Saturday 29 August 2009

ချင်းအမျိုးသားကောင်စီ၏ တတိယအကြိမ်ကောင်စီ အစည်းအဝေး ထုတ်ပြန်ကြေငြာချက်

CNC Statement

(ဆက်ဖတ်ရန်.......)

Friday 28 August 2009

မြို့ပြင်တက္ကသိုလ်ပညာရေးကြောင့် ကျောင်းသားများအခက်တွေ့

ဝီရ / ၂၈ သြဂုတ် ၂၀၀၉

ရန်ကုန်မြို့ပြင် တက္ကသိုလ်များတွင် တက်ရောက်ကြသည့် ကျောင်းသူ၊ ကျောင်းသားများသည် ပညာသင်ကြားနိုင်ရေး အခက်ကြုံနေကြသည်သာမက အဆင့်အတန်းမမီသည့် ကျောင်းဆောက်လုပ်ရေး ယိုယွင်းပျက်စီးမှုကြောင့်ပါ အခက်အခဲ ဖြစ်နေကြရကြောင်း သိရသည်။

ရွာသာကြီး စီးပွားရေးတက္ကသိုလ် ကျောင်းသားတဦးက “ကျနော်တို့ကျောင်းက အိမ်သာ (သန့်စင်ခန်း) တွေက ရေအမြဲပြတ်နေတော့ ဘယ်သူမှ မသုံးချင်ကြဘူး။ အများစုက သုံးလို့ကို မရတော့တာ။ ကျောင်းရှေ့က စားသောက်ဆိုင်တွေကိုပဲ ကျောင်းသားတွေ အားကိုးနေရတယ်။ သန့်ရှင်းရေးလုပ်တာလည်း မရှိတော့ ကျန်းမာရေး ထိခိုက်တာပေါ့။ တချို့ဆရာမတွေဆို ကျောင်းသူတွေကို သနားလို့ သူတို့အိမ်သာက သော့ကိုတောင်းရင် ပေးတယ်” ဟု ပြောကြားသည်။


နအဖစစ်အစိုးရက ၂၀၀၀ ပြည့်နှစ်မှစ၍ ရန်ကုန်မြို့အပြင် (၁၂) မိုင်အကွာ အရပ်လေးမျက်နှာသို့ တက္ကသိုလ်များကို ပြောင်းရွှေ့ဆောက်လုပ်ခဲ့ပြီး သန်လျင်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရွာသာကြီးတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံမြောက်တွင် ဒဂုံတက္ကသိုလ်နှင့် လှည်းကူးတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဟူ၍ အမည်ပေးခဲ့သည်။

(၆) လအတွင်း အပြီးသတ်တည်ဆောက်ထားခဲ့သည့် စီးပွားရေးတက္ကသိုလ် လေးထပ်ဆောင် (၂) ဆောင်အနက် အနောက်ဘက်အဆောင်သည် ယခုအခါ (၃) ထပ်နှင့် (၄) ထပ်မြောက်တွင် အက်ကြောင်းကြီးများ ဖြစ်ပေါ်နေ၍ ပြိုကျမည်စိုးသဖြင့် ထိုအဆောင်တွင် မည်သူမှ အတန်းမတက်လိုကြကြောင်းလည်း အထက်ပါ စီးပွားရေးတက္ကသိုလ် ကျောင်းသားဖြစ်သူက ပြောသည်။

၎င်းက “အဲဒီအနောက်ဘက်တိုက်ကို အဲဗားဂရင်းန် (Ever Green) ဆောက်လုပ်ရေးက ၂၀၀၁ ခုနှစ်က ဆောက်ထားတာ။ အပေါ်ဆုံးထပ်က အပြင်ဘက်လူသွားလမ်းမှာတောင် အက်ကွဲနေတာ မကဘူး။ အက်ကွဲကြောင်းကြီးက အခန်းထဲအထိ တောက်လျှောက်ပဲ။ ဒါကြောင့် အဲဒီအဆောင်မှာ ဘယ်သူမှ စာမသင်ချင်ကြဘူး” ဟု ပြောသည်။

မြို့ပြင်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများသည် Roll Call ခေါ် အတန်းတက်မှတ်တမ်း ရရှိရန်အတွက်သာ အပင်ပန်းခံ၍ သွားရောက်နေကြခြင်းဖြစ်သည်ဟု တက္ကသိုလ်ကျောင်းသူတဦး၏ မိခင်ဖြစ်သူ ပညာရေးဝန်ထမ်းတဦးက ပြောသည်။

၎င်းက “Roll Call မပြည့်ရင် စာမေးပွဲ ဖြေခွင့်မရှိဘူးဆိုတော့ Roll Call သွားယူပြီးရင် ပြန်လာကြတာပဲ။ စာသင်ခန်းမှာ သူတို့အတွက် မည်မည်ရရ လေ့လာစရာတွေလည်း ရှိမှမရှိဘဲကိုး။ သမီးပြောပြတာက လေးနာရီကျောင်းလွှတ်ရင် ဖယ်ရီ (အကြိုပို့) ကားတွေကလည်း အလုံအလောက် စီစဉ်ပေးထားတာ မဟုတ်ဘူး။ ကားပေါ်မှာလည်း နေရာယူထားရသေးတယ်။ ခရီးက ဝေးတာကိုး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယနေ့အချိန်တွင် တက္ကသိုလ်ဘွဲ့တခုတည်းဖြင့် အလုပ်အကိုင်ရရှိရန် အလွန်ခဲယဉ်းနေသဖြင့် ပြင်ပသင်တန်းကျောင်းများကို ကျောင်းသူ၊ ကျောင်းသားအများစုက တချိန်တည်းတွင် တက်ရောက်နေကြရသည်ဟုလည်း အဆိုပါပညာရေးဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့ပြင် တက္ကသိုလ်များမှ မြို့တွင်းသို့ ကျောင်းအကြိုပို့ကားများဖြင့် သွားလျှင် (၄၅) မိနစ်ကျော်ကြာပြီး လိုင်းကားဖြင့် သွားပါက (၁) နာရီခွဲခန့် ကြာသည်ဟု သိရသည်။

နယ်မြို့များမှ လာသည့် ကျောင်းသူ၊ ကျောင်းသားအချို့မှာလည်း နေရာထိုင်ခင်းအတွက် အဆင်မပြေဖြစ်ကြရသည်ဟု မွန်ပြည်နယ်မှ စီးပွားရေးတက္ကသိုလ် တက်ရောက်နေသူတဦးက ပြောသည်။

၎င်းက “စီးပွားရေးကျောင်းက ယောက်ျားတွေအတွက်ကို ဒဂုံတောင်သွားတဲ့လမ်း လယ်ကွင်းပြင်က ကျန်စစ်သားဆောင်မှာ ထားတယ်။ မိန်းကလေးတွေကိုကျတော့ ရွာသာကြီး တက္ကသိုလ်ကနေ ပဲခူးဘက်ကို ထပ်သွားတဲ့ လေးထောင့်ကန်အနားက ယုဇနအိမ်ရာဆိုတာ ရှိတယ်။ အဲဒါကို ဒီဇင်ဘာဆောင် ဆိုပြီးတော့ နေရာချပေးတယ်။ အဲဒီနေရာတွေက အရင်က လူသူရှိတာ မဟုတ်ဘူး” ဟု ပြောသည်။

ကျောင်းမှနေရာချပေးထားသည့် မြို့ပြင်အဆောင်များသည် လုံခြုံမှုမရှိသောကြောင့် ကျောင်းသားအများစုသည် သွားလာရေး လွယ်ကူသည့် မြို့တွင်းပိုင်း တိုက်ခန်းများတွင် လူစုကာ ငှားရမ်းနေထိုင်ကြရသဖြင့် လစဉ်ကုန်ကျစရိတ်မှာ နှစ်သိန်းကျော်အထိ ရှိကြောင်း သိရသည်။(ခေတ်ပြိုင်)

(ဆက်ဖတ်ရန်.......)

မလေးရှား အချုပ်ခန်းများမှ မြန်မာများ ကျန်းမာရေး ထိခိုက်

Friday, 28 August 2009 16:43 ကိုထွေး

မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် အနီးရှိ ထိန်းသိမ်းရေး စခန်းမှ မြန်မာ အလုပ်သမားများ ဆေးဝါး ကုသခွင့် မရသဖြင့် ကျန်းမာရေး ဆိုးရွားလာနေကြောင်း သိရသည်။

ကွာလာလမ်ပူမြို့တော် ပြင်ပရှိ ထိန်းသိမ်းရေး စခန်းတခုတွင် ပြီးခဲ့သည့် လက တွေ့ရသော နိုင်ငံခြားသားများ (ဓာတ်ပုံ - AP)

အချုပ်ဆောင် တခုတည်းတွင် လူပေါင်း ၆၀ ခန့် ကျပ်တည်းစွာ နေရသည့် အတွက် ရောဂါ ကူးစက်ရန် လွယ်ကူနေသည်ဟု အထိန်းသိမ်းခံ နေရသူ တဦးဖြစ်သည့် ကိုသန်းထွန်းစိုးက ပြောသည်။

“ယားနာပေါက်တဲ့ လူတွေက ဆေးဝါး ကုသခွင့် မရှိပါဘူး၊ ကျနော်လည်း ၂ လလောက်ရှိပြီ ယားတာ။ လူတွေ အပြင်းအထန် ဖျားနာမှ ဆေးကုပေးတယ်၊ တပတ်မှာ ဆေးကုခွင့်က ၄ ယောက်ပဲ ရတယ်” ဟု ကိုသန်းထွန်းစိုးက ဧရာဝတီသို့ ပြောသည်။

ထိန်းသိမ်းရေး စခန်းတွင် အသီးအရွက်များကို ကျွေးမွေးခြင်း မရှိဘဲ ငါးဟင်းကိုသာ အဓိကထား ကျွေးသဖြင့် အာဟာရဓာတ် ချို့တဲ့နေကြကြောင်း၊ ဆပ်ပြာ မရှိသဖြင့် အများစုမှာ ယားနာများ စွဲကပ်နေကြောင်း ကိုသန်းထွန်းစိုးက ရှင်းပြသည်။

မြန်မာပြည်သားများသည် မလေးရှားတွင် လပေါင်းများစွာ ထိန်းသိမ်းခံနေရခြင်း ဖြစ်သည်။ ၎င်းတို့ ကွာလာလမ်ပူ လေဆိပ် အနီး ထိန်းသိမ်းရေး စခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်ခံထားရသည်မှာ ၂ လ ရှိပြီ ဖြစ်ကြောင်း သိရသည်။

အခြေအနေ ဆိုးရွားသည့် အချုပ်ခန်းများအတွင်း လူအများအပြား ပိတ်လှောင်ခံထားရကြောင်း ထိန်းသိမ်းခံနေရသူ တဦးဖြစ်သည့် ကိုခိုင်မင်းက ပြောသည်။

“အလုံပိတ်ထားတော့ လမ်း မလျှောက် ရတာကြာပြီ၊ ပြင်ပက လေနဲ့ နေရောင် မရတော့ ပိုဆိုးတယ်။ ကျနော်ကတော့ ခြေထောက်တွေ ယောင်နေတယ်” ဟု ကိုခိုင်မင်းက ပြောသည်။

မလေးရှားတွင် တရားဝင် စာရွက်စာတမ်း မရှိဘဲ နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံထား ရသော နိုင်ငံခြားသား ၇၀၀၀ ခန့် ရှိနေသည်။ မြန်မာပြည်သားမှာ အများစု ဖြစ်ပြီး အရေအတွက် အားဖြင့် ၂၈၀၀ ခန့် ရှိသည်ဟု မလေးရှားမှ လာသည့် AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ထိန်းသိမ်းခံ ထားရသူများ အတွက် နေရာ ထိုင်ခင်း အလုံ အလောက် မရှိဟု ဆိုသည်။

တရားမ၀င် နေထိုင်သည့် နိုင်ငံခြားသားများကို ရက်အနည်းငယ်သာ ထိန်းသိမ်းရန် စီစဉ် တည်ဆောက်ထားသည့် ထိုစခန်းများတွင် မြန်မာပြည်သားများ သောင်တင်နေရခြင်းမှာ မလေးရှားရှိ မြန်မာသံရုံး၏ အားနည်းချက် ဖြစ်ကြောင်း၊ သံရုံးက ထိန်းသိမ်းခံထားရသူ မြန်မာတဦးထံမှ အချက်အလက် ရယူပြီး မှတ်ပုံတင်သည့် လုပ်ငန်း အတွက် ၆ လခန့် အချိန်ယူလေ့ရှိကြောင်း AP သတင်းက ဆိုသည်။

ထို့ပြင် နေရပ်ရင်း ပြန်လည်ပို့ဆောင်ရန် ရင်းဂစ် ၆၂၀ (ဒေါ်လာ ၁၈၀ ခန့်) ကောက်ခံသည်ဟု ဆိုသည်။

တခြား နိုင်ငံများမှ အလုပ်သမားများမှာ ဖမ်းဆီးခံရပြီး တပတ်အတွင်း နေရပ်ရင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိသွားလေ့ ရှိပြီး မြန်မာ ပြည်သားများသာ လပေါင်းများစွာ ချုပ်နှောင်ခံနေရခြင်း ဖြစ်သည်ဟု သိရသည်။
လွန်ခဲ့သည့် ၃ လ က Pulau Pinang ပြည်နယ်ရှိ လူဝင်မှု ကြီးကြပ်ရေး ဌာန ထိန်းသိမ်းရေး စခန်း တခုတွင် ကြွက်ကြောင့် ဖြစ်ပွားသည့် အဖျားရောဂါ တမျိုးကြောင့် မြန်မာ အလုပ်သမား ၂ ဦး သေဆုံး သွားသည်။

ထိန်းသိမ်းခံရစဉ် အနိုင်ကျင့် နှိပ်စက်သည်ဟူသော သတင်းများလည်း မကြာခဏ ထွက်ပေါ်လျက် ရှိသည်။ ထိုအခြေအနေများကြောင့် ပြီးခဲ့သည့် လဆန်းပိုင်းက Kajang မြို့နယ်၊ Semenyih အရပ် လူဝင်မှုကြီးကြပ်ရေး ဌာန (လဝက) အချုပ်ခန်းတွင် အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ အာဏာပိုင်များက ထိုအချုပ်ခန်းမှ မြန်မာ အလုပ်သမား တချို့ကို ကွာလာလမ်ပူ လေဆိပ် အနီးရှိ ထိန်းသိမ်းရေး စခန်းသို့ ပြောင်းရွှေ့ခဲ့သည်။

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံခြားသား မုန်းတီးမှုလည်း အလွန်များကြောင်း၊ ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာ များစွာ ဖြစ်ပေါ်နေကြောင်း ကြားသိရသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

Thursday 27 August 2009

ပြည်ပရောက် မြန်မာအချင်းချင်း ငွေလိမ်လည်ယူနေ

ဝီရ / ၂၇ သြဂုတ် ၂၀၀၉

နာမည်ကြီးကုမ္ပဏီတခုကို ဗန်းပြကာ မြန်မာနိုင်ငံသားအချင်းချင်း လိမ်လည်မှုများ နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံခြားရောက် မြန်မာအချို့က နာမည်ကြီး ကုမ္ပဏီတခုတွင် အဖွဲ့ဝင်ဖြစ်သူတိုင်း အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာနိုင် သည်ဟု မိမိနိုင်ငံသားအချင်းချင်း လိုက်လံစည်းရုံးကာ အဖွဲ့ဝင်ကြေးအဖြစ် ငွေအမြောက်အမြား လိမ်လည်ယူနေခြင်းဖြစ်သည်။

ပြင်သစ်အခြေစိုက် နာမည်ကြီး ကုမ္ပဏီတခုဖြစ်သည့် Digital Crown Holdings Co.Ltd (DCHL) သို့ အဖွဲ့ဝင်ကြေးအဖြစ် မြန်မာကျပ်ငွေ (၆) သိန်းနီးပါးနှင့် ညီမျှသည့် မိမိတို့ရောက်ရှိရာ နိုင်ငံသုံးငွေ ထည့်ဝင်ထားပါက ယင်းကုမ္ပဏီမှ ထုတ်လုပ်သည့် ရှားပါးကုန်ပစ္စည်းများ ရရှိမည်ဖြစ်ပြီး ညွှန်ကြားသည့်အတိုင်း ဆက်လက်လုပ်ကိုင်ပါက ကြီးပွားနိုင်သည်ဟု လိုက်လံလိမ်လည်၍ ဝင်ငွေရှာနေသူများအား ထိုင်းရဲတပ်ဖွဲ့က လွန်ခဲ့သည့်သီတင်းပတ်က ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား (၅၀) ကျော် ပါဝင်သည်ဟု မဟာချိုင်အခြေစိုက် Labour Promotion Right Network (LPN) ရုံးမှ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “လွန်ခဲ့တဲ့အပတ်က စဖမ်းတာ။ ဘန်ကောက်က DCHL ရုံးဝန်ထမ်းတွေလည်း ဖမ်းခံရတယ်။ ဒီအပတ်အတွင်းမှာ မဟာချိုင်ဒေသတခုတည်းမှာ မြန်မာအလုပ်သမားအချင်းချင်း လိုက်လိမ်တဲ့သူ (၅၃) ယောက်လည်း ဖမ်းခံရတယ်။ ပိုက်ဆံပေးထားတဲ့သူ အဖွဲ့ဝင်ထားတဲ့သူ ဒီမဟာချိုင်မှာ အယောက် (၁,၀၀၀) ကျော် ရှိတယ်ဗျ။ မသိနားမလည်တဲ့ မြန်မာအလုပ်သမားတွေကို ဒီအဖွဲ့ထဲဝင်ရင် တခါတည်း ချမ်းသာမယ်ဆိုတော့ ဝင်ကြတာပေါ့။ အဖွဲ့ဝင်ကြေးက ဘတ်ငွေ (၁၈,၀၀၀) တောင် ပေးရတယ်။ အခုတော့ ဒုက္ခရောက်နေကြတာ အများကြီးပဲဗျ။ အဖွဲ့ခေါင်းဆောင်တွေလို့ ယူဆတဲ့သူတွေကို ဖမ်းသွားတော့ လျော်ကြေးလည်း ရမှာမဟုတ်ဘူး။ တရားဝင် ပေးထားတာလည်း မဟုတ်တော့လေ” ဟု ရှင်းပြသည်။

DCHL ကုမ္ပဏီနှင့်ပတ်သက်၍ အခုဖမ်းဆီးမှုသည် ဒုတိယအကြိမ် ဖြစ်သည်။ ပြီးခဲ့သည့်မတ်လကလည်း မြန်မာနိုင်ငံသား အချင်းချင်း ငွေကြေးလိမ်လည်ခဲ့သူ (၁၇၀) ကျော်ကို မဟာချိုင်တွင်ပင် ဖမ်းဆီးခဲ့ပြီး DCHL ကုမ္ပဏီ၏ဘန်ကောက်ရုံးခွဲကိုလည်း တရားမဝင် ဖွင့်လှစ်မှုဖြင့် အရေးယူဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားသူများသည် DCHL ကုမ္ပဏီမှ ထုတ်လုပ်သည့် ရေမွှေးရနံ့ပါသည့် (၁) လီတာအရွယ် ဆေးရည် (၂) မျိုး၊ မီးထွန်းလျှင် အောက်ဆီဂျင် ထုတ်ပေးသည့် မီးခွက်ငယ်တခု စသည့် ရှားပါးကုန်ပစ္စည်းများနှင့် အဆိုပါကုမ္ပဏီက ဖွင့်လှစ်ထားသည့် နိုင်ငံ (၁၀) နိုင်ငံမှ လှုပ်ရှားမှုဓာတ်ပုံများ ပါဝင်သည့် ထိုင်းဘာသာ စာအုပ် (၃) အုပ်နှင့် ကုမ္ပဏီတံဆိပ်ပါသည့် အလှအိတ်များ ရရှိသည်ဟု အဖွဲ့သို့ ၀င်ခဲ့သူ မနန်းစိုးက ပြောသည်။

မဟာချိုင်နေ မနန်းစိုးက “အဓိက အဖွဲ့ဝင်ဖြစ်ပြီးရင် အလုပ်ဆက်ရမယ်။ အဖွဲ့ဝင်တယောက်က နောက်ထပ် လူ (၆) ယောက်ကို ထပ်လိမ်ရမယ်။ အဲဒီတော့မှ ကိုယ်ကုန်ခဲ့တဲ့ပိုက်ဆံ (၁၈,၀၀၀) ဘတ်ကို ပြန်ရမယ်။ သုံးလတခါ သူတို့ထုတ်တဲ့ပစ္စည်းတွေ ရမယ်။ ကိုယ်က လူများများ ရှာနိုင်လေ အဆင့်တက်လေ၊ ပိုက်ဆံများများ ရလေပေါ့။ ဒါပေမယ့် ဒီလိုထပ်လိမ်ရမယ်ဆိုတာ အဖွဲ့ဝင်ဖြစ်ပြီးမှ သိရတာ။ ကြိုမပြောဘူး။ ဒီမဟာချိုင်မှာ ဒီအလုပ်လုပ်လို့ အခု အဖမ်းခံရတဲ့သူ အများစုက မွန်တွေပေါ့။ သူတို့က ဝတ်ကောင်းစားလှနဲ့ ကားနဲ့ စတိုင်ကျကျဆိုတော့ တကယ်ချမ်းသာပြီထင်လို့ ဝင်ကြတာပါ။ ဒီလိုလိမ်မှန်း မသိကြလို့ပါ” ဟု ခေတ်ပြိုင်သို့ ရှင်းပြသည်။

ယင်းသို့ အဖွဲ့ဝင်ဖြစ်ပြီး အခြားသူများအား လိုက်လံစည်းရုံး ဆက်လက်လိမ်လည်ကာ ငွေရှာနေသူများဟု မင်္သကာဖွယ် သူများကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းဖမ်းဆီးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပြည်ပရောက် မြန်မာအချင်းချင်း ငွေကြေး လိုက်လံလိမ်လည်နေမှုသည် ထိုင်းနိုင်ငံတွင်သာမက မလေးရှားနှင့် စင်ကာပူနိုင်ငံတွင်လည်း ဖြစ်ပွားနေကြောင်း သိရသည်။

ကွာလာလမ်ပူတွင် ရောက်ရှိနေသည့် ကိုထွန်းမင်းက “ကျနော်တော့ မဝင်ထားဘူး။ အလိမ်ခံရတဲ့သူတွေ ပြောတာက ဒီကွာလာလမ်ပူမှာ သူတို့ရုံးဖွင့်ထားတာ အကြီးအကျယ်ပဲတဲ့။ ခဏအတွင်းမှာ ချမ်းသာမယ်ဆိုတော့ အလုပ်သမားဘဝက လွတ်မြောက်ချင်ကြတာပေါ့။ ဒီမှာ လိမ်နေတာလည်း ဗမာအချင်းချင်းပဲ။ စင်ကာပူမှာလည်း ကျနော့်သူငယ်ချင်းတွေ အဖွဲ့ဝင်ထားတဲ့သူ ရှိတယ်တဲ့။ နောက်ပိုင်းကျမှ အလိမ်ခံလိုက်ရမှန်း သိတာ။ ကိုယ့်ပိုက်ဆံ ပြန်ရဖို့ လူထပ်လိမ်တဲ့နေရာမှာ ကိုယ်က စမတ်ကျကျ ဝတ်စားနေထိုင်ရမယ်ဆိုတော့ ရိုးသားတဲ့မြန်မာအများစုက ဟန်ဆောင်တတ်ပါ့မလား။ ထပ်မလုပ်တော့ဘူး။ ကိုယ်ထိပြီးရင် ပြီးရောပေါ့။ လျော်ကြေးတောင်းဖို့ကလည်း ဘယ်ကို သွားတိုင်ရမလဲတောင်မှ မသိကြတာ” ဟု ပြောသည်။

ပြင်သစ်နိုင်ငံ အခြေစိုက် DCHL ကုမ္ပဏီသည် ရေမွှေးတမျိုးကို အခြေခံပြီး ပဋိစီဝဆေး ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ကာ ဟောင်ကောင်၊ ဂျပန်၊ ထိုင်ဝမ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ အင်ဒိုနီးရှား စသည့် အာရှနိုင်ငံများတွင်သာ ရုံးခွဲအဖြစ် ဖွင့်လှစ်ထားကြောင်း ၎င်းကုမ္ပဏီ၏ ဝက်ဆိုက်ဘ်မှ သိရှိရသည်။(ခေတ်ပြိုင်)

(ဆက်ဖတ်ရန်.......)

