုလဆန်း ၁ ရက်နေ့နှင့် ကိုက်ညီသည်။ သလေလ (ထိုင်ခေါက်ဖိုး) ကို ပထမလအဖြစ် သတ်မှတ်၍ လဆန်း ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

ကရင်သမိုင်း သုတေသီပညာရှင် စောအောင်လှ ရေးသားပြုစုထားသည့် ကရင့် ရာဇဝင်သမိုင်းစာအုပ် (စကောကရင်ဘာသာမှ မြန်မာဘာသာပြန်ထားသည့်စာအုပ်)တွင် ကရင်ဖြူ၊ ပလေကီး (ပလေချီ)၊ မွန်ကရင်၊ စကောကရင်၊ တလှေပွာ၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွဲ၊ ပိုးကရင် ဟု ကရင်လူမျိုး ၁ဝ မျိုးရှိကြောင်း ဖေါ်ပြထားသည်။ (မဇ္ဈိမ)



< Prev Next >


(ဆက်ဖတ်ရန်.......)

အဖမ်းအဆီးကြမ်း၍ ရန်ကုန် လိုင်းကားများ အခက်တွေ့

Wednesday, 16 December 2009 16:45 ဟိန်းဇော်

ရန်ကုန်မြို့တွင်း ကားမှတ်တိုင်များတွင် ယာဉ် ၂ ထပ်ရပ်၍ ခရီးသည် တင်ဆောင်မှု ပြုလုပ်သော လိုင်းကားများကို သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူမှုများ ပြုလုပ်နေသည့် အတွက် ယာဉ်မောင်း သမားများနှင့် ယာဉ်နောက်လိုက်များ အခက်အခဲ ကြုံနေကြကြောင်း သတင်း ရရှိသည်။

မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) လက်အောက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အဆိုပါ ခရီးသည်တင် ကားများကို ရန်ကုန်တိုင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) က ကားသိမ်းသည် အထိ အရေးယူမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း မထသမှ သိရသည်။

၂၀၀၉ ခုနစ် ဒီဇင်ဘာလ အတွင်း မှတ်တိုင်များတွင် ယာဉ်နှစ်ထပ်ရပ်ပြီး ခရီးသည် တင်ဆောင်သော ၃၉ (အထူး)၊ ၃၉ (ရိုးရိုး)၊ ၅၆ (ရိုးရိုး) ယာဉ်လိုင်းများရှိ ကား ၃ စီးကို ခရီးသည်တင် ပြေးဆွဲခွင့် တပတ်ပိတ်ပင်သည့် အပြင် ကားများကိုပါ တပတ်သိမ်းဆည်း လိုက်ခြင်းကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ စားဝတ်နေရေး အခက် အခဲဖြစ်နေကြကြောင်း ၃၉ ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။

“ဘယ်လိုမှ ရှင်းပြလိုမရဘူး၊ ရှေ့ကားက မထွက်လို့ မှတ်တိုင်မှာ ရပ်မရသေးလို့ ခဏမှေးပြီး ကားတစီးဘေးကနေ ဘီးလှိမ့်နေတုန်း စစ်ဆေးရေးအဖွဲ့က ဓာတ်ပုံရိုက်ပြီး သိပ်မကြာဘူး ကားကို ရုံးချုပ်ကို မောင်းခိုင်းတယ်၊ ပြီးတော့ ပြောတယ်၊ စည်းကမ်းမဲ့ ယာဉ်ရပ်လို့ ကားရော ယာဉ်လိုက်ခွင့် တွေရော တပတ်သိမ်းလိုက်တယ်တဲ့၊ ကားသိမ်း ခံရတဲ့ ယာဉ်မောင်းတွေလဲ ဘာမှ ဖြေရှင်းခွင့်ကို မပေးလိုက်ရတာ”ဟု ၃၉ အထူးယာဉ်လိုင်းမှ မော်တော်ယာဉ် သိမ်းခံရသော ယာဉ်မောင်းနှင့် နီးစပ်သူ တဦးကလည်း ပြောသည်။

မှတ်တိုင်များတွင် ယာဉ်နှစ်ထပ်ရပ်မှု ပထမအကြိမ် ကျူးလွန်ပါက တပတ် (၇ ရက်) ကားသိမ်းခြင်း၊ ဒုတိယ အကြိမ် ဖြစ်လျှင် ကားတလ သိမ်းခြင်းနှင့် တတိယ အကြိမ်ကျူးလွန်ပါက ယင်းကားကို နိုင်ငံပိုင်အဖြစ် အပြီးသိမ်းဆည်းမည် ဖြစ်ကြောင်း မထသနှင့် ကညနမှ ယခုနှစ်အတွင်း ထုတ်ပြန် ကြေညာခဲ့ပြီး ဒီဇင်ဘာလ အတွင်း၌ စတင် အကောင် အထည်ဖော်ကာ ယခုကဲ့သို့ လိုက်လံ အရေးယူ နေကြောင်း ကညန တာဝန်ရှိသူတဦးက ပြောဆိုသည်။

ကားအသိမ်းခံရသော ယာဉ်နောက်လိုက်တဦးက “ကားကို မနက်က ဓာတ်ပုံရိုက်ပြီး ညနေလဲကျရော သိမ်းဖို့ ရုံးချုပ်ကို မောင်းသွားခိုင်းတာ၊ ဘာဖြစ်လို့ ဘာဖြစ်မှန်း မသိလိုက်ဘူးဗျာ၊ တနေ့လုပ် တနေ့စားတွေ ဆိုတော့ ကားကို တပတ်သိမ်းတော့ ဘာနဲ့ စားရမလဲဗျာ၊ ကားပိုင်ရှင်တွေ အနေနဲ့ ကားသိမ်းခံရတာ ယာဉ်မောင်းတွေကို မကြည်ချင်ဘူး”ဟု ပြောသည်။

ယခုကဲ့သို့ အရေးယူ ဆောင်ရွက် ခြင်းများကို ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ ပါရမီယာဉ်လိုင်းနှင့် အဓိပတိ ယာဉ်လိုင်းများကိုမူ မပြုလုပ်ကြောင်း သိရသည်။

“အခုလို အရေးယူမယ်ဆိုရင် မျှမျှတတ အရေးယူသင့်တာပေါ့၊ ဘာလို့လဲဆိုတော့ ပါရမီကားတွေကြတော့ သူတို့ မဖမ်းရဲဘူး၊ သူတို့က ရပ်ချင်တဲ့ မှတ်တိုင်ရပ်တာ၊ အဲဒါကြတော့ မဖမ်းရဲဘူးလေ၊ အဖွဲ့အစည်းက ကြီးတယ် မဟုတ်လား”ဟု ခရီးသည်တင် ယာဉ်ပိုင်ရှင် တဦးက ဆိုသည်။

ရန်ကုန်မြို့အတွင်း မထသ လက်အောက်တွင် ယာဉ်လိုင်းပေါင်း ၁၀၀ ဝန်းကျင်ရှိသည်။ စစ်တပ်ပိုင် စီးပွားရေး ဦးပိုင် လီမိတက် လက်အောက်ရှိ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ ပါရမီနှင့် အဓိပတိ ယာဉ်လိုင်း များတွင် ကားအစီးရေ ၃၀၀ နီးပါးဖြင့် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

ကညန အနေဖြင့် ယခုကဲ့သို့ အရေးယူခြင်းသည် ယာဉ်မောင်းများကို ယာဉ်စည်းကမ်း လိုက်နာမှု ရှိစေရန်နှင့် ယာဉ်တိုက်မှုများ လျော့နည်းစေရန် အဓိက ဆောင်ရွက် နေသော်လည်း ထိုစီမံချက်သည် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ၏ စားဝတ် နေရေးကိုပါ ထိခိုက်နေကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာ တဦးက သုံးသပ်သည်။

“ရုံးဆင်း ရုံးတက် အချိန်ဆို စစ်ဆေးရေးတွေ ဆင်းပြီး လိုက်စစ်တော့တာပဲ၊ အခုတောင် ဓာတ်ပုံ အရိုက်ခံထားရတဲ့ ကားတွေ အစီး ၂၀ လောက် ရှိသေးတယ်၊ ဒီလိုသာ လိုက်လုပ်ရင်အကုန် ငတ်ကုန်လိမ့်မယ်၊ မရှိလို့ မထသ ယာဉ်လိုင်းကို မောင်းစားရတာ၊ တခုခုဆို စစ်ဆေး မေးမြန်းမှု မရှိဘူး၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ပဲ ၄၅ ရက်၊ တလ နားခိုင်းတာ၊ အခု ကားသိမ်းတဲ့အထိ ဖြစ်လာပြန်ရော”ဟု ၃၅ ယာဉ်လိုင်းမှ ယာဉ်မောင်း တဦးက ပြောသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

အန်အယ်လ်ဒီခေါင်းဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဂါရ၀ပြု

NEJ / ၁၆ ဒီဇင်ဘာ ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ဗဟိုအလုပ်အမှုဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက်ပိုင်း၌ စိမ်းလဲ့ကန်သာဧည့်ရိပ်သာတွင် တွေ့ဆုံဂါရ၀ပြုခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ကျနော်သိရသလောက်တော့ မနက် (၁၁) နာရီက (၁၂) နာရီထိပါ။ စိမ်းလဲ့ကန်သာဧည့်ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်က အရင်ဆုံးရောက်ပါတယ်။ နောက် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့က ရောက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီက ကြိုဆိုပြီးတော့ အဲဒီပုဂ္ဂိုလ် (၃) ဦးကို လှူဖွယ်ပစ္စည်းတွေနဲ့ ကန်တော့ပါတယ်” ဟု ပြောသည်။

ဒီဇင်ဘာ (၁၄) ရက်တွင် နအဖစစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေနေအိမ်သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်အား ဂါရ၀ပြုရေးအစီအစဉ်နှင့်ပတ်သက်၍ သဘောထားမေးမြန်းခဲ့ပြီးနောက် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့ (၃) ဦးကို တနေရာတည်းတွင် စုစည်း၍ ဒေါ်အောင်ဆန်းစုကြည်က ဂါရ၀ပြုခွင့် ရရှိခြင်းဖြစ်သည်။

အန်အယ်လ်ဒီမှ ခေါင်းဆောင်ကြီး (၃) ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သီးခြားတွေ့ဆုံစကားပြောကြားခွင့် ရသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒီနေ့ သူတို့ (၄) ယောက်က သီးခြားစကားပြောကြတယ်လို့ သိရပါတယ်။ ကျနော်သိသလောက်တော့ အန်ကယ်ဦးလွန်းတင်က ဒေါ်စုရဲ့ အခုရပ်တည်ချက် နိုင်ငံရေးဆောင်ရွက်ချက်အားလုံးကို ထောက်ခံတယ်။ အဲဒီတော့ ဆက်လုပ်ပါလို့ အားပေးခဲ့တယ်လို့ သိရပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ အသက်အရွယ်ကြီးသူ အန်အယ်လ်ဒီ ခေါင်းဆောင်ကြီး (၃) ဦးအား တွေ့ဆုံကာ ဂါရ၀ပြုရသည့်အတွက် အင်မတန် ကျေနပ်ဝမ်းသာဖြစ်နေသည်ဟု သိရကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ဒေါ်စုက ပြန်လာတဲ့အခါမှာ သူတော်တော်ကျေနပ်တယ်ဆိုတာ ကျနော်သိရတယ်။ နောက်ပြီးတော့ လူကြီးတွေကို သူမတွေ့ရတာကြာပြီး တွေ့ရလို့ အထူးဝမ်းမြောက်ဝမ်းသာရှိတယ်ဆိုတာ ကျနော်သိရပါတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် နိုဝင်ဘာ (၁၁) ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သည့်စာတွင် ကျန်းမာရေးအရ မိမိတို့နေအိမ်အသီးသီးတွင်သာ နေထိုင်လျက်ရှိကြသော အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင်တို့ကို ၎င်းတို့နေအိမ်အသီးသီးတွင် သွားရောက်ဂါရပြု ကန်တော့လိုသည့်အတွက် စီစဉ်ဆောင်ရွက်ပေးပါရန် ထည့်သွင်းမေတ္တာရပ်ခံခဲ့သည်။(ခေတ်ပြိုင်)

(ဆက်ဖတ်ရန်.......)

မယုံစားနှင့်သူက ကျား

သားစားသည့်ကျား၊သင်ယုံစား၍
မုသားမာယာ၊ပျားသကာကို
သာယာယစ်မူး၊သင်မရူးနှင့်၊
သေနေသည့်ကျား၊အတတ်မှားဖြင့်
ရွတ်ပွားမန္တန်၊ထ ရှင်ပြန်သော်
တဖန်ရန်လုပ်၊အစွယ်ထုတ်၍
ကျားကုတ်ကျားခဲ၊သင့်ပြန်မဲမှာ
မလွဲဧကန်၊ဖြစ်ရပ်မှန်မို့
အကြံကောက်ကျစ်၊မင်းဆိုးညစ်၏
နှစ်ထောင့်တစ်ဆယ်၊ပြည်ပျက်လွယ်မည့်
တွေ့ ဖွယ်မလွဲ၊ရွေးကောက်ပွဲကို
အမြဲမှတ်သား၊သင်ယုံစားက
မှောက်မှားမဆုံးရှိလိမ့်မည်။ ။

ရန်နိုင်ထွန်း
လွှတ်မြောက်နယ်မြေ၊ကိုရီယား




(ဆက်ဖတ်ရန်.......)

