Thursday 29 October 2009

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း

UDHR Booklet


(ဆက်ဖတ်ရန်.......)

မြန်မာ့ဒီမိုကရေစီအရေးထောက်ခံပွဲ သြစတြေးလျဝန်ကြီးချုပ်ဇနီး ပူးပေါင်းပါဝင်

ဒီမိုကရေစီနဲ့ လွတ်မြောက်ရေးတို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့ အနေနဲ့ သြစတြေးလျနိုင်ငံက ကမ္ဘာကျော် ဆစ်ဒ်နီ အော်ပရာ ပြဇာတ်ရုံကြီးရှေ့မှာ သြစတြေးလျဝန်ကြီးချုပ် ကယ်ဗင် ရပ်ဒ် (Kevin Rudd) ရဲ့ဇနီး အပါအ၀င် ရာနဲ့ချီတဲ့ သြစတြေးလျ ပြည်သူတွေ ဒီကနေ့ စုဝေးခဲ့ကြပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။


ဒီကနေ့ကျင်းပတဲ့ အခမ်းအနားကို သြစတြေးလျ ၀န်ကြီးချုပ် ကယ်ဗင် ရပ်ဒ်ရဲ့ ဇနီးဖြစ်သူ တယ်ရက်ဆယ် ရိန်း (Terese Rein) နဲ့ အတိုက်အခံခေါင်းဆောင် မဲလ်ကွမ်း တန်ဘူးလ် (Malcolm Turnbull) ရဲ့ဇနီး လူစီ တန်ဘူးလ် (Lucy Turnbull) တို့ကိုယ်တိုင် ပါဝင် တက်ရောက်ခဲ့ကြသလို ၀န်ကြီးချုပ် ကယ်ဗင် ရပ်ဒ် ကိုယ်တိုင်ကလည်း ဒီအခမ်းအနား ဖြစ်မြောက်ရေးအတွက် ထောက်ခံအားပေးခဲ့တယ်လို့ အခမ်းအနားကို ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။


ဒီအခမ်းအနား ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သြစတြေးလျ ပြည်သူတွေ အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ပိုမို ထောက်ခံအားပေးလာဖို့ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သလို မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီအခမ်းအနားကို ကျင်းပခဲ့တာလို့ ဦးဆောင်ကျင်းပတဲ့ သြစတြေးလျ လွှတ်တော်အမတ် ဂျနဲလ် ဆဖင်း (Janelle Saffin) က ပြောပါတယ်။

“ဒီကနေ့ အခမ်းအနားကို ကျင်းပလိုက်ခြင်းအားဖြင့် တိုးတက်မှု ၂ ခု ဖြစ်လာနိုင်ပါတယ်။ ပထမတခုကတော့ သြစတြေးလျ နိုင်ငံသားတွေက မြန်မာ့အရေးကို ပိုပြီး လုပ်ဆောင်လာကြလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။ ဒီလို လုပ်ဆောင်ကြဖို့လည်း ကျမက တိုက်တွန်းခဲ့ပါတယ်။ ကျမတို့အားလုံး မိနစ်အနည်းငယ် ငြိမ်သက်ပြီးတော့ ကျမတို့ ဘာတွေ လုပ်ဆောင်နိုင်သလဲ၊ ဥပမာ စာရေးပြီး စည်းရုံးတာတို့၊ နောက် မြန်မာစစ်အစိုးရ အနေနဲ့ ပြောင်းလဲမှုတွေ လုပ်ကို လုပ်ရမယ်ဆိုတဲ့ ပြင်းထန်တဲ့စာတွေ ရေးကြဖို့ တိုင်ပင်ခဲ့ကြပါတယ်။