Wednesday 26 August 2009

(၁၀) တန်းအောင် ကြံ့ဖွံ့အဖွဲ့ဝင်များကို သတင်းပေးသင်တန်း ပို့ချ

Wednesday, 26 August 2009 18:32 ဗထူး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်တွင် ပညာအရည်အချင်း (၁၀) တန်းအောင်မြင်ပြီးသည့် ကြံ့ဖွံ့အဖွဲ့ဝင်များကို စစ်အစိုးရအာဏာပိုင်များက သတင်းပေးနည်း ရက်တိုသင်တန်းကို ပြုလုပ်ပို့ချနေသည်။

ယခုလ (၂၅) ရက်နေ့မှစတင်ကာ သင်တန်းအား မြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူး မျိုးဝင်းဆိုသူနှင့် မြို့နယ်(မယက)အဖွဲ့မှ ဦးစီးကာ ၃ ရက်ကြာ ပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းတွင် စည်းရုံးရေးဘာသာရပ်၊ သတင်းပေး၊ သတင်းရေးနှင့် လှုပ်ရှားမှုများအား စောင့်ကြည့်သည့် ပုံစံများလည်း ပါဝင်သည်ဟု ဒေသခံတဦးက ပြောသည်။

“ကြံ့ဖွံ့ရုံးမှာ (၂၅) ရက်နေ့၊ ညနေ(၆) နာရီကသင်တန်းဖွင့်ပွဲ လုပ်တယ်။ နောက် (၇) နာရီကနေ (၉) နာရီအထိ သင်တန်းပို့ချတယ်၊ ကျနော့်အမြင်ကတော့ လာမဲ့ သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်ကာလမှာ သံဃာတွေအပါအဝင် အတိုက်အခံအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ သတင်းရယူပေးပို့ဖို့ ဒီသင်တန်းကို လုပ်နေတာပါ” ဟု ဘိုကလေးမြို့ခံတဦးက ပြောသည်။

စစ်အစိုးရက ကျင်းပမည်ဟု သတ်မှတ်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အသင်းအနေဖြင့် နိုင်ငံရေးပါတီတရပ် အသွင်ပြောင်းလဲကာ ရွေးကောက်ပွဲဝင်မည်ဖြစ်သဖြင့် လူငယ်များနှင့် ပြည်သူလူထုအား ၎င်းတို့အား ထောက်ခံလာစေရေးအတွက်လည်း ယခုသင်တန်းကို ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်

မြို့နယ် ကြံ့ဖွံ့အဖွဲ့မှ အမည်မဖော်လိုသူ အဖွဲ့ဝင်တဦးက “ဟုတ်တယ်၊ သတင်းရေး၊ သတင်းပေးပုံစံမျိုး၊ စောင့်ကြည့်တဲ့ ပုံစံမျိုး လုပ်တာပေါ့။ ဒါကတော့ သေချာတာကတော့ ဒီ သံဃာလှုပ်ရှားလာမယ့် ကျနော်တို့ ဘုန်းကြီးတွေကလည်း လှုပ်ရှားလာမယ် ပြောတော့ အဲဒီကိစ္စတွေမှာ ကျနော်တို့က သတင်းပေးသဘောမျိုးနဲ့ လုပ်ရမယ့် အစီအစဉ်တွေ ရှိပါတယ်။ အဲဒါတွေ ပို့ချသွားမှာပါ အဓိကကတော့” ဟု ပြောသည်။

ဘိုကလေးမြို့ပေါ် (၉) ရပ်ကွက်နှင့် မြို့သစ် (၁) ရပ်ကွက်မှ တရပ်ကွက်လျှင် ၃ ဦးကျ တက်ရောက်နေသည့် အဆိုပါ ရက်တိုသင်တန်းတွင် သင်တန်းသား ၃၀ တက်ရောက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကလည်း ဖမ်းဆီးသံဃာများ ပြန်လွှတ်ပေးရေးနှင့် သံဃာတော်များအား ရိုင်းပြစွာ ပြုမူဆောင်ရွက်မှုအား စစ်အစိုးရမှ ဝန်ချတောင်းပန်ရန်နှင့် ပျက်ကွက်ပါက တတိယအကြိမ် ပတ္တနိကုဇ္ဇနကံဆောင်ကာ နိုင်ငံအနှံ့ လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။(ရိုးမ ၃)

(ဆက်ဖတ်ရန်.......)

Monday 24 August 2009

နအဖ လက်အောက်ခံ မရာ တပ်မတော်ဖွဲ့စည်း

Monday, 24 August 2009 18:30 ဇာနည်မာန်

ချင်းမျိုးနွယ်စုဝင် မရာ တိုင်းရင်းသားတို့၏ ဒေသတွင် စစ်အစိုးရ၏ လမ်းညွှန်မှု၊ စစ်မှုထမ်းဟောင်းများ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် မရာ တပ်မတော် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိ သည်။

အိန္ဒိယ - မြန်မာနယ်ခြားဒေသကို စောင့်ရှောက်ကာကွယ်ရန်နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ အတွင်း မငြိမ်မသက် ဖြစ်ပါက မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ကူညီဖြေရှင်းရန် မရာတပ်မတော်ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

“အစိုးရရဲ့ လမ်းညွှန်မှုနဲ့ ၂ဝဝ၉ ဇွန် ၁၅ ရက်နေ့မှာ စစ်တပ်ကနေ အနားယူတဲ့ စစ်မှုထမ်းဟောင်း အရာရှိတွေက ပြည်သူ့တပ်မတော် ဖွဲ့ပေးတာပါ” ဟု ဒေသခံ ချင်းတိုင်းရင်းသားတဦးက ဧရာဝတီသို့ ပြောသည်။

မရာ တိုင်းရင်းသားများသည် ချင်းပြည်နယ် မတူပီ၊ ပလက်ဝနှင့် ထန်တလန်မြို့နယ်တို့တွင် ပျံ့နှံ့ နေထိုင်ကြသူများ ဖြစ်ပြီး လူမျိုးစု တစုတည်းဖြစ်ရေးနှင့် မရာ သီးခြားမြို့နယ် ထားရှိပေးရန် စစ်အစိုးရထံ တောင်းခံ ထားသည်။

“အဓိက သူတို့ဦးတည်တာကတော့ မြို့နယ်သုံးခုမှာ ကွဲနေတဲ့ မရာလူမျိုးတွေကို တမြို့နယ်တည်းမှာ စုစည်းပြီး အုပ်ချုပ်ရေး တခုတည်းအောက်မှာ ထားဖို့အတွက်ပေါ့။ ဒီအတွက် သူတို့က တောင်းဆိုပြီး အစိုးရကို ဒါတွေ ပြန်လုပ်ပေးတဲ့သဘောပဲ။ သူတို့ ထုတ်ပြန်ချက်မှာလည်း အဲဒီလိုပဲရေးထားတယ်” ဟု ချင်းလက်နက်ကိုင်အဖွဲ့ ဖြစ်သော အိန္ဒိယ - မြန်မာနယ်စပ် အခြေစိုက် ချင်းအမျိုးသားတပ်ဦး (CNF) ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးရာနှင်းက ပြောသည်။

ဆပေါင်းတည် နယ်မြေခံတပ်ရင်းမှ ဒုတပ်ရင်းမှူးက မရာလူမျိုးစုများနှင့် သြဂုတ် လဆန်းပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြို့နယ် သီးခြားထားရှိပေးရန်ကိစ္စကိုမူ ပြောဆိုခဲ့ခြင်းမရှိဘဲ လာမည့် စက်တင်ဘာတွင် ထပ်မံတွေ့ဆုံရန် ချိန်းဆိုထားသည်ဟု ဆိုသည်။

“ကျနော်တို့ အနေနဲ့ကတော့ ဒီလိုလုပ်တာဟာ ကျနော်တို့ CNF ကို ဆန့်ကျင်တာပဲလားလို့တော့ တွေးစရာ ပေါ့လေ။ တိုင်းရင်းသားအချင်းချင်းကြားထဲမှာ၊ ကျနော်တို့ မျိုးနွယ်စု အထဲမှာ ပြဿနာ ဖန်တီးချင်တာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ကတော့ အရင်ကတည်းက သူတို့ဒီလိုမျိုး ခွဲထွက်လာတာကို လက်မခံဘူး။ အချင်းချင်း ကြားမှာ သွေးထွက်သံယိုဖြစ်လာမှာကို လက်မခံဘူး” ဟု ဦးရာနှင်းက ပြောသည်။

လက်တလောတွင်မူ စစ်အစိုးရက အဆိုပါ မရာတပ်မတော်ကို လက်နက်များ တပ်ဆင်ပေးခြင်း မရှိသေးဘဲ မရာတပ်မတော်အဖြစ် ဖွဲ့စည်းခြင်းကို တွေ့ဆုံလက်ခံသည့် အနေအထားသာ ရှိသေးသည်။

ယခင်အပတ်ကလည်း မတူပီ နယ်မြေခံတပ်ရင်း ၃၀၄ က ဦးဆောင်ပြီး မြို့နယ်အတွင်းရှိ ရွာ ၉ ရွာမှ အသက် ၁၈ နှစ်အထက် ချင်းတိုင်းရင်းသား လူငယ်များကို စစ်သင်တန်းတက်ရောက်ရန် စာရင်းများ ကောက်ယူခဲ့သေးသည်။

ထို့အတူ ချင်း ပြည်နယ်မြို့တော် ဟားခါးတွင်လည်း စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံကို ကျင်းပခဲ့ပြီး ပြည်နယ် တွင်း တိုင်းရင်းသားများကို စည်းရုံးထိန်းချုပ်နိုင်ရေးနှင့် စစ်သင်တန်းပေးရန် ကိစ္စများကို ဆွေးနွေးကြ သည်ဟု ဒေသခံများကပြောသည်။

“စည်းရုံးရေးကတော့ နအဖအနေနဲ့က သူ့မူအတိုင်း လုပ်မှာပဲလေ။ အပစ်ခတ်ရပ်အဖွဲ့တွေအနေနဲ့ သတိထား ဖို့ကတော့ အခု နအဖရဲ့ ဖွဲ့စည်းပုံ၊ နောက် လာမယ့် ရွေးကောက်ပွဲ ဆိုတာက တိုင်းပြည်မှာ တကယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် အခွင့်လမ်းနည်းတယ်။ ကိုယ်က တော်လှန် တိုက်ပွဲဝင်ခဲ့တဲ့ အကြောင်းရင်း ကိုလည်း မမေ့ထားဖို့ လိုတယ်” ဟု ဦးရာနှင်းက ဆိုသည်။

CNF အနေနှင့်မူ စစ်အစိုးရ၏ လုပ်ဆောင်ချက်များနှင့် စစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကန့်ကွက်သည်ဟုဆိုသည်။

သူကဆက်လက်၍ “ကျနော်တို့ CNF ကတော့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကန့်ကွက်တယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်လောက် ကန့်ကွက်ကန့်ကွက် နအဖကတော့ သူ့အစီအစဉ်နဲ့သူ လုပ်မှာပဲ။ ၀င်ချင်တဲ့ ပြည်သူတွေကိုလည်း မတားပါဘူး။ ဒါပေမယ့် ပြည်သူတွေအနေနဲ့ကတော့ ဒီမိုကရေစီ အပြောင်းအလဲကို တကယ်လုပ်ချင်တဲ့၊ လုပ်နိုင်တဲ့ သူတွေကိုပဲ ရွေးချယ်သင့်တယ်” ဟုပြောသွားသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

Saturday 22 August 2009

"ရွေးကောက်ပွဲမ၀င်ရလို့ NLD ဘေးမကလို့ အစွန်အဖျားရောက်ပါစေ"

၂၂၊သြဂုတ်၊၂၀၀၉။စနေနေ့

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ခြင်း မရှိပါက ရွေးကောက်ပွဲ ၀င်ရောက်မည် မဟုတ် ဟူသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD၏ သဘောထားသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို တားဆီး နိုင်မည် မဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (International Crisis Group- ICG) က ပြော ဆိုလိုက်သည်။

NLD အနေဖြင့် ယင်းသဘောထားကို ကိုင်စွဲ၍ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင် ခြင်း မပြုပါက နိုင်ငံရေးကို စစ်အစိုးရစိတ်ကြိုက်ကစားသွားနိုင်ကြောင်း ICG ၏ သြဂုတ်လ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွင်သုံးသပ်ထားသည်။

NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကမူ ရွေးကောက်ပွဲကို ငြင်းဆိုခြင်း မဟုတ်ကြောင်းနှင့် ပြည်သူ၏ အဆုံးအဖြတ်ကို ခံယူရမည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။

“ကျနော်တို့က ရွေးကောက်ပွဲကို ငြင်းဆိုတာ မဟုတ်ဘူး၊ ရွေးကောက်ပွဲဟာ ၀င်သင့်တယ်၊ တိုင်းသူပြည်သား ရဲ့ဆုံးဖြတ်ချက်ကို ခံရမယ်၊ သို့သော် ရွေးကောက်ပွဲဟာ ဘယ်လို အခြေခံနဲ့ လုပ်တဲ့ ရွေးကောက်ပွဲလဲ ၁၉၉၀ နဲ့တော့ယှဉ်လို့မရဘူး၊ ကျနော်တို့ ငြင်းပယ် နေတာက ဒီအခြေခံဥပဒေနဲ့ မဖြစ်ဘူး၊ ကျနော်တို့ ကန့်ကွက်သင့် သလောက် ကန့်ကွက် နေတာတောင် ချယ်လှယ်နေတာ သူတို့ဆီ ၀င်သွားတော့ တပည့် အဖြစ် က ရုံပဲရှိမှာပေါ့” ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

NLD အနေဖြင့်ရွေးကောက်ပွဲကို မ၀င်ဟု ဇွတ်ပြောဆိုနေခြင်းမဟုတ်ကြောင်း၊ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း မရှိဘဲ ၀င်ရောက်ယှဉ်ပြိုင်ပါက အခြေအနေသည် ယခုထက် ပိုဆိုးမည် ဖြစ်ကြောင်း၊ စစ်အစိုးရ အနေဖြင့် အခြေခံ ဥပဒေကို ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း၊ သို့သော်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပနိုင်သည့် အနေအထားသို့ရောက်ပါက အားလုံးဆွေးနွေး၍ရကြောင်းလည်း ၎င်းက ပြောသည်။

“ရွေးကောက်ပွဲ မ၀င်ရလို့ NLD ဘေးမက လို့ အစွန်အဖျားရောက်ပါစေ၊ ကျနော်တို့ ပြောနေတာက ကန့်ကွက် စရာရှိတာ ကန့်ကွက်ရမှာပဲ၊ အခြေခံ ဥပဒေ ပြင်ပါဆိုတာ သက်သက်နဲ့လည်း ပြင်လို့မရနိုင်ဘူး၊ ညှိနှိုင်းပွဲနဲ့တော့ ပြင်လို့ရတယ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးလုပ်ဖို့ ဆွေးနွေးဖို့ပေါ့ဗျာ”ဟု ဦးဝင်းတင်က ဆက်လက်ပြော ဆိုသည်။

ICG ၏ ထုတ်ပြန်ချက်တွင်၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိနိုင်သည့် အတွက် ထွက်ပေါ် လာမည့် ရလဒ်သည် အပြုသဘောဆောင်မည် မဟုတ်သော်လည်း နိုင်ငံရေး အခင်းအကျင်းမှာ ပြောင်းသွားနိုင် ကြောင်း၊ အာဏာ ဆက်လက် တည့်တံခိုင်မြဲရေးအတွက် စစ်အစိုးရက ရွေးကောက်ပွဲကို အသုံးချနိုင်ဖွယ်ရှိသည့် အတွက် အတိုက် အခံ၊ အိမ်နီးချင်း နိုင်ငံများ၊ နိုင်ငံတကာ အသိုင်းအ၀န်းများ အနေဖြင့် စစ်အစိုးရက ထိန်းချုပ်၍ မရသော အပြောင်းအလဲ ဖြစ်ရန်အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်းလည်း ရေးသားထားသည်။

၂၀၀၈ခုနှစ်က အတည်ပြုထားသော အငြင်းပွားဖွယ်ရာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဓိက အခန်းကဏ္ဍမှ နေရာယူထားပြီး နောင်လာမည့် စစ်တပ် မျိုးဆက်များ အာဏာ ရယူနိုင်ရန် ယင်းဖွဲ့စည်းပုံကို စီမံထားသည် ဟုလည်း ယင်း ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာအစိုးရ အနေဖြင့်နိုင်ငံတကာ အသိုင်းအ၀န်း၏ ပစ်ပယ်ထားခြင်းကို အဆုံးသတ်လိုပါက ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေး၍ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးရန်၊ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးအရေးယူခြင်းများကို ရပ်တန့်ရန်၊ ကန့်သတ် တားမြစ်ချက် မရှိ နိုင်ငံရေး ပါတီများကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပေး၍ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ပေးရန် တောင်းဆိုထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ခဲ့သော စီရင်ချက်သည် မြန်မာပြည်တွင် စစ်အစိုးရ၏ ဖိနှိပ်မှု များကို ပြန်လည် အာရုံစိုက်မိသွားစေသည်ဟု ICG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ICG အဖွဲ့သည် အစိုးရနှင့် မသက်ဆိုင်သည့် လွတ်လပ်သော အဖွဲ့အစည်း တခုဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အခြစိုက်သည်။

ICG ၏ အမြင်များသည် မြန်မာနိုင်ငံ ပြဿနာအပေါ်ချဉ်းကပ်ရာ၌ ပညာရှင်မဆန်ဟု လွတ်လပ်သောလူ့ဘောင် (OSI) အဖွဲ့က ဝေဖန်ထားသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

၂၀၁၀ ရွေးကောက်ပွဲသည် `အပြောင်းအလဲအတွက် အခွင့်အလမ်း´ ဟု ICG ပြော

မုံပီး
သောကြာနေ့၊ သြဂုတ်လ ၂၁ ရက် ၂၀၀၉ ခုနှစ်

မြန်မာစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ကျယ်ပြန့်စွာ ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ယင်းသည် `အပြောင်းအလဲအတွက် ဖြစ်နိုင်ခြေ´ တရပ်ဖြစ်ကြောင်းနှင့် ထို့ကြောင့်လည်း အစိုးရ၊ အတိုက်အခံ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုကျယ်ပြန့်သည့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဤအခွင့်အရေးအား `အချည်းနှီးဖြုန်းတီး´ မပစ်ရန် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က တိုက်တွန်းလိုက်သည်။

ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမည် မဟုတ်သော်လည်း ယင်းသည် မြန်မာ့နိုင်ငံရေး မြေမျက်နှာသွင်ပြင်ကို ပြောင်းလဲစေနိုင်ကြောင်းနှင့် တိုင်းပြည်ကို အုပ်ချုပ်လျက်ရှိသော ဗိုလ်ချုပ်ကြီးများ အနေဖြင့်လည်း ရာထူးမှဆင်းပေးရပြီး အဆောင်အယောင်မျှသော ရာထူးများကိုသာ ယူထားရသည့် အခြေအနေမျိုး ကဲ့သို့သော အပြောင်းအလဲမျိုး ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ICG က ယမန်နေ့က ထုတ်ပြန်လိုက်သော အစီရင်ခံစာသစ်တရပ်တွင် ရေးသားထားသည်။

`ကာယကံရှင်အားလုံးအနေနှင့်လည်း အစိုးရကို ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်သင့်မြတ်ရေးဆီသို့ တွန်းအားပေးသွားနိုင်မည့် အခွင့်အလမ်းများ ပေါ်ထွက်လာနိုင်သည့်အတွက် နိုးနိုးကြားကြား ရှိနေသင့်ကြောင်း´ ဟု `မြန်မာနိုင်ငံ-ရွေးကောက်ပွဲဆီသို့´ ဟူသော အစီရင်ခံစာတွင် ရေးသားထားသည်။

