Tuesday, 29 March 2011

ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်တန့်ဖို့ သဘာဝဝန်းကျင်အဖွဲ့ တောင်းဆို

2011-03-29

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်း တည်ဆောက်မဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ ပိုက်လိုင်း စီမံကိန်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ Earthrights International-ERI လို့ ခေါ်တဲ့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့က မတ်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။Photo: Shwe Gas Movement

ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ ဖြစ်ပါသည်။ (Photo: Shwe Gas Movement)

ဒီစီမံကိန်းကြီးကို တရုတ်အစိုးရက အမေရိကန်ဒေါ်လာ သန်း တထောင့် ၄ ရာကျော် အကုန်အကျခံပြီး ၂၀၁၃ ခုနှစ် မတ်လမှာ အပြီးသတ် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွားမှာ ဖြစ်ပြီး စုစုပေါင်း၂,၃၈၀ ကီလိုမီတာ ရှည်လျားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုက်လိုင်း ဖြတ်သန်း တည်ဆောက်မဲ့ စီမံကိန်းတလျှောက်မှာ မြေယာ အဓမ္မသိမ်းယူမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်မှာ ဖြစ်တဲ့အတွက် ဒီစီမံကိန်းကြီးကို အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ ERI အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရရဲ့ ဒီပိုက်လိုင်းစီမံကိန်းကြီးမှာ တနှစ်ကို ရေနံစိမ်းတန်ချိန် ၂၂ သန်း အတင်အချ ပြုလုပ်နိုင်မဲ့ ရေနက် ဆိပ်ကမ်းတခုနဲ့ ဆီသိုလှောင်ကန်တခုကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တည်ဆောက်မဲ့ စီမံကိန်းတခုလည်း ပါဝင် ပါတယ်။

တရုတ်အစိုးရဟာ ဒီရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို အသုံးပြုပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက ရေနံနဲ့ ဓာတ်ငွေ့တွေကို သယ်ယူဖို့ စီစဉ်ထားပါတယ်။

RFA

No comments:

Post a Comment