“ဒုတိယအချက်ကတော့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်မယ် ဆိုတာကို ကျမတို့အားလုံး ယုံကြည်ခဲ့ကြပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားလေးကို ကျမ ကိုးကား ပြောကြားခဲ့ပါတယ်။ အဲဒါကတော့ စစ်အစိုးရမှာ သေနတ်ပဲရှိတယ်၊ သေနတ်နဲ့ လူတွေကို ကာလအတိုင်းအတာ တခုအထိပဲ အုပ်ချုပ်လို့ ရနိုင်မယ်၊ ထာဝရစိုးမိုး အုပ်ချုပ်ထားလို့ မရနိုင်ဘူး။ ဒါကြောင့် တနေ့မှာ သူတို့ ပြောင်းကို ပြောင်းလဲလာရမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားလေးပါ။”

သြစတြေးလျ ၀န်ကြီးချုပ်နဲ့ အတိုက်အခံ ခေါင်းဆောင်တွေက မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးကြောင်း အခုလို ပြောဆို လုပ်ဆောင်နေကြပေမဲ့ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ မြန်မာစစ်အစိုးရနဲ့ ပိုမိုထိတွေ့ ဆက်ဆံသွားမယ်လို့ သြစတြေးလျ အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ သြစတြေးလျ အစိုးရဘက်က အခုလို လေသံပြောင်းလာတာဟာ သမ္မတ အိုဘားမား (Obama) အစိုးရနဲ့ လက်ရှိ သြစတြေးလျ အစိုးရ ၀န်ကြီးချုပ် ကယ်ဗင် ရပ်ဒ်တို့အကြား နွေးထွေးတဲ့ ဆက်ဆံမှု ရှိနေတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ သြစတြေးလျ အစိုးရ အနေနဲ့ လက်ရှိ တည်ရှိနေတဲ့ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေကိုတော့ ဆက်လက်ထားရှိသွားမှာ ဖြစ်တယ်လို့ လွှတ်တော်အမတ် ဂျနဲလ် ဆဖင်းက ပြောပါတယ်။

“သြစတြေးလျ အစိုးရကတော့ မြန်မာစစ်အစိုးရအပေါ် လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဆက်ပြီး ထားရှိသွားမှာ သေချာပါတယ်။ ဒီပိတ်ဆို့ အရေးယူမှုတွေဟာ ငွေကြေးအရ ပိတ်ဆို့တာ၊ သြစတြေးလျနိုင်ငံကို လာလို့မရအောင် ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးတာ၊ စတဲ့ လက်ရှိ ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် ရည်ရွယ်လုပ်ဆောင်တဲ့ အနေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေ မြန်မာနိုင်ငံကို ပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဒါဟာ သြစတြေးလျ အစိုးရဘက်က ပေါ်လစီပြောင်းတာ မဟုတ်ပါဘူး၊ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံတာသာ ဖြစ်ပါတယ်။”

နိုင်ငံတကာရဲ့ ပြောဆို ဝေဖန်မှုတွေကို မြန်မာစစ်အစိုးရက နားမထောင်ဘူး၊ မသိကျိုးကျွန် ပြုနေတယ်လို့ အများစုက ထင်မြင် ယူဆနေကြပေမယ့် အဲဒီယူဆချက်ဟာ မှားနေတယ်လို့ ဂျနဲလ် ဆဖင်းက ထောက်ပြပါတယ်။ စစ်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းကြားမှာ ၀င်ဆန့်ချင်ရင် တိုင်းပြည်အတွင်းမှာ ပြောင်းလဲမှုတွေ ဖော်ဆောင်ရမယ် ဆိုတာကို သဘောပေါက်ပါတယ်လို့ သူက ပြောပါတယ်။ စစ်အစိုးရဟာ ချက်ချင်းလက်ငင်းကြီး မဟုတ်တောင် အနှေးနဲ့အမြန် ဆိုသလို ပြောင်းလဲမှုတွေကို မဖြစ်မနေ လုပ်ဆောင်လာရမယ်ဆိုတာ သေချာပါတယ်လို့ ဂျနဲလ် ဆဖင်းက ပြောသွားပါတယ်။