စစ်အစိုးရအနေဖြင့် မိမိတို့၏ လက်ရှိလွှမ်းမိုးချုပ်ကိုင်နိုင်မှုကို အာမခံချက်ရစေရန် ရွေးကောက်ပွဲကို အသုံးချလိုနေသည်ဟု ယူဆနိုင်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲသည် မျိုးဆက်တဆက်အတွင်း အကျယ်ပြန့်ဆုံး လှုပ်ခါပစ်လိုက်နိုင်မည့် အခြေအနေဖြစ်သောကြောင့် ကာယကံရှင် အားလုံးအနေဖြင့် ဖြစ်နိုင်ခြေရှိသော အပြောင်းအလဲအတွက် ပြင်ဆင်ထားသင့်ကြောင်း ICG ၏ အရှေ့တောင်အာရှ အစီအစဉ် ဒါရိုက်တာ Jim Della-Giacoma က ပြောသည်။

ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း၊ ဆန့်ကျင်ခြင်းတို့သည် စစ်အစိုးရ၏ အကြိုက်သာ ဖြစ်သွားမည်ဖြစ်ကာ၊ ရွေးကောက်ပွဲကျင်းပမည်ကို တားဆီးနိုင်မည်မဟုတ်၍ အစိုးရဘက်သား မဟုတ်သော ကိုယ်စားလှယ်လောင်းမျာ၏ မဲရရှိနိုင်မှုကို ပိတ်ပင်ထားသလို ဖြစ်မည်ဖြစ်ကြောင်းနှင့် အနာဂတ် ဥပဒေပြုလွှတ်တော်များတွင် အသံအမျိုးမျိုး ထွက်နိုင်မှုကို လျော့နည်းသွားစေမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ပြောသည်။

ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်နေမည့်အစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံ အဖွဲ့များအနေနှင့် မိမိတို့ တပါတီချင်းသော်၎င်း၊ အဖွဲ့အစည်းများအနေနှင့်သော်၎င်း၊ ရွေးကောက်ပွဲတွင် မပါဝင်ရန် ဆုံးဖြတ်ခဲ့သည့်တိုင် ရွေးကောက်ပွဲဖြစ်စဉ်တွင် ဖြစ်နိုင်သမျှ အကျယ်ပြန့်ဆုံး ပါဝင်နိုင်မှုကို အားပေးကြရန် ဤအဖွဲ့က ဆိုထားသည်။

ဒီချုပ်ကမူ သူတို့၏ ရွှေဂုံတိုင်ကြေညာချက်၌ စစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သော ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ပေးပြီး လွတ်လပ်စွာ စည်းရုံးလှုပ်ရှားနိုင်ခွင့် ပေးမှသာ သူတို့အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း မေလတွင် ကြေညာခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ နောက်ထပ် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးခြင်းမှ ရပ်တန့်ရှောင်ရှားရန် စစ်အစိုးရကို ဤအဖွဲ့က တောင်းဆိုထားသည်။ ရွေးကောက်ပွဲကျင်းပရေးနှင့် စပ်လျဉ်းသည့် တရားမျှတသော အုပ်ချုပ်မှုဥပဒေများ၊ စည်းမျဉ်းများကို ပြဋ္ဌာန်းပေးရန်၊ နိုင်ငံတကာနှင့် ပြည်တွင်းအကဲခတ်များကိုလည်း ရွေးကောက်ပွဲဖြစ်စဉ်ကို အကဲခတ်လေ့လာခွင့် ပေးရန်တို့ကိုလည်း သူတို့က တိုက်တွန်းတောင်းဆိုထားသည်။

မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးပြီး နောက်ထပ် ၁၈ လ ထိန်းသိမ်းထားရန် အမိန့်ချမှတ်လိုက်ခြင်းသည် `တိုင်းပြည်က နောက်နှစ်တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသည့်အချိန်တွင် ဖြစ်နေသည့်အတွက် ဤနိုင်ငံရေးဖြစ်စဉ်အပေါ် ယုံကြည်ကိုးစားရမှုကို လျော့ပါးစေခဲ့ကြောင်း´ Giacoma က မဇ္ဈိမကို ယနေ့ ပြောသည်။

ရွေးကောက်ပွဲက လွတ်လပ်မျှတမည် မဟုတ်သော်လည်း မြန်မာအာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး ရွေးကောက်ပွဲတွင် အပြည့်အဝ ပါဝင်ခွင့်ပြုခြင်းဖြင့် သူတို့၏ ရွေးကောက်ပွဲဖြစ်စဉ်ကို ပို၍ ယုံကြည်ကိုးစားခံရအောင် လုပ်ဆောင်သင့်ကြောင်းလည်း သူက ပြောသည်။

`နိုင်ငံရေးလှုံ့ဆော်ချက်နဲ့ ဖမ်းဆီးတာတွေကို ရပ်ရမယ်။ အဓိကကျတဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို မြန်နိုင်သမျှ မြန်မြန်ပြဋ္ဌာန်းပေးဘို့ကလည်း အရေးကြီးတယ်။ နိုင်ငံရေးပါတီတွေကို မလျော်ကန်တဲ့ ကန့်သတ်မှုတွေမရှိဘဲ မှတ်ပုံတင်ခွင့် ပေးရမယ်၊ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေကို ခွင့်ပြုရမယ်၊ မဲရေတွက်ရာမှာ ပွင့်လင်းမြင်သာမှု ရှိစေရမယ်´ ဟု သူက ဆက်လက်ပြောဆိုသည်။

ICG ၏ ဤအစီရင်ခံစာသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်လိုက်သည့်အတွက် အားမလိုအားမရ ဖြစ်နေကြချိန်၊ ဖိအားများတိုးမြင့်လာနေချိန်နှင့် စစ်အစိုးရသည် အပြောင်းအလဲများ လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု အတိုက်အခံတို့က ပြောဆိုနေကြချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမည့် အလားအလာလည်းမရှိ၊ အပြောင်းအလဲများ အားလုံးသည်လည်း အပေါင်းလက္ခဏာဆောင်မည့် အလားအလာ မရှိကြသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံပုံအပေါ် ဒေါသထွက်ရခြင်း၊ ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် ဖိနှိပ်နေခြင်းတို့ကြောင့်တော့ဖြင့် ဖြစ်ပျက်လာမည့် အဖြစ်အပျက်များအပေါ် သြဇာသက်ရောက်စေနိုင်မည့် အခွင့်အလမ်းများအပေါ်တော့ အတားအဆီး မဖြစ်စေသင့်ကြောင်း ICG ၏ အာရှအစီအစဉ် ဒါရိုက်တာ ရောဘတ်တင်ပလာ (Robert Templer) က ပြောသည်။

`နောက်ဆုံးအနေဖြင့်ပြောရလျှင် မြန်မာပြည်သူများသည် နိုင်ငံရေးအရ မတိုးသာမဆုတ်သာ ဖြစ်နေမှုအတွက် အကြီးမားဆုံးသော တန်ဖိုးကို ပေးခဲ့ရပြီးဖြစ်သည်။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် ပြင်ဆင်နေချိန်တွင် သက်ဆိုင်ရာ ဘက်အသီးသီးအနေဖြင့် အခွင့်အလမ်းသစ်များအတွက် နိုးနိုးကြားကြား ရှိနေသင့်ပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များအတွက်လည်း အလားတူ နိုးကြားနေသင့်ကြောင်း´ တင်ပလာက ပြောသည်။(မဇ္ဈိမ)

(ဆက်ဖတ်ရန်.......)

အဲဒီနိုင်ငံမှာ

အဲဒီနိုင်ငံမှာ

ရွှေရောင်တ၀င်းဝင်း၊ ရတနာအခင်းအကျင်းနဲ့

ကမ္ဘာတခွင်မှာ၊ ကျော်ဇောထင်ရှား

တို့ဘုရားရဲ့အမွေ၊ ဆံတော်တွေထားတဲ့

ဗုဒ္ဓဘာသာတို့ရဲ့မှတ်တိုင်၊ ရွှေတိဂုံစေတီခိုင်နဲ့

သမိုင်းအမွေအနှစ်၊ ဘိုးဘေးစစ်တို့ရဲ့

စေတီတွေမှိုလိုပေါက်၊ ထီးနန်းဆောက်ခဲ့တဲ့

ရှေးဟောင်းအမွေ၊ ပုဂံမြေဆိုတာရှိတယ် …။

အဲဒီနိုင်ငံမှာ

ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား

ငယ်သူကိုသနား၊ စကားပုံများနဲ့

လူသားတွေကိုဆုံးမ၊ စာချနေကြတဲ့

ဦးပြည်းကတုံး၊ ဘုန်းဘုန်းတွေနဲ့

ကမ္ဘာမှာထင်ပေါ်၊ လယ်တီအကျော်မော်လို

ဆရာတော်တွေထက်၊ ရဟန္တာတွေထွက်

စိတ်အစဉ်မှာအေးချမ်း၊ ကမ္မဋ္ဌာန်းတရားတွေ

ဖြန့်ဝေနေတဲ့၊ တရားတောစခန်းဆိုတာရှိတယ် …။

အဲဒီနိုင်ငံမှာ

ရာသီသုံးလီ၊ ၀န်းကာစီလှည့်

နေမြင်လမြင်၊ ကြယ်တာရာရွှင်တဲ့

တောတောင်တွေထင်ရှား၊ ကျွန်းသစ်ပေါများတဲ့

သဘာဝရှုခင်း၊ လှည့်ပတ်လို့မပျင်းစေတဲ့

ပျော်စရာအခင်းအကျင်းနဲ့၊ ဝင်းပတဲ့မြေ

အပမ်းဖြေစရာ၊ ကမ်းခြေကမ္ဘာနဲ့

သီးနှံတွေအစုံပေါက်၊ ဘုန်းတောက်တဲ့မြေ

ရာသီမရွေးသာယာ၊ လှပတဲ့နေရာဆိုတာရှိတယ်လေ …။

အဲဒီနိုင်ငံမှာ

ပတ္တမြားဘုန်းတောက်၊ မြကျောက်အေးချမ်း

စိန်စွမ်းဂုဏ်ရောင်၊ တပြောင်ပြောင်နဲ့

န၀ရတ်ကိုးပါး၊ ရတနာများ

ရေနံသဘာဝ၊ အလွန်ပြည့်ဝတဲ့

သတ္ဃုတွေပေါ၊ ရွှေဆိုတာမရော

စင်စစ်သယံဇာတ၊ ပေါများလှတဲ့

မြေအောက်မြေပေါ်၊ တန်ဖိုးတွေခေါ်နေတဲ့

အရင်းအမြစ်ပေါများ၊ ကျော်ကြားတဲ့နေရာများဆိုတာရှိတယ်လေ …။

အဲဒီနိုင်ငံမှာ

မရှိလည်းပြုံး၊ ရှိလည်းပြုံးတဲ့

အလွန်ဖော်ရွေ၊ ရက်ရောလေတဲ့

မြန်မာလို့ခေါ်၊ လူမျိုးကျော်တွေနဲ့

ယိုင်းပင်းကူညီ၊ တက်ညီလက်ညီ

ဆွေမျိုးမောင်နှမ၊ အလွန်ချစ်ကြ

ပစ်မခွာခွဲမရက်၊ သေအတူရှင်ဖက်

အတူတူတွဲပျော်၊ လက်တွဲဖော်ကိုမင်တဲ့

ဧည့်သည်ကိုအိမ်ဦးထား၊ ကိုရွြှေ့မန်မာများဆိုတာရှိတယ်လေ…။

အဲဒီနိုင်ငံမှာ

တိုင်းပြည်ကကျော်ကြား၊ ရွှေငွေကပေါများ

တံခါးပိတ်စားတောင်၊ မကုန်ခမ်းအောင်များပြား

ပြည်ကြီးရဲ့တန်ဖိုးအား၊ ရတနာများကို

အာဏာနဲ့အတင်းလု၊ မင်းပြုကာရက်စက်

ပြည်သူတွေငတ်အောင်၊တမင်သက်သက်ကြံ

အရည်အချင်းမရှိ၊ အရှက်ဆိုတာနတ္ဃိနဲ့

သူ့ဆွေမျိုးတစုမျှ၊ ကောင်းကျိုးရချမ်းသာကြအောင်

လူတွေကိုသတ်၊ ရက်စက်တဲ့ န.အ.ဖဆိုတာရှိတယ်လေ…။

အဲဒီနိုင်ငံမှာ

မိသားစုကိုခွဲခွာ၊ စွန့်စားကာလာတဲ့

ပြည်သူကိုချစ်လှ၊ နိုဘယ်လ်ဆုရတဲ့

နေအိမ်မှာအကျဉ်းကျ၊ အထီးကျန်လှတဲ့

မျှတမှုအတွက်စတေး၊ အလျှော့မပေးတဲ့

အာဇာနည်မိန်းမ၊ လှပပနဲ့ 

နံရံထုကြီးမား၊ ပိတ်ကာထားတဲ့

အခန်းကျဉ်းလေး၊ ထောင့်လေးတွေမှာ

လွတ်လပ်မှုမျှော်ကာ၊ ငေးမောနေရှာတဲ့

ထောင်တွင်းအကျဉ်းကျ၊ ဘ၀စတေးနေရတဲ့

ပြည်ချစ်သူရဲကောင်း၊ လူစွမ်းကောင်းများဆိုတာရှိတယ်လေ…။

အဲဒီနိုင်ငံမှာ

မျိုးဆက်သစ်တွေပျိုးထောင်၊ လူ့ ဘောင်ထဲမှာ

နိုင်ငံရေးဆိုတဲ့၊ ခေါင်းစဉ်ကိုရှောင်ကာ

လုပ်ပေးနေရှာတဲ့၊ အတွေးခေါ်ရှေ့ ဆောင်များ

တချိန်ကထောင်တွင်း၊ သက်ဆင်းခဲ့ရတဲ့

အခြေအနေအရ၊ ထောင်မကျရအောင်

နအဖညှို့ကွင်း၊ မသက်ဆင်းရစေရန်

ရည်သန်ကာကြိုးစား၊ လုပ်အားပေးနေရှာတဲ့

နိုင်ငံကို သူတို့လက်၊ ခုနစ်ရက်အပ်မယ်ဆိုရင်

ကမ္ဘာကိုရင်ပေါင်တန်း၊ အောင်ပန်းယူနိုင်တဲ့လူတွေဆိုတာရှိတယ်လေ…။

အဲဒီနိုင်ငံမှာ

ထမင်းတလုပ်၊ ကားစုတ်တစ်စီး

လက်ဝယ်နီးဖို့၊ ကြိုးပမ်းရက်စက်

ဥာဏ်မရှိလူ့ဗာလ၊ ငတုံး ငအ တွေနဲ့

ဖွဲ့စည်းတည်ထောင်၊ ထမင်းရှင်ကိုရန်စောင်

ပြည်သူကိုပြန်ဟောင်တဲ့၊ ခွေးတမျှအတွေးဖန်

လူမဆန်တဲ့သူများ၊ ကျွန်တမျှအလား

လက်နက်အားကိုး၊ စစ်တပ်ဆိုးနဲ့

အသားထဲကလောက်ထွက်၊စကောလောက်စောက်မနက်တဲ့လူတွေဆိုတာရှိတယ်လေ…။

ဟေ့ …. တိုက်တွန်းလိုက်မယ်

တခေါက်လောက်သွားရောက်

ကြည့်ရှုလို့အားပေး

ဆွေးနွေးစေချင်

စီးပွားရေးပိတ်ဆို့တဲ့မူဝါဒ

စစ်အုပ်စုကိုမျှထိသင့်တယ်

ပြည်သူတွေကိုတကယ်ချစ်တယ်ဆိုရင်လေ

မင်းမယုံရင်ပြေးသာကြည့်

တွေးကာလည်းပဲသိနိုင်တယ်……………….။ ။

အရှင်ရေ၀တ(ရွှေဝါရောင် )

(ဆက်ဖတ်ရန်.......)

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမ၀င်နိုင်ရန် ဖန်တီးမှုများဖြစ်ပေါ်

နှောင်းလှိုင်/ သြဂုတ် ၂၂၊၂၀၀၉

မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ ထပ်မံချမှတ်မှု ခံလိုက်ရခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် မရှိအောင် စစ်အစိုးရမှ တမင်တကာ ဖန်တီးလိုက်ခြင်း ဖြစ်သည်ဟု တိုင်းရင်းသားလူမျိုးများ ကောင်စီ (အီးအဲန်စီ)ကဆိုပါသည်။

ရွေးကောက်ပွဲမတိုင်မှီ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ ဖမ်းဆီးထိမ်းသိမ်းခြင်း ခံထားကြရသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွတ်ပေးဖို့ နိုင်ငံတကာက ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်နေသည့် အချိန်၌ စစ်အစိုးရမှ ဒေါ်စုအားယခုလို နေအိမ်အကျယ်ချုပ် ထပ်မံချမှတ်လိုက်ပါသည်။

“ဒါကတော့ မရဘူးထင်တယ် အမေရိကန် အထက်လွတ်တော် ဆောင်ရွက်လို့ မရဘူး ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က နအဖကနေပြီးတော့ ရွေးကောက်ပွဲ မဝင်နိုင်အောင်လုပ်တယ် အဲဒါကြောင့်” ဟု အီးအဲန်စီဥက္ကဌ ခူထဲဘူးဖဲကပြောပါသည်။

“အစပိုင်းကတည်းက ကြည့်မယ်ဆိုရင် ဒီအမှုက လုပ်ကြံမှုတခုလို့ အများအားဖြင့်ကမြင်ကြတယ် ဒီလိုမျိုး အနေနဲ့ က ယက်တော လွတ်သွားတယ် ဆိုတဲ့နေရာမှာ သိပ်ပြီးတော့ သံသယ ရှိဖို့တော့ မလိုဘူးပေါ့ ဒါသူတို့ လုပ်ကြံ အမှု တခု”ဟု ရှမ်းပြည်တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းကပြောသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ စစ်အစိုးရအပေါ် အရေးယူထားသည့် စီးပွားရေးပိတ်ဆို့မှု လုပ်လာသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အောင်မြင်မှု မရှိခဲ့သလို စစ်အစိုးရကို တပိုင်းတစသာ ထိခိုက်သည်။

“အရာရှိကြီးတွေ အပိုင်း တော့ သူတို့ အတွက်ကတော့ သူတို့ ရှိတာပေါ့နော် ဒါမဲ့ ပြည်သူတွေပဲ ဒုက္ခရောက် နေတာပေါ့ နအဖက ပြည်သူတွေရဲ့ အကျိုးစီးပွားကို အလေးမထားခဲ့ဘူး ” ဟု စိုင်းဆိုင်မိဏ်း က ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ပြည်သူများနှင့်အတူ တိုင်းရင်းသားအဖွဲ့အစည်းများလည်း အဖက်ဖက် ပူးပေါင်းခဲ့ပါသည်။ သို့သော် ယခုလက်ရှိအချိန်တွင် စစ်အစိုးရမှ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် တိုင်းရင်းသားအဖွဲ့များမှ လက်မခံပဲ ပြန်လည်တိုက်ခိုက်ရန် စီစဉ်နေသည့်အတွက် ဒေါ်စုအား လွတ်မြောက်ရန် အလားအလာနည်းသည်ဟု ခူထဲဘူးဖဲကပြောသည်။

မြန်မာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပြီးခဲ့သည့် မေလ ၄ ရက်နေ့က အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဝင်ရောက်လာခြင်းကြောင့် စစ်အစိုးရက နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲနှင့် ဆိုင်းငံ့ပြစ်ဒဏ် ၁နှစ်ခွဲ ချထားခြင်းဖြစ်သည်။ ယက်တောအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကာ ထောင်ဒဏ်မှ ကင်းလွတ်ရန် အမေရိကန်အထက်လွတ်တော် မစ္စတာ ဂျင်မ်ဝက်ဘ် အနေဖြင့် ဆောင်ရွက်ပေးသည့်အတွက် မြန်မာနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခဲ့သည်။ (ကေတီတိုင်း)


(ဆက်ဖတ်ရန်.......)

Friday 21 August 2009

ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံ တင်သွင်းမည်

မြင့်မောင်
ကြာသပတေးနေ့၊ သြဂုတ်လ 20 ရက် 2009 ခုနှစ် 20 နာရီ 55 မိနစ်


အင်းစိန်ထောင်တွင်း မြောက်ပိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ ဥပဒေနှင့် မကိုက်ညီဟုဆိုကာ သူမ၏ ရှေ့နေများက အယူခံ ဝင်သွားမည် ဖြစ်သည်။

တရားဝင် ရပ်ဆိုင်းပြီး ဥပဒေဖြင့် တရားစွဲဆို ပြစ်ဒဏ်ချခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးတွင် လာမည့် တပတ်အတွင်း အယူခံတင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်ဖို့ ပြောပါတယ်။ အယူခံကို ရေးနေတုန်း ရှိပါသေးတယ်။ ပြီးတာနဲ့ ဒေါ်စုကို ပြမယ်။ ပြပြီးတာနဲ့ အတည်ပြုချက်ရရင် တိုင်းတရားသူကြီးရုံးကို တင်မှာပါ။ လာမယ့် အပတ်ထဲမှာ တင်ဖို့ လုပ်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်ပုံ အခြေခံဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်အရ ထောင်ဒဏ်ကို ၁၈ လသို့ လျှော့ပေါ့ကာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကန့်သတ်စည်းကမ်းများဖြင့် သူမ၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မဝင်းမမနှင့်အတူ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ပြန်လည် ထိန်းသိမ်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ တွင် ဖော်ပြထားသည်မှာ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရပ်ဆိုင်းသွားခဲ့ကြောင်း ဖော်ပြထားသည့်အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုးပြီး ကြေညာခဲ့သဖြင့် ထိုဥပဒေသည် ယခုအခါ ပျက်ပြယ်ပြီးကြောင်း ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုတွင် အဓိက ပြစ်မှုကျူးလွန်ခဲ့သည့် ဂျွန်ယက်တောသည် ထောင်တွင်း တရားခွင်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သော်လည်း စစ်အစိုးရက နေရပ်ရင်း အမေရိကန်နိုင်ငံသို့ ပြန်ပို့ခဲ့ပြီး ဖြစ်သည်။(မဇ္ဈိမ)

Type the rest of your post here.