Tuesday 15 December 2009

ရွေးကောက်ပွဲအတွက် သူဌေးကြီးများ စည်းရုံးနေ

မျိုးဝင်းဇော်/ ၁၅ ဒီဇင်ဘာ ၂၀၀၉

နအဖစစ်အစိုးရနှင့်နီးစပ်ပြီး အစိုးရက ရွေးကောက်ပွဲဝင်ရန် ရွေးချယ်ထားသည့် သူဌေးကြီးများ ဧရာဝတီတိုင်းတွင် စည်းရုံးရေး လုပ်နေကြောင်း ဓနုဖြူမြို့နယ်မှ လယ်သမားများက ပြောသည်။

ဓနုဖြူမြို့နယ်အတွင်းတွင် ကဉ္စနကျွန်းသာ ကုမ္ပဏီက နွေစပါးစိုက်ရန် စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးနေကာ ဓာတ်မြေသြဇာ ကိုလည်း ချေးငွေသဘောမျိုး ချပေးနေကြောင်း၊ ထို့အပြင် အဆိုပါကုမ္ပဏီသည် ဒေါင်းတံခွန်နာမည်နှင့်လည်း ပဲစိုက်တောင်သူ များအား စိုက်ပျိုးစရိတ်များ ထုတ်ချေးနေကြောင်း ဓနုဖြူမြို့နယ် အလာမျိုးတိုက်နယ်မှ ကျေးရွာ လယ်သမားတဦးက ပြောသည်။

“စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးတဲ့ အခမ်းအနားတိုင်းမှာ သူတို့ပြောတာကတော့ သူတို့ကုမ္ပဏီလူကြီးဟာ ဧဒင်ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်ဖြစ်တယ်။ သူဟာ ဒီ ဓနုဖြူသားလည်း ဖြစ်တယ်။ ဒီဒေသဖွံ့ဖြိုးရေး ဦးဆောင်ကုမ္ပဏီကို လုပ်ကိုင်နေပြီး ဒီဒေသသားတွေ အကျိုးကို လုပ်ကိုင်ဆောင်ရွက်နေတာ ခင်ဗျားတို့အမြင်ပဲ ဆိုပြီး အမြဲပြောတယ်။ သူ့ကုမ္ပဏီက လူတွေ ပြောဆိုတာတွေ၊ ဒေသခံတွေ ပြောဆိုတာတွေကို ကြည့်ရင် ဦးချစ်ခိုင်ဟာ လာမယ့်ရွေးကောက်ပွဲအတွက် ဓနုဖြူကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့သဘော တွေ့ရတယ်” ဟု ပြောသည်။

ကဉ္စနကျွန်းသာ ကုမ္ပဏီသည် ပြီးခဲ့သည့်မိုးရာသီ၌ လယ်သမားများကို တလ (၂) ကျပ် တိုးနှုန်းဖြင့် ကျပ်သိန်းပေါင်း (၆,ဝဝဝ) ကျော် ထုတ်ချေးခဲ့ကာ ပြီးခဲ့သည့် ပဲစိုက်ရာသီကလည်း ဓနုဖြူ၊ ပန်းတနော်၊ ကျုံပျော်က ပဲစိုက်တောင်သူ (၈,ဝဝဝ) ခန့်ကို တဧက ကျပ် (၃) သောင်းနှုန်းဖြင့် ငွေကျပ် သိန်းပေါင်း (၁၃,ဝဝဝ) ကျော် ထုတ်ချေးခဲ့သည်။

ယခု နွေစပါးစိုက်ရာသီတွင်မူ တဧက ကျပ် (၂) သောင်း၊ တန်ဖိုး (၄၄,ဝဝဝ) ကျပ်ရှိ ဓာတ်မြေသြဇာ (၂) အိတ်၊ စုစုပေါင်း တဧက ကျပ် (၆၄,ဝဝဝ) ဖိုး ထုတ်ချေးခဲ့သည်။

ယခုကဲ့သို့ ကုမ္ပဏီက ငွေထုတ်ချေးသည့် အခမ်းအနားတိုင်းတွင် ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်နာမည်ကို ထုတ်ဖော်ကြေညာပြီး ဦးချစ်ခိုင်သည် အဆိုပါ ဒေသသား ဖြစ်သည့်အပြင် ဒေသအကျိုးကို ရှေးရှုဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

ဦးချစ်ခိုင် ကိုယ်တိုင်ကလည်း အတိုးရငွေ၏ (၂၅) ရာခိုင်နှုန်းကို တောင်သူများ အကျိုးရှိရာရှိကြောင်း ပြန်လည်သုံးစွဲမည်ဟု ပြောဆိုခဲ့ပြီး ၎င်းအနေဖြင့် လယ်သမားများ၏ ယုံကြည်ကိုးစားမှုရအောင် ဆောင်ရွက်နေကြောင်း ပြည်တွင်းမီဒီယာတခုကို ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ပြီးခဲ့သည့်ရက်ပိုင်းက နွေစပါး စိုက်ပျိုးစရိတ်ချေးငွေ ရယူခဲ့သူ လယ်သမားတဦးက ယခုကုမ္ပဏီ၏ ချေးငွေ ထုတ်ပေးမှုကြောင့် လယ်ယာလုပ်ငန်းတွင် များစွာ အဆင်ပြေသည့်အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

၎င်းက “ကုမ္ပဏီလူကြီး ရွေးကောက်ပွဲဝင်မယ်ဆိုတာလည်း ကျနော် ရိပ်မိပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဘယ်သူက လယ်သမားတွေ ကောင်းကျိုးကိုလိုလားတယ်၊ ဘယ်သူက မလိုလားဘူးဆိုတာလည်း သိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲသာ ဖြစ်ခဲ့ရင်လည်း တိုင်းပြည်အကျိုး၊ လယ်သမားအကျိုး တကယ်လုပ်တဲ့သူကို မဲပေးမှာပါ” ဟု ပြောသည်။

ဦးချစ်ခိုင်၏ ဧဒင်ကုမ္ပဏီနည်းတူ ထူးကုမ္ပဏီက ဘိုကလေးတွင်လည်းကောင်း၊ ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက ဖျာပုံ၊ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက မော်လမြိုင်ကျွန်း၊ ဦးဇော်ဇော်ပိုင် မက်စ်ကုမ္ပဏီက အသုတ် စသည့်မြို့နယ်တို့တွင် လယ်သမားများကို ချေးငွေထုတ်ပေးပြီး စည်းရုံးရေးလုပ်နေကြကြောင်း သိရသည်။(ခေတ်ပြိုင်)



(ဆက်ဖတ်ရန်.......)

ကိုမင်းကိုနိုင်၏ နောက်ကြည့်မှန်

ဆောင်းပါး
Ko Min Ko Naing Short Story


(ဆက်ဖတ်ရန်.......)

Friday 11 December 2009

မလေးရှား ထိန်းသိမ်းရေးစခန်းအတွင်း သေဆုံးမှုများ ဆက်ရှိနေ

ဇော်ကြီး
ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိ KLIA ထိန်းသိမ်းရေး စခန်းအတွင်း အမည်မ သိရောဂါကြောင့် သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

မလေးရှားနိုင်ငံသို့ တရားမ၀င်ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား အာဏာပိုင်များမှ ဖမ်းဆီး၍ သက်ဆိုင် ရာနိုင်ငံများသို့မပို့မီ ယာယီထိန်းသိမ်းရေးစခန်းများဖွင့်၍ထားရှိခဲ့ရာမှ လွန်ခဲ့သည့် သြဂုတ်လကုန်ပိုင်းကစ၍ သေ ဆုံးမှုများ ရှိခဲ့သည်။

အဆိုပါရောဂါကြောင့် ထိုစခန်းအတွင်း အသက် ၄၅ နှစ်အရွယ် ချင်းအမျိုးသား ငေါင်စပေါင် ယခုလ ၉ ရက်နေ့ က သေဆုံးခဲ့ပြီး လွန်ခဲ့သည့် လေးလအတွင်း သေဆုံးသူ ၇ ဦး ရှိပြီဟု စခန်းတွင်းထိန်းသိမ်းခံထားရသူ တစ်ဦးက ယခုလိုပြောသည်။

“ဒီကောင်ကတော့ အသည်းအသန်ဖြစ်နေတယ်။ ထလို့တောင်မရတော့ဘူး။ အခုထလို့ မရတော့ဘူး ဘယ်လိုလုပ်ရမှာလည်းဆိုတော့ ဒါဆိုရင် ဆေးရုံပို့ပေးမယ်တဲ့ အပြင်ကို ထုတ်လိုက်တယ်။ ဟိုမှာ ကျတော့ တစ်ညပဲအိပ်တယ်။ နောက်တစ်ရက် ညကိုးနာရီ လောက်မှာ ဆုံးသွားပြီလို့ သတင်းကြား ရတာ။ အခုဒီထဲမှာဆိုရင် ကျနော်တို့ ဒီကို ရောက်တာနဲ့ လေးလအတွင်းမှာ ၇ယောက်ရှိနေပြီ ဆုံး သွားတာ။”

သေဆုံးသူမှာ ခြေထောက်များဖောရောင်နေပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ အစာ မစားနိုင်သည့်အပြင် ဆီး ချုပ်၊ ၀မ်းချုပ်ဖြစ်ရာမှ စခန်းတာဝန်ရှိသူများအား အကြောင်းကြား ခဲ့သော်လည်း အချိန်မီပို့ဆောင်နိုင်ခြင်းမရှိခဲ့ဟု ၎င်းကပြောသည်။

အထူးသဖြင့် ထိုစခန်းအတွင်း၌ လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းက စမုံညှင်းစခန်းတွင် ကျန်းမာရေးကိစ္စဖြင့် ဆန္ဒပြမှုကြောင့်ပြောင်းရွှေ့လာသူအများစုဖြစ်ပြီး ထိုသူများအား ကျန်းမာရေးဂရုစိုက်မှုအားနည်းကာ ပြင်ပမှဆေး များကိုလည်း သုံးစွဲခွင့်မရဟု ၎င်းကဆက် ပြောသည်။

“ငါတို့ဒီ စမုန်ညှင်းက လူဟောင်းတွေဆိုရင် ဆရာဝန်ဆီ ပြမပေးဘူး။ နောက်ပြီးတော့ အဲဒီကြားထဲမှာ ဘာအခက်အခဲရှိလဲဆိုတော့ ကျနော်တို့အပြင်ကနေ ဆေးတွေဘာတွေပေါ့ကွာ လိမ်းဆေးတွေ၊သောက် ဆေးတွေ အဲတာတွေမှာတယ်။ အဲလိုမှာတဲ့အခါ သူငယ်ချင်းတွေကလာပေးတယ်။ အဲ့အခါ မှာလည်း အခက်အခဲရှိနေတယ်။ ကျနော်တို့လို လူဟောင်းတွေဆိုလို့ရှိရင် မပေးရဘူးတဲ့။ စမုန်ညှင်းက ဆိုလို့ရှိရင် မပေးရဘူးလို့ ပြောတယ်။”

ထို့အပြင် ထိုစခန်းအတွင်းထိန်းသိမ်းခံထားရသူများထဲ၌ စမုံညှင်းစခန်းမှ ပြောင်းရွှေ့လာသူ လူဟောင်းများမှာ စာ ရင်းပျောက်နေ၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UHNCR မှလာရောက်ထုတ်ယူနိုင်ခြင်း မရှိဟု ၎င်းက ဆက်ပြောသည်။

“အခုကျနော်တို့ကျတော့ UN နဲ့တွေ့မယ်ဆိုတောင် UN ကလည်းလာတော့လာတယ်။ ဒါပေမယ့် ကျ နော်တို့ နံပါတ်တွေမခေါ်တော့ဘူး။ နံပါတ်တွေ ကျော်ကျော်သွားပြီးတော့ ခေါ်နေကြတယ်။ ကျနော်တို့ လူဟောင်းတွေဆိုရင် လုံးဝမခေါ်တော့တာ။ နောက်ပြီးတော့ နာမည်စာရင်းလည်း ဒီထောင်စာရင်းထဲ မှာမရှိဘူး။ UN ကဟိုကနေ စာရင်းပေးလို့ရှိရင်လည်း ဒီကလက်ခံစာရင်းထဲမှာ မရှိတော့ အပယ်ခံရပြီး တော့ UN နဲ့တွေ့လို့မရဘူး။ ဒီထဲမှာပဲ နေနေရတာပေါ့။ ဒီထဲမှာတော့ တစ်နှစ်လောက်ရှိနေပြီ။ အခက် အခဲဖြစ်နေတာ။”

ရောဂါဖြစ်ပွားသည့် အကြောင်းရင်းကို သိရှိနိုင်ရန် တာဝန်ရှိသူများအနေနှင့် စုံစမ်းရှာဖွေ ခဲ့သော်လည်း ယနေ့အ ချိန်ထိ မည်သည့်ရောဂါမှန်းမသိရသေးဟု ၎င်းကပြောသည်။

စခန်းတွင်းထိန်းသိမ်းခံထားရသူများအား မြန်မာသံရုံးမှလာရောက်ထုတ်ယူပြီး မိခင်နိုင်ငံ သို့ပြန်လည်ပို့ဆောင် ရန်စီစဉ်ပေးသော်လည်း ငွေကြေးမတတ်နိုင်သဖြင့် မပြန်နိုင်ဘဲ ဖြစ်နေသည်ဟု ၎င်းကပြောသည်။

“ကျနော်တို့ဆီမှာ ပိုက်ဆံရှိရင် ကျနော်တို့ပြန်ချင်တယ်။ ဒါပေမယ့် အခုချိန်မှာ လက်ထဲမှာ ပိုက်ဆံက လည်းမရှိဘူး၊ အိမ်ကနေလည်းမရဘူးဆိုတော့ ဒီထဲမှာပဲ ဒီတိုင်းပဲနေရတာပေါ့။”

အစောပိုင်းကာလများက မြန်မာပြည်သို့ပြန်လိုပါက လူတစ်ဦးလျှင် မလေးရှားငွေ ၁၅၀၀ ခန့် ပေးရပြီး နောက်ပိုင်း တွင် သံရုံးမှ တာဝန်ပေးထားသူက တစ်ဦးလျှင် ၅၀၀ နုန်းဖြင့် ပြန်ပို့ရန်စီစဉ်ခဲ့သော်လည်း ယခုအခါစာရင်းပိတ် လိုက်ပြီဟု ပြောသည်။

စခန်းတွင်း၌ မြန်မာနိုင်ငံသား ၁၃၀ ကျော်ရှိသည့်အထဲက လောလောဆယ် ရောဂါဖြစ် နေသူ သုံးဆယ်ကျော် ရှိသည်။

စခန်းတွင်း လေ၀င်လေထွက်နှင့် အလင်းရောင်ရရှိမှုနည်းပါးခြင်း၊ ချိုးရေနှင့်သောက်သုံးရေ သန့်ရှင်းမှု မရှိခြင်း၊ အ စားအစာလတ်ဆပ်မှုမရှိခြင်းတို့ကြောင့် ယခုလိုရောဂါများ ဖြစ်ပွားလာခြင်း ဖြစ်နိုင်သည်ဟု စခန်းတွင်းနေထိုင်သူ များက ပြောသည်။(သတင်းနှင့်မီဒီယာ)

(ဆက်ဖတ်ရန်.......)

ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စတင်ကောက်ယူ

မျိုးဝင်းဇော်/ ၁၁ ဒီဇင်ဘာ ၂၀၀၉

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့တွင် လာမည့် ရွေးကောက်ပွဲအတွက် အသက် (၁၈) နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်စာရင်းများ စတင်ကောက်ခံနေပြီဖြစ်ကြောင်း မြို့ခံများက ပြောသည်။

“ကျနော်တို့ဆီမှာ ရာအိမ်မှူးတွေက အိမ်တွေကို လိုက်ပြီး နှိုးဆော်တယ်။ လူတိုင်း ကိုယ့်အိမ်ထောင်စုစာရင်း ပုံစံစာရွက်ယူပြီး ရပ်ကွက်ရုံးမှာ စာရင်းသွားပေးကြပါလို့ ဆိုတယ်။ အဲဒါ အိမ်ထောင်စုစာရင်း ကိုင်ပြီးသွားတော့ အသက် (၁၈) နှစ်ပြည့်ပြီးသူတွေ စာရင်းကို ယူတယ်။ နောက် အဖေ၊ အမေ နာမည်တွေ ပေးရတယ်။ ဘာလုပ်ဖို့ ဒီစာရင်းကောက်တာလဲ မေးတော့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အသက် (၁၈) ပြည့်ပြီးတဲ့ မဲဆန္ဒပေးနိုင်သူ စာရင်းကောက်နေတာလို့ ပြောတယ်” ဟု လှိုင်မြို့နယ်
(၇) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

အလားတူ တောင်ဒဂုံတွင် နေထိုင်သူတဦးက ၎င်းတို့ ရပ်ကွက်တွင် ရအဖနှင့်ရာအိမ်မှူးများ တအိမ်တက်ဆင်း စာရင်းကောက်ပြီး အိမ်ထောင်စုစာရင်းတောင်းကြည့်ကာ အသက် (၁၈) နှစ်ပြည့်ပြီးသူတို့၏ အမည်၊ မိဘအမည် စသဖြင့် စာရင်းယူကြောင်း ပြောသည်။

၎င်းက “လူဦးရေ အိမ်ထောင်စုစာရင်းကောက်တာ လဝက အလုပ် မဟုတ်ဘူးလား၊ ခင်ဗျားတို့က ဘာကြောင့် လာကောက်တာလဲလို့ မေးတော့ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူစာရင်း ပြုစုနေတာလို့ ပြောတယ်” ဟု ဆိုသည်။

နအဖစစ်အစိုးရ၏ အဆင့်ဆင့် ညွှန်ကြားချက်များအောက်တွင် ယခုကဲ့သို့ ရပ်ကွက်အချို့အတွင်း စာရင်းကောက်သော်လည်း အချို့ရပ်ကွက်များတွင်မူ မကောက်သေးကြောင်း စုံစမ်းသိရသည်။

အလားတူ ၈၈ မျိုးဆက်ကျောင်းသား ပြည်ထောင်စုမြန်မာနိုင်ငံအဖွဲ့မှ ဦးအေးလွင်ကလည်း လှိုင်မြို့နယ် (၅) ရပ်ကွက်ဘက်တွင် ရပ်ကွက်နေသူများကို ၎င်းတို့ဖွဲ့မည့် ပါတီထဲဝင်ရန် စည်းရုံးမှုများ ရှိနေပြီး မကြာခင် တရားဝင် စည်းရုံးရေးပွဲများ ကျင်းပပြုလုပ်မည်ဟု ပြောဆိုနေကြောင်း ရပ်ကွက်နေသူများက ပြောသည်။

နအဖစစ်အစိုးရသည် ယခုကဲ့သို့ အောက်ခြေ လူစာရင်း ပြုစုခိုင်းခြင်းတို့ လုပ်နေသော်လည်း နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ဆိုင်ရာ၊ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ဥပဒေများကိုမူ တရားဝင် ထုတ်ပြန်ခြင်း မပြုလုပ်သေးပေ။

ယခုကိစ္စ ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာတဦးက နအဖစစ်အစိုးရသည် ပြီးခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒပေးပွဲတုန်းကဲ့သို့ လုပ်လာခြင်းဖြစ်ကြောင်း၊ အဆိုပါအချိန်က ဆန္ဒမဲပေးပွဲ အဆင့်ဆင့်တွင် မည်သူကိုမှ ပါဝင်ခွင့် မပြုဘဲ ၎င်းတို့အာဏာပိုင် အဆင့်ဆင့်ကသာ လုပ်ချင်သလို လုပ်သွားခဲ့ကြောင်း ပြောသည်။

၎င်းက “ကုန်ကုန်ပြောရရင် တိုင်းနယ်ပြည်နယ်အလိုက် မဲစာရင်း၊ မြို့နယ် တမြို့နယ်ခြင်း၊ ရပ်ကွက်တခုခြင်း၊ မဲရုံတခုခြင်း ဆန္ဒမဲ အရေအတွက်တွေကိုတောင် လုံးဝ ထုတ်ဖော်ခြင်း မပြုခဲ့ဘူး။ အခုလည်း ၂ဝဝ၈ က လုပ်ခဲ့သလို သူ့သဘောနဲ့သူ ထင်ရာစိုင်း လုပ်မယ့် အရိပ်လက္ခဏာမျိုး ဖြစ်တယ်” ဟု ဝေဖန်ပြောဆိုသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုနေသော်လည်း ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရအဖွဲ့သစ်ကို အာဏာလွှဲပေးပါ့မည်၊ ယင်းအတွက် ပြင်ဆင်မှုများ လုပ်နေပါသည်ဆိုသည့် ကတိမျိုး ပေးခြင်း လုံးဝ မရှိသကဲ့သို့ ပြည်သူအများစုကလည်း လာမည့်ရွေးကောက်ပွဲသည် စစ်အစိုးရက ထင်ရာလုပ်ပြီး ၎င်းတို့ကိုယ်တိုင် ပုံစံတမျိုးဖြင့် ဆက်အုပ်ချုပ်သွားရန် လုပ်ကိုင်နေခြင်းသာဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ပြောဆိုနေကြသည်။
(ခေတ်ပြိုင်)

(ဆက်ဖတ်ရန်.......)

ချင်းဒုက္ခသည်များ အိန္ဒိယတွင် ခွဲခြား ဆက်ဆံခံနေရဟု အစီရင်ခံစာက ဆို

ဆလိုင်းပီပီ
သောကြာနေ့၊ ဒီဇင်ဘာလ 11 ရက် 2009 ခုနှစ် 12 နာရီ 07 မိနစ်

အိန္ဒိယနိုင်ငံတွင် ပြည်တွင်းဒုက္ခသည် ဥပဒေတရပ် မရှိခြင်းကြောင့် အိန္ဒိယရှိ မြန်မာ ဒုက္ခသည်များမှာ ခွဲခြား ဆက်ဆံခံနေရကြောင်း ဝါရှင်တန် အခြေစိုက် ဆော်သြရေး အဖွဲ့တခုဖြစ်သည့် နိုင်ငံတကာ ဒုက္ခသည်အဖွဲ့ကြီး (Refugee International) က ယမန်နေ့က ပြောဆိုလိုက်သည်။

အိန္ဒိယတွင် ဒုက္ခသည် ဥပဒေတရပ် မရှိခြင်းကြောင့် အများစု ချင်းအမျိုးသားများဖြစ်သော မြန်မာ ဒုက္ခသည်များသည် ခွဲခြား ဆက်ဆံခံရခြင်း၊ အခြေခံ လိုအပ်ချက်များ လုံလောက်စွာ မရရှိခြင်း စသော အခက်အခဲမျိုးစုံကို ခံနေကြရသည်ဟု ယမန်နေ့ထုတ် RI ၏ (အိန္ဒိယ-မြန်မာ ဒုက္ခသည်များအတွက် ကွက်လပ်ကို ဖြည့်ဆီးပေးပါ) ‘India: Close the Gap for Burmese Refugees’ ဟူသည့် အစီရင်ခံစာတွင် ရေးသားထားသည်။

''အခြေခံအားဖြင့် နယူးဒေလီတွင် ခွဲခြား ဆက်ဆံမှုများ ကျယ်ပြန့်စွာ ရှိနေခြင်းကြောင့်၎င်း၊ မီဇိုရမ် ပြည်နယ်တွင် နိုင်ငံခြားသားများကို သတိထား ဆက်ဆံခြင်းကြောင့်၎င်း၊ ဒုက္ခသည်များမှာ နှောင့်ယှက်ခံရခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခံရခြင်း စသည့် ဒုက္ခမျိုးစုံကို ကြုံတွေ့နေကြရသည်'' ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

ဤအစီရင်ခံစာသည် ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလအတွင်း ချင်းဒုက္ခသည်များ၏ အခြေအနေများကို သွားရောက်ဆန်းစစ် လေ့လာခဲ့ပြီး ရေးသားထားခြင်း ဖြစ်သည်ဟု RI က ပြောသည်။

အိန္ဒိယသည် မြန်မာ ဒုက္ခသည်များအတွက် မိတ်ဆွေနိုင်ငံတခု ဖြစ်သော်လည်း ဒုက္ခသည်များ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်သည့် ကောင်းမွန်သင့်တော်သည့် ဒုက္ခသည်ဥပဒေတရပ် မရှိခြင်းကြောင့် ပြဿနာများ ဆက်လက်ဖြစ်ပွားအောင် လုပ်ပေးနေသလိုဖြစ်ပြီး ချင်းနှင့် အခြား မြန်မာဒုက္ခသည်များအပေါ် ကျူးလွန်စော်ကားမှုများ ပိုမို လုပ်ဆောင်အောင် အားပေးနေသလို ဖြစ်နေသည်ဟု အဆိုပါအဖွဲ့က ပြောသည်။

''ဒုက္ခသည် အဆင့်အတန်းတရပ် မရှိခြင်းကြောင့်၎င်း၊ ခွဲခြားဆက်ဆံ ခံရခြင်းများကြောင့်၎င်း၊ အိန္ဒိယရှိ ချင်းဒုက္ခသည်များမှာ အခြေခံလိုအပ်သော အိုးအိမ်၊ ကျန်းမာရေး၊ ပညာရေးလိုအပ်ချက်များအတွက် လုံလောက်သည့် ဝင်ငွေများ မရရှိဘဲ ဖြစ်နေသည်'' ဟု အစီရင်ခံစာက ပြောသည်။

မြန်မာဒုက္ခသည်များကို အကူအညီများပေးနေသည့် ဥပဒေရေးရာ အစိုးရမဟုတ်သော အဖွဲ့တခုဖြစ်သည့် လူမှုရေးနှင့် ဥပဒေရေးရာ သတင်းအချက်အလက် ဗဟိုဌာန (SLIC) မှ အစီအစဉ် အရာရှိတဦးဖြစ်သော နီးရူး (Neeru) က နယူးဒေလီတွင် နေထိုင်သော မြန်မာဒုက္ခသည်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုများရှိကြောင်း တိုင်တန်းမှုများကို သူတို့ရုံးက လက်ခံရရှိခဲ့သည်ဟု ပြောသည်။

သူမ၏ ရှေ့နာမည်တခုကိုသာ မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့သည့် နီးရူးက ထိုသို့ဖြစ်ပွားခဲ့သော အမှုအခင်းပေါင်း မည်မျှဖြစ်ပွားခဲ့သည်ကို၎င်း၊ ကိစ္စရပ်တခုချင်း၏ အသေးစိတ်ဖြစ်ရပ်များကို၎င်း ထုတ်ဖော်ပြောကြားခြင်း မပြုဘဲ ထိုအမှုအခင်းအများစုသည် ဒုက္ခသည်များ ညဘက်ဈေးသွားစဉ် လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အချို့ အနည်းစုသော အမှုအခင်းများမှာ အနောက်ဒေလီရှိ သူတို့လုပ်ငန်းခွင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသာ ပြောသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အိန္ဒိယသည် ၁၉၅၁ ခုနှစ် ဒုက္ခသည် ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားသော နိုင်ငံတခု မဟုတ်ပါ။ ဒုက္ခသည်များအဖြစ် သတ်မှတ်ရန်နှင့် အကာအကွယ်ပေးရန် ပြည်တွင်းဥပဒေတရပ်လည်း မရှိပါ။

သို့သော် အိန္ဒိယအစိုးရသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို နယူးဒေလီမြို့တွင် ရုံးဖွင့်လှစ်ခွင့်ပေးထားပြီး မြို့တော်တွင် နေထိုင်သော ဒုက္ခသည်များကိုသာ အကန့်အသတ်ဖြင့် ဝန်ဆောင်မှုပေးနိုင်သည်။ အဆိုပါ UNHCR ကို အိန္ဒိယအစိုးရက ဒေလီမြို့ပြင်ပတွင် လုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးမထားပါ။