ဂျနဲလ် ဆဖင်းဟာ မြန်မာ့အရေးကို နှစ်ပေါင်းများစွာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးနေတဲ့ သြစတြေးလျ လွှတ်တော်အမတ်တဦး ဖြစ်ပါတယ်။ ဆစ်ဒ်နီမြို့က ကမ္ဘာကျော် အော်ပရာ ပြဇာတ်ရုံကြီးရှေ့မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို လူပေါင်း ရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။(ဗွီအိုအေ)

(ဆက်ဖတ်ရန်.......)

မြန်မာ့အကြီးဆုံး ဝက်ဘ်ဆိုက်တွင် ဇော်ဂျီယူနီကုဒ် သုံးမည်ဟုဆို

လာမည့်နှစ် ဇန်နဝါရီ လဆန်းတွင် လွှင့်တင်မည့် ရတနာပုံ တယ်လီပို့၏ ဝက်ဘ်ဆိုက်တွင် ကွန်ပျူတာသုံး မြန်မာစာရိုက်စနစ် ယူနီကုဒ် အဖြစ် ဇော်ဂျီယူနီကုဒ်ကို သုံးစွဲဖွယ်ရာ ရှိကြောင်း အမည်မဖော်လိုသူ မြန်မာအိုင်တီပညာရှင် တစ်ဦးက လျှပ်တစ်ပြက်သို့ ပြောသည်။့


ရန်ကုန်မြို့ရှိ လူငယ်များအကြား အတူနေမှုများ ရှိနေ

"Living together ဆိုတာ အနောက်နိုင်ငံတွေမှာသာ ယခင်ကတည်းက ရှိခဲ့တာပါ။

သူတို့ရဲ့ ယဉ်ကျေးမှုလို့ပြောရင်တောင် ရပါတယ်။ မြန်မာနိုင်ငံမှာတော့ မြန်မာ့ယဉ်ကျေး

မှုနဲ့ ဆန့်ကျင်တဲ့ လက်မထပ်ဘဲ အတူနေတာမျိုး မရှိခဲ့ပါ။ ဒီလိုကိစ္စမျိုးကိုဘယ်မိဘဆွေ

မျိုး ညီအစ်ကိုမောင်နှမများကမှ လက်သင့်မခံကြလို့ ဒီလိုလက်မထပ်ဘဲအတူနေတာမျိုး

မရှိခဲ့တာပါ။ ယခုအချိန်မှာတော့ ရန်ကုန်မြို့နေ လူငယ် များအကြားအကြောင်းအမျိုးမျိုး

ကြောင့် လက်မထပ်ဘဲ အတူနေကြတာမျိုးတွေ ရှိလာတယ်" လို့နယ်မှ မိတ်ဆွေတစ်ဦး

ကပြောပါတယ်။


(ဆက်ဖတ်ရန်.......)