(ဆက်ဖတ်ရန်.......)

Thursday 20 August 2009

မလေးရှား အချုပ်မှ မြန်မာတချို့ UNHCR အကူဖြင့် လွတ်

Thursday, 20 August 2009 16:21 ကိုထွေး

မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် Kuala Lumpur International Airport (KLIA) အနီးရှိ ထိန်းသိမ်းရေး စခန်းမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၈၀ ခန့်သည် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံးUNHCR ၏ အကူအညီဖြင့် အင်္ဂါနေ့က လွတ်မြောက်လာကြောင်း သိရသည်။

ယင်းစခန်းမှ လွတ်မြောက်လာသူ ကိုရာမန်က “ကျနော်ကတော့ အင်္ဂါနေ့က လွတ်လာတာ၊ ကျနော်နဲ့ ၈၁ ယောက်မှာ ၁ ယောက်က စာရွက်စာတမ်းကြောင့် ကျန်ခဲ့ရတယ်၊ မနေ့ကလည်း ၈၀ ထပ်ထုတ်လာတယ်၊ ကျနော်တို့ကို UNHCR က လာထုတ်တာ၊ ၂၄၀ လောက်လာထုတ်မယ်လို့ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

UNHCR ပြောခွင့်ရ ယန်တီ အစ္စမေးလ်(Yante Ismail) က လွန်ခဲ့သော ၂ရက်ခန့်က KLIA ထိန်းသိမ်းရေးစခန်းမှ အထိန်းသိမ်းခံ လူ ၈၀ လွတ်မြောက်သွားသည်မှာ မှန်ကန်ကြောင်း ပြောကြားသည်။

ယင်းစခန်းအတွင်း ကျခံနေသူတဦးက “အတိအကျတော့မသိဘူး၊ ၈၀ကျော်တာတော့ သေချာတယ်၊ နောက်ရက် လည်း လာထုတ်မယ်လို့ကြားတယ်၊ ဒါပေမယ့် ကျန်တဲ့လူကလည်းကျန်နေတယ်၊ ပြောသံ ကြားတာက ၂၀၀၉ ထဲမှာ အကုန်ထုတ်ပေးမယ်လို့ တော့ကြားတာပဲ” ဟုပြောသည်။

လွန်ခဲ့သော ရက်ပိုင်းကလည်း ယင်း စခန်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈ ဦး ထွက်ပြေးခဲ့ရာ ၂၂ ဦး လွတ်မြောက်သွားပြီး ၆ ဦးကို ပြန်လည် ဖမ်းဆီးရမိကြောင်း၊ အဆိုပါ ၆ဦးမှာ ယခုအခါတွင် မလေးရှား အာဏာပိုင်များက ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်နေသည့် အတွက် စိုးရိမ်မိကြောင်း ၎င်းက ဆိုသည်။

ယခင်က စခန်းတွင် စုစုပေါင်း မြန်မာ အလုပ်သမား ၇၀၀ ခန့် ရှိကြောင်း သိရသည်။ ၎င်းတို့သည် လွန်ခဲ့သည့် ဇူလိုင်လ ဆန်းပိုင်းတွင် Kajang မြို့နယ်၊ Semenyih အရပ် လူဝင်မှုကြီးကြပ်ရေး ဌာန (လဝက) အချုပ်ခန်းမှ အာဏာပိုင် များက နေရာသစ် သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

တနလာင်္နေ့ထုတ် ဘန်ကောက်ပို့သတင်းစာတွင်လည်း မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများတွင် ဖမ်းဆီးခံထား ရသော နိုင်ငံခြားသား ၇၀၀၀ ခန့်ရှိရာ မြန်မာနိုင်ငံသား ၂၈၀၀ ခန့် ပါဝင်နေသည်ဟု ဖော်ပြထားသည်။

အဆိုပါ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံ ထားရသူများအတွက် အိပ်ရာ နေရာအလုံအလောက်မရှိသကဲ့သို့ ဖိနှိပ်တင်းကျပ်မှုများပြုလုပ်ခံရကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။

၂၀၀၉ ခုနှစ် ဇန်န၀ါရီလ၌် ထိန်းသိမ်းရေးစခန်းများတွင် မြန်မာလူမျိုး ၁၂၀၀ သာရှိခဲ့သော်လည်း ယခုအခါ ၂၈၀၀ အထိ များပြားလာခြင်းမှာ မြန်မာနိုင်ငံတွင် စီးပွားရေး ကျဆင်းမှုကြောင့် ထိုင်းနယ်စပ်မှ တဆင့် မလေးရှား နိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

၂ဝဝ၅ ခုနှစ်မှ စတင်ပြီး မလေးရှားအစိုးရက RELA တပ်ဖွဲ့ဝင်များအား လဝက အချုပ်ခန်းများကို ကွပ်ကဲရန်၊ တ ရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးရန် တရားဝင် လုပ်ပိုင်ခွင့်ပေးထားကြောင်း သတင်းဖော် ပြချက်များ အရ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံ ခြားသား မုန်းတီးမှုလည်း အလွန်များကြောင်း၊ ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာ များစွာ ဖြစ်ပေါ်နေကြောင်း လည်း ကြားသိရသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

စစ်ကိုင်းပြတ်ရွေ့ ငလျင်လမ်းကြောင်းမြေပုံ အပြီးသတ် ရေးဆွဲနေ

မေကျော်
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 19 ရက် 2009 ခုနှစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ဆက်စပ်နေသည့် မြို့ရွာများ၏ ငလျင် ဖြစ်နိုင်ခြေ အသေးစိတ် မြေပုံကို လာမည့်လအတွင်း အပြီးသတ် ရေးဆွဲသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့ ပူးပေါင်းဖွဲ့စည်းထားသည့် ငလျင်ကော်မတီက စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ဆက်စပ်နေသည့် မြို့ရွာများ၏ အသေးစိတ် ငလျင်ဇုန်မြေပုံကို ဖော်ထုတ်ရေးဆွဲနေကြခြင်း ဖြစ်သည်။

“မပြီးသေးပါဘူး။ ပြီးခါနီးပါပြီ။ ပြီးသလောက်တော့ ရှိနေပါပြီ။ အပြီးသတ်ရေးဆွဲနေတာပါ။ NGO (အစိုးရမဟုတ်သော အဖွဲ့) တချို့နဲ့ ပူးပေါင်းလုပ်နေတာပါ” ဟု ယင်းကော်မတီနှင့် နီးစပ်သူက ဆိုသည်။

စစ်ကိုင်းပြတ်ရွေ့ကြော လမ်းကြောင်းအတွင်း ပါဝင်သည့် စစ်ကိုင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့် မြို့ကြီးများ၏ အသေးစိတ် ငလျင်ဇုန်ပြ မြေပုံများ ပါဝင်မည်။

ယခု နောက်ဆုံး မြေပုံရေးဆွဲသည့် အဆင့်တွင် အာဏာပိုင်များ လက်ခံလာရေးနှင့် အများပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ ပညာရှင်များက ကြိုးစားနေကြသည်။

“ပြည်သူတွေ၊ ဌာနဆိုင်ရာတွေလည်း သိအောင် နည်းမျိုးစုံနဲ့ ချဉ်းကပ်လုပ်ဆောင်နေတယ်။ ဘာပဲဖြစ်ဖြစ် သဘာဝဘေးအန္တရာယ် ကာကွယ်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်” ဟု ငလျင်ကော်မတီနှင့် နီးစပ်သူက ဆိုသည်။

အိန္ဒိယ မြေထုချပ်က မြန်မာပြည် မြေထုချပ်အောက် တနှစ်လျှင် ၄ စင်တီမီတာမှ ၆ စင်တီမီတာအထိ ငုပ်လျှိုးဝင်နေပြီး ကပ္ပလီပင်လယ်ရှိ ဖြန့်ကြက်ဗဟိုတခုက မြန်မာ့မြေထုချပ် မြောက်ဘက်သို့ ပျမ်းမျှအားဖြင့် တနှစ်လျှင် ၂ ဒဿမ ၅ မှ ၃ စင်တီမီတာနှုန်းနှင့် ရွေ့လျားနေသည်ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း နာယက ဒေါက်တာ မောင်သိမ်းက ၂၀၀၈ ခုနှစ်က ပြည်တွင်းဂျာနယ် 24/ 7 သို့ ပြောကြားထားသည်။

ယင်းဖြစ်ရပ်ကြောင့် စစ်ကိုင်းပြတ်ရွေ့နှင့် ဆက်စပ်ပြတ်ရွေ့များ ဖြစ်ပေါ်ပြီး၊ ငလျင် ဖြစ်ပေါ်စေနိုင်ကြောင်း ဒေါက်တာ မောင်သိမ်းက ပြောကြားခဲ့သည်။

ငလျင်ကော်မတီ အဖွဲ့ဝင်များကမူ သတင်းထုတ်ပြန်ပါက အာဏာပိုင်များနှင့် နားလည်မှု လွဲမှားပြီး၊ လုပ်ငန်း ထိခိုက်မည်ကို စိုးရိမ်နေကြကာ မြေပုံရေးဆွဲခြင်း လုပ်ငန်းများ အဆုံးမသတ်မီ သတင်းထုတ်ပြန်ရန် ဆိုင်းငံ့ထားဦးမည်ဟု ဆိုသည်။

“ပညာရှင်အဖွဲ့ဖြစ်တဲ့အတွက် အရမ်းကို ဂရုစိုက်ပြီး၊ တလှမ်းချင်း လှမ်းပြီး ဆောင်ရွက်နေပါတယ်။ အရမ်း သတိထားနေရပါတယ်။ တခါတလေ မလိုလားအပ်တဲ့ ဖြေရှင်းမှုတွေ လုပ်နေရတယ်။ ဒါတွေက အရေးကြီးဆုံး ပွိုင့်ကို ရောက်နေပြီးဖြစ်တဲ့အတွက် တခုခု နားလည်မှု လွဲသွားရင် ရှင်းရတာခက်လို့ပါ ”ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ငလျင်ကော်မတီဝင်တဦးက ပြောကြားသည်။

စစ်အစိုးရက တနာရီလျှင် မိုင် ၁၂၀ ကျော် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း သတိပေးချက်ကိုပင် မထုတ်ပြန်ခဲ့ဘဲ ထိန်ချန်ထားရာ ယခု စစ်ကိုင်း ပြတ်ရွေ့ကြောနှင့် ဆက်စပ်ငလျင် အသိပေးချက်ကို ပြည်သူသို့ ထုတ်ပြန်ခွင့် ပေးရန် မသေချာသေးခြင်း ဖြစ်သည်။

(ဆက်ဖတ်ရန်.......)

Wednesday 19 August 2009

ချင်းပြည်နယ်တွင် စစ်သင်တန်းတက်ရန် လူစုဆောင်းနေ

Wednesday, 19 August 2009 ။ဇာနည်မာန်

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ ကျေးရွာများတွင် ဒေသလုံခြုံရေး အတွက်ဆိုကာ ကျေးရွာလူထုကို စစ်သင်တန်းတက်ရန် ရယက ဥက္ကဌများမှတဆင့် နယ်မြေခံ တပ်ရင်းမှ လူသူစုဆောင်း နေသည်ဟု သိရသည်။

မတူပီမြို့နယ်တွင်းမှ ရွာများဖြစ်သည့် လေဆင်း၊ ၀ါလန်ပီ၊ ၀ါလန်တဲ၊ လာလွီး၊ တွီဘွေး၊ ကိုလား၊ တာဒိုး၊ စန်တပ် နှင့် ဗန်ကိုင်ရွာများမှ စုစုပေါင်း လူငယ် ၇၀ ခန့်ကို သင်တန်း မတက်မနေရ တက်ရောက်ရန်၊ စာရင်းတွင် ထည့်သွင်းထား၍ သင်တန်းအတွက် အသင့်ပြင်ဆင်ထားရန် မှာကြားထားသည်ဟုဒေသခံများက ဆိုသည်။

“နယ်မြေခံတပ်ရင်း (၃၀၄) ဒုတပ်ရင်းမှူး ဇော်မြင့်ဦးရဲ့အမိန့်နဲ့ပေါ့ဗျာ။ မတက်မနေရ အတင်းလုပ်တာပေါ့။ အသက် ၁၈ နှစ်အထက်အကုန်တက်ရမယ်ပြောတယ်။ လောလောဆယ်တော့ အဲဒီလူတွေရဲ့ ကိုယ်ရေး ရာဇ၀င်တွေကောက်သွားပြီ။ ဘယ်နေ့တော့တက်ရမယ်၊ ဘယ်လိုဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံတဦးက ဧရာဝတီကိုပြောသည်။

အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း အဆိုပါ စစ်သင်တန်းကို မဖြစ်မနေတက်ရမည်ဟု နယ်မြေခံတပ်ရင်း၏ သြဂုတ် ၇ ရက်နေ့စွဲပါ ထုတ်ပြန်စာတွင်ပါရှိပြီး သက်ဆိုင်ရာ ကျေးရွာ ရယက များမှ လူစာရင်းများလာရောက် ကောက်ယူသွားခြင်းဖြစ်သည်။

ယမန်နှစ်ကလည်း ချင်းပြည်နယ်အတွင်း လယ်ယာများတွင် ကြွက်များ ဝင်ရောက်ဖျက်ဆီးသောကြောင့် သီးနှံများ ပျက်ဆီးကာ ဒေသခံအများစု အငတ်ဘေးပြဿနာနှင့် ရင်ဆိုင်ခဲ့ကြရသည်။

“ဒီဘက်တွေမှာက ၁၈ နှစ် ၀န်းကျင်ကလေးတွေဆို ၀မ်းစာအတွက် အလုပ်လုပ်နေကြရပြီ၊ သူတို့က ဘယ်လိုမှကို မတက်ချင်တာ။ အခုအချိန်က တောင်ယာ လုပ်နေတဲ့အချိန်မို့လိုပါ။ ဒီကြားထဲ လုပ်အားပေး ကလည်း တပတ်ကို ၃ ရက်လောက်က သွားရသေးတယ်။ တဘက်ကလည်း စားဝတ်နေရေးက ရှိနေတော့ အလုပ်ဖျက်ပြီး မသွားချင်ကြဘူးဖြစ်နေတယ်” ဟု ဒေသခံက ဆက်ပြောသည်။

အဆိုပါ စစ်သင်တန်းအတွက် ရွာတရွာလျှင် အနည်းဆုံး ၅ ဦးမှ ၇ ဦးအထိ ပါဝင်ရမည် ဖြစ်ပြီး သင်တန်းပြီးသွားပါက စစ်တပ်တွင် တာဝန်ထမ်းဆောင်ရမည်ကို ဒေသခံများက စိုးရွံ့နေကြသည်။

အိန္ဒိယ - မြန်မာနယ်စပ်မှ နယ်ခြားစောင့်တပ်များ လေးလတကြိမ် နေရာပြောင်းရွှေ့သည့်အခါတိုင်း နယ်မြေခံ ကျေးရွာလူထုမှ စခန်းဆောက်ခြင်း၊ ပစ္စည်းနှင့် ရိက္ခာများသယ်ယူခြင်းတို့တွင် လုပ်အားပေးအဖြစ် မဖြစ်မနေ လိုက်လံလုပ်ဆောင်ပေးကြရသည်။ ထို့အတွက် ရွာတိုင်းတွင် ရွာသား ၂ ဦးမှ ၃ ဦးအထိ အဆင်သင့် ထားပေးနေရသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

Tuesday 18 August 2009

ဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီးမှုအပေါ် စစ်သံရုံးရှေ၌ ကန့်ကွက် ဆန္ဒပြသပွဲ



တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံတိုင်းရင်းသားများနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲတို့ပူးပေါင်းပြီး ၁၆ရက်၊သြဂုတ်၊၂၀၀၉ ကိုရီးယားနိုင်ငံရှိ စစ်သံရုံးရှေ့ နံနက်၁၁နာရီမှနေ့လည်၁၂နာရီအထိဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်း သားများအမြန်ဆုံးလွတ်ပေးရန်တောင်းဆိုကြောင်းသတင်းရရှိသည်။

ထိုဆန္ဒပြပွဲကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲမှဦးဆောင်ပြီး ချင်းတိုင်းရင်းသားအဖွဲ့အစည်း-ကိုရီးယား(CNC-Korea)၊ကရင်လူငယ်အစည်းအရုံး-ကိုရီးယားဌာနခွဲ (KYO-Korea Branch)၊ကူကီးဒီမိုကရက်တစ်ကျောင်းသားတပ်ဦး(KSDF)၊အဖွဲ့အစည်းများနှင့်အခြား အဖွဲ့အစည်းများလည်း တက်ရောက်ကြောင်းသိရသည်။

၎င်းအဖွဲ့အစည်းများမှဒေါ်အောင်ဆန်းစုကြည် မတရားပြစ်ဒဏ်ချမှုအပေါ် နအဖစစ်အစိုးရကို ပြင်းထန်သောထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ကြောင်း သတင်းရသည်။

(ဆက်ဖတ်ရန်.......)

Friday 14 August 2009

ချင်းတိုင်းရင်းသားအဖွဲ့အစည်း-ကိုရီးယား ထုတ်ပြန်ကြေငြာချက်

CNC Korea,Statement

Type the rest of your post here.

(ဆက်ဖတ်ရန်.......)

8888 Burma's Uprising 21st Anniversary

Protesters worldwide rally for Burma's uprising anniversary

(ဆက်ဖတ်ရန်.......)

အင်နာဂျက်ဆင်ဆေးဝါးအတုများ ဈေးကွက်တွင်တွေ့ရှိ

Fri 14 Aug 2009, IMNA, ကွန်းချမ်း

အင်နာဂျက်ဆင်ဆေးဝါးအတုများကို ဈေးကွက်အတွင်း ရောင်းချမှုများရှိ နေပြီး ၄င်းဆေးဝါးများကို သောက်သုံးမိ ပါက လူ၏ခန္ဓာကိုယ်အတွင်း သွေး ယိုစီးမှုဖြစ်ပေါ်စေကြောင်း မြန်မာနိုင်ငံ ဆေးဝါးစက်ရုံဘီပီအိုင်မှ လက် ထောက်စက်ရုံမှူး ဒေါက်တာအောင်ဇော်မှ အသိပေးပြောကြားခဲ့သည်။

အင်နာဂျက်ဆင်ဆေးဝါးထုတ်လုပ်မှုကို မြန်မာနိုင်ငံဆေးဝါးစက်ရုံဘီပီအိုင်မှ ၂၀၀၃ ခုနှစ်ကတည်းက ထုတ်လုပ်မှုကို ရပ်နားထားခဲ့သည်။

ဘီပီအိုင်ဆေးဝါးစက်ရုံမှ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွယ်ကဲမှုဌာန (FDA) ၏တားမြစ်ချက်ဖြင့် ဒီဆေးထုတ်လုပ်မှုကို ရပ်ထားခြင်းဖြစ်ပြီး အင် နာဂျက်ဆင်ဆိုရင် မည်သည့်နိုင်ငံမှ သွင်းသွင်း သောက်သုံးရန် မသင့် ကြောင်း ဒေါက်တာအောင်ဇော်က ရှင်းပြထားသည်။
“အင်နာဂျက်ဆင်ဆေးဝါးအတုကို MPF တံဆိပ်အတုတွေနဲ့ မန္တလေးဘက် မှာ တွေ့နေရတယ်၊ ဆေးပြားမှာ အစက်အပြောက်ပါပြီး အစစ်ထက် ပါး လွှတာကိုတွေ့ရတယ်။ ဆေးကိုစစ်ဆေးကြည့်ရင် ပါရာစီတမော ၈၀ ရာခိုင် နှုန်းပါဝင်တယ်။ ဆေးကို ရုတ်တရက်သောက်လိုက်ရင် အကိုက်အခဲ ပျောက်တယ်လို့ထင်ရပေမယ့် ဘေးထွက်ဆိုးကျိုးများတယ်” ဟု ဒေါက် တာအောင်ဇော်က ပြောသည်။

အင်နာဂျက်ဆင်ဆေးဝါးကို အကိုက်အခဲပျောက်ဆေးအဖြစ်သုံးခဲ့သော်လည်း ၄င်းဆေးတွင် ပါဝင်သည့် အာနိသင် Dipyrone 500mg ကဘေးထွက်ဆိုးကျိုးအနေဖြင့် အစာအိမ် သွေးယိုးစီမှုမှ လူခန္ဓာကိုယ် သွေးယိုးစီးသည့်ရောဂါ၊ ကုသ၍မရနိုင်သည် အရိုးတွင်းချဉ်ဆီ ခမ်းခြောက်မှုရောဂါတွေ ဖြစ်ပေါ်စေနိုင်သည့်အတွက် ဗ ဟိုအစားအသောက်နှင့် ဆေးဝါးကွယ်ကဲမှုဌာန (FDA) မှ ၂၀၀၃ ခုနှစ် ကတည်းက ထုတ်လုပ်မှုကို ပိတ်ပင်ထားခြင်းဖြစ်သည်။

ရန်ကုန်မြို့ပေါ်ရှိ ဆရာဝန်တစ်ဦး၏ ပြောကြားချက်အရ “အင်နာဂျက်ဆင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုး မသိသေးတဲ့အတွက် အခုချိန်ထိတော့ ဆေးဆိုင် မှာအလွယ်တကူ ဝယ်ယူသုံးစွဲနေတုံးပါပဲ၊ အင်နာဂျက်ဆင်ဆိုရင် ထိုးဆေး ရော သောက်ဆေးပါ မသောက်သုံးသင့်တော့” ဟု ပြောသည်။

အင်နာဂျက်ဆင်ဆေးအတုတွေကို FDA ဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာ နတို့မှ သိမ်းဆည်းအရေးယူမှုများ ပြုလုပ်လျက်ရှိပြီး ယခုအချိန်ထိ လူအ များစုက မသိရှိကြဘဲ အကိုက်ခဲပျောက်ဆေး၊ ထိုးဆေးအဖြစ် သုံးစွဲနေကြ သည်။

ယခုလအနည်းငယ်အတွင်း ဆက်တိုက်ဆိုသလို ပြည်တွင်းထုတ်ကုန်များမှ လက်ဖက်ဆိုးဆေး၊ ငါးပိဆိုးဆေးများတွင် ဆန့်ကျင်ဓါတ်ပေါင်းပါဝင်နေ ကြောင်း သိရသည်။ ပြည်ပသွင်းကုန်ဟု ပြောနိုင်မည့် နယ်စပ်ဖြတ် ကျော်ကြက်ဥအတုများကို တရုတ်နိုင်ငံနယ်စပ်မှ ဝင်ရောက်လာကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မန္တလေးမှ စတင်တွေ့ရှိတဲ့ အင်နာ ဂျက်ဆင်ကို တရုတ်နိုင်ငံက တင်သွင်းလာသည်ဟု ပြည်သူများက ယူဆနေကြသည်။(မွန်သတင်း)

(ဆက်ဖတ်ရန်.......)