ဤသို့ UNHCR လက်လှမ်းမမီသည့် ချင်းဒုက္ခသည် ၅ သောင်းမှ တသိန်းခန့်မှာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များဖြစ်သော မီဇိုရမ်နှင့် မဏိပူ ပြည်နယ်များတွင် နေထိုင်နေကြသည်။

''UNHCR ၏ အကန့်အသတ်နှင့်သာ လုပ်ဆောင်နိုင်မှုကြောင့် ချင်းဒုက္ခသည်များမှာ လူမှုရေးလုံခြုံမှု မရှိတော့ဘဲ အကာအကွယ်မဲ့နေကာ မိမိဘာသာ အားကိုးနေကြရသည်'' ဟု RI ၏ အစီရင်ခံစာတွင် ရေးသားထားသည်။

UNHCR ၏ ၂၀၀၉ ခုနှစ် စက်တင်ဘာ သတင်းလွှာအရ နယူးဒေလီတွင် နေထိုင်သော သူတို့ အစောင့်ရှောက်ခံ ဒုက္ခသည်ပေါင်းမှာ ၁၂၁၅၉ ဦးရှိပြီး၊ ထိုအထဲမှ ၂၇၅၂ ဦးသာ မြန်မာလူမျိုးများဖြစ်သည်ဟု ဆိုသည်။

သို့သော် RI ၏ အပြောအရ UNHCR က အသိအမှတ်ပြု မှတ်ပုံတင်ထားခြင်းခံရသူနှင့် ထိုသို့ မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသည့် မြန်မာ ဒုက္ခသည်ပေါင်းမှာ ဦးရေ ၃၀၀၀ မှ ၄၀၀၀ အထိရှိပြီး အများစုမှာ မြန်မာနိုင်ငံ အနောက်မြောက်ဒေသမှ ချင်းတိုင်းရင်းသားများ ဖြစ်သည်ဟု ဆိုသည်။

ချင်းနှင့် အခြား မြန်မာဒုက္ခသည်များ နှိမ်ချ ဆက်ဆံခံရခြင်းနှင့် ကျူးလွန်စော်ကားခြင်းများ လျော့နည်း သက်သာရေးအတွက် ထိုဒုက္ခသည်များအပေါ် ဥပဒေဆိုင်ရာ အဆင့်အတန်းတရပ် သတ်မှတ်ပေးရန်နှင့် အကာအကွယ်ပေးရန် RI က အိန္ဒိယအစိုးရကို တောင်းဆိုလိုက်သည်။

လွန်ခဲ့သော ဆယ်စုနှစ် ၄ စုအတွင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုများကြောင့် ချင်းလူမျိုးဒုက္ခသည်များ မိမိတို့ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးလာခဲ့ကြရသည်။ ထိုသို့ ဒုက္ခသည်များ ထွက်ပြေးလာမှုသည် သွေးထွက်သံယိုများလှသည့် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး အပြီးတွင် ပိုမို များပြားလာခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

ဤသို့ မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများသာ မကသေးဘဲ မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ချင်းပြည်နယ်သည် ၂၀၀၆ ခုနှစ်က ဝါးသုဉ်းခြင်းနှင့် ကြွက်ကျခြင်းတို့ကြောင့် စားနပ်ရိက္ခာ အကျပ်အတည်းကိုလည်း ကျယ်ပြန့်စွာ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ ယင်းကပ်ဘေးတွင် ကြွက်များ အဆမတန် ပွားလာပြီး သီးနှံစိုက်ခင်းများနှင့် သိုလှောင်ထားသော ရိက္ခာသီးနှံများကိုပါ စားသောက် ဖျက်ဆီးပစ်ခဲ့ကြသည်။

''ဤအငတ်ဘေးကြောင့် မိသားစု အများအပြားမှာ မြန်မာနိုင်ငံတွင်း ဆက်လက် အသက်ရှင်သန်ရန် မဖြစ်နိုင်ကြတော့သဖြင့် တိုင်းပြည်တွင်းမှ ထွက်ပြေးလာခဲ့ကြရသည်'' ဟု RI အစီရင်ခံစာတွင် ဆက်လက် ရေးသားထားသည်။

မြန်မာဒုက္ခသည် ထောင်ပေါင်းများစွာ ခိုလှုံနေထိုင်ကြသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များသို့ UNHCR ကို သွားရောက်ခွင့် ပေးပါရန်လည်း အိန္ဒိယနိုင်ငံကို RI က တိုက်တွန်းထားသည်။

မြန်မာဒုက္ခသည်များကို အကာအကွယ် ပေးနိုင်မည့် ပြည်တွင်းဒုက္ခသည် ဥပဒေတရပ် ပြဋ္ဌာန်းနိုင်ရေးအတွက် အိန္ဒိယနိုင်ငံကို ကူညီပါရန် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကို RI က တောင်းဆိုလိုက်သည်။ နယူးဒေလီနှင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များတွင် နေထိုင်ကြသော ချင်းဒုက္ခသည်များကို အကူအညီများ တိုးမြှင့် ပေးအပ်ရန်နှင့် ချင်းလူမျိုးရပ်ရွာအခြေခံ အဖွဲ့အစည်းများနှင့် အိန္ဒိယ လူထုအခြေပြု အဖွဲ့အစည်းများကို ထောက်ပံ့ ပေးကမ်းပါရန်လည်း RI က တောင်းဆိုထားသည်။(မဇ္ဈိမ)
(မုံပီး တည်းဖြတ်သည်။)


< Prev Next >

(ဆက်ဖတ်ရန်.......)

Thursday 10 December 2009

ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအတွက် ထိုင်းနိုင်ငံတွင်း တရားဝင်နေထိုင်ခွင့် လက်မှတ်ပြုလုပ်ပေးနေ

ဒီဇင်ဘာလ ၁၀ ရက်၊၂၀၀၉ ခုနှစ်။

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများ၏သားသမီးများ အတွက် ထိုင်းနိုင်ငံတွင်း တရားဝင်နေထိုင်ခွင့် လက်မှတ်များကို သက်ဆိုင်ရာဒေသ အလိုက်ရှိ မှတ်ပုံတင်ရုံးများတွင် ဒီဇင်ဘာလ (၁၈)ရက်နေ့ထိ နောက်ဆုံးထား ပြုလုပ်ပေး နေသည်။

တရားဝင်နေထိုင်ခွင့် မှတ်ပုံတင်ပြုလုပ်ပေးသည့် ကလေးငယ်များသည် အသက်(၅)နှစ် အထက်နှင့်(၁၅)နှစ် အောက်အရွယ်များဖြစ်ပြီး ၄င်းကလေးငယ်၏မိခင်(သို့)ဖခင်၏လက်ရှိ ထော်ရော်၃၈/၁ ပုံစံကို တစ်ပါတည်းမှတ် ပုံတင်သည့်ရုံးသို့ ကလေးနှင့်အတူယူဆောင်သွားရသည်ဟု လက်မှတ်ပြုလုပ်ခဲ့ပြီးသည့် ကလေးမိဘဖြစ်သူ ကို တင်ဦး က ယခုလို ပြောသည်။

“ကိုယ့်သူဌေး သွားတင်ပေးလဲရတယ်။အသက်(၅)နှစ်ကျော်ရမယ်။ ဒီနေ့တောင်ငါးနှစ်မပြည့်တဲ့ကလေး တွေ မလုပ်ပေးဘူး။ မှတ်ပုံတင် ရိုက်သလိုအဆင့်ဆင့်ပဲ စောင့်ရတယ်။ ဘယ်လောက်မှ မကုန်ဘူး။ ဒါ ပေမယ့်လူကြီးလို ဆေးလက်မှတ်ကို (၂)နှစ်စာ ကိုးရာလို့ ပြောတယ်ဗျ။”

ကလေး၏ကိုယ်ရေးမှတ်တမ်းပုံစံ ထော်သော်(၁)တွင်(၂) လက်မပတ်လည် ဓါတ်ပုံနှစ်ပုံနှင့်အတူပုံစံဖြည့်သွင်းခြင်း ကို ယခုဒီဇင်ဘာလ(၁၈)ရက်နေ့ နောက်ဆုံးထားလက်ခံသွားမည်ဖြစ်ပြီး ဖြည့်စွက်သည့် အချက်အလက် မှန်ကန် ပါက ဂဏန်း(၁၃)လုံးပါ ကိုယ်ပိုင်နံပါတ် သတ်မှတ်ပေးပြီးလက်ဗွေနှိပ် ဓါတ်ပုံရိုက်ပြီး အထောက်အထားအဖြစ် ထော်ရော်(၃၈/၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့အထိ ထုတ်ပေးသွားမည်ဖြစ်သည် ဟု ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ယခုလိုပြောသည်။

“ဆယ်နှစ်ကျော်ကျောင်းမနေဖြစ်ပဲ မိဘနားလက်တို လက်တောင်းခိုင်းတဲ့ ကလေးတွေ အတွက်အကြုံး ၀င်တယ်။ တချို့ထွားတဲ့ကလေးတွေဆို ဘတ်မရှိတော့ ရဲကဖမ်းတာ အဲလိုတွေ အများကြီး ရှိလို့ သူတို့ကနိုင်ငံတကာ စံနှုန်းအတိုင်း (၁၅)နှစ်အောက် ကလေး အတွက်သီးသန့်လုပ်ပေးတာ ပထမဆုံး ပဲ။”

ယခုလိုတရားဝင် နေထိုင်ခွင့်လက်မှတ် ပြုလုပ်ပေးခြင်းသည် ကောင်းသည်ဟုလည်း ကိုတင်ဦးက ယခုလို ပြော သည်။

“နောက်နှစ် အတန်းကျောင်းတက်ရင် အလုပ်သမားကတ်မရှိရင် သူတို့တက်လို့ မရဘူးလေ။ ခုဒီအလုပ် သမား ကတ်ရှိတော့ ကောင်းတာပေါ့။ နောင်သူတို့ကျောင်းတက် လို့ရပြီပေါ့။”

မှတ်ပုံတင်မည့်ကလေးသည် ဇူလိုင်လ(၃၀)ရက် ၂၀၀၉ ခုနှစ်မတိုင်မီ ထိုင်းနိုင်ငံအတွင်း ၀င်ရောက်လာသူနှင့် ၄င်းမတိုင်မီ ထိုင်းနိုင်ငံတွင်း မွေးဖွားသည့် ကလေးဖြစ်ရမည်။

ယခုပြုလုပ်ပေးနေသည့် ကလေးအလုပ်သမားလက်မှတ်များတွင် ရရှိမည့် အခွင့်အရေး အသေးစိပ်ကို အတိအ ကျ မသိရသေးပဲ ဆက်လက်စုံစမ်း နေဆဲဖြစ်သည်ဟုလည်း ချင်းမိုင် အခြေစိုက်အလုပ်သမားများအား ကူညီပေး သည့် (Map Foundation)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။(သတင်းနှင့်မီဒီယာ)

(ဆက်ဖတ်ရန်.......)

စစ်သား၊ စစ်ကျွန်နှင့် ကျွန်ဝယ်ရာ အဆစ်ပါသူများ ...

Thursday, 10 December 2009 16:57 ကြည်ဝေ
မင်္ဂလာဒုံဈေးကို တပတ်ပတ်ပြီးချိန်မှာတော့ သူ့စိတ်ကို သေသေချာချာ ပိုင်းဖြတ်နိုင်လိုက်ပြီ ဖြစ်ကြောင်း တပ်ကြပ်ကြီး အောင်ကို (အမည်ရင်း မဟုတ်ပါ) က ပြောပြသည်။

တပ်ထဲမှ ဈေးသို့လာခဲ့ရသည့် ရည်ရွယ်ချက်မှာ သူ ငွေလိုစဉ်က ရရာဈေးဖြင့်ရောင်းခဲ့သော ကျည်ကပ်ဘူးကို ပြန်ဝယ်ဖြည့်ရန် ဖြစ်သည်။
ဂိတ်ဝတခုမှ တာဝန်ကျ တပ်ကြပ်တဦး

စစ်အင်္ကျီ၊ ဘောင်းဘီကအစ ဦးထုပ်၊ ခါးပတ်၊ မတ်ခွက်၊ ရေဘူး စသည့် စစ်သားသုံးပစ္စည်းအမျိုးမျိုး ရောင်းချလျက်ရှိသော ဆိုင်များရှိသည်။ ဆိုင်တချို့တွင် ကျည်ဆံ၊ ကျည်ကပ်ဘူး၊ သေနတ် စသည်ဖြင့် ၀ယ်ယူနိုင်သကဲ့သို့၊ ပြန်ရောင်းနိုင်သော ဆိုင်တချို့လည်းရှိသည်။

မင်္ဂလာဒုံဈေးတွင် သာမက ထောက်ကြံ့ဈေး၊ လှည်းကူးဈေး၊ မှော်ဘီဈေး စသည့် ဈေးများတွင်လည်း စစ်အသုံးအဆောင် ပစ္စည်း အရောင်းဆိုင်များရှိကာ ထိုဆိုင်အများစုတွင် စစ်သားသုံးပစ္စည်းအမျိုးမျိုးကို ၀ယ်ယူနိုင်သလို ရောင်းချင်လည်း ရောင်းလို့ ရနိုင်သည်။

တပ်ထဲရှိ ငွေလိုသူများက မတ်ခွက်၊ ရေဘူး၊ ခါးပတ်ကအစ ကျည်ဆန်၊ ကျည်ကပ်ပါမကျန် သူ့အဆက်အသွယ်နှင့်သူ ရောင်းချ လိုက်ကြ၊ ငွေလက်ထဲ ပြန်ရလာသည့်အခါ ထိုဆိုင်များတွင်ပင် ပြန်ဝယ်ဖြည့်လိုက်ကြနှင့် သံသရာ လည်နေကြသည်။