ပြည်သူသာ အမိ ပြည်သူသာ အဖ

ဆောင်းပါးရှင် - ဆရာဖုန်းမြင့်

ယခုဆိုလျှင် သမိုင်းဝင်ရှစ်လေးလုံး၏ သက်တမ်းကာလသည် (၁၉) နှစ်ပြည့်မြောက်၍ (၂၀) နှစ် အတွင်းသို့ စွန်းထင်း ၀င်ရောက်ခဲ့ပါပြီ။ သို့သော် ရှစ်လေးလုံး၏ အကျည်းတန်မှု၊ ရက်စက်မှု၊ ခါးသီးမှု၊ လူမဆန်မှု၊ ယုတ်မာရိုင်းစိုင်းမှု၊ ကြေကွဲမှု၊ နာကျည်းမှု စသည့် စသည့် အနိဌာရုံများနှင့် နဖူးတွေ့ ဒူးတွေ့ ရင်းနှီး ထိတွေ့ကြားသိခဲ့ ရသော လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကျောင်းသားကျောင်းသူ၊ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့သည် ထိုအချိန် ထိုကာလမှ အကြောင်းအရာများကို သူတို့ အသက်ရှင်နေသရွေ့ ကာလပတ်လုံး မေ့ပျောက်ခြင်းငှာ တတ်နိုင်မည်မဟုတ်သကဲ့သို့ သူတို့၏ သားစဉ်မြေးဆက် ပြောပြ၍လည်း ဆုံးနိုင်မည်မဟုတ်ပါ။ ထို ရှစ်လေးလုံး၏ များပြားလှစွာသော လမ်းကြောင်းများအနက်မှ လမ်းကြောင်း တကြောင်း အတွင်းသို့ ၀င်ရောက်လျှောက်လှမ်းခဲ့ဖူးသော ကျွန်တော်သည်လည်း ထိုလမ်းကြောင်းအတွင်းမှ သက်ဝင်လှုပ်ရှားမှုများကို ပြန်၍ မြင်ယောင်၊ ကြားယောင်နေဆဲပင်။ ရှစ်လေးလုံး၏ ပေါင်းဆုံစီးဆင်းရာ လမ်းကြောင်းများနှင့် ပုံရိပ်များ သည် ကောင်းကင်မှ ကြယ်အစုံကို ကြည့်မိသကဲ့သို့ အချို့  မှာ ထင်ရှားလျက်၊ အချို့မှာ မှုံဝါးလျက်၊ အချို့ မှာ မပီဝိုးတ၀ါးနှင့်။ မတ်လ (၁၆)ရက် ကျွန်တော်ရုံးတက်သောနေ့တွင် စက်မှုတက္ကသိုလ်သို့ လုံထိန်းနှင့် စစ်တပ်မှ ၀င်နှောက်ရိုက်နှက် ဖမ်းဆီးသည့် သတင်းကိုကြားရသည်။ နောက်ဆက်ကာ ဆက်ကာ ဆိုသလို အင်းလျားကန်ဘောင် တံတားဖြူတွင် လုံထိန်းများက ကျောင်းသားကျောင်းသူများကို ကမ်းကုန်ရက်စက်စွာ ရိုက်နှက် သတ်ဖြတ်မှု၊ ရန်ကုန်တက္ကသိုလ်ဝင်းထဲ လုံထိန်းနှင့် စစ်သားများဝင်စီးကာ ကျောင်းသားကျောင်းသူများကို အဓမ္မဖမ်းဆီးခေါ်ဆောင်မှု၊ အလုံပိတ်အချုပ်ကားထဲတွင် ကျောင်းသားများ မွန်းကြပ်သေဆုံးမှုတို့မှာ ကြားရသူတိုင်းကို အံ့သြတုန်လှုပ် ခြောက်ချားစေကာ ပြင်းထန်စွာ ထိခိုက်ခံစားရစေပါသည်။ ဤအရေးအခင်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့ ရဲဘော်များကို ကာကွယ်ရေးဝန်ကြီးဋ္ဌာန ခမ်းမသစ်ကြီးတွင် ခေါ်ယူပြီး ဗိုလ်မှူးကြီးများ တယောက်ပြီးတယောက် စင်မြင့်ပေါ် တက်ကာ သူတို့ လိုချင်သော ပုံစံများဖြင့် ရှင်းလင်းသွားခဲ့သည်။