Thursday 13 August 2009

ရှစ်လေးလုံး စိတ်ဓာတ်ကို လက်ဆင့်ကမ်း ဒီမိုကရေစီအောင်ပန်း ဆွတ်ကြစို့

NEJ / ၇ သြဂုတ် ၂၀၀၉

မြန်မာပြည်သူလူထု လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လိုက်ပါချီတက်ဆန္ဒပြခဲ့ကြသည့် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ သြဂုတ်လ (၈) ရက်နေ့ဆိုလျှင် (၂၁) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးသည် မြန်မာ့သမိုင်းတွင် ပေါ်ပေါက်ခဲ့သည့် လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှု အရေးတော်ပုံများအနက် အကြီးမားအကျယ်ပြန့်ဆုံးနှင့် အထင်ရှားဆုံး အရေးတော်ပုံကြီးဖြစ်လေသည်။

ထို့အပြင် ရှစ်လေးလုံးအရေးတော်ပုံသည် (၂၀) ရာစုနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သော ကမ္ဘာ့အနှံ့ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသည့် တိုက်ပွဲများအနက် အစောဆုံးဖြစ်ပွားခဲ့သည့် အရေးတော်ပုံကြီးဟုလည်း ပြော၍ရနိုင်ပေသည်။ ထိုအရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည့် ၁၉၈၈ ခုနှစ်က ကမ္ဘာတွင် စစ်အေးတိုက်ပွဲ မပြီးဆုံးသေးသလို ဆိုဗီယက်ပြည်ထောင်စုနှင့် အရှေ့ဥရောပနိုင်ငံများလည်း မပြိုကွဲသေးပေ။ အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှလွဲ၍ ကျန်နိုင်ငံများ၌ ဒီမိုကရေစီအလင်းရောင်ကို ထင်ထင်လင်းလင်း မမြင်ရသေးသည့် အချိန်အခါ ဖြစ်ပေသည်။

သို့သော် မြန်မာနိုင်ငံ၌ အစောဆုံးဖြစ်ပွားခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံကြီးသည် အောင်ပွဲရသည့်အနေအထားအထိ မရောက်ရှိခဲ့ဘဲ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တစစ်အုပ်စု) ၏ အာဏာသိမ်းယူခြင်းကို ခံရကာ မြန်မာပြည်သူပြည်သားများအနေဖြင့် အာဏာရှင်ဗိုလ်နေ၀င်းခေတ်ထက် ပို၍ဖိနှိပ်ရက်စက်သည့် ဖက်ဆစ်အာဏာရှင် အမှောင်တိုက်အတွင်းသို့ ထပ်မံသက်ဆင်းခဲ့ကြရလေသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီး (၂၁) နှစ်ပြည့်မြောက်ချိန်တွင် မြန်မာနိုင်ငံ၏နောက်မှ ဒီမိုကရေစီတိုက်ပွဲဖြစ်ပေါ်ခဲ့သည့် နိုင်ငံအတော်များများ ဒီမိုကရေစီစနစ်သို့ အောင်အောင်မြင်မြင် ကူးပြောင်းရောက်ရှိကုန်ကြပြီဖြစ်သလို ကမ္ဘာတွင်လည်း စစ်အေးတိုက်ပွဲ လဲပြိုခဲ့သည်မှာ ရာစုနှစ် နှစ်စုနီးပါး ရှိတော့မည်ဖြစ်သည်။ သို့သော် ဒီမိုကရေစီရရှိရေးအတွက် အစောဆုံး တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် မြန်မာပြည်သူလူထုသည်ကား (၂၁) နှစ်ကြာမြင့်ပြီဖြစ်သည့် ယနေ့အချိန်အထိ အာဏာရှင်စနစ်၏ ဖိနှိပ်ရက်စက်မှုအောက်တွင် ဆက်လက်တိုက်ပွဲဝင်နေရဆဲဖြစ်လေသည်။

ထိုသို့ဆက်လက်တိုက်ပွဲဝင်နေရသော်လည်း အရှုံးထဲက အမြတ်ဆိုသကဲ့သို့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအတွင်းမှ ထွက်ပေါ်လာသည့် အသီးအပွင့်များကို မြန်မာပြည်သူလူထု ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါသည်။ ရှစ်လေးလုံးအရေးတော်ပုံမတိုင်မီ မဆလခေတ်က ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုသည့် နိုင်ငံရေးအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်မရှိသလို ဖြစ်ပွားခဲ့သည့် တပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေးအရေးတော်ပုံများတွင် ဦးဆောင်ခဲ့သူများကိုလည်း အာဏာရှင်ဗိုလ်နေ၀င်း ဦးဆောင်သည့် မဆလအစိုးရက တောထဲသို့ မောင်းထုတ်ခဲ့သလို ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဆိုလျှင် ကြိုးပေးကွပ်မျက်သည်အထိ ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့လေသည်။

ထို့ကြောင့် ရှစ်လေးလုံးမတိုင်မီကာလတွင် ပြည်သူလူထုကို ကိုယ်စားပြုသည့် ခေါင်းဆောင်များ ထင်သာမြင်သာ မရှိခဲ့သော်လည်း ကျောင်းသားများ၏ ဦးဆောင်လှုံ့ဆော်မှုဖြင့် စတင်ဖြစ်ပွားခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း၌ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော လူထုခေါင်းဆောင်ကို မြန်မာပြည်သူတွေ ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ဦးခွန်ထွန်းဦး၊ ဦးပူကျင့်ရှင်းထန်၊ ဦးအေးသာအောင်၊ ဦးထောင်ခိုထန်း တို့ကဲ့သို့သော တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကိုလည်း မြန်မာပြည်သူတွေ ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟူသည့် ဦးဆောင်ပါတီတရပ်ကိုလည်း ရှစ်လေးလုံးအရေးတော်ပုံမှတဆင့် မွေးထုတ်ပေးနိုင်ခဲ့လေသည်။
ယနေ့ကာလတွင် ထိုရှစ်လေးလုံးအရေးတော်ပုံမှ ပေါက်ဖွားလာသည့် ခေါင်းဆောင်အသီးသီးက အဖမ်းအဆီး အနှိပ်အစက်ခံ၊ နှစ်ရှည်ထောင်ဒဏ်များကျခံပြီး လူထုရှေ့မှ မားမားမတ်မတ် ဦးဆောင်တိုက်ပွဲဝင်နေကြသကဲ့သို့ ရှစ်လေးလုံးအရေးတော်ပုံကြီး တွင် ပါဝင်ဆန္ဒပြခဲ့ကြသည့် ပြည်သူလူထုအနေဖြင့်လည်း ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲကာ ခေါင်းဆောင်များ နောက်မှ အဆက်မပြတ် ၀န်းရံတိုက်ပွဲဝင်ဖို့လိုသည်ဟု ထင်မြင်မိပါသည်။ ထို့အပြင် မိမိတို့၏ နောက်လာနောက်သား မျိုးဆက်သစ်များထံသို့လည်း ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်ကို လက်ဆင့်ကမ်းကာ ဒီမိုကရေစီအောင်ပန်း ဆွတ်လှမ်းနိုင် သည်အထိ ခေါင်းဆောင်များနှင့် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ကြပါစို့ဟု ခေတ်ပြိုင်က နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း…။

(ဆက်ဖတ်ရန်.......)

အမေရိကန် အထက်လွတ်တော်အမတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့မည်

NEJ / ၁၄ သြဂုတ် ၂၀၀၉

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်သည် ယနေ့မြန်မာနိုင်ငံသို့ ရောက်ရှိပြီးသည့်နောက်ပိုင်း မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရန်စီစဉ် ထားကြောင်း ၀ါရှင်တန် အေအန်အိုင် သတင်းတွင် ဖော်ပြသည်။

ယခုကဲ့သို့ မစ္စတာ ဂျင်ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါက လွန်ခဲ့သည့် (၁၀) နှစ်အတွင်း အမေရိကန် ထိပ်တန်းအရာရှိတဦးနှင့် မြန်မာစစ်အစိုးရ ထိပ်တန်းအရာရှိတို့ ပထမဆုံးတွေ့ဆုံခြင်းဖြစ်မည်ဟု မစ္စတာဝက်ဘ်၏ရုံးမှ ကြေညာချက်ထုတ်ပြန်သည်။

ဗာဂျီးနီးယားပြည်နယ်မှ ဒီမိုကရက်ပါတီ ဆီးနိတ်လွှတ်တော်အမတ်တဦးလည်းဖြစ်၊ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆီးနိတ်‌ ဆပ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာဝက်ဘ်သည် (၃) ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး စစ်အစိုးရထိပ်တန်းအရာရှိများနှင့်တွေ့ဆုံရန် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ကြောင်း ရန်ကုန် အမေရိကန်သံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ယနေ့ အမေရိကန်အထက်လွှတ်တော်အမတ် မြန်မာနိုင်ငံသို့ရောက်ရှိမည့်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၄) ဦးအား နေပြည်တော်မှ ဖိတ်ခေါ်ထားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

“အန်အယ်လ်ဒီက စီအီးစီ (၄) ယောက်ကို နေပြည်တော်ကို ဖိတ်ပါတယ်။ ဒီနေ့သွားမှာပါ၊ ဦးသန်းထွန်းရယ်၊ ဦးလှဖေရယ်၊ ဦးညွန့်ဝေရယ်၊ ဦးစိုးမြင့်ရယ်ပါ။ (၄) ယောက်စလုံး သွားမယ်၊ မသွားမယ်ဆိုတာတော့ မသိဘူး” ဟု အန်အယ်လ်ဒီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။

အမေရိကန်အထက်လွှတ်တော်အမတ် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် အန်အယ်လ်ဒီနှင့်တွေ့ဆုံရန် ရှိမရှိမေးမြန်းရာတွင် အကြောင်းကြားမှု တစုံတရာမရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
------------------------------------------------------------

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု ထပ်တိုး

NEJ / ၁၄ သြဂုတ် ၂၀၀၉

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး သူ့၏အခြေခံအခွင့်အရေးများကို ချိုးဖောက်လိုက်သည့်အပေါ် တုံ့ပြန်အရေးယူသည့်အနေဖြင့် ဥရောပသမဂ္ဂ( အီးယူ) က မြန်မာစစ်အစိုးရကို ယမန်နေ့က ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တရပ် တိုးချဲ့ချမှတ်လိုက်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်၏အမှုကို စီရင်ချက်ချသည့် တရားသူကြီးများ၏ အမည်များကိုပါ အီးယူနိုင်ငံများသို့ ခရီးသွားလာခွင့်ဗီဇာပိတ်ပင်လိုက်ပြီး ၎င်းတို့၏ပိုင်ဆိုင်မှုများကိုပါ ပိတ်ဆို့ဟန့်တားလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်ဆက်နွှယ်သူများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ၊ ပိုင်ဆိုင်မှုများကိုလည်း ထပ်တိုးပိတ်ဆို့ဒဏ်ခတ်ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂမှ သြဂုတ် (၃) ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ဥရောပသမဂ္ဂမှ ထပ်မံတိုးချဲ့လိုက်သည့် ပိတ်ဆို့အရေးယူမှုအသစ်သည် ၁၉၉၆ ခုနှစ်ကတည်းက အီးယူက မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့သည့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ စစ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုများအပါအ၀င် ၎င်းတို့နှင့်ဆက်နွှယ်နေသူများ၏ ခရီးသွားလာခွင့်ဗီဇာများ ပိတ်ပင်ထားခြင်း၊ မြန်မာနိုင်ငံနှင့် သံတမန်ဆက်သွယ်ရေး အကန့်အသတ်ထားရှိခြင်း၊ စစ်အစိုးရအဖွဲ့ဝင်များ၏ နိုင်ငံခြားဘဏ်ငွေစာရင်းများ ပိတ်ဆို့ထားခြင်း၊ လူသားချင်းစာနာမှု ဆိုင်ရာမဟုတ်သည့် အကူအညီအထောက်အပံ့များကို ဆိုင်းငံ့ထားခြင်းတို့အပေါ် ထပ်မံတိုးချဲ့ချမှတ်လိုက်ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုဖြင့် ပြီးခဲ့သည့်သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီးသည့်နောက် နေအိမ်အကျယ်ချုပ်အဖြစ် (၁) နှစ်ခွဲ ပြောင်းလဲချမှတ်ခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရက ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပေါ် ဥရောပသမဂ္ဂက တရားမျှတမှုမရှိကြောင်း ပြစ်တင်ရှုတ်ချလိုက်ပြီး အကန့်အသတ်မရှိပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
-----------------------------------------------------------------

မြန်မာနိုင်ငံအပေါ် အီးယူ၏ ပိတ်ဆို့မှုအသစ်တွင်တိုတယ် (Total) ပူးပေါင်းပါဝင်ရန် ဖိအားပေးခံရ

NEJ / ၁၃ သြဂုတ် ၂၀၀၉


မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်လိုက် သည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဥရောပသမဂ္ဂ (အီးယူ) မှ မြန်မာစစ်အစိုးရအပေါ် နောက်ထပ်ပိတ်ဆို့အရေးယူမှုတွင် မြန်မာစစ်အစိုးရအား ဒေါ်လာသန်းပေါင်းများစွာ ၀င်ငွေ ရရှိစေသည့် ပြင်သစ်နိုင်ငံမှ တိုတယ်ရေနံကုမ္ပဏီသည် အငြင်းပွားဖွယ် ပစ်မှတ်တခုအဖြစ် ရောက်ရှိနေသည်။

ပြင်သစ်သမ္မတ နီကိုလတ် ဆာကိုဇီက မြန်မာစစ်အစိုးရအပေါ် အီးယူ၏ နောက်ထပ်အရေးယူပိတ်ဆို့မှုကို မြန်မာနိုင်ငံမှ သစ်နှင့်ကျောက်မျက်ရတနာများ ၀ယ်ယူရာတွင် ပစ်မှတ်ထားအရေးယူသင့်ကြောင်း အကြံပြုထားပြီး မြန်မာ့ကမ်းလွန်ထွက် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံနေသည့် တိုတယ်ကုမ္ပဏီအား ချန်လှပ်ပြောဆိုခဲ့သဖြင့် လူ့အခွင့်အရေးအဖွဲ့များ နှင့် အတိုက်အခံပါတီတို့က ကန့်ကွက်ရှုတ်ချလိုက်ခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံ၏ အကြီးဆုံးရေနံကုမ္ပဏီဖြစ်သည့် တိုတယ်ကုမ္ပဏီသည် မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်မှ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းတွင် ၁၉၉၁ ခုနှစ်ကတည်းက စတင်ရင်းနှီးမြှုပ်နှံခဲ့သည်။ တိုတယ်ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၈) ဘီလီယံ ဝင်ငွေအမြတ်အစွန်းရရှိခဲ့ပြီး အကျိုးအမြတ်၏ (၉၀) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ ရရှိနေသည်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချယ် (၁၈) လချလိုက်ပြီးနောက် မြန်မာစစ်အစိုးရအပေါ် ဖိအားပေးမှုတွင် တိုတယ်ကုမ္ပဏီအနေဖြင့် ပူးပေါင်းပါဝင်သင့်ကြောင်း ပြင်သစ်အစိုးရက တောင်းဆိုသင့်သည်ဟု အတိုက်အခံ နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေးအဖွဲ့တို့က ရှုမြင်ကြသည်။

မြန်မာစစ်အစိုးရအတွက် အမြတ်တော်ခွန် အများအပြား ရရှိစေသော တိုတယ်ကုမ္ပဏီနှင့် ပွင့်လင်းပြတ်သားစွာ ဆွေးနွေးသင့်ကြောင်းလည်း အတိုက်အခံ နိုင်ငံရေးပါတီတို့က ပြင်သစ်အစိုးရအား တောင်းဆိုလိုက်သည်။

“တိုတယ်ကုမ္ပဏီအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင် ရင်းနှီးမြှုပ်နှံနေတာကို ရပ်တန်းကရပ်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ပြင်သစ်နိုင်ငံရှိ အတိုက်အခံ (Greens) ပါတီမှ ဥက္ကဋ္ဌ ဆာစီလ် ဒေါ့လော့က ပြောကြားလိုက်ပြီး “ဒီနိုင်ငံတကာဖိအား ပိုပြီးထိရောက်အောင်မြင်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုတယ်ရဲ့ အခန်းကဏ္ဍကို ကျနော်တို့ အသုံးချဖို့လိုတယ်” ဟု ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တိုတယ်ကုမ္ပဏီ၏ စီမံကိန်းတခုဖြစ်သည့် တနင်္သာရီတိုင်းမှ ကရင်ပြည်နယ်အထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မိုင်(၂၀၀) ကျော် ရှည်လျားသည့် လမ်းတလျှောက်ရှိ တိုင်းရင်းသား ရွာသားများ၏ လယ်ယာမြေ သိမ်းခံရခြင်း၊ ရွာရွှေ့ပြောင်းခံရခြင်း၊ လုပ်အားပေးခိုင်းစေခြင်းများအပါအဝင် မြန်မာစစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့တို့က စွပ်စွဲထားသည်။

မြန်မာနိုင်ငံတွင် တိုတယ်၏ ရင်းနှီးမြှုပ်နှံမှုသည် ကာလရှည်ကြာကတည်းက အငြင်းပွားခံနေရပြီး မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုတွင် တိုတယ်ကုမ္ပဏီကို ရုပ်သိမ်းရန် ခက်ခဲသော ဆုံးဖြတ်ချက်တရပ်အဖြစ် ပြင်သစ်အစိုးရက ရှုမြင်ထားသည်။
တိုတယ်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ခရစ္စတိုဖာ ဒီမာဂျာရီက ၎င်းတို့အား ပြစ်တင်ရှုတ်ချနေမည့်အစား ၎င်းတို့ရောင်းချသည့် ဓာတ်ငွေ့ကို ဝယ်ယူနေသည့် ထိုင်းအစိုးရနှင့် မြန်မာ့အိမ်နီးချင်း နိုင်ငံများနှင့်သာ သက်ဆိုင်သဖြင့် ထိုနိုင်ငံများကိုသာ ရှုတ်ချကြရန် နယူးစ်ဝိခ်မဂ္ဂဇင်းနှင့် မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

သို့သော် မြန်မာစစ်အစိုးရအား ပေးဆောင်နေရသည့် ငွေကြေးပမာဏကို ထုတ်ပြန်ခြင်းမရှိသည့်အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တို့က မေးခွန်းထုတ်လျက်ရှိသည်။

မြန်မာနိုင်ငံ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထုတ်လုပ်သည့် (၆၀) ရာခိုင်နှုန်းသော ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့နေသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံနေသော လောင်စာနှင့် စွမ်းအင်ဆိုင်ရာ ကုမ္ပဏီများတွင် တောင်ကိုရီးယားမှ ဒေဝူး၊ အင်တာနေရှင်နယ်၊ ပြင်သစ်မှ တိုတယ်၊ အမေရိကန်မှ ယူနီကယ်၊ ရှယ်ဗရွန်၊ ဂျပန်မှ နီပွန်အွိုင်းလ်၊ ထိုင်းမှ ပီတီတီအီးနှင့် မလေးရှားမှ ပက်ထရိုနာ့စ်တို့ ပါဝင်သည်။

(ဆက်ဖတ်ရန်.......)

Tuesday 11 August 2009

ခံစားမှုဘဏ်ထဲ ဘာတွေစုဆောင်းမလဲ?

ဇနီးရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

(၁) မနက်ခင်းမှာ နွေးထွေးတဲ့ ပွေ့ဖက်မှုတစ်ခုပေးပါ
(၂) သူ့အစား ကော်ဖီ၊ လက်ဖက်ရည်ဖျော်ပါ
(၃) သူ့အစား အိပ်ရာခင်းတွေ ခေါက်ကူပါ
(၄) ညအချိန်မှာ အမှိုက်သိမ်း/ သွန်ကူပါ
(၅) ကလေးကို ကျောင်းပို့ပါ
(၆) သူ့မိဘကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ
(၇) အင်္ကျီကူခေါက်ပါ
(၈) မွေးနေ့လက်ဆောင်ပေးပါ
(၉) အိမ်စရိတ် ကူညီထောက်ပံ့ပါ
(၁ဝ) ဂရုစိုက်၊ နွေးထွေးတဲ့စကားတွေပြောပါ

ခင်ပွန်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

(၁) အလုပ်ကပြန်လာတဲ့သူ့ကို ကြိုဆိုပါ
(၂) သူ့အလုပ်အကိုင်ကို ဂရုပြု(စောင့်ရှောက်)ပါ
(၃) ညစာကို စားချင်စဖွယ်ပြင်ဆင်ပါ
(၄) သူ့စိတ်လိုအင်ကို ဖြည့်ပါ
(၅) မင်္ဂလာနှစ်ပတ်လည်မှာ သူအံ့သြပျော်ရွှင်အောင် လက်ဆောင်ပေးပါ
(၆) သူ့လုပ်ရည်ကိုင်ရည်၊ သူ့အကျင့်စရိုက်ကို လေးစားတန်ဖိုးထားပါ
(၇) အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးမှ ပြဿနာကို ဆွေးနွေးတင်ပြပါ
(၈) သူနှစ်သက်တဲ့ ဘောလုံးပွဲကိုကြည့်ပါစေ
(၉) ကိုယ့်ကိုအမြဲ လှပသန့်ရှင်းအောင် ပြင်ဆင်ပါ
(၁ဝ) သူ့မိဘကို ပြုစုစောင့်ရှောက်ပါ

ချစ်သူရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

(၁) သူပြောတာ၊ လုပ်တာကို ယုံကြည်ပါ
(၂) သူ့ကိုအလေးထား ဂရုစိုက်ပါ
(၃) ခွင့်လွတ်နားလည်မှုတွေ ပေးပါ
(၄) သူနှစ်သက်တဲ့အလုပ်၊ ပွဲတွေမှာ ပါဝင်ပါ
(၅) သူပြောချင်တာကို နားထောင်ပေးပါ
(၆) နေ့တိုင်း ချစ်သူများနေ့လို ချိုချိုမြိန်မြိန်ဖြတ်သန်းပါ
(၇) ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ဖျားမှာ ချိတ်ထားစရာမလိုပေမယ့်
ရင်ထဲမှာ အမြဲထည့်ထားပါ
(၈) စိတ်ကြည်နူးစေတဲ့ လက်ဆောင်လေးတွေ တစ်ခါတရံပေးပါ
(၉) သူ့အလုပ်ကို ကူလုပ်မပေးခင် ကြည်နူးနှစ်သက်တဲ့ စကားအကောင်းကိုပြောပါ
(၁ဝ) သူ့ကောင်းကွက်ကို ပိုမြင်ပြီး ဆိုးကွက်ကို လျှော့ကြည့်ပါ

သူငယ်ချင်းရဲ့ ခံစားမှုဘဏ်တိုက်ထဲ သင်ဘာတွေစုဆောင်းသင့်သလဲ?

(၁) သူရင်ဖွင့်တဲ့စကားကို နားထောင်ပေးပါ
(၂) သူလုပ်ချင်တဲ့အလုပ်ကို ထောက်ခံအားပေးပါ
(၃) သူအခက်ခဲကြုံချိန်မှာ ကူညီပါ
(၄) သူအမှားလုပ်မိချိန်မှာ လမ်းပြညွှန်ကြားပါ
(၅) သူဝမ်းနည်းထိခိုက်ချိန်မှာ ဖေးမအဖော်ပြုပါ
(၆) သတိရချိန်မှာ ဖုန်းဆက်ပြီး သူ့ကိုကိုယ်သတိရကြောင်း ပြောပါ
(၇) မကြာမကြာ သူရဲ့အခြေအနေ (အဆင်ပြေ မပြေ)ကို ဂရုစိုက်ပါ
(၈) စိတ်ဝိညာဉ်ချင်း ဖလှယ်ပါ
(၉) ကိုယ့်စီမှာရှိတဲ့ ပျော်စရာ၊ ကောင်းတဲ့ပစ္စည်းတွေ သူ့အတွက် တစ်ပုံအမြဲရှိပါစေ
(၁ဝ) ကိုယ့်ခံစားချက်ကို သူနဲ့အတူ မျှဝေပါ

လူ့ဘဝက ရှုတ်ထွေးပွေလီလှတယ်။ တစ်ခါတရံမှာ ထိန်းချုပ်မှုတွေ ကင်းလွတ်ပြီး ကိုယ့်ချစ်သူ၊ ကိုယ့်ကြင်ဖော်၊ ကိုယ့်သူငယ်ချင်းတွေကို ထိခိုက်နာကျင်တဲ့စကားတွေ ပြောဆိုမိတတ်တယ်။ ခံစားမှုဘဏ်တိုက် အကောင့်လေး overdraft မဖြစ်အောင် အကောင်းဆုံးနည်းက - ကောင်းတဲ့စကား၊ ကြည်နူးတဲ့စကား၊ ပြုစုယုယမှုတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေ ပုံမှန်စုဆောင်းတာပဲ ဖြစ်ပါတယ်။(နိုင်းနိုင်းစနေ)

(ဆက်ဖတ်ရန်.......)

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ

Saturday, 18 July 2009 15:59 မောင်သစ်ဦး

၁၉၇၀ ခုနှစ် တ၀ိုက်တုန်းက ဖြစ်သည်။ ကျနော်တို့ငယ်စဉ် အသက်(၂၀) ၀န်းကျင်အရွယ် စာအုပ်စာတမ်းများကို အရူးအမူးဖတ်ခါစအချိန်။ ကမ္ဘာ့  ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ များကိုဖတ်ကာ စိတ်ကူးစိတ်သန်းများ ယှက်ဖြာ ခဲ့ကြဖူး၏။

အထူးသဖြင့် လူထုခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းများထဲတွင် တဘက်ကနိုင်ငံ့အရေးကို ဆောင်ရွက် ရင်း တဘက်ကလည်း စာပေကိစ္စများကို ဆောင်ရွက်ကြသည့် ခေါင်းဆောင်များကို တခုတ်တရရွေးချယ်ပြီးမှ လေ့လာမှတ်သား အလေးအနက်ထားခဲ့ကြဖူးသည်။ ဥပမာ အနေနှင့် ဗီယက်နမ်က ဟိုချီမင်း၊ တရုတ်ပြည်က မော်စီတုံး၊ အိန္ဒိယက နေရူး စသည်တို့ဖြစ်ကြ၏။ ဟိုချီမင်းနှင့် မော်စီတုံးက ကဗျာတွေရေးခဲ့ကြပြီး နေရူး ကမူ စကားပြေများကိုရေး၏။

ထိုစဉ်က ကျနော်တို့ တတွေ အလေးအနက်ထားလေ့လာမှတ်သားခဲ့ရသည့် ခေါင်းဆောင်များထဲတွင် ကျနော်တို့ နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး“ ဗိုလ်ချုပ်အောင်ဆန်း” လည်းပါဝင်ခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံ ရေး ကိစ္စများကို တဘက်ကဆောင်ရွက်ရင်း မအားလပ်သည့်ကြားက ဆောင်းပါးနှင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တချို့ရေးသားချန်ရစ်နိုင်သည့်ခေါင်းဆောင်ကြီးတဦးဖြစ်၏။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား ဘ၀မှာ ကတည်းက ဗြိတိသျှကဗျာဆရာ“ အားနက်စ် ဟင်နလေ” ရဲ့“ အနိုင်မခံ ” ကဗျာကို မြန်မာဘာသာပြန်ဆိုခဲ့ သည့်အချက်မှာ ကျနော်တို့၏ နှလုံးသားကို ဆွဲဆောင်ကိုင်လှုပ်နိုင်ခဲ့၏။

ထို့နောက်ဗိုလ်ချုပ်၏ “ ကျောင်းသားဝတ္တရား” ဆောင်းပါး၊ “နိုင်ငံရေးအမျိုးမျိုး” ဆောင်းပါးများကိုလည်း ကျနော် တို့ ငြိတွယ်ခဲ့ကြ၏။ သို့သော် ထိုအချိန်က ဗိုလ်ချုပ်၏ စာပေလက်ရာများမှာ ရှာရဖွေရခက်ခဲလှ၏။ တစုတဝေး တည်း ထုပ်ထုပ်သိမ်းသိမ်း ပြုလုပ်ထုပ်ဝေသည့် စာအုပ်စာတန်းအနေနှင့်မရှိသေး။ ထို့ ကြောင့် ကျနော်တို့ မှာ ဗိုလ်ချုပ်၏ စာပေလက်ရာများကို စိတ်အားထက်သန်သလောက် ပြည့်ဝအောင်ရှာဖွေမဖတ်ရှုနိုင်ခဲ့။

၁၉၉၈ ခုနှစ်ထဲတွင်မူ ကျနော်တို့ တတွေ အနှစ်နှစ်အလလက တောင့်တခဲ့ရသည့်ဆန္ဒတခုမှာ မမျှော်လင့်ဘဲ ပြည့်ဝလာခဲ့ရ၏။ ထိုနှစ်ထဲတွင် “ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထွက်ရှိ လာသောကြောင့် ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများကို ယခုကဲ့သို့ တလုံးတစည်းတည်းစာအုပ်တအုပ် အနေနှင့် စုဆောင်း ကြိုပမ်းခဲ့သည့်ပုဂ္ဂိုလ်မှာ ဆရာ ‘ မြဟန် ’ ( တက္ကသိုလ်များ သမိုင်းသုတေသနဌာန အကြီး တန်း သုတေသနမှူး) ဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်တွင် တက္ကသိုလ်များ သမိုင်းသုတေသနဌာန ညွန်ကြားရေး မှူး ဒေါ်နီိနီမြင့်က ဥယျောဇဉ်ရေး၏။ နိဒါန်းစာကိုမူ ဆရာ မြဟန် ကရေး၏။ ဤစာအုပ်တွင်“ဗိုလ်ချုပ်အောင်ဆန်း ၏ စာရေးဝါသနာ” ၊ “ဆောင်းပါးအနှစ်ချုပ်များ ” နှင့် “ဗိုလ်ချုပ်အောင်ဆန်းပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာ” ဆောင်းပါး( ၃ )ပုဒ်မှာမူ ရေးသူအမည်မပါရှိဘဲ ဖေါ်ပြထားသည်ကိုတွေ့ ရ၏။ သို့သော် ဤဆောင်းပါး များတွင်ပါရှိသည့် အတွင်းစာသားတချို့ အပေါ်မူတည်ကာ၊ ဤစာအုပ်ကိုကြိုးပမ်းစုစည်းသူ ဆရာ‘ မြဟန် ’ ကိုယ် တိုင်ပင်ဖြစ်မည်ဟု ယူဆရ၏။သို့သော်စာရေးသူအမည် မဖေါ်ပြသည့်ဆောင်းပါး များဖြစ်သည့်တိုင် ဤဆောင်းပါး များမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများအပေါ် စာဖတ်သူများပိုမိုနားလည်ခံစား နိုင်ရန်အထောက်အကူပြုသည့်အတွက်ကိုမူ ကျေးဇူးတင်ရမည်ဖြစ်၏။
* * * * * * *


“ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ “အယူအဆရေးရာကိစ္စများ”ကိုတွေ့  ရသည်။ ထိုအယူအဆရေးရာကိစ္စများမှာ ကျောင်းသားများ တူညီဝတ်စုံဝတ်သင့်၊ မသင့်ကိစ္စမှအစ ဘ၀ လမ်းညွန် အယူအဆကိစ္စအထိ ကျယ်ကျယ်ပြန့် ပြန့်ပါဝင်၏။

ဥပမာ“ဗိုလ်ချုပ်အောင်ဆန်း ” အင်္ဂလိပ်လိုရေးသား သည့် Freedom 0f Dress in School ဆောင်းပါး နှစ်ပုဒ်တွင် ဦးသန့် ၏ “ဂန္တလောက” မဂ္ဂဇင်းတွင် ရေးသည့် “ From my School Window ” ဆောင်းပါး အပေါ်ပြန်လည် ချေပရေးသားသည့်ဆောင်းပါးဖြစ်သည်။ ကျောင်းသားများ တူညီဝတ်စုံဝတ်စေသည့်ကိစ္စမှာ လွတ်လပ်မှုမရှိခြင်း ကို ပြဆိုခြင်းမဟုတ်ဘဲ စည်းလုံးမှုနှင့်ချစ် ခင်ရင်းနှီးမှုစိတ်ဓာတ်တို့ ကိုပွားစေကြောင်း ချေပသည့်ဆောင်းပါးဖြစ်၏။

နောက်ထပ် ဥပမာတ ခုမှာ ဗိုလ်ချုပ်၏နာမည်ကျော်ဆောင်းပါး “ Burma and Buddhism” ဖြစ်သည်။ အင်္ဂလိပ် လို ရေးသားသည့်ဆောင်းပါးဖြစ်၏။ ဤဆောင်းပါးမှာ ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္တလောက မဂ္ဂဇင်းတွင် ပါဝင် သည့်ဆောင်းပါးဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းတက္ကသိုလ်ကျောင်းသားဘ၀က ရေးသည့် ဆောင်းပါးဖြစ်၏။

ထိုစဉ်က ဗိုလ်ချုပ်မှာ အသက် ( ၂၀ ) အရွယ်သာရှိသေး၏။ အခြေခံသည့်အကြောင်းအရာမှာမြင့်၏။ အမျိုးသား ဓလေ့ ထုံးစံအယူအဆများအပေါ် လူငယ်များမည်ကဲ့သို့ ခံယူကျင့်သုံးသင့်ကြောင်း တင်ပြဆွေးနွေးသည့် ဆောင်းပါး ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းလှသည့်အချက်မှာ ဤဆောင်းပါး၌ “ဗုဒ္ဓ” ၏“ ကာလမသုတ္တန်” လာ အယူ အဆကိုအလေးအနက်ထား တင်ပြဆွေးနွေးသည့်အချက်ဖြစ်၏။ ယင်းအယူအဆမှာ “ ၀ိဘဇ္ဖ၀ါဒ ” ဖြစ်၏။ “ဗုဒ္ဒ၀ါဒ” ၏ အနှစ်ဖြစ်၏။ အယူဝါဒတစ်ခု၏အမှားအမှန်ကိုဝေဖန်ပိုင်းခြားပြီးမှသာ လက်ခံ ကျင့်သုံးသင့်ကြောင်း ထောက်ပြသည့်ဆောင်းပါးဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”ကို ဖတ်ပြီးဗိုလ်ချုပ်၏အယူအဆရေးရာ အတိုင်းအဆ အတိမ်အနက် ကိုခန့် မှန်းလို့ ရသည့် နောက်ထပ် ဥပမာရှိပါသေးသည်။“ကျောင်းသားဝတ္တရား” ဆောင်းပါးဖြစ်၏။

ဤဆောင်းပါး၏ အနှစ်သာရမှာ( ၂ )ချက်ရှိ၏။( ၁ ) အချက်မှာ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုခြင်းဖြစ်ပြီး (၂)အချက်မှာကျောင်းသားများထားရှိရမည့် ပညာသင်ကြားရေးဆိုင်ရာအလုပ်လမ်းညွှန်ဖြစ်၏။ ပထမ အချက် အရ ပညာရေး၏သဘောသကန်ကိုဖွင့်ဆိုရာ၌ “ပညာစစ်” ဆိုသည်မှာ ပညာသင်ကြားရေးလွတ်လပ်ခွင့် Academic Freedom ရှိမှသာ စစ်မှန်သည့်ပညာရေးဖြစ်ကြောင်းဖွင့်ဆိုချက်ဖြစ်၏။

နောက် တချက်မှာ ကျောင်းသားများဝတ္တရားမှာအတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှနှင့်တာဝန်ကျေပွန်သည် မဟုတ်။ လောက ရေး၊ ဓမ္မရေးနှင့်ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သောပညာမျိုးကိုရအောင် ဆည်းပူးကြရမည်ဟူသည့်အလုပ်လမ်းညွှန် အယူအဆဖြစ်၏။ တနည်းအားဖြင့်ဆိုလျင် ကျောင်းသားဟူသည်မှာ ပညာရေးတွင်မက လောကရေးကိုပါလေ့လာပါဝင် ဆင်ခြင်လုပ်ကိုင်ရမည့် ၀တ္တရားရှိသည် ဟူသည့် အယူအဆ ပင်ဖြစ် သည်။ အမှန်စင်စစ် ဗိုလ်ချုပ်အောင်ဆန်းသည်“ကျောင်းးသားများ နိုင်ငံရေးနှင့် မသက်ဆိုင်၊ ပညာရေး သက်သက်သာလေ့လာပါဝင်ရမည်” ဟူသည့်အယူအဆကို လက်မခံခဲ့ကြောင်း အထင်အရှားတွေ့ ရသည့် ဆောင်းပါးဖြစ်၏။

အယူအဆရေးရာအရ နောက်ထပ်ဥပမာတခုရှိပါသေးသည်။ “နိုင်ငံရေးအမျိုးမျိုး”ဆောင်းပါးဖြစ်၏။ ဤဆောင်းပါး တွင် အဓိကအားဖြင့်အချက်( ၂ )ချက်ကိုတွေ့ ရ၏။ ပထမအချက်မှာ“နိုင်ငံရေးဆိုသည်မှာ လူမှုသူမှုကိစ္စအားလုံး ပင်ဖြစ်၏”ဟု ဗိုလ်ချုပ်က ယူဆ၏။ ထိုစဉ်က နိုင်ငံရေးခေါင်းဆောင်တချို့ နိုင်ငံရေးလုပ်ရင်း နိုင်ငံရေးအရှုပ် အထွေး များကြားညပ်နေသည့်အခါ “နိုင်ငံရေးဆိုသည်မှာ ညစ်ပတ်သည့်အလုပ်ဖြစ်သည်၊ ကုသိုလ် တပဲ ငရဲ တပိဿာ အလုပ်ဖြစ်သည်” ဟူသောစကားပြောကြသည်ကို ဗိုလ်ချုပ်က ကန့်ကွက်၏။“နိုင်ငံရေးသည် လောကီ ရေး ပင်ဖြစ်၏။ လူတွေသည်ပြုပြင်လို့ ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ် နိုင်ငံရေးမှာ ထိုပြုပြင်တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင်ဖြစ်၏” ဟုအခိုင်အမာ မြုင့်တင်ရေးသားလိုက်၏။

ဗိုလ်ချုပ်အောင်ဆန်း၏ အယူအဆရေးရာကိုသိရှိနိုင်သည့်နောက်ဆုံးဥပမာမှာ “စာပေရေးရာ အယူအဆ”ဖြစ်၏။ ဗိုလ်ချုပ်သည် စာပေရေးရာအယူအဆကို ဖေါ်ပြသည့်ဆောင်းပါးတပုဒ်ကိုရေးခဲ့သည်ကားမှန်၏။ သို့ သော် ထို ဆောင်းပါးကို မည်သည့်နေရာဌာနတွင် ဖေါ်ပြခဲ့သည်ကိုလည်းကောင်း၊ ဆောင်းပါ၏ ခေါင်းစဉ်ကို လည်းကောင်း မှတ်တမ်း မှတ်ရာအရ မရှိနိုင်ခဲ့ပါ။

ဗိုလ်မှူးကြီး‘ ဘို ’ ဆိုသူက ၁၉၄၉ ခုနှစ်တွင်ထုတ်ဝေသည့်“အိုးဝေမဂဇင်း” ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ အယူ အဆဆိုင်ရာဆောင်းပါးကို ဖေါ်ပြပေးခဲ့သဖြင့်သာ လူအများ ဖတ်ကြရခြင်းဖြစ်၏။ ဤဆောင်းပါးတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ စာပေအယူအဆမှာ“မိမိရေးလိုက်သည့်စာပေသည် အမြဲတမ်းရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘောပါစေရမည်၊ ခေတ်မီ၍ ပြုပြင်ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန်လာစေရမည်၊ ခေတ်အလိုက် လူ့ လောက တိုး တက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ့ ထက်တစ်နေ့ တိုးတက်ကြီး ပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ” ဟုရေးသားခဲ့၏။

ဤသည်တို့မှာ “ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာ” စာအုပ်မှရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အယူ အဆ ရေးရာအပိုင်း ဥပမာတချို့ပင်ဖြစ်သည်။
* * * * * * *


“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်လျင် ဗိုလ်ချုပ်၏ အတွေးအခေါ်အယူအဆပိုင်း အခြေနေကို ကျနော်တို့လေ့လာလို့ ရနိုင်၏။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာ အခြေနေကိုလည်း လေ့လာနိုင်၏။ တနည်းအားဖြင့်ဆိုလျင် အကြောင်းအရာနှင့် အတတ်ပညာနှစ်ခုစလုံး လေ့လာခွင့်ရနိုင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထဲမှ ဗိုလ်ချုပ်၏ အယူအဆရေးရာပိုင်းကို ကျနော် အထက် တွင်တင်ပြခဲ့ပြီးဖြစ်သည်။ ဤနေရာတွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအခြေအနေကို လေ့ လာကြည့်မိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ်ပညာ( ၀ါ ) ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်း အတတ် ပညာကြွယ်ဝမှု၊ မကြွယ်ဝမှုကိုလေ့လာလိုလျှင်“ ဗိုလ်ချုပ်အောင်ဆန်း၏စာပေလက်ရာများ”စာအုပ်ထဲ တွင်ပါရှိသည့်“ဗိုလ်ချုပ်အောင်းဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ” ဆောင်းပါးကိုကျနော်ညွှန်းရပါလိမ့်မည်။ ဤ ဆောင်းပါးမှာ ဗိုလ်ချုပ် အောင်ဆန်းက သူကိုယ်တိုင်ပြန်းရေးခဲ့သည့် အတ္ထုပ္ပတ္တိဆောင်းပါးဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးအစမှာ ဗိုလ်ချုပ်အောင်ဆန်းက သူမွေးဖွာခဲ့သည့် နတ်မောက်မြို့ အိမ်ကြီးတအိမ်၏ အနောက်ဘက် အဆောင်ငယ်ကလေးအကြောင်းကိုရေး၏။ ရေးပုံရေးနည်း က ဆန်းသည်။