လွန်ခဲ့သော ၆ လခန့်က ငွေလိုသည့်အတွက် ကျည်ကပ်ဘူးတဘူးကို တပ်ကြပ်ကြီးအောင်ကို ထုတ်ရောင်းခဲ့သည်။ ထိုစဉ်က ကျပ် ၈ ထောင်ဈေး ရခဲ့ပြီး ယခုပြန်ဝယ်ဖြည့်မည် ဆိုသောအခါ ကျပ် ၁ သောင်းခွဲ ဈေးဖြစ်နေပြီ။ ဖောက်သည်ဆိုင် ဖြစ်သောကြောင့် ကျပ် ၁ သောင်း ၂ ထောင့် ၅ ရာ နှင့်ပြန်ရောင်းပေးမည်ဟု ဆိုင်ရှင်က ပြောသော်လည်း ပြန်ဝယ်ဖြည့်ရန် လက်တွန့်သွားခဲ့သည်။

တလလျှင် လစာငွေကျပ် ၃ သောင်းခွဲကျော်သာ ရသော သူလိုလူအနေနှင့် ကျပ် ၁ သောင်းကျော်ခန့် ပြန်သုံးရန် ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။၊ ထို့ကြောင့် ဈေးထဲ တပတ်ပတ်ရင်း စဉ်းစားခဲ့သည်။ နောက်ဆုံးတော့ ပြန်မ၀ယ်နိုင်သေး ဟုသာ အဖြေထွက်ခဲ့သည်။

ဒီကြားထဲ ကံဆိုးပြီး စစ်လျှင်တော့ သူပြစ်ဒဏ်ခံရမည်။ ထောင်ချမည်ဆိုလျှင်လည်း အချခံလိုက်တော့မည်။ ရာထူးချမည် ဆိုလျှင် လည်း ချပါစေတော့ဟု သူစိတ်ဆုံးဖြတ်ခဲ့ပြီးပြီ ဖြစ်ကြောင်း တပ်ကြပ်ကြီးအောင်ကိုက ပြောပြသည်။

“အရပ်သားတွေ ဆင်းရဲတယ်ဆိုတာ ကျနော်တို့ စစ်သားတွေကို မမီပါဘူးဗျာ၊ ကျနော်တို့ တတွေက ရှေ့တန်းမှာတင် ဆင်းရဲကြတာ မဟုတ်ဘူး၊ နောက်တန်းမှာလည်း ငတ်နေကြတာပါပဲ၊ ပိုက်ဆံဆိုတာကတော့ ကိုင်စရာကို မရှိတာပါ” ဟု သူက ညည်းညူသည်။

တပ်ကြပ်ကြီးတယောက်အနေနှင့် သူ့လစာမှာ ကျပ် ၃ သောင်း ၉ ထောင်ဖြစ်သည်။ ထို့အပြင် သက်စွန့်ဆံဖျား ကြေးအနေနှင့် တလလျှင် ကျပ် ၅ ထောင်ရရှိပြီး ရိက္ခာတချို့ကို ရောင်းရငွေလည်း အနည်းငယ်မျှ ရရှိကြောင်း သိရှိရသည်။

သို့သော်လည်း ထိုဝင်ငွေသည် ယနေ့ခေတ်တွင် မိသားစုဝင် ၄ ဦးမျှသာ ရှိသော သူတို့ကို မငတ်ရုံတမယ်ပင် မနည်း စားသောက် နေရကြောင်း၊ ထိုဝင်ငွေ အနည်းငယ်ဖြင့် သူတို့ မိသားစုသည် ဆင်းရဲပင်ပန်းမှု ဒဏ်ကို ခါးစည်းပြီး ခံလာခဲ့သည်မှာ ကြာပြီ ဖြစ်ကြောင်း တပ်ကြပ်ကြီး အောင်ကိုက ဆက်လက် ပြောပြသည်။

၂၀၀၇ ခုနှစ်နောက်ပိုင်းကတည်းက သူရသည့် လစာငွေနှင့် မည်သို့မှပင် မလောက်ငတော့ဘဲ လိုငွေ အမြဲပြနေခဲ့ကြောင်း၊ မိသားစုဝင်များ သည်လည်း ခြိုးခြံချွေတာရ လွန်းသောကြောင့် ကျန်းမာရေးချွတ်ယွင်းမှုများလည်း ရှိလာကြောင်း၊ ၎င်းတို့ မိသားစု ၀င်များအနေနှင့် ဈေးအပေါဆုံး သွားပွတ်တံ၊ သွားတိုက်ဆေး စသည့် အခြေခံ အသုံးအဆောင်များကိုပင် ၀ယ်ယူ မသုံးစွဲ နိုင်တော့သည့် အခြေအနေမျိုး ဖြစ်နေကြောင်း ပြောဆိုသည်။

သူဝတ်ထားသော စစ်ယူနီဖောင်းနှင့် ဦးထုပ်မှာ အလွန်ဟောင်းနွမ်းနေပြီး သူ့မျက်လုံးများကလည်း ညှိုးငယ်နွမ်းလျနေသည်။ မျက်နှာသည်လည်း ခြောက်ကပ် ပိန်ချုံးလျှက်ရှိသဖြင့် ပါးရိုးများပင် ငေါထွက်နေကြသည်။

သူယခု စီးထားသော ရော်ဘာဖိနပ်၏ သည်းကြိုး အကြိမ်မည်မျှ လဲတပ်ထားရသည်ကိုပင် မမှတ်မိတော့ဘဲ အစေးများပင် ပေါက်ကာ စီးလိုက်တိုင်း သူ့ခြေထောက်တွင် ကပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။

တပ်ကြပ်ကြီးအောင်ကိုကဲ့သို့ပင် ဒု တပ်ကြပ်ကြီးတဦးကလည်း သူ့မိသားစုမှာ ဆင်းရဲလွန်းလှသောကြောင့် ရပ်တည်ရန် ခက်ခဲလှကြောင်း ပြောပြသည်။

“ရတဲ့ လခ၊ သက်စွန့်ဆံဖျားကြေး၊ ထောက်ပံ့ကြေးအပါအ၀င် အားလုံးပေါင်းရင် တလကို ငွေ ကျပ်လေးသောင်းတောင် မပြည့်ဘူး။ အဲဒီလောက်ငွေနဲ့ ကျနော်တို့ ဘယ်လိုမှ မရပ်တည်နိုင်တော့ဘူး၊ ရှိသမျှတွေ ထုတ်ရောင်းစားတာလည်း ကုန်ပြီ၊ နောက်ဆုံး ကလေးကျောင်း စရိတ်တောင် မတက်နိုင်တော့လို့ မိန်းမဘက်က အမျိုးတွေဆီပို့ပြီး ကျောင်းထားပေးဖို့ ပြောရတယ်” ဟု အဆိုပါ ဒုတပ်ကြပ်က ပြောပြသည်။

တပ်ထဲတွင် ကျောင်းသားရှိသော တပ်မိသားစုများအတွက် ကျောင်းသားတဦးလျှင် ပညာသင်ထောက်ပံ့ကြေးအဖြစ် တနှစ်လျှင် ကျပ် ၃ ထောင်နှုန်းနှင့် ပေးကြောင်း၊ သို့သော်လည်း ထိုငွေကျပ် ၃ ထောင်နှင့် ယနေ့ခေတ် ပညာသင်စရိတ်မှာ မကာမိ လှသောကြောင့် အဆင်မပြေကြောင်း သူက ဆိုသည်။

စစ်သားများအနေနှင့် ပြင်ပ စီးပွားရေး မလုပ်နိုင်သော်လည်း စစ်သားမိန်းမများ ရှာဖွေတတ်ပါက မိသားစု စီးပွားရေးမှာ အနည်းငယ် ပြေလည်နိုင်သော်လည်း ယခုအခါတွင် သူတို့၏ ဇနီးသည်များကိုပင် စစ်သမီးအဖြစ် ခိုင်းစေလျက်ရှိသောကြောင့် စီးပွားရေး လုပ်ရန် အချိန် အခက်အခဲများ ဖြစ်လာကြောင်း၊ ထို့ပြင် မိသားတစုလုံးမှာ တပ်တွင်းလုပ်ငန်းများတွင် အချိန်ပြည့် နီးပါး

ဝင်ရောက်လုပ်ကိုင်ပေးနေရကြောင်း၊ လစာနှင့်လောက်ငပါက ပြောစရာမရှိသော်လည်း တပ်တွင်း စည်ကမ်းဖြစ်သည့်အတွက် အဆင်မပြေသည့်ကြားကပင် လုပ်ကိုင်ပေးနေရကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်ဝယ်ရာ အဆစ်ပါတယ်ဆိုတာက တပ်မတော်သားတွေရဲ့ မိသားစု ၀င်တွေပဲ။ ကျနော်တို့ တွေသာ တာဝန် ထမ်းဆောင် နေရတာ မဟုတ်ဘူး။၊ ကျနော်တို့ မိန်းမတွေနဲ့ ကလေးတွေလည်း ဝင်ပြီး တာဝန်ထမ်းဆောင် ပေးနေရပါတယ်” ဟု သူက ပြောပြသည်။

စစ်သားအများစုမှာ ဆင်းရဲကျပ်တည်း လှသော်လည်း အဆင်ပြေသည့် မိသားစုများလည်း စစ်တပ်ထဲတွင် ရှိသည်ကို တွေ့မြင်ရသည်။

လစာငွေနှင့် မလောက်ငကြသောကြောင့် တပ်တွင်းမိသားစုဝင်များကို တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးထားကြောင်းလည်း သိရသည်။

တပ်များတွင် ကြက်မွေး၊ ၀က်မွေးသည့်လုပ်ငန်းမှာ တပ်များအတွက် အပြကောင်းသော လုပ်ငန်းတခုဖြစ်ပြီး အပြမကောင်းသော တခြားလုပ်ငန်းများလည်း ရှိသေးကြောင်း သိရသည်။

“ကျနော်တို့ တပ်ထဲမှာ နှစ်လုံးထီလည်း ထိုးလို့ရတယ်၊ ချဲလည်း ထိုးလို့ရတယ်၊ တပ်မိသားစုတွေထဲကပဲ ဒိုင်ပြန်ကိုင်တာပါ၊ ဘောလုံးပွဲလောင်းချင်ရင်တော့ တပ်ထဲကနေ အပြင်ကို လှမ်းပြီး တင်ပေးပါတယ်” ဟု မင်္ဂလာဒုံမြို့နယ် တပ်ရင်း တခုမှ ရဲဘော်တဦးက ပြောသည်။

တပ်ထဲတွင် လက်ဖက်ရည်ဆိုင်၊ မုန့်ဆိုင်၊ ထမင်းဆိုင်၊ ကုန်ခြောက်ဆိုင်၊ ကုန်စုံဆိုင်ကအစ လိုင်စင်မဲ့ အရက်ဆိုင်များပင် ရှိကြောင်း၊ တချို့ကလည်း နီးစပ်ရာ ဆိုင်ကယ်စီးခွင့်ရသော မြို့နယ်များအတွင်း ဆိုင်ကယ်တက္ကစီပြေးဆွဲကြကြောင်း သိရသည်။

၂၀၀၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ အောက်ဆုံးအဆင့် တပ်သား တယောက်၏ လစမှာ ကျပ် ၁၆၀၀၀ ခန့်သာရှိပြီး ဗိုလ်ချုပ်ကြီး တဦး၏ လစာမှာ ကျပ် ၈ သိန်းခန့်သတ်မှတ်ထားသည်ဟု သိရသည်။

တပ်သားအဆင့်မှ ဗိုလ်မှူးကြီးအဆင့်ထိ သက်စွန့်ဆံဖျားကြေး အနေနှင့် တလလျှင် ကျပ် ၅ ထောင် ထောက်ပံ့ကြေး ရရှိသည်။

“ဗိုလ်ချုပ်ကြီးတွေနဲ့ ကျနော်တို့ရဲ့ လစာက တော်တော်ကွာသလို၊ ရပိုင်ခွင့်တွေလည်း ကွာပါတယ်။ ကျနော်တို့မှာ သက်စွန့် ဆံဖျားကြေးဆိုပြီး တလ ၅ ထောင်ကျပ် ရတယ်၊ ဗိုလ်ချုပ်ကြီးတွေကတော့ နိုင်ငံတော် ကာကွယ် အုပ်ချုပ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တလကို တယောက်ကို ကျပ် ၁၀ သိန်းစီ သီးသန့်ရကြတာမျိုး ရှိတယ်” ဟု မင်္ဂလာဒုံ တပ်ရင်းတခုမှ အမည်မဖော်လိုသော ဗိုလ်မှူးကြီး တဦးက ပြောသည်။

စစ်အစိုးရ အုပ်ချုပ်လျက်ရှိသော သက်တမ်းအတွင်း ကုန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် ငွေကြေးဖောင်းပွခြင်းတို့ကြောင့်
အစိုးရ ၀န်ထမ်းများနှင့် တပ်မတော်သားများကို လစာ လေးကြိမ်တိုင်တိုင် တိုးမြှင့်ပေးခဲ့ရသည်။

၁၉၈၉ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ပထမအကြိမ်၊ ၁၉၉၃ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ဒုတိယအကြိမ်၊ ၂၀၀၀ ပြည့်နှစ် ဧပြီ ၁ ရက် နေ့တွင် တတိယအကြိမ်၊ ၂၀၀၆ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် စတုတ္ထအကြိမ်အနေနှင့် ၄ ကြိမ်တိုင်တိုင် လစာတိုးမြှင့်ပေးခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်နေရသော တပ်ရင်းတခုအတွက် လိုအပ်သော တပ်စရိတ်များကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ ရှာဖွေရမည်ဟု တိုင်းမှူးက နှုတ်မိန့်ပေးခဲ့ရာ တပ်အခြေစိုက်ရာ ဒေသရှိ သစ်တောများကို ခုတ်ယူရောင်းစား နေကြရကြောင်း အဆိုပါတပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့ တပ်တင်မကဘူး ဒီက တပ်တွေအားလုံး သစ်ခုတ်ပြီး စားကြရတာပဲ။ လစာနဲ့ ရိက္ခာတချို့ပဲ ရတော့ အဆင်မပြေ ကြဘူး။ ဒီနယ်တ၀ိုက်က သစ်တွေကုန်ရင်တော့ ဘယ်လိုလုပ်ကြမလဲ မသိဘူး” ဟု အဆိုပါ ဗိုလ်ကြီးက ဆိုသည်။