သို့သော် ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ စစ်သည်များသည် အပြင်တွင် နေခွင့်ရကြသူများဖြစ်ကြ၍ အဖြစ်မှန်များကို သိထားနှင့်ကြပြီးဖြစ်ရာ ဤရှင်းလင်းပွဲကို စိတ်မ၀င်စားကြ၊ ဗိုလ်မှူးကြီးတယောက်က ပြောပါသေးသည်။ “ဒီလို မြို့တွင်း အရေးအခင်းတွေနဲ့ ပတ်သက်ရင် ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှာ ရှိတဲ့ အရာရှိ စစ်သည်တွေမှာလည်း တာဝန်ရှိတယ်၊ နောင်... ဒီလို အရေးအခင်းမျိုးတွေ ထပ်ဖြစ်လာရင် ကာကွယ်ရေးဝန်ကြီးဋ္ဌာန အနေနဲ့ တာဝန်ယူရလိမ့်မယ်။ ဒါကြောင့် အခုကစပြီး လုံခြုံရေးတပ်ရင်းတွေ ဖွဲ့မယ်” ဟု ပြောပါသည်။ “အော်.... ဒါကြောင့်လည်း ငါတို့ကို မွမ်းမံသင်တန်းတွေ မကြာခဏ တက်ခိုင်းတာကိုး” ဟု ခံပြင်းစွာ တွေးမိသည်။ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာန အတွင်းရှိ ကြည်း၊ ရေ၊ လေ စစ်သည်များသည် မကြာခဏ ဆိုသလို ဖေါင်ကြီးလေ့ကျင့်ရေး (၁) နှင့် ဂျိုးဖြူတိုင်း ဗဟိုတို့တွင် စစ်ပညာမွမ်းမံ သင်တန်းများသွားတက်ရသည်။ ဘယ်နှစ်ဘယ်သင်တန်းတွင်မဆို အထူးဦးစားပေးသင်တာကတော့ လူထုအုံကြွမှု (သို့မဟုတ်) ဤကဲ့သို့သော အရေးအခင်းမျိုးတွင် အရပ်ဘက် အုပ်ချုပ်ရေးမှ မထိန်းသိမ်းနိုင်တော့သဖြင့် စစ်ဘက်သို့ လွှဲအပ်ပြီး နှိမ်နင်းစေသော သင်ခန်းစာ ဖြစ်သည်။