ပထမဦးစွာနတ်မောက်မြို့၏ ဖွဲ့ စည်းပုံကိုရေး၏။ မီးရထားဘူတာရုံတခုကိုရေး၏။ ထို့နောက် ဘူတာ၏ ၀ဲယာ ပတ်လည်မှ မြေပဲခင်း နှမ်းခင်းများဆီ ရောက်၏။ ထိုမှတဖန် တောရကမ္မဌာန်းကျောင်း၊ ထိုမှ ခပေါင်းကုန်း(သို့) နကျားထူးရွာစု၊ ထို့နောက်နောက်ထပ် ရွာစု (၂ )ခု ၊ ထို့နာက်လောကဓာတ် မြန်မာအထက်တန်းကျောင်း၊ ထို့  နောက် ငါးရက်တဈေး၊ ပုလိပ်ဂိတ်တန်းလျား ၊ စာတိုက်၊ မြို့ အုပ်ရိုး အစရှိသည်တို့ ကိုတဆင့်ပြီး တဆင့်ရေးသွား ခဲ့၏။ နောက်ဆုံးတွင်မြို့ ရွာမကြီးထဲက ဧရာမ အိမ်ကြီးတအိမ်ကိုဆိုက်၏။ ဗိုလ်ချုပ်အောင်ဆန်းသည်ကား ထို အိမ် ကြီး၏ နောက်ဖေး အဆောင်ငယ်တွင်မွေးဖွား ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် သူမွေးဖွားခဲ့ရာ အိမ်အိုကြီး၏ နောက်ဖေးအဆောင်လေးဆီရောက်အောင် စာဖတ်သူ များကိုတဆင့်ပြီးတဆင့်လမ်းညွှန်ခေါ်ဆောင်သွားသလိုရေးလေသည်။ စာဖတ်သူမှာ တနေရာပြီးတနေရာ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်ခေါ်ငင်ရာနောက် တကောက်ကောက်လိုက်ခဲ့ရ၏။ စာဖတ်သူမှာ ကိုယ်တိုင်လမ်း လျှောက်ပြီးလိုက်လာခဲ့ရသလို ယာခင်းများကိုဖြတ်ခဲ့ရ၏။ ရွာစုတချို့ ကိုဖြတ်ရ၏။ ပလိပ်တန်းလျား၊ စာတိုက်တို့ ရှေ့ မှဖြတ်ရ၏။ စာပိုဒ်ဆုံးခါနီးကြမှ အိမ်ကြီးတအိမ်၏ နောက်ဖေးအခန်းငယ်ဆီ ရောက်လာလေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စာရေးနည်းအတတ်ပညာအားကောင်းမှုကြောင့် နတ်မောက်မြို့ ကလေးကို မျက်စိထဲတွင် ထင်ထင်ရှားရှားမြင်လာရလေသည်။ ဤရေးဟန် အဖွဲ့ အနွဲ့ မှာ သဘာဝပတ်ဝန်းကျင် အနေအထားကို ဖေါ်ပြ သော ရေးနည်းရေးဟန်ဖြစ်၏။

ဤ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာပင် ဇာတ်ကောင်စရိုက်အဖွဲ့ အနွဲ့ တချို့ ကိုလည်းထင်းထင်းပြက်ပြက် တွေ့ ရ၏။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ်ဘ၀ စိတ်နေစိတ်ထားနှင့် စရိုက်ကိုဖေါ်ပြရာ၌ တခြား ဇာတ်ကောင် တဦး နှင့် နှိုင်းယှဉ်တွဲဖက်ပြီးမှ ဖေါ်ပြ၏။ အထူးသဖြင့် သူ၏စိတ်ထား စရိုက်နှင့်ဆန့် ကျင်ဘက် သဏ္ကာန်ဖြစ်သည့် တခြားဇတ်ကောင်းတဦးနှင့်ယှဉ်တွဲ ဖေါ်ပြခြင်းဖြင့်သူ၏ စရိုက်ကိုပေါ်လွင်စေခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ငယ်စဉ် ဘ၀ အခြေအနေကို အခုလိုရေးခဲ့လေသည်။

“ကျနော်၏ အထက်အစ်ကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှကွာ၏ ။ သူနှင့်ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏ ။ သူကား လက်မြန်၏ ။ ကျနော်ကား အားကြီး၏ ။ မချိန်မဆ လက်လွတ်စပယ် လုပ်တတ်၏ ။ သူကား နု၏ ။မင်းသားကျချင်၏ ။ ကျနော်က ကြမ်း၏ ။ သူသည် အစားအသောက် အနေထိုင်မှ စ၍ သပ်ရပ်၏ ။ အစားဆိုလည် အစားတိုင်းမစား ၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့၊ ကျနော် က ဖုတ်ဖက်ခါ၍ စားနိုင်လျှင်စား၏ ။ သူကား အ၀တ်များကို သပ်သပ်ရပ်ရပ် ၀တ်တတ်၏ ။ ကျနော်ကား မ၀တ်တတ် ။ မြန်မြန်ညစ်အောင် ၀တ်တတ်၏ ။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏ ။ သူကား ပါး၏ လျှင်၏ ။ ကျနော်ကား ထူ၏ အေး၏” ဟုရေးလေသည်။

ဤ ဆောင်းပါးထဲ၌ ဗိုလ်ချုပ်အောင်ဆန်း၏ နှလုံးသားကို အထင်ရှားဆုံး ဖေါ်ပြနိုင်သည့် စာကြောင်းတကြောင်းကို တွေ့ ရ၏။ “ စိမ်းလန်း စိုပြေ ကျယ်ပြန့် သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်” ဟူသောစာကြောင်းဖြစ်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ကိုဖတ်ပြီးနောက် ဗိုလ်ချုပ်သည်ကား “အတွေးကောင်း၊ အ ရေးကောင်းသူ” တဦးဖြစ်သည်ကို ကျနော်မငြင်းနိုင်တော့။
* * * * * * *


“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်မှာ အကျိုးကျေးဇူးကြီးမားလှသည်ကို ကျနော် ၀န်ခံသည်။ စာအုပ်တအုပ်ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအပေါ်လေးစားမိသည်။ ထိုပုဂ္ဂိုလ် များ၏ ‘စေတနာ ’ ကိုကျနော်တန်ဖိုးထား၏။ သို့သော် ဖြည့်စွက်အကြံပြုလိုသည့် အချက်တချက်တော့ရှိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားဘ၀က ကဗျာတပုဒ်ကိုမြန်မာဘာသာပြန်ဆိုခဲ့ဖူး၏။ လူ အတော် များများသိထားကြပြီးဖြစ်ပါသည်။ ဗြိတိသျှကဗျာဆရာ ‘ အားနက်စ် ဟင်နလေ ’ ရဲ့ “အနိုင်မခံ ” ကဗျာဖြစ်၏။ ယင်းဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြ သင့်သည်ဟုကျနော်ယူဆမိသည်။ အမှန်စင်စစ်ဘာသာပြန်အတတ်ပညာမှာလည်းအနုစာပေရေးရာ ကိစ္စတခု သာ ဖြစ်သည်ဟု ကျနော်ယူဆမိသည်။ မူရင်းမှာ ဘာသာပြန်သူနှင့်မသက်ဆိုင်သော်ငြားလည်း ဘာသာပြန်ဆို ရ သူ၏အရည်အချင်းပေါ်မူတည်ပြီး အောင်မြင်သောစာပေလက်ရာတခုဖြစ်လာနိုင်သည်ကိုမူ သတိပြုရမည် ဖြစ် သလို ဘာသာပြန်ဆရာများကြောင့် လူမျိုးများအချင်းချင်း ယဉ်ကျေးမှုပေါင်းကူးယှက်နွယ်တိုးတက်လာစေသည် ကို လည်း အသိအမှတ်ပြုကြရမည်ဖြစ်၏။

ဤစာအုပ်ဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့ကြသည်ပုဂ္ဂိုလ်များက ‘အနိုင်မခံ ’ ဘာသာပြန်ကဗျာကို မူရင်း ဖန်တီး သူမဟုတ် ဟူသောအယူအဆဖြင့် တမင်ချန်ထားခဲ့သည်လော၊ သို့တည်းမဟုတ် ပညာရှိသတိဖြစ်ခဲဆိုသလို မေ့လျော့ကျန်ခဲ့သည်လော ကျနော်မသိ။ ကျနော်ကတော့ သည်ဘာသာပြန်ကဗျာကိုလည်း ဗိုလ်ချုပ်အောင်ဆန်း ၏ စာပေလက်ရာတခုအဖြစ်ထည့်သွင်းဖေါ်ပြစေချင်၏။

“ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ”စာအုပ်ကိုဖတ်ပြီးနောက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ အတွေးအခေါ်အယူအဆနှင့် စာပေအတတ်ပညာရပ်များကို တစုံတရာလေ့လာတွေ့ ထိ နိုင် သည့်အတွက် ကျေနပ်ဂုဏ်ယူရသည်မှာမှန်၏။ သို့သော်တပြိုင်နက်တည်းဆိုသလို ကြေကွဲဝမ်းနည်းမိသည့် အချက်တချက်လည်းရှိပါသေးသည်။

ဗိုလ်ချုပ်အောင်ဆန်းသည်နောင်တချိန်ချိန်တွင် နိုင်ငံရေးနယ်ပယ်မှထွက်ကာ စာရေးဆရာတဦးအနေ နှင့် ဘ၀ နိဂုံးချုပ်ချင်သည့် စိတ်ဆန္ဒပြင်းပြခဲ့သူဖြစ်၏။ သူ၏ ဤစိတ်ဆန္ဒကို အသိမိတ်ဆွေများအား မကြာခဏ ထုတ်ဖေါ် ပြောဆိုခဲ့သူဖြစ်၏။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမားလေးနက်လှသည့် ဤ ပုဂ္ဂလိက စိတ်ဆန္ဒမှာမူ မပြည့်ဝ နိုင်ခဲ့ရှာပါ။

၁၉၄၇ ခု၊ ဇူလိုင်လ ( ၁၉ )ရက်၊ သူ အသက် ( ၃၂ ) နှစ် အရွယ်တွင် မသမာသူတို့၏ လုပ်ကြံသတ်ဖြတ်မှုကို ခံ ခဲ့ရ၏။ တိုင်းပြည်လွတ်လပ်ရေးကိုပင်မြင်တွေ့ ခွင့်မရခဲ့ရှာပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများမှာ အရေအတွက်နည်းပါး၏။ ကြီးမားများမြောင်လှသည့် နိုင်ငံ့လွတ်လပ်ရေးကိစ္စများကြားမှပင် ဤအရေအတွက်နည်းပါလှသည့် စာပေလက်ရာတချို့ ကို ကြိုးစားဖန်တီးခဲ့ရရှာသည့် ဗိုလ်ချုပ်အောင်ဆန်းအား ကျနော်လေးစားမိသည်။ ထို့အပြင်ဘ၀ကိုစာရေးသူတဦး၏ ဘ၀နှင့်သာနိဂုံးချုပ်ရန် စိတ်အားထက်သန်ခဲ့သူ အမျိုးသားခေါင်းဆောင်ကြီး၏ နှလုံးသားကိုမူ ပိုပြီးလေးနက်မိပေ၏။(ဧရာဝတီမှဆွဲယူသည်)


(ဆက်ဖတ်ရန်.......)

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ပြန်ထား

Tuesday, 11 August 2009 14:19 ကိုစိုး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ၎င်းရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်ပြီး ယနေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက်ချမှတ် လိုက်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကပြောသည်။

“၃ နှစ်ချတာတဲ့ ၊ အဲဒါကို ပြည်ထဲရေး အမိန့်နဲ့ ၁ နှစ် ခွဲ ကိုလျှော့ပေါ့ပြီးတော့ နေအိမ်မှာ အကျယ်ချုပ် ချုပ်ဖို့ သတ်မှတ်လိုက်တယ်လို့ ပြောတယ်၊ မြန်မာ့ရုပ်သံကလည်း ကြေညာသွားတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။
(ဓာတ်ပုံ - အေအက်ဖ်ပီ)
ယင်းသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်းသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရဖြစ်ကြောင်း၊ ထိုအမိန့်ကို ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက တရားခွင်သို့ လာရောက်ဖတ်ကြားသွားကြောင်း သိရသည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်၍ လည်းကောင်း၊ အာဃာတ မထား၍ လည်းကောင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုနေအိမ် အကျယ်ချုပ်ပြစ်ဒဏ် ၁ နှစ် ခွဲ ချမှတ်ခံထားရသော်လည်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တတွဲတည်း ပြစ်ဒဏ်ချမှတ်ခံရကြောင်း၊ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက် ကြောင်းလည်း သိရသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ နိုင်ငံခြားသံတမန်များ၊ သတင်းထောက်များကို ဝင်ရောက်ခွင့် ပြုကြောင်း NLD က ပြောသည်။

ယင်း ဒေါ်အောင်ဆန်းစုကြည် စီရင်ချက်ချရာ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင်လည်း ရဲ တပ်သားများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် များစွာ ချထားကြောင်း တွေ့မြင်ရသူ တဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင် ၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့သည်။ ပုဒ်မ ၂၂ သည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။



------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည် အားပေးသူများကို ဖမ်းဆီး

Tuesday, 11 August 2009 16:09 သန်းထိုက်ဦး

ရန်ကုန်မြို့ အင်းစိန်ထောင် အနီးတွင် ဒေါ်အောင်ဆန်း စုကြည်အား လာရောက်အားပေးသူ လူဦးရေ ၅၀ ခန့်ကို လုံ ထိန်းရဲများ အပါအဝင် အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများ က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက်ချတဲ့ အင်းစိန်ထောင် အနီးတဝိုက် သွားရောက် စောင့်ကြည့်တဲ့ လူ ၅၀ ကျော်ကို စွမ်းအားရှင်တွေက ဒိုင်နာကားတစီးနဲ့ ဖမ်းခေါ်သွားတယ်”ဟု မြို့ခံ မျက်မြင်တဦးက ပြောသည်။

အင်းစိန် ခုံးတံတား၌ ရဲကား ၁၀ စီးခန့် အင်အားအပြည့်နှင့် ရှိနေပြီး မီးရထားဝင်းများ၊ လမ်းများပေါ်တွင် ကား ၇ စီးခန့် ရပ်ထားကာ အရပ်ဝတ် လုံခြုံရေးများ မြောက်မြားစွာ ချထားကြောင်းလည်း ၎င်း မျက်မြင်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ် တဦးအဆိုရ ယခုကဲ့သို့ ဖမ်းဆီးမှုနှင့် ပတ်သက်၍ ဆူပူမှုများ ဖြစ်ပွားမည်ကိုကြောက်သည့်အတွက် ဖြစ်နိုင်ကြောင်း ဧရာဝတီ သို့ပြောသည်။

အဖမ်းခံရသူများထဲတွင် NLD အဖွဲ့ဝင်တချို့ပါဝင်သည်ဟု ကြားသိရကြောင်းလည်း ဆိုသည်။ သို့သော် ဧရာဝတီမှ သီးခြား အတည်မပြုနိုင်သေးပေ။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်ပြီး ယနေ့ တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက်ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၃ နှစ် အမိန့်ချရန် စီစဉ်ထားသော်လည်း ယင်းသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်းသည် စစ် အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရဖြစ်ကြောင်း၊ ထိုအမိန့်ကို ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက တရားခွင်သို့ လာရောက်ဖတ်ကြားသွားကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုနေအိမ် အကျယ်ချုပ်ပြစ်ဒဏ် ၁ နှစ် ခွဲ ချမှတ်ခံထားရသော်လည်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ကြောင်းလည်း သိရသည်။

အလားတူပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တတွဲတည်း ပြစ်ဒဏ်ချမှတ်ခံရကြောင်း၊ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ယင်းချမှတ်သော တရားခွင်သို့ နိုင်ငံခြားသံတမန်များ၊ သတင်းထောက်များကို ဝင်ရောက်ခွင့် ပြုကြောင်း NLD အဆိုရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

Monday 10 August 2009

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၁နှစ်ခွဲ ချလိုက်ပြီ

ကြားဖြတ်သတင်း

ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃နှစ်ချမှတ်ကြောင်း စီရင်ချက်ချလိုက်သည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သောကြောင့် သက်ညှာသည်ဟု ဆိုကာ ထောင်ဒဏ်ကို ၁နှစ်ခွဲ ဟု လျှော့ချပေးလိုက်ပြီး ထိုထောင်ဒဏ်ကို ဆိုင်းငံ့ထောင်ဒဏ် အဖြစ် နေအီမ်တွင် ပင် အကျယ်ချုပ်နှင့် နေရမည်ဖြစ်သည်။ အတူနေသူ နှစ်ဦးကို လည်းထိုသို့ အလားတူ ပင် စီရင်ချက်ချ ခဲ့သည်။
ဂျွန်ဝီလျှံ ယက်တောကိုမူ ထောင်ဒဏ် 7နှစ် ချမှတ်လိုက်ကြောင်း သိရပါသည်။
မည်သို့ပင်ဖြစ်စေ နအဖ စစ်အာဏာရှင်များအနေဖြင့် သူတို့ အလိုကျဆောင်ရွက်မည့် ရွေးကောက်ပွဲ ဆောင်ရွက် နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား အချုပ်အနှောင်ဖြင့်သာ ရှိစေလိုသည့် ဆန္ဒကို အကောင်အထည်ဖေါ် လိုက်ခြင်းဖြင့် မည့်သည့် ညှိနိုင်းမှုမှ ဆောင်ရွက်မည် မဟုတ်ကြေင်းထင်ရှားစွာပြလိုက်ခြင်းသာ ဖြစ်ပါတော့သည်။



Type the rest of your post here.

(ဆက်ဖတ်ရန်.......)

ဒီကေဘီအေနှင့် နအဖတပ်တို့ ပစ်ခတ်မှုဖြစ်ပွား နအဖဘက်မှ(၃)သေဆုံး

NEJ / ၁၀ သြဂုတ် ၂၀၀၉

ယနေ့နံနက်တွင် နအဖစစ်သား (၂) ဦးနှင့် ရဲ (၁) ဦးကို ပစ်သတ်သွားသည့် ဒီကေဘီအေတပ်ဖွဲ့ဝင် (၃) ဦးအား နအဖနှင့် ဒီကေဘီအေတို့ ပူးပေါင်းကာ အပူတပြင်းတောနင်းရှာဖွေလျက်ရှိသည်။

တိုးတက်သောဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်မဟာ (၅) မှ အရာရှိတဦးဖြစ်သူ ဗိုလ်စောဖာထောနှင့်တပ်သား (၂) ဦးသည် မြ၀တီမှ ကားဖြင့် ကော့ကရိတ်သို့အဆင်း အောက်ဘိုတဲအရောက်တွင် နအဖစစ်တပ်ဂိတ်မှ ၎င်းတို့ကားကို ရပ်တန့်ခိုင်းရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး နအဖတပ်သားနှင့်ရဲတို့ သေဆုံးခြင်းဖြစ်သည်။

၎င်းတို့စီးလာသည့်ကားကိုထား၍ တောထဲဝင်ပြေးသွားသည့် စောဖာထောနှင့်အဖွဲ့နောက်သို့ နအဖနှင့်ဒီကေဘီအေ တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသော်လည်း ဖမ်းဆီးရမိခြင်းမရှိသေးဟု ဒီကေဘီအေဘက်က ပြောသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဒီကေဘီအေတပ်မဟာ (၅) မှ အရာရှိတဦးက “ဖာထောတို့ကိုဖမ်းဖို့ နယ်စပ်မှာ တပ်လှန့်ထားတယ်။ ဖာထောဟာ ဒီမနက်လေးနာရီမှာ တပ်ရင်း (၉၀၇) ထောက်လှမ်းရေးမှူး စောအောင်ချစ်အိမ်ကို သူ့လူတွေနဲ့လာပစ်ခတ်ပြီးတော့ ကော့ကရိတ်ကိုအဆင်းမှာ ဒီပြဿနာပေါ်တာ” ဟု ပြောသည်။

ဒီကေဘီအေတပ်မဟာ (၅) မှူး ဗိုလ်မှူးချုပ်စောလားပွယ်အနေဖြင့် နအဖနှင့် ပြဿနာအဖြစ်မခံနိုင်ကြောင်း၊ သေသေရှင်ရှင် အမိဖမ်းရန်နှင့် ကေအန်ယူထံ လုံးဝအရောက်မခံနိုင်ကြောင်း၊ ၎င်း၏ လက်အောက်ခံတပ်ရင်းများနှင့် ဒီကေဘီအေ (၉၉၉) တပ်မဟာကိုလည်း ကြေးနန်းပို့ထားကြောင်း ထိုအရာရှိက ပြောသည်။

မြ၀တီတွင် ဒီကေဘီအေအချင်းချင်း ပိုက်ဆံကိစ္စကြောင့် ပြဿနာစတင်ဖြစ်ပွားရာမှ ကော့ကရိတ်အဆင်းတွင် ယခုကဲ့သို့ နအဖတပ်နှင့် ပစ်ခတ်မှုဆက်လက်ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။

တပ်မဟာ (၅) အခြေစိုက်ရာ မြ၀တီခရိုင်ဝေါ်လေရွာသားတဦးက “ဒီမနက် အောင်ချစ်အိမ်ကို ဆဲဆိုပြီး လာပစ်တာ ပိုက်ဆံကိစ္စလို့ ပြောတယ်။ လူတော့ တယောက်မှမထိဘူး။ ကားနဲ့လာတာ၊ ပစ်ပြီးတာနဲ့ပြန်သွားတယ်။ မိုးတောင်မလင်းသေး ဘူး” ဟု ပြောသည်။

ဒီကေဘီအေနှင့်အလုပ်လုပ်သည့် ကုန်သည်တဦးက “သူတို့ပြဿနာကကြီးတယ်။ အောင်ချစ်တို့၊ ဖာထောတို့က ခိုးကားသွင်းတယ်။ ကန့်သတ်ကုန်တွေ သယ်တယ်။ ဘားအံကနေ မြ၀တီကိုလူတင်တယ်။ အောင်ချစ်က မြ၀တီက ရဲနဲ့စစ်တပ်ကိုပိုင်တော့ ရတဲ့ဟာကို နှစ်ပေါက်တပေါက်ရိုက်ပြီး နည်းနည်းပဲပေးတော့ အခုလိုပြဿနာဖြစ်ကြတာ” ဟု ပြောသည်။
လာမည့် ၂၀၁၀ ခုနှစ်ကုန်တွင် ဒီကေဘီအေအဖွဲ့ကို ဖျက်သိမ်းပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းမီ ဒီကေဘီအေ ခေါင်းဆောင်ပိုင်းများသည် အချိန်တိုအတွင်း ငွေအမြောက်အမြား ရရှိမည့်လုပ်ငန်းများကို ဒေသခံအာဏာပိုင်များနှင့်ပေါင်း၍ လုပ်ကိုင်နေကြသည်ဟု ၎င်းကုန်သည်က ပြောသည်။

(ဆက်ဖတ်ရန်.......)