တပ်များမှ လူပျိုရဲဘော်များအပါအ၀င် လူပျိုစစ်ဗိုလ်များအား ငွေကြေး ချမ်းသာတောင့်တင်းသူများ၏ သမီးပျိုများကိုသာ ရှာဖွေ ယူရမည်ဟုလည်း နှုတ်မိန့်ထုတ်ထားကြောင်း၊ နောက်ခံငွေကြေးတောင့်တင်းမှသာ တပ်မတော်သားများကို ပံ့ပိုးပေးနိုင်မည် ဟု ဆိုကြောင်း သူက ဆက်ပြောပြသည်။

“ကျနော်တို့ စစ်ဗိုလ်တွေဆိုရင် ပညာတတ်တဲ့မိန်းမ၊ ချမ်းသာတဲ့မိန်းမကိုပဲ ယူရမယ်ဆိုတာ စည်းကမ်းတခုလိုကို ဖြစ်နေပြီ” ဟု အဆိုပါ ဗိုလ်ကြီးက ပြောသည်။

တပ်အတွင်း အောက်ခြေစစ်သားများထဲမှ ဘီပိုး၊ HIV ပိုး တွေ့ရှိသူများနှင့် တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို တပ်အတွင်းမှ ထုတ်ပစ်လျက် ရှိကြောင်းလည်း သိရသည်။ယခုခေတ် မြန်မာစစ်သားတဦးကို တွေ့မြင်ရစဉ်

ဘီပိုးရှိသော ရဲဘော်များနှင့် HIVပိုးကူးစက်ခံရသော ရဲဘော်များထဲမှ တချို့မှာ တပ်မှ ထုတ်ခံရပြီးနောက်ပိုင်းတွင် နေရပ်ဒေသရင်း များသို့ပင် မပြန်ကြတော့ဘဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ကြသည့် ဖြစ်ရပ်များစွာရှိလာကြောင်း တပ်တွင်း ဆေးမှူးတဦးက ပြောပြသည်။

“အရာရှိဆိုရင်တော့ အရပ်ဘက် ပြောင်းပေးတယ်။ သာမန် ရဲဘော်ဆိုရင်တော့ အဲဒီလို ရောဂါတွေ တွေ့တယ်ဆိုရင် တပ်ထဲကနေ ထုတ်လိုက်တာပဲ။ တိုက်ပွဲမှာ ထိတဲ့ရဲဘော်ကိုတော့ အမျိုးသားပြန်လည်သန်စွမ်းရေး ဆေးရုံမှာ ကုသခွင့်ပေးပြီးမှ ပင်စင် ပေးတာ” ဟု အဆိုပါ ဆေးမှူးက ပြောသည်။

“လမ်းလျှောက်နိုင်သေးတဲ့ ရဲဘော်တွေက စာအုပ်လှည့်ရောင်းတယ်၊ ဈေးရောင်းတယ်ပေါ့ဗျာ၊ လမ်းမလျှောက်နိုင်တော့တဲ့ ကျနော်တို့လို ရဲဘော်တွေကတော့ ကြိမ်ထိုးပြီး စားတဲ့သူက စားတယ်၊ လက်သမား အလုပ်လုပ်စားတဲ့သူလည်း ရှိတယ်၊ တောင်းစားတဲ့သူလည်း တောင်းစားတယ်၊ အစိုးရဆီကတော့ ဘာအထောက်အပံ့မှ မရတဲ့အပြင် ကျနော်တို့ကို ရဲဘော်ဟောင်း လို့ကို မသတ်မှတ်တော့ပါဘူး၊ တပ်မတော်ရဲ့ ဂုဏ်သရေကို ထိခိုက်စေလို့တဲ့ဗျာ” ဟု ခြေတဘက် ပြတ်လျက်ရှိသော ရဲဘော်ဟောင်းတဦးက ဆိုသည်။

အင်းစိန်ပန်းခြံရှေ့တွင် ပုံမှန်တောင်းရမ်းစားသောက်နေသော ရဲဘော်ဟောင်းတဦးအား စစ်အာဏာပိုင်များက စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များနှင့် မတောင်းစားရန်၊ ရဲဘော်ဟောင်းတဦးအနေနှင့် တောင်းစားခြင်းမပြုရန်၊ သတိပေးချက်ကို မလိုက်နာပါက လက်ရှိတောင်းရမ်းနေသည့် နေရာမှ ဖယ်ရှားရန် လာရောက် အမိန့်ပေးခဲ့ကြောင်း အဆိုပါ ရဲဘော်ဟောင်းက ပြောပြသည်။

သန်လျင်အခြေစိုက် တပ်ရင်းတခုမှ ဒုတပ်ကြပ်တဦးကမူ “တပ်ကထွက်ပြီး သူတို့လို တောင်းစားတာကမှ ခုထက်ပိုပြီး စားဝတ်နေရေး ပြေလည်နိုင်ဦးမယ်၊ ပြီးတော့ ပိုက်ဆံလည်း မြင်ရမယ်” ဟု ပြောဆိုသည်။


လက်ရှိ စစ်အစိုးရပေးနေသော တပ်တွင်း လစာများ

တပ်သား တဦးလျှင် ၀င်ဝင်ခြင်း ကျပ် ၁၆၀၀၀ ဟု သတ်မှတ်ထားပြီး ၂ နှစ်လုပ်သက်ရှိလာပါက ၂၁၀၀၀၊ ဒုတပ်ကြပ်တဦးလျှင် ၂၂၀၀၀ မှ လုပ်သက်ရလာပါက ၂၇၀၀၀၊ တပ်ကြပ် တဦးလျှင် ၂၈၀၀၀ မှ လုပ်သက်ရလာပါက ၃၃၀၀၀၊ တပ်ကြပ်ကြီး တဦးလျှင် ၃၄၀၀၀ မှ ၃၉၀၀၀၊ တပ်ခွဲတပ်ကြပ်ကြီးတဦးလျှင် ၄၀၀၀၀ မှ ၄၅၀၀၀၊ ဒုအရာခံ ဗိုလ်တဦးလျှင် ၄၆၀၀၀ မှ ၅၁၀၀၀၊အရာခံဗိုလ် တဦးလျှင် ၅၂၀၀၀ မှ ၅၇၀၀၀၊ ဒုဗိုလ်တဦးလျှင် ၁ သိန်း၊ ဗိုလ်တဦးလျှင် ၁ သိန်း နှစ်သောင်း၊ သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးတဦးလျှင် ၁ သိန်း ၃ သောင်းမှ နှစ်နှစ်သက်တမ်းရှိပါက ၁ သိန်း ၄ သောင်း၊ ဗိုလ်မှူးတဦးလျှင် ၁ သိန်း ၅ သောင်းမှ ၁ သိန်း ၆ သောင်း၊ ဒုဗိုလ်မှူးကြီး တဦးလျှင် ၁ သိန်း ၇ သောင်းမှ ၁ သိန်း ၈ သောင်း၊ ဗိုလ်မှူးကြီး တဦးလျှင် ၁ သိန်း ၉ သောင်းမှ ၂ သိန်း၊ ဗိုလ်မှူးချုပ် တဦးလျှင် ၃ သိန်း၊ ဗိုလ်ချုပ် တဦးလျှင် ၄ သိန်း၊ ဒုဗိုလ်ချုပ်ကြီးတဦးလျှင် ၆ သိန်း၊ ဗိုလ်ချုပ်ကြီး တဦးလျှင် ကျပ် ၈ သိန်း၊ ဒုတိယဗိုလ်ချုပ်မှူးကြီး တဦးလျှင် ကျပ် ၁၀ သိန်းနှင့် ဗိုလ်ချုပ်မှူးကြီးအတွက် ကျပ် ၁၂ သိန်း သတ်မှတ်ထားသည်။ အဆိုပါ လစာများကို ၁ ရက် ဧပြီလ ၂၀၀၆ ခုနှစ်မှ စပြီး ယနေ့အထိ ခံစားစေခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

(ဆက်ဖတ်ရန်.......)

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ထပ်မံတွေ့

Wednesday, 09 December 2009 18:43 ရန်ပိုင်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံ ကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးသည် ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့သည်ဟု အစိုးရအာဏာပိုင်များကို ကိုးကား၍ AP သတင်းတွင် ဖော်ပြထားသည်။ တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကိုမူ မသိရှိရပေ။

ယခု တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လအတွင်းက နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ် ချမှတ် ပြီးနောက် ၃ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းတွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ အမေရိကန်နှင့် အနောက်နိုင်ငံများကပြုလုပ်ထားသော အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက် လိုကြောင်း စာတစောင် ပေးပို့ပြီးနောက်ပိုင်း ယင်းစာနှင့်ပတ်သက်၍ အောက်တိုဘာလအတွင်း ဆက်ဆံရေးဝန်ကြီး ဦးအောင် ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ကြိမ်တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်တွေ့ဆုံခွင့်ရရန် ဒုတိယ စာတစောင် ပေးပို့ခဲ့ရာ ယင်းစာသည် သတင်းမီဒီယာများနှင့် လူအများကြား ပျံ့နှံ့သွားခဲ့သည်။

ထို ဒုတိယစာ နှင့်ပတ်သက်ပြီး ယနေ့ထုတ်စစ်အစိုးရသတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပေးပို့မည့် အိတ်ဖွင့်ပေးစာ ပြည်ပမီဒီ ယာများထံ ပေါက်ကြားခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် စိတ်ရင်း စေတနာမမှန်၊ ရိုးသားမှုမရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ထားသည်။

အဆိုပါပေးစာနှစ်စောင်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် နိုင်ငံတော်အစိုးရကို ရိုးရိုးသားသား ချဉ်းကပ်ပြီး ညှိနှိုင်းရန် ကြိုးစားမှုမျိုးသာဖြစ်သင့်ကြောင်း၊စစ်အစိုးရကို မကောင်းသည့်သဘော ပေါ်အောင်ရည်ရွယ်လုပ်ဆောင်သည့် ပုံစံမျိုးဖြစ်နေကြောင်း၊ ထို့အပြင် ပြည်ပမီဒီယာများမှတဆင့် ဖိအားပေးခြင်းဖြစ်ကြောင်း စွပ်စွဲ ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုစာရေးသားပေးပို့ခဲ့ခြင်းသည် တိုင်းပြည်အကျိုးအတွက် စေတနာမှန်ကန်စွာဖြင့်ရေးသား ထားခြင်းဖြစ်ပြီး ယခုစစ်အစိုးရသတင်းစာများတွင် စွပ်စွဲသကဲ့သို့ မရိုးသားသည့်သဘောများ မပါရှိကြောင်း၊ ယခုကဲ့သို့ မီဒီယာ အတွင်းပျံ့နှံ့သွားခြင်းမှာလည်း ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်းကို မီဒီယာများမှတဆင့် လူထုသို့ ရှင်းလင်း တင်ပြခဲ့ပြီး ဖြစ်ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။

“သတင်းစာမှာရေးပေမယ့်လည်း ဆောင်ပါးရှင်အာဘော်လို့ပဲ ယူဆတယ်၊ အစိုးရတဖွဲ့လုံးသဘောထားလို့ ယူဆရင်တော့ မလွတ်မ ကင်းရာရောက်လိမ့်မယ်၊ ဘာကြောင့်လည်းဆိုတော့ သတင်းစာရှင်းလင်းပွဲမဟုတ်လို့ တရားမ၀င်ပါဘူး”ဟု ၎င်းကဆိုသည်၊၊

“မီဒီယာကို မရိုးမသား အသုံးချသောကြောင့် ဦးတည်ချက်ပြောင်းသွားပြီး တဘက်မှ အပြုသဘောတုံ့ပြန်မှု ခက်ခဲစေရန် တင်ကြို ဖျက်ဆီးသည့်ပုံစံမျိုး”ဟု စစ်အစိုးရသတင်းစာဆောင်းပါးပါ စွပ်စွဲချက်များသည်ပင် အဆိုးမြင်သည့်ပုံသဏ္ဍန် ပေါ်လွင်နေကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

အဆိုပါ ဗိုလ်ချုပ်မှူးကြီးထံပေးစာအား NLD အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်တဦးမှ လူငယ်အဖွဲ့ဝင်တဦးအား မိတ္တူကူးရန်အတွက် ပေးအပ်ခဲ့ရာမှ ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး အဖွဲ့အတွင်း ရှုပ်ထွေးမှုများ ဆက်လက်ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အတွက် စုံစမ်း စစ်ဆေးခြင်းမပြုလုပ်သေးဘဲ ခေတ္တဆိုင်းငံ့ထားရန် ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်က တားမြစ်ခဲ့ကြောင်း ဧရာဝတီမှ သီးခြားစုံစမ်း သိရှိရသည်။

NLD မှ စစ်အစိုးရထံသို့ တင်ပြထားသည့်ကိစ္စ အတော်များများကို စစ်အစိုးရက မည်သည့်အခါမျှ တုံ့ပြန်မှု မပြုလုပ်ခဲ့ကြောင်း၊ထို့ကြောင့် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ စာအား ဖွင့်ချခဲ့ခြင်းဖြစ်နိုင်ကြောင်း၊သို့သော်လည်း စစ်အစိုးရအနေဖြင့် လျို့ဝှက် ကိစ္စများ ပေါက်ကြားမှုကို မည်သည့်အခါမျှ သည်းခံလေ့မရှိသည့် အတွက် ပဋိပက္ခဖြစ်ပွားနေသည့် အနေအထားမျိုးတွင် NLD အနေဖြင့် သတိထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အကျိုးအတွက် ကောင်းရာကောင်းကျိုးလုပ်မည်ဟု ဆုံးဖြတ် ထားလျှင် နှစ်ဦးနှစ်ဘက်အနေဖြင့် သေသေချာချာ စဉ်းစားလုပ်ဆောင်ရန် လိုအပ်ကြောင်း ချင်းမိုင်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲ ခံခဲ့ရခြင်းဖြစ်သည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ပြစ်ဒဏ်ချခံရခြင်း ဖြစ်သည်။ ၎င်း သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၄ နှစ်ကျော်ပြီ ဖြစ်သည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

Sunday 6 December 2009

ငါနဲ့မတူငါ့ရန်သူ

u Aung Khin Making Enemies Mary Callahan

(ဆက်ဖတ်ရန်.......)