ဆန္ဒပြလူအုပ်ကြီး ချီတက်လာပုံ၊ အရပ်ဘက်အုပ်ချုပ်ရေးမှ တားဆီးပုံ၊ နောက်ဆုံး မတားနိုင်တော့သဖြင့် စစ်တပ်ကို လွှဲအပ်ပုံ၊ စစ်ကားများ ဆန္ဒပြနေရာသို့ ရောက်ရှိလာပုံ၊ ၀တ်စကုတ် အနီဝတ် လက်ဖြောင့်တပ်သားများက သေနတ်ကို မုဆိုးဒူးထောက် အနေအထားဖြင့် ဆန္ဒပြလူအုပ်ကြီးဘက်သို့ ချိန်ရွယ်ထားပုံ၊ အထက်အရာရှိက အသေပစ်ရန် ခရာဖြင့် အမိန့်ပေးပုံ၊ ဆန္ဒပြသူများ လဲကျသေဆုံးပုံ၊ ထိုသရုပ်ပြပွဲကိုရှင်းလင်းပွဲ နားထောင်ရင်းစိတ်မသက်မသာဖြစ်ခဲ့ပုံများကို ပြန်မြင်ယောင်လာကာ “သြော်..ဒို့ကို ဒီသင်တန်းတွေ မကြာခဏ တက်ခိုင်းတာ တိုင်းပြည်ရဲ့ အညွန့်အဖူး ကျောင်းသားများကို ပစ်သတ်ခိုင်းဖို့ပါလား” ဟု နာကျင်စွာ တွေးတောမိပြီး “အကယ်၍သာ ဒီလိုအရေးအခင်းတွေ ထပ်ဖြစ်ပြီး ငါတို့ကို နှိမ်နင်းဖို့တာဝန်ပေးခဲ့ရင် ဘယ်လိုလုပ်ရပါ့” ဟု တဆက်တည်း စဉ်းစားမိပြီး ရင်ထဲလေးလံ ထိုင်းမှိုင်းသွားခဲ့ရသည်။ အလျဉ်းသင့်၍ ပြောရပါလျှင် တပ်တွင်း ရဲဘော်များသည် ဤအရေးအခင်း မပေါ်မှီကတည်းက စစ်အစိုးရနှင့် ပတ်သက်၍ မကျေနပ်မှုများ ပေါ်ပေါက်ခဲ့ဖူးသည်။ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနတွင် လုပ်အားပေးများ အမြဲလိုလို ရှိနေတတ်သည်။ သို့သော် ပြည်သူ့အကျိုးပြု လုပ်ငန်းများတော့ မဟုတ်၊ ဒူးယားတဘူး၊ ဆပ်ပြာတတောင့်ပေးပြီး အရာရှိကြီးများနေထိုင်ရာ (ဥပမာ - အဏ္ဏ၀ါရိပ်သာ၊ ပြည်ထောင်စုရိပ်သာ) ပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများစွာနှင့် ညစ်ပတ်ပေရေ နေသော နေရာများကို ရှင်းလင်းခိုင်းခြင်းသာ ဖြစ်သည်။ ရဲဘော် စစ်သည်များအတွက်မူ ဘာမျှဆောင်ရွက်မပေး၊ ယုတ်စွအဆုံး တပ်တွင်းလူပျိုလိုင်းရှိ ရေချိုးကန်အိမ်သာများ ကိုပင် ကောင်းကောင်း မဆောက်ပေး၊ မပြင်ပေး၊ မြစိမ်းရောင်၊ ရွှေဝါမြေ စစ်ဆင်ရေးများတွင် အကြိမ်ကြိမ် ပါဝင်ခဲ့ဖူးသဖြင့် တောင်သူလယ်သမားများ၏ အခွင့်အရေး ဆုံးရှုံးမှုများ၊ နစ်နာချက်များကိုလည်း ရင်နင့်စွာ ကြားသိမြင်ခဲ့ရသည်။ ကိုယ်ချင်းစာ ခဲ့ရသည်။ ငါတို့ လုပ်နေတာ ပြည်သူအတွက် တိုင်းပြည်အတွက် မဟုတ် ဆိုတာကို သိခဲ့ရသည်။ တောင်သူလယ်သမားများမှာ သေနတ်ကြောက်၍သာ ငုံ့ခံခဲ့ရသည်။ (ဥပမာ မာဃစီမံကိန်း) ၊သည် အတွေ့အကြုံ၊ သည်ခံစားချက်များသည် အထက်အောက် ဆက်ဆံမှုများတွင် လေးစားမှုများ လျော့နည်းခဲ့ရသည်။ ၂၅ိ၊ ၃၅ိ နှင့် ၇၅ိ တန် ငွေစက္ကူများ တရားမ၀င်ကြောင်း ကြေညာလိုက်ခြင်းကလည်း အောက်ခြေရဲဘော်များသာမက အထက်အရာရှိများ အတွင်းတွင်ပင် မကျေနပ်မှုများ ပေါ်ပေါက်လာခဲ့ရသည်။