ကိုးကန့်ဒေသ စစ်ရေးတင်းမာမှုကြောင့် ဒေသခံများတရုတ်ဘက် ထွက်ပြေးခိုလှုံ

Monday, 10 August 2009 19:02 ရန်ပိုင်

စစ်အစိုးရ နှင့် ကိုးကန့်အပစ်ရပ်အဖွဲ့တို့ လောက်ကိုင်မြို့ အနီးတွင် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့ပြီး ဒေသခံ တသောင်းကျော် တရုတ် ပြည်ဘက် ထွက်ပြေးသွားကြောင်း သိရသည်။

ကိုးကန့်အပစ်ရပ်အဖွဲ့နှင့် စစ်အစိုးရတပ်ဖွဲ့တို့ သြဂုတ်လ ၈ရက်နေ့က စီအောရွာ နှင့် ရန်လုံကျိုင်းကြားရှိ တရုတ်ပြည်သွား ကားလမ်းမပေါ်တွင် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တရုတ်မြန်မာနယ်စပ်စည်း ဘေးကပ်ရက်မှာ ဥက္ကဌကြီးဖုန်ကျားရှင်ရဲ့အိမ်နဲ့ဂိုဒေါင်ကိုမူးယစ်ဆေးဝါး ရှာချင်တယ်ဆိုပြီး သြဂုတ်လ ၈ရက်နေ့မနက်အစောကြီး လာဝိုင်းလို့ ထိပ်တိုက်တွေ့တာ”ဟု တရုတ်မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲ ခတ် ဦးအောင်ကျော် ဇောကပြောသည်။

ဖုန်ကျားရှင်၏ အိမ်နှင့် ဂိုဒေါင်တွင် လက်နက်များသိုလှောင်ထားသည်ဟု စစ်အစိုးရမှ သံသယရှိသောကြောင့် ရှာဖွေခြင်း ဖြစ်ကြောင်းသိရသည်။

သြဂုတ်လ ၈ ရက်နေ့ မနက်စောစောတွင် ရုတ်တရက်ဝိုင်းရံ ခြင်းဖြစ်ပြီး ဒေသကွပ်ကဲရေး စစ်ဋ္ဌာချုပ်လက်အောက်ခံတပ်ခွဲ များ၊ ရဲနှင့်မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲများ စုစုပေါင်း အင်အား ၇၀ ခန့်ပါဝင်သည်ဟုသိရသည်။

၎င်းတို့ကို အင်အား ၃၀၀ ခန့် ရှိသော ကိုးကန့်တပ်က တောင်ကုန်းများပေါ်တွင်နေရာယူပြီး ပိတ်ဆို့ထားခဲ့ကြောင်းသိရသည်။
“ဥက္ကဋ္ဌကြီး ဖုန်ကျားရှင်ရောက်လာပြီး ၊ စစ်ဆေးချင်ရင် ငါနဲ့လိုက်ခဲ့ လက်နက်တွေယူလာစရာမလိုဘူး၊ တပ်နဲ့ဝင်လာစရာ မလိုဘူး၊ မင်းတို့ ဆုတ်ပေးပါလို့ပြောတော့၊ စစ်တပ်ကဆုတ်သွားတယ်၊ မနက် ၈း၃၀ ကနေပြီးတော့ နေ့ခင်း ၂း၃၀လောက် အထိ ကြာတယ်”ဟု ဦးအောင်ကျော်ဇောကပြောသည်။

တရုတ်ပြည်သွား ကွမ်းလုံကားလမ်းမပေါ်တွင် နှစ်ဘက်စစ်တပ်များ နေရာယူပြင်ဆင်မှုရှိခဲ့သောကြောင့် ဒေသခံများ နှင့် တရုတ်နိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်သူများ အထိတ်တလန့် ဖြစ်ပြီး ၊ လူတသောင်းကျော်တရုတ်ပြည်ဘက်သို့ ထွက် ပြေးသွားခဲ့ ကြောင်းသိရသည်။

သြဂုတ်လ ၉ရက်နေ့က အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်အောင်သန်းထွဋ္ဋ်ရောက်ရှိလာပြီး အခြားသော ကိုးကန့်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သော်လည်း၊ ဦးဖုန်ကျားရှင်မှ လက်ခံတွေ့ဆုံခဲ့ခြင်းမရှိဟုသိရသည်။

တရုတ်မြန်မာနယ်စပ်ရှိ အပစ်ရပ်အဖွဲ့များက နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရေး ကမ်းလှမ်းချက်ကိုလက်မ ခံသောကြောင့် ဒေသခံလူထု အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ စစ်အစိုးရမှ ပရိယာယ်လုပ်ဆောင် နေသည် ဟုထင်ကြောင်းကို ဦးအောင်ကျော်ဇောက ပြောသည်။

“ကချင်မှာလည်း တပ်အပြောင်းအရွှေ့နဲ့ လက်နက်ကြီးများ ချထားတယ်၊ မိုင်းလားမှ တပ်တွေကို ရိက္ခာစုဆောင်းခိုင်းပြီး မိုးရာသီကုန်ရင် ထိုးစစ်တွေစတင်မယ်လို့ပြောပြီးတော့ နယ်မြေဒေသမတည်ငြိမ်အောင်လုပ်နေတယ်”ဟုပြောသည်။

တရုတ်နိုင်ငံအနေဖြင့် ၄င်း နယ်စပ်ရှိ အပစ်ရပ်အဖွဲ့များနှင့် စစ်အစိုးရကြားတွင်ရှိနေသော ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် လိုလားကြောင်း မြန်မာစစ်အစိုးရအား သဘောထားပေးထားသည်ဟု ဆိုသည်

လောက်ကိုင်မြို့သည် မြန်မာပြည်အရှေ့မြောက်ဘက်စွန်း တရုတ်ပြည်နယ်စပ်နှင့်ကပ်လျက်ရှိပြီး တရုတ်လူမျိုးများ အများ ဆုံးနေထိုင်ကာ လောင်ကစားရုံကြီးများလည်းရှိသော လူဦးရေ ၂ သိန်း ခန့်ရှိသည့်မြို့ဖြစ်ကြောင်း သိရသည်။

ဝ နှင့် ကိုးကန့်တပ်ဖွဲ့များကို မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု အပြည်ပြည်ဆိုင်ရာ မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များက သံသယရှိနေသောကြောင့် ၂၀၀၃ခုနှစ်တွင် ကိုးကန့်ခေါင်းဆောင်များက မူးယစ် ဆေးဝါးကင်းစင်သောနယ်မြေအဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။

ဖုန်ကျားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

စစ်ကိုင်းတိုင်းနှင့်အထက်ပိုင်းတွင် မိုးခေါင် စိုက်ပျိုးရေးမရရှိသဖြင့် စပါးမစိုက်နိုင်

ခိုင်လင်း / ၁၀ သြဂုတ် ၂၀၀၉

စစ်ကိုင်းတိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း စပါးအဓိကထွက်ရာ ရွှေဘို၊ ကောလင်း၊ မိုးညှင်းခရိုင်တို့အတွင်း မိုးခေါင်နေသောကြောင့် စိုက်ပျိုးရေအခက်ခဲဖြစ်ကာ စပါးမစိုက်နိုင်ဘဲ ဖြစ်နေသည်။

သဖန်းဆိပ်နှင့် ကာဘိုးဆည် အနီးတ၀ိုက်တွင်သာ စက်များဖြင့် ရေသွင်းစိုက်ပျိုးနေကြပြီး မန္တလေးမှ မိုးညှင်းအထိ မီးရထားသံလမ်းတလျှောက် ဒေသအတော်များများတွင် လယ်ထွန်ပြီးစီးနေသော်လည်း မိုးမရွာသဖြင့် ရေမရရှိဘဲ စပါးစိုက်ပျိုးရန် အခက်အခဲများနှင့် ကြုံနေရကြောင်း ကောလင်းနယ်သားတဦးက ပြောသည်။

၎င်းက “လယ်တွေမလုပ်ရတော့ တောင်သူတွေအနေနဲ့ ဘာမှလုပ်လို့မရဘူး။ တချို့က တရုတ်နယ်စပ်မှာ အလုပ်လာ ရှာကြတယ်၊ တချို့က မန္တလေးဘက်ဆင်းတယ်။ ကိုယ့်နယ်မှမဟုတ်ဘူး၊ ဒီပြင်နယ်တွေမှာလည်း ဒီလိုပဲ။ မိုးမရွာတော့ လယ်သူရင်းငှား ၀င်လုပ်လို့လည်း မဖြစ်နိုင်ဘူး။ ဘာမှလုပ်မရတဲ့အတူတူ ရရာလုပ်မယ်ဆိုပြီး ထွက်နေကြတာ။ မိုးက အတော်ကို ခေါင်တာ။ မိုးရွာအောင်ဆိုပြီး လွန်ဆွဲပွဲတွေလည်း ခဏခဏလုပ်ကြတာပဲ။ ရွာကိုမရွာတာ” ဟု ပြောသည်။

ရွှေဘို၊ ကောလင်းနှင့် မိုညှင်းဒေသတို့သည် စပါးအထွက်များသဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားသို့ ဆန်စပါး တင်ပို့ရောင်းချ နေရသော်လည်း ယခုအခါ မိုးခေါင်နေသဖြင့် ဆန်စပါး အခက်အခဲကြုံတွေ့ရမည်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဒေသခံ အာဏာပိုင်များက ဆန်စပါးတင်ပို့ရောင်းချခွင့်ကို ပိတ်ပင်ထားသည်ဟု အဆိုပါကောလင်းမြို့သားက ပြောသည်။

ယခုကဲ့သို့ ဆန်တင်ပို့ခွင့်များ ပိတ်ပင်ထားသည့်အတွက် မြစ်ကြီးနားမြို့သို့ ဆန်ဝင်ရောက်မှုနည်းပါးသွားပြီး ဆန်ဈေးများ တက်နေသည်ဟု မြို့ခံတဦးက ပြောသည်။

၎င်းက “ခါတိုင်း မိုးညှင်း၊ မော်ဟန်၊ မော်လူး၊ ၀န်းသို၊ ကောလင်းဘက်က ဆန်တွေ ရထားနဲ့ နေ့စဉ် အိတ်ရာနဲ့ချီဝင်နေတာ၊ အခုသိပ်မရှိတော့ဘူးလို့ ပြောတယ်။ ဆန်ဈေးက တအိတ် (၂) ထောင်လောက် တက်နေပြီ။ ဆန်အမာ အရင်တတင်းခွဲအိတ်ကို (၁) သောင်း (၆) ထောင်ရှိတယ်၊ အခု (၁) သောင်း (၈) ထောင်ဖြစ်နေပြီ။ ဆန်သစ်မပေါ်မချင်း ဆက်တက်ဖို့ပဲ ရှိမယ်” ဟု ပြောသည်။(ခေတ်ပြိုင်)

Type the rest of your post here.

(ဆက်ဖတ်ရန်.......)

ဆလိုင်းတင်မောင်ဦး အောက်မေ့ဘွယ်အထိမ်းအမှတ် ထုတ်ပြန်ကြေငြာချက်(CNC,Korea)

ကြည်လင်ပြက်သားစွာကြည့်လိုပါက ညာဘက်ဒေါင့်Full screen ကိုနှိပ်ပါက ဖတ်ရှုနိုင်ပါသည်။
Statement CNC,Korea

(ဆက်ဖတ်ရန်.......)

Salai Ram Lian Hmung

စာလုံးကြီးဖြင့်မြင်လိုပါက ညာဘက်ဒေါင့်ကို နှိပ်ပါက ကြည်လင်ပြက်သားစွာဖတ်လို့ရပါသည်။
rlhmung

(ဆက်ဖတ်ရန်.......)

၈လေးလုံး(၂၁)နှစ်ပြည့် နအဖသံရုံးရှေ့ဆန္ဒပြပွဲနှင့် သတင်းစာရှင်းလင်းပွဲ ဗွီဒီယို





ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီး( ၂၁ )နှစ်မြောက် အထိမ်းအမှတ်နေ့ ပူးတွဲ ထုတ်ပြန်ကြေညာချက်



၁။ ၁၉၈၈ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် စတင်ခဲ့သည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာခဲ့ သည်မှာ ယနေ့ဆိုလျှင် (၂၁)နှစ် တိုင်တိုင် ပြည့်ခဲ့ပြီ ဖြစ်ပါသည်။

၂။ အဆိုပါ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးသည် မြန်မာနိုင်ငံကို(၂၆)နှစ်ကြာ ဓါးမိုးအုပ်ချုပ်လာခဲ့သည့် မဆလ တပါတီ အာ ဏာရှင်စံနစ်ကို အမြစ်ပြတ် ချုပ်ငြိမ်းစေခဲ့သည်။ တချိန်တည်းမှာပင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်၊ လူထုဦးဆောင်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများ၊ ပြည်သူ့လွှတ် တော်ကိုယ်စားပြု ကော်မတီ၊(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ စသည့် မြန်မာ့သမိုင်းတွင် ဖျောက်ဖျက်၍ မရသည့် နိုင်ငံရေး ဦးဆောင်မူများကို ဖန်တီးမွေးဖွားပေးခဲ့သည်။ သို့သော် စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်တရပ် ထူထောင်ရေး ဟူသော တိုင်းရင်းသား ပြည်သူတရပ်လုံး၏ မျှော်လင့်တောင့်တချက်မှာမူ ယနေ့တိုင် အကောင်အထည်ပေါ်မလာသေးပေ၊

၃။ယနေ့ စစ်အစိုးရသည် မြန်မာ့သမိုင်းတွင် အဆိုးဝါးဆုံးသောလူ့အခွင့်အရေးချိုးဖေါက်မူများကို ကျုးလွန်နေသည့်အပြင် တိုင်းရင်းသား လူမျိုးများကိုလည်း လူမျိုးပြုတ်အောင်စံနစ်တကျ သုတ်သင်ချေမူန်းလျှက်ရှိပေသည်။ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအ၀င် မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူ(၂၁၀၀)ကျော်ကို ဥပဒေမဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ပြီး မတရား ဖမ်းဆီးထိန်းသိမ်းထားသည်။

မြန်မာ့နိုင်ငံရေးပြသာနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အကြံပြုချက်များကိုလည်း ခါးခါးသီးသီး ငြင်းပယ်နေခဲ့သည်။ လွတ်လပ်ပြီး တရားမျှတမူရှိသည့်(၁၉၉၀)ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို (၁၉)နှစ်တိုင်တိုင် မျက်ကွယ်ပြုထားခဲ့ သည်။ ထို့အပြင် စစ်အာဏာရှင်စံနစ်ဖြင့် မြန်မာပြည်ကို ရာသက်ပန် လွှမ်းမိုးအုပ်ချုပ်သွားရန်အတွက် တဖက်သက်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းကို ပြည်သူလူထုဆန္ဒနှင့် ဆန့်ကျင်၍ အဓမ္မ အတည်ပြုခဲ့သည့်အပြင်(၂၀၁၀)တွင် နောက်ထပ်ရွေးကောက်ပွဲ အသစ်တခုကို ထပ်မံပြုလုပ်ရန် စီစဉ်စိုင်းပြင်းနေပေသည်။

၎။ ထို့ကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ဇူလိုင်လ ၃ရက်နှင့် ၄ရက်နေ့များတွင် မြန်မာပြည်သို့ သွားရောက်၍ စစ်အုပ်စုခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော် စစ်အုပ်စုခေါင်းဆောင် ဗိုလ်သန်းရွှေက ဘန်ကီမွန်းအား တိကျရေရာသော ဂတိစကား တစုံတရာမှ မပေးသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကိုလည်း ငြင်းပယ်လိုက်ပေသည်။ ထိုကြောင့်လည်း မစ္စတာ ဘန်ကီမွန်းက ” မြန်မာ့နိုင်ငံရေး ခေတ်သစ်တခု ပွင့်လန်းလာစေမယ့် သူတို့ရဲ့ အဓိဌာန်ကို ပြသဖို့ အကောင်းဆုံးအခွင့်အလမ်းတခုကို မြန်မာအစိုးရလက်လွှတ်ဆုံးရူံးခဲ့ရပြီဟု ကျနော်ယုံကြည်တယ်”ဟု ထုတ်ဖေါ်ပြောကြားခဲ့ပေသည်။ ထိုကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ်အား မထီမဲ့မြင်ပြုလိုက်ခြင်းသည် ယဉ်ကျေးသည့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတခုလုံးကို ရိုင်းပြစွာ စော်ကားလိုက်ခြင်းပင် ဖြစ်ပေသည်။

၅။၂၀၀၃ခုနှစ်၊မေလ(၃၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဒီပဲရင်းနိုင်ငံတော်လုပ်ကြံသတ်ဖြတ်ပွဲကြီးအပြီး ၆နှစ်ကြာ နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းခြင်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ် မေလကုန်တွင် ချွင်းချက်မရှိ ပြန်လွတ်လာရမည်ဖြစ်သော်လည်း သူမ၏ နေအိမ်သို့ နိုင်ငံခြားသားတဦးဝင်ရောက်ခဲ့မူနှင့် ပက်သက်၍ နအဖစစ်အုပ်စုသည် ယုတ်မာ ကောက်ကျစ်စွာ မတရား အမူ့ဆင်၍ တရားစွဲဆိုခြင်းကို ထပ်မံ ရင်ဆိုင်နေရပေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တဦးဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို အစဉ်တစိုက်ကြိုးပမ်းနေသူဖြစ်ပါသည်။

ထို့အပြင် သူမသည် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ၏ မျှော်လင့်ချက်အလင်းရောင် လူထုခေါင်းဆောင်တဦးဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား မတရားထောင်ဒါဏ်ချမှတ်ခြင်းသည် မြန်မာ့ဒီမိုကရေစီရေးလူပ်ရှားမူကို သေဒဏ်ပေးလိုက်ခြင်းပင် ဖြစ်သလို သူမလွတ်မြောက်ရေးအတွက် တစိုက်မတ်မတ် တောင်းဆိုနေကြသော မြန်မာနှင့်ကမ္ဘာ့ပြည်သူတရပ်လုံးကို ပြောင်ပြောင်တင်း တင်း စိန်ခေါ်လိုက်ခြင်းပင် ဖြစ်ပေသည်။ သူမကိုယ်တိုင် လုံးဝ ကျူးလွန်ဖေါက်ဖျက်ခြင်းမရှိပါပဲနှင့် ရင်ဆိုင်နေရသော အမူ့ကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်သည် “ မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးမှု ဘယ်လောက်ရှိသလဲဆိုတာ ဒီအမှုက စံဖြစ်ပါ လိမ့်မယ် ဟု ပြောကြားခဲ့ပါသည်။ သူမ၏ အမူနှင့် ပက်သက်၍ သြဂုတ်လ (၁၁)ရက်နေ့တွင် နောက်ဆုံးစီရင်ချက်ချမှတ်မည်ဖြစ်ပြီး တရားစီရင်ရေး အာဏာကို အလွဲသုံးစားပြုလုပ်၍ မတရားထောင်ဒဏ်ချမှတ်မည်ဆိုလျှင် နအဖစစ်အုပ်စုအနေဖြင့် ပြည်တွင်းရှိ မြန်မာပြည်သူတရပ်လုံး နှင့် နိုင်ငံတကာအသိုင်းအ၀န်း၏ ဒဏ်ခတ်အရေးယူခြင်းကို ခံရပေလိမ့်မည်ဖြစ်သည်။ သေနတ်ပြောင်းဝမှာ တည်ရှိသော အာဏာ ထက် ပြည်သူလူထုတရပ်လုံး၏ နှလုံးသားမှ ဆင်းသက်သော ပြည်သူ့အင်အားသည်သာ ထာဝရတည်တံ့ခိုင်မြဲကြောင်းကို စစ်အုပ်စုအနေဖြင့် မကြာခင် သဘောပေါက် နားလည်လာရမည် ဖြစ်ပါသည်။

၆။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားနှင့်အမျိုးသားဂုဏ်သိက္ခာကို ရှေးရှု့၍ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးမည် ဆို လျှင် မဖြေရှင်းနိုင်သော၊ မဖြစ်နိုင်သောအရာဆိုသည်မှာ ရှိမည်မဟုတ်ပါ။ ထို့ကြောင့် ကိုရီးယားနိုင်ငံရောက် မြန်မာဒီမိုကရေစီအင်အားစု များနှင့် မြန်မာ့အရေးကို အစဉ်တစိုက် အားပေး ထောက်ခံ လာကြသော ကိုရီးယားလူထုလူ့အဖွဲ့အစည်းများအနေဖြင့် နအဖစစ်အုပ်စုသို့ အောက်ပါအချက်များကို အမြန်ဆုံး ဆောင်ရွက်ပေးရန် အလေးအနတ် တောင်းဆိုလိုက်သည်။

၀၁။ မတရားအမူဆင်၍ တရားစွဲဆိုခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်၊

၀၂။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအသွင်ကူုးပြောင်းရေး လုပ်ငန်းစဉ်များကို တိကျသော အချိန်ဇယားများအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန်၊

(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲ(NLDLAKOREA)
(၂) ကရင်လူငယ်များအစည်းအရုံး-ကိုရီးယားဌာနခွဲ(KYO Korea Breach)
(၃)ချင်းတိုင်းရင်းသားအဖွဲ့အစည်း-ကိုရီးယား(CNC-Korea)
(၄)ကူကီးကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ကိုရီးယားဌာနခွဲ(KSDF,Korea Breach)
(၅)ကိုရီးယားလွတ်တော်အမတ်များ(Korea MP)
(၆)မြန်မာ့အရေးကိုထောက်ခံအားပေးသောNGOအဖွဲ့အစည်းများ
အဖွဲ့အစည်းပေါင်း(၂၄)ဖွဲ့နှင့် ထုတ်ပြန်ကြေငြာချက်ဖြစ်ပါသည်။

၂၀၀၉ခုနှစ်၊သြဂုတ်လ ၈ရက်၊ စနေနေ့၊


Type the rest of your post here.

(ဆက်ဖတ်ရန်.......)