ACR News

Dec


(ဆက်ဖတ်ရန်.......)

ကချင်တို့၏ ကျေးဇူးတော်နေ့

ကချင်ပြည်နယ် မိုင်ဂျာယန် နှစ်ချင်းခရစ်ယာန် ဘုရားကျောင်း တာဝန်ခံ နိုမင်က ဘာသာပြန်ပေးရန် လည်ချောင်းရှင်း လိုက်သည်။

ထို့နောက်သူက "သူပြောတာက ပထမဦးဆုံး ထွက်လာတဲ့ သီးနှံတွေကို အခုလို ဝေငှပေးရမယ်ဆိုတာ သမ္မာကျမ်းစာ အလိုတော်အရလို့ ပြောတယ်၊ ကျနော်တို့မှာလည်း ရိုးရာဓလေ့အရ ကျေးဇူးတော်နေ့ ရှိတယ်"ဟု ပြောသည်။မိုင်ဂျာယန် နှစ်ချင်းခရစ်ယာန် ဘုရားကျောင်း၌ ကျင်းပသော ကျေးဇူးတော်နေ့ အခမ်းအနားတွင် သစ်သီးဝလံများ အလှဆင်ထားသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - Ryan Libre)

သင်းအုပ်ဆရာကလည်း သိမ်မွေ့စွာ ပြုံးလိုက်ပြီး"တနှစ်လုံး ကျနော်တို့ လိုအပ်သမျှ စိုက်ပျိုးခဲ့ကြတယ်၊ နောက်တော့ အသီးအနှံတွေကို ဘုရားကျောင်းကို ယူလာပြီး ဘုရားသခင်အတွက် ပူဇော်ကပ်လှူကြတယ်၊ ကျနော်တို့ လူသားတွေ ဖြစ်တာနဲ့အညီ ရှိသမျှခွန်အားနဲ့ ကျနော်တို့ ယူဆောင်စုဝေးခဲ့ကြတယ်၊ ဒါကို ကျနော်တို့က နလွန် နန်ရှာပွီ Nlung Nnan Sha Poiလို့ ခေါ်ကြတယ်၊ ပြောရရင် ကောက်သစ်စားတဲ့ ပွဲတော်ပဲ"ဟု ပြောဆိုလိုက်သည်။

ပြုံးနေသည့် ကချင်ဂီတသမားများက မိုင်ဂျာယန် နှစ်ချင်းခရစ်ယာန် ဘုရားကျောင်း အ၀င်ပေါက်တွင် စုဝေး၍ ၀တ်ပြုရန် တက်ရောက်လာကြသူများကို ဆီးကြိုနှုတ်ဆက်နေသည်။ ၀ါးပုလွေသံ၊ သံခေါင်းလောင်းသံ၊ ဒရမ်သံများက ပျော်ရွှင်ဖွယ် ပွဲတော်တခုအဖြစ် ဖန်တီးပေးနေသည်။

ကလေးများက ကွင်းကို လှည့်ပတ်ပြေးနေစဉ်တွင် တချို့ကလည်း သူတို့၏ ပြောင်လက်နေသည့် ရှုးဖိနပ်များ၊ ခြေညှပ်ဖိနပ် များစီးထားရင်း ဂေါ်လီရိုက်နေကြသည်။ ပြောင်လက်တောက်ပနေသည့် ဘုရားကျောင်းထဲတွင် လူအများ ဥဒဟိုသွားလာ နေသည်နှင့်အမျှ ကွင်းထဲတွင်လည်း ပျော်ရွှင်ရယ်မောသံများနှင့် ညံနေသည်။ လူတိုင်းက ပန်းပွင့်များစီချယ်ထားသည့် အမိုးခုံး ပန်းဆိုင်းအောက်သို့ မ၀င်ရောက်မီ သစ်သား အလှူခံပုံးရှေ့တွင် ခဏရပ်၍ တရုတ်ယွန်ငွေ၊ သို့မဟုတ် မြန်မာ ကျပ်ငွေ အနည်းငယ် အလှူထည့်ကြသည်။

ခန်းမထဲတွင် လူ ၈၀၀ ခန့်ရှိနေပြီး သူတို့က ပန်းများဖြင့် ဆင်ယင်ထားသည့် စင်မြင့်ပေါ်သို့ မျှော်ကြည့်နေကြသည်။ စင်မြင့် ၏ အောက်ခြေတွင် စပါးပင်များ၊ မန်ကျည်းသီး၊ ကြံချောင်းများ၊ သခွားသီးများ၊ သစ်ခွပန်းများ၊ နှင်းဆီပန်းများ၊ ကြက်ဥ များ၊ ချင်း၊ ခရမ်းချဉ်သီး၊ လိမ္မော်သီးများ၊ ထပ်တရာပန်းများ၊ သလဲသီးများ၊ နဂါးမောက်သီးများ၊ ပြောင်းဖူးများ စုပုံရှိ နေပြီး ဖယောင်းတိုင်တင်ထွန်းရန် ခွဲစိတ်လှီးဖြတ်ထားသည့် ဖရဲသီးနှင့်အတူ သမ္မာကျမ်းစာ တအုပ်ကိုလည်း တွေ့ရသည်။ ရွာသား များက သူတို့၏အလှူသစ်သီးဝလံများကို လှလှပပ ဆင်ယင်ချယ်သထားသည်။

"အခု စင်ပေါ်မှာရှိတဲ့ဟာအားလုံး ကျမတို့ စားလို့ရတယ်"ဟု ကချင်အမျိုးသမီးတဦးက ခင်းကျင်းထားသည့် အစား အသောက် များကို ကြည့်၍ ပြောလိုက်သည်။

ယခုပွဲတော်က ရွာသားများအတွက် နေ့စဉ်နှင့်အမျှ ပင်ပန်းစွာ လုပ်ကိုင်နေရသည့် လုပ်ငန်းခွင်မှ ထိုက်ထိုက်တန်တန် အပန်းဖြေခွင့် ရစေသည့် အစီအစဉ်ပင် ဖြစ်သည်။ ကချင်ပြည်နယ်တွင် လူတဦးအဖို့ နေ့စဉ်ဝင်ငွေသည် တနေ့လျှင် ပျမ်းမျှ ၁ ဒေါ်လာ မျှသာ ဖြစ်ပြီး တိုင်းရင်းသားများ နေထိုင်ကြရာ ကျေးလက်ဒေသများအဖို့ ပို၍ပင် ဆင်းရဲချို့တဲ့ကြသေးသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်စပ်ချင်းကပ်လျက် နေထိုင်ကြသော မိုင်ဂျာယန်ရှိ ကချင်လူမျိုးများအဖို့ အချက် ၂ ချက်ကို မှီခို၍ ရပ်တည် ရှင်သန် နေကြရသည်။ ကြံများကို တရုတ်နိုင်ငံဘက်သို့ ရောင်းချခြင်းနှင့် စစ်အစိုးရကို ဆန့်ကျင် နေကြသည့် ကချင် တော်လှန်ရေးအဖွဲ့အစည်းက ထောက်ပံ့ထားသည့် အနည်းအကျဉ်းမျှသော လူမှုရေးဝန်ဆောင်မှုများ ကို မှီခိုနေကြရသည်။


ပြည်တွင်းစစ် ၄၆ နှစ်တာကာလကို ဖြတ်သန်းပြီးနောက် လွန်ခဲ့သည့် ၁၅ နှစ်က စစ်အစိုးရက ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ထံ အပစ်အခတ် ရပ်စဲရေးကမ်းလှမ်းလာခဲ့သည်။ ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးဟူသော ခေါင်းစဉ် အောက်တွင် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) က သူတို့ ထိန်းချုပ်ထားရာ တောင်တန်းဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ် ရေး နယ်မြေ တခုထူထောင်ခဲ့ကြသည်။ ဒေသအကျယ်က ပါလက်စတိုင်း၊ ဂါဇာကမ်းမြောင်၏ အကျယ်အ၀န်းမျှ ရှိမည် ဖြစ်ပြီး ဆေးရုံများ၊ ဆရာဖြစ်သင်ကောလိပ်ကျောင်းများနှင့် ဘုရားရှိခိုးကျောင်းများ တည်ဆောက်ခဲ့ကြသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက နောက်ပိုင်းတွင် ကချင်ပြည်နယ်ရှိ ကျန် ဒေသများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများထံ ရောင်းချခဲ့ကြသည်။ သတ္တုတွင်းတူး လုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေး၊ ရေ အား လျှပ်စစ် စီမံကိန်း စသဖြင့် စီမံကိန်းကြီး အမြောက်အများလည်း ၀င်ရောက်လာခဲ့သည်။ အလုပ်အကိုင်အများစုကို တရုတ်လူမျိုးများက ရကြသည်။ စစ်အစိုးရက အကျိုးအမြတ်များ သိမ်းယူသွားချိန်တွင် ကချင်ပြည်သူများအတွက် ဆိုးကျိုးများသာ ကျန်ရစ်တော့သည်။

ကချင် ကျေးရွာလူထုကို ယေဘုယျအားဖြင့် "လက်နက်ကိုင်သူပုန်" များဟုသာ ခပ်လွယ်လွယ် မြင်ထားကြသည်။ လူ အများက နိုင်ငံရေးအကျဉ်းသားများ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားကြသူများဟု အမျိုးအစားများ ခွဲခြားဖော်ပြကြရာတွင် သူတို့ကိုတော့ ခပ်လွယ်လွယ်ပင် သူပုန်အမျိုးအစားထဲ ထည့်လိုက်ကြသည်။ အမှန်မှာ ကချင်လူမျိုးများအတွက် အခွင့် အလမ်း က ရှားပါးလှပါသည်။ အထူးသဖြင့် လက်နက်ကိုင်သူပုန်တပ်များ ထိန်းချုပ်ရာဒေသများအတွင်းရှိ လူထုဆိုလျှင် ပို၍ အခွင့်အလမ်း နည်းသေးသည်။ ဖိနှိပ်ညှဉ်းပန်းခံရမှု သမိုင်းနှင့်အတူ ပြင်ပကမ္ဘာနှင့်လည်း ဆက်သွယ်ထိတွေ့မှုနည်းကြ သောကြောင့် ယနေ့ကချင်လူထုအခြေအနေ မည်သို့ရှိနေမည်ကို ခန့်မှန်း ကြည့်နိုင်ပါလိမ့်မည်။

အမျိုးသမီးငယ်တဦးက"ကျမတို့က လူအများ မေ့လျော့ထားခံရတဲ့သူတွေပါ။ ဒါပေမယ့် ကျမတို့ဘယ်သူဆိုတာ ကိုယ့်ဘာသာ သိကြပါတယ်"ဟု ပြောသည်။

မိုင်ဂျာယန်ရှိ အင်္ဂလိပ်စာသင်တန်း Intensive English Program (IEP) ကျောင်းသားများက တပတ်လုံးလုံး အချိန်ပေး၍ သူတို့ ပွဲတော်အတွက် ပြင်ဆင်ကြသည်။ လက်ရာခပ်ကြမ်းကြမ်း ဆောက်ထားသည့် ကွန်ကရိအဆောက်အဦးတွင် တရုတ် လျှပ်စစ်ကုမ္ပဏီမှ သွယ်တန်းထားသည့် မီးကြိုးများဖြင့် မီးရောင်စုံများ မှိတ်တုတ်လင်းလက်နေကြသည်။ ကျောင်းသား ၅၆ ဦးက ဘုရားသခင်သို့ ချီးမြှောက်ခြင်း “Praise Ye Jehovah.” သီချင်းကို ဆိုကြသည်။

သို့သော်လည်း ဤကျောင်းသားများက ကျေးဇူးတော် သီချင်း ဆိုရုံပေးမျှသာ မဟုတ်။ ထိုအင်္ဂလိပ်စာ သင်တန်း ကျောင်း သားများက ရပ်ရွာအတွက် ဆုလာဘ်လည်း ဖြစ်သည်။ အင်္ဂလိပ်စာတတ်မြောက်သည်ဟု ဆိုလျှင် သူတို့ဘ၀ တက်လမ်း ပွင့်လာနိုင်သလို ရပ်ရွာအတွက်လည်း ပို၍ အကျိုးဆောင်နိုင်ကြလိမ့်မည် ဖြစ်သည်။

"ကျနော်က ကျောင်းဆရာဖြစ်ချင်တယ်။ ဒါမှ ကိုယ့်ရပ်ရွာကို ကူညီပေးနိုင်မှာ၊ ဆင်းရဲ ပြီး ပညာမတတ်တဲ့ ကလေးတွေ ကချင်ဒေသမှာ ရှိကြတယ်။ သူတို့ဘ၀ကို ကျနော်တိုးတက်စေချင်တယ်။ ကျနော်က ကိုယ့်နိုင်ငံအတွက်လည်း တတ်နိုင် သလောက် လုပ်ပေးချင်ပါတယ်"ဟု ကျောင်းသား တဦးက ပြောသည်။
ပွဲတော်ကို စတင်ရန်အတွက် အင်္ဂလိပ်စာသင်တန်းကျောင်းသားများက ပန်းများ၊ သီးနှံများ၊ သစ်သီး၊ ဟင်းသီးဟင်းရွက် များဖြင့် စီချယ်ထားသည့် လက်ဆွဲခြင်းများ သယ်ဆောင်၍ ရောက်လာကြသည်။