ဇွန်လမြေနီကုန်း အရေးအခင်းများ ပြီးနောက် အမှတ်(၅၀၂) လေတပ်စခန်းနှင့် ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း (လပထ)မှ စစ်သည်များကို အရေးအခင်းများ နှိမ်နင်းရေးအတွက် လုံခြုံရေး တာဝန်များ ပေးလာသည်။ သို့သော် ခိုင်းသာ ခိုင်းရသည်။ လေတပ်နှင့် ရေတပ်ကို မယုံကြ၊ သို့ဖြစ်၍ မြို့လယ်ခေါင်နှင့် ကျောင်းသားများနှင့် နီးစပ်သော နေရာများတွင် လုံခြုံရေးတာဝန်မပေးရဲ၊ တောင်ဥက္ကလာလို မြို့ အစွန်များတွင် တာဝန်ပေးသည်။ အခြားတပ်များက မည်သို့သဘော ထားသည်ကို ကျွန်တော်မသိ။ ကျွန်တော်နှင့် ထိတွေ့ရင်းနှီးမှု ရှိခဲ့သော (လပထ) လေတပ်စခန်းရှိ ရဲဘော်များ၏ သဘောထားကတော့ ပြတ်သည်။ “ ဟေ့ - ငါတို့ကတော့ အထက်အမိန့်မို့သာ သွားရတာ၊ လုံးဝဆန္ဒမရှိဘူး၊ ငါတို့ကို ပစ်မိန့်ပေးလို့ကတော့ ဆောရီးဘဲ၊ လုံးဝမပစ်ဘူး၊ ပြည်သူတွေ ကျောင်းသားတွေ ရှေ့မှာ သေနတ်ကို ဒီအတိုင်း ပစ်ချပေးလိုက်မယ်၊ နောက်မှ ဘယ်လို အပြစ်ပေးပေး၊ နောက်မှ ကြည့်ရှင်းမယ်” ဟူ၍ အချင်းချင်း လျှို့ ဝှက်ညှိနှိုင်းထားကြသည်။ သို့သော် အချို့ တလွဲဆံပင်ကောင်းသူများကတော့ “ ငါတို့တော့ သူ့ဆန်စားထားရတာ၊ သူတို့ ခိုင်းတာ လုပ်ရမှာဘဲ” ဟု ပြောသံ ကြားရကြောင်း ပွင့်လင်းစွာ ၀န်ခံပါသည်။ ရှစ်လေးလုံး အရေးအခင်းသည် ကျွန်တော်တို့ ရဲဘော်များနှင့် အရာရှိ အသိုင်းအ၀ိုင်းထိ ၀င်ရောက်ခါ နာကျည်းမှုများနှင့်အတူ စစ်အစိုးရအား ပုန်ကန်ထကြွချင်စိတ်များ တဖွားဖွား ပေါ်ပေါက်စေခဲ့သည်။

၁၉၈၈ခုနှစ် သြဂုတ်လ (၈) ရက်နေ့သည် ရုံးဖွင့်ရက်ဖြစ်သဖြင့် ကျွန်တော်တို့ ရုံးတက်ကြရသည်။ ရုံးသာတက်ရသည်၊ ဘယ်သူမှ အလုပ်ကို စိတ်မ၀င်စားကြ၊ အထွေထွေ သပိတ်မှောက်ရန် ကြေညာထားသော နေ့ဖြစ်၍ ယင်းကိစ္စနှင့် ပတ်သက်ပြီး စိတ်ဝင်စားစွာ ပြောဆိုဝေဖန်မှုများသည် မနက်ကင်တင်းတွင် ထိုင်ချိန်မှာစ၍ ရုံးပေါ်ရောက်သည်အထိ ပြောဆို ဝေဖန်နေကြတုန်းပင်၊ မနက် (၁၀) နာရီခန့်တွင် တောင်ဘက် ရွှေတိဂုံဘုရားလမ်းမှ “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ”၊ “တပါတီစနစ် အလိုမရှိ”၊ “ဒီမိုကရေစီ ချက်ချင်းပေး၊ ချက်ချင်းပေး” စသော ကြွေးကြော်သံများကို ကြားရသဖြင့် ကျွန်တော်တို့သည် ပြူတင်းပေါက်များနားသို့ အလိုလို ရောက်သွားကာ ကြည့်မိကြသည်။ ရှေ့ဆုံးတွင် ခွပ်ဒေါင်းအလံနှင့် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံများကို ကိုင်ဆောင်ထားကြသော အဖြူအစိမ်း ကျောင်းဝတ်စုံနှင့် ငယ်ရွယ်သော ကျောင်းသူ၊ ကျောင်းသားများသည် ကြွေးကြော်သံများကို အသံကုန် အော်ဟစ် တိုင်ဖောက်ကာ တက်ကြွစွာ ချီတက်လာကြသည်။ သူတို့ နောက်မှ များစွာသော လူထုကြီး၊ လူထုကြီးနောက်မှ ရဟန်းသံဃာပေါင်းများစွာကလည်း ကြွေးကြော်သံများဖြင့် ချီတက်သွားရာ စတီးဝပ်၊ ဂျူပလီလမ်းတလျှောက် နှင့် ကျွန်တော်တို့ စစ်ရုံးပတ်ပတ်လည်တွင် လူပင်လယ်ကြီး ဖြစ်နေတော့သည်။ ဆန္ဒပြလူထုကြီးသည် ကျွန်တော်တို့ စစ်သားများကို လက်ဝှေ့ရမ်း နှုတ်ဆက်ကြသည်။ “ ပြည်သူ့တပ်မတော် ဒို့တပ်မတော်”၊ “တပ်မတော်သားများ ပြည်သူလူထုနဲ့ ပူးပေါင်းပါ၊ ရပ်ကြည့်နေလို့ အမြတ်မရှိဘူး၊ ပြည်သူတွေနဲ့ ပူးပေါင်းမှ ဒီမိုကရေစီရမယ်” စသဖြင့် အော်ဟစ်သွားကြသည်။