"မိသားစုတိုင်းက ဘုရားကျောင်းကို ဆွဲခြင်းတခြင်းတော့ ယူလာကြတာပဲ၊ အိမ်တိုင်းမှာ ဥယျာဉ်ရှိ ကြတယ်။ သူတို့က အများကြီးပဲ ယူလာကြတယ်။ အခုခြင်းတွေက သင်းအုပ်ဆရာတွေ၊ ဘုရားကျောင်းလူကြီးတွေ၊ သူတို့ မိသားစုတွေအတွက် လှူဖို့ ယူလာပေးတာ။ ဒါပေမယ့် လူတွေကို ပြန်ဝေပေးကြမှာပဲ"ဟု နိုမင်က ရှင်းပြသည်။

ကျောင်းသားများက ဘုရားကျောင်းတ၀ိုက် တီးမှုတ်နေကြသူများနောက်က လိုက်လာကာ အလယ်လမ်းမမှ လျှောက်ဝင် လာပြီး သူတို့၏ သစ်သီးဝလံခြင်းများကို စင်မြင့်၏အောက်ခြေတွင် ချထားလိုက်ကြသည်။ ကြမ်းပြင်တွင်ပြည့်လျှံနေသည့် ခြင်းတောင်းများက လယ်ယာစိုက်ပျိုး ရပ်တည်နေကြသည့် ကျေးလက်သဘာဝ ကြွယ်ဝမှုကို ပြသသည့်နှယ် ရှိနေသည်။

မူလတန်းကျောင်းမှ ကလေးများက စင်မြင့်ပေါ် တက်လာကြသည်။ လူတိုင်းက ဟင်းသီးဟင်းရွက် သို့မဟုတ် သစ်သီး တခုခုကို ကိုင်ထားကြသည်။ ထို့နောက် တယောက်ပြီးတယောက် မြေကြီးကို ကျေးဇူးတင် ချီးမြှောက်သည့် စကား အနည်းငယ် ပြောကြသည်။

သင်းအုပ်ဆရာက "၀မ်းမြောက်သောနှလုံးနှင့် ပေးအပ်သောသူကို ဘုရားသခင်က ချစ်မြတ်နိုးလိမ့်မည်" ဟု ရေးထားသည့် စာတန်းအောက်တွင် ရပ်၍ ဆာလံကျမ်းစာကို ဖတ်သည်။ သူက ကျေးဇူးတင်စကား ချီးမွမ်းပြောဆိုပြီး၊ သူ၏ ၀တ်ပြုစုဝေး နေသည့်လူထုကို အလှူပေးကြရန် နှိုးဆော်သည်။ တာဝန်အရ ပေးဆောင်ကြရခြင်းဟု မခံယူသင့်သလို၊ လူတဦး၏အဆင့် အတန်းနေရာအတွက် အလှူပေးကြခြင်းလည်း မလုပ်ရန် ပြောသည်။ မိမိစွန့်လွှတ်ရခြင်းဖြင့် ပျော်ရွှင်မှုကို ရယူနိုင်ရန် ဟောကြားသည်။

သူ၏ ဟောကြားသောတရား နိဂုံးချုပ်သည့်အခါ ၀တ်ပြုစုဝေးနေသည့်လူထုက မတ်တပ်ထရပ်လိုက်ကြပြီး အလှူခံပုံးရှိရာ သို့ တန်းစီ လျှောက်သွားကြသည်။ လူတိုင်း၏ လက်မှ ငွေကြေးတစုံတရာ ထည့်ထားသည့် စာအိပ်ကလေးကို အလှူခံပုံး ထဲ ထည့်ကြသည်။ သူတို့မိသားစုများ တနှစ်တာလုံး စုဆောင်းလာသမျှကို လှူဒါန်းကြသည်။ နောက်ပိုင်းတွင် လူတဒါဇင် ခန့်က အလှူရရှိလာသည့် ကျပ်ငွေများနှင့် အခြားငွေကြေးများကို ရေတွက်ကြသည်။

နိုမင်က"လူတွေက ဘာမှ ပေးစရာ မလိုပါဘူး။ ဒါပေမယ့်လည်း လူတိုင်းက သူတို့တတ်နိုင်သလောက် ပေးလှူချင်နေကြ တယ်"ဟု ပြောသည်။

ခြံဝင်းတဘက်တွင် အကျွေးအမွေးက စတင်နေပြီ ဖြစ်သည်။ လွန်ခဲ့သည့်နှစ်များက လှူဒါန်းကျွေးမွေးရမည့်သူများကို တာဝန်သတ်မှတ်ပေးခဲ့ကြသော်လည်း ယခုနှစ်တွင်တော့ ၀တ်ပြုဆုတောင်းလာသူများက လွတ်လပ်စွာ လှူဒါန်းကြရန် နှိုးဆော် ထားသည်။ နွားတကောင်၊ ၀က် ၅ ကောင်၊ ကြက် ၁၅၀ ကျော်ကို သတ်၍ အကျွေးအမွေး စီစဉ်ထားသည်မှာ အစမျှသာ ရှိသေးသည်။

မီးဖိုချောင်ထဲတွင် လုပ်အားပေးများဖြင့် စည်ကားနေသည်။ လူတချို့က ၀က်သားများ ခုတ်ထစ်စင်းနေကြပြီး တချို့က သစ်သီးနွှာနေကြသည်။ လူတချို့က ကြက်၊ အမဲ၊ ပဲဟင်းနှင့် ရွှေဖရုံသီးဟင်းများ ရောနှော ချက်ပြုတ်နေကြသည်။ ထင်းမီး များ တောက်လောင်သည့်အသံများ၊ ခုတ်ထစ်ထုထောင်းနေသံများက ကချင်လူမျိုးတို့၏ အားလပ်ရက် ရိုးရာ မီးဖိုချောင် တခုအတိုင်း လှုပ်ရှားစည်ကားနေသည်။

အကျွေးအမွေးအစီအစဉ်မစခင် ကချင်ရိုးရာ “ထောင်ကာ” အကဖြင့် ၀ိုင်းပတ်ကကြသည်။ စည်းဝိုင်း သဏ္ဍန် လှည့်လည်၍ ဗုံသံ၊ လင်းကွင်းသံနှင့် အညီ ပျော်ရွှင်စွာ ခုန်ပေါက်ကကြခြင်း ဖြစ်သည်။ ရွာသားများက လှည့်လည်ကကြရင်း သူတို့စတိုင် တီထွင်ဖန်တီးထားသည့် ကကွက်များဖြင့်လည်း ဖျော်ဖြေကြသေးသည်။

အစားအသောက်များ အဆင်သင့်ဖြစ်သည့်အခါ စားပွဲများပေါ်သို့ ယူဆောင်လာသည်။ စားပွဲတိုင်းတွင် အမျိုးသမီးငယ် တဦးက ခူးခပ်ပေးရန် အသင့်စောင့်ဆိုင်းနေသည်။

ကချင်တို့၏ ရိုးရာအရ ပစ္စည်းပေးရာနှင့် လက်ခံရာတွင် ယဉ်ကျေးသမှု အနေနှင့် လက်တဘက်ကို ဆန့်ထုတ်၍ အခြား လက်တဘက်ကို အောက်မှ ပင့်မပြီး ရယူကြသည်။ ပေးကြသည်။ ဤဓလေ့သည် ရှေးအတီတေ လူအများက ၂ ပေကျော် ရှည် ဓားကို လွယ်၍ လယ်ယာစိုက်ပျိုးကြရာ၊ တိုက်ခိုက်ကြရာ ဘိုးဘွားတို့ ကာလများကတည်းက ဆင်းသက်လာခြင်း ဖြစ်သည်။ အကယ်၍ သင့်ကို လက်တဘက်တည်းဖြင့်သာ နှုတ်ဆက်မည်ဆိုပါက အခြားတဘက်က ဓားကို လှမ်းကိုင်နိုင် သေးသည် မဟုတ်ပါလား။ ဤသို့ လက်နှစ်ဘက်လုံးဖြင့် အပေးအယူပြုခြင်းက လူနှစ်ဦးအကြား တဘက်နှင့်တဘက် အပြန်အလှန် ယုံကြည်မှုကို ပြသနေသည့် ဓလေ့ဖြစ်လာသည်။

ကျေးဇူးတော်နေ့ ပွဲတော် ဆက်လက်ကျင်းပ ဆင်နွှဲနေစဉ်မှာပင် လူတဦးက သူ၏ မိတ်ဆွေဘက်ကို လှည့်၍ ပြော လိုက်သည်။

"ဒီလောက်တောင် ဖောသီနေတာ၊ ငါတို့ ဘယ်လိုလုပ် ဆင်းရဲပါ့မလဲ”ဟူ၏။

ကချင်ပြည်နယ် မိုင်ဂျာယန်မှ PATRICK KELLY ရေးသားပေးပို့သည့် Thanksgiving-Kachin-style ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။(ဧရာဝတီ)



(ဆက်ဖတ်ရန်.......)

“တစညပါတီ အလိုမရှိ” ပိုစတာကပ်သူများ အဖမ်းခံရ

Friday, 04 December 2009 19:15 ဘစောတင်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ “တစညပါတီ အလိုမရှိ” စာတန်းပါ ပိုစတာ ကပ်သော လူငယ် ၂ ဦး ယမန်နေ့က ဖမ်းဆီးခံရကြောင်း ဒေသခံများက ဆိုသည်။

သဘောင်္ဆိပ် အနီးရှိ အုတ်နံရံပေါ်တွင် အဆိုပါ ပိုစတာများကို ကပ်နေစဉ် လုံခြုံရေး လှည့်လာသည့် ရဲတပ်ဖွဲ့ က ည ၉ နာရီ ခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးပြီးတော့ မကြာခင်မှာဘဲ ဘူးသီးတောင်အခြေစိုက် စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ် (စကခ) ကို ခေါ် သွားပါတယ်၊ ဒီနေ့ ညနေပိုင်းထိတော့ ပြန်မလွတ်သေးဘူး”ဟု ဘူးသီးတောင် ဒေသခံ တဦးက ဆိုသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)သည် ရခိုင်ပြည်နယ် မောင်တော၊ ရသေ့တောင် မြို့ နယ် များအတွင်းရှိ ကျောက်ပန်းတူ၊ အလယ်သံကျော်၊ အင်းဒင်၊ မြင်းလွတ်၊ ကူတောင်ရွာများတွင် နိုဝင်ဘာလ၂၆ ရက်မှ စတင်၍ ၂၀၁၀ ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းလျက် ရှိကြောင်း၊ အိမ်ထောင်စု တစုလျှင် ခြုံ စောင်နှင့် အနွေးထည် တထည်၊ ဆန်တတင်းနှင့် စားဆီ တပုလင်းစီ ပေး၍ စည်းရုံးနေကြောင်းလည်းဒေသခံ များက ဆိုသည်။

ယင်းသို့ စည်းရုံးရေးဆင်းနေစဉ်အတွင်း ကျောက်ပန်းတူ ရွာမှ ကိုသန်းဝင်း ဆိုသူသည်လည်း တစည ပါတီကို အယုံအကြည်မရှိသကဲ့သို့ ထောက်ခံမဲမပေးနိုင်ကြောင်း ပြောသဖြင့် နယ်စပ်ဒေသ လုံခြုံရေးနှင့်ကွပ်ကဲရေး (နစက)အဖွဲ့၏ ခေါ်ယူ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရကြောင်း ရခိုင် ဒီမိုကရေစီအဖွဲ့ ချုပ်က ပြောသည်။

“တစည ပါတီက ဦးဘသိန်းတို့ စည်းရုံးဟောပြောနေစဉ်အတွင်း ကိုသန်းဝင်းက တစည ပါတီကို အယုံ အကြည် မရှိကြောင်း ထပြောခဲ့တယ်။ ဒါကြောင့် ကိုသန်းဝင်းကို နစက ရုံးစိုက်တဲ့မြင်းလွတ် ရွာကို ခေါ်သွား ပြီးတော့ တနေကုန် စစ်ဆေးခဲ့ပါတယ်”ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုကျော်ခိုင်က ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်များမှာမူ လှုပ်ရှားခွင့်မရှိခြင်းကြောင့် တရားမျှတခြင်း မရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တစညပါတီအပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်း(ကြံ့ဖွံ့)ကလည်း ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်များတွင် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရသေ့ တောင် မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုထွန်းလှိုင်က ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ပြည်ပ)မှ ဥက္ကဌ ဖြစ်သူ ဦးထွန်းဝင်းကလည်း တစည၊ ကြံ့ဖွံ့ တို့က စည်းရုံးလှုံ့ ဆော် ခွင့်ရပြီး ဒီမိုကရေစီ အင်အားစုများကို စည်းရုံးလှုံ့ ဆော်ခွင့် မပေးခြင်းသည် လုံးဝတရားမျှတမှုမရှိကြောင်းနှင့် ဒီမိုကရေစီနည်းမကျကြောင်း ပြောဆိုသည်။

“ကျနော်တို့ အနေနဲ့လာမယ့် ရွေးကောက်ပွဲ ဟာ ဒီမိုကရေစီစနစ်မကျတဲ့အတွက် လက်မခံနိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ၊ မထောက်ခံဘူးလို့ ပြောတဲ့သူကို ဖမ်းဆီးခေါ်ယူစစ်မေးတယ်ဆိုတာ ဒီမိုကရေစီ ရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်လိုက် တာဖြစ်တယ်လို့ ပြောချင်တယ်၊ အခုလို ပြည်သူက သူတို့ ဆန္ဒကို ဖော်ထုတ်တာကိုတောင် အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက် ဒီမိုကရေစီ မဲ့နေမလဲဆိုတာကို ဖော်ပြနေတယ်လို့ပြောချင်ပါတယ်”ဟု ၎င်းကဆိုသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)