ညနေရုံးဆင်းချိန်တွင် ကျွန်တော်တို့ အိမ်ပြန်ရန် အခက်ကြုံရတော့သည်။ ဤမျှ များပြားလှသော လူအုပ်ကြီများ ကြားမှ နေ၍ ကျွန်တော်တို့ အဘယ်သို့ ပြန်ရပါမည်နည်း။ ( ကျွန်တော်တို့ ရုံးသူရုံးသားများကို နေ့စဉ် ဖယ်ရီဖြင့် အကြိုအပို့ လုပ်ပေးသည်။) ကားများ ဘယ်လို ထိုးဖောက်ထွက်နိုင်မည်နည်း။ စစ်သားဆို အမုန်းကြီး မုန်းနေသော လူထုကြီးကို ကျွန်တော်တို့ ထိုးဖောက်သွားဖို့ ခက်နေပြီမဟုတ်ပါလား။ ရုံးဝင်းအတွင်းရှိ လုံခြုံရေး တပ်ဖွဲ့များကတော့ (stand by) အနေအထားဖြင့် အထက်အမိန့်ကို စောင့်နေကြသည်။ မကြာမကြာ ဆိုသလို အသံချဲ့စက်တပ် (TE-11) စစ်ကားများဖြင့် မြို့တွင်းမြို့ပြင်သို့ တစီးပြီး တစီး ထွက်သွားတတ်သည်။ ည (၇) နာရီ ကျော်သည်နှင့် ကျွန်တော်တို့ အိမ်ပြန်ရေးအတွက် စခန်းမှူးဗိုလ်မှူးကြီး ဘဆန်းနှင့် သူ၏ အထက်အရာရှိများက စီစဉ်ပေးသည်။ ဤသို့ဖြင့် ည (၈) နာရီခန့်တွင် ဘရင်းကယ်ရီယာနှင့် လုံခြုံရေးတပ်ဖွဲ့များရှေ့နောက် ခြံရံကာ ဖယ်ရီကားတစ်စီးတွင် လုံခြုံရေးစစ်သား (၄) ယောက်စောင့်ကြပ်၍ အိမ်ပြန်ခရီးကို စခဲ့ရသည်။

မင်္ဂလာဒုံတွင် နေသော ကျွန်တော်အပါအ၀င် စစ်မှုထမ်းများသည် (၁၅) စီးသော (BM) ဖယ်ရီကားတန်းဖြင့် အစောင့်အရှောက်များ ခြံရံကာ ရွှေဂုံတိုင်၊ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်ခဲ့ရာ လမ်းတလျှောက်တွင် ဧရာမလူအုပ်ကြီးများနှင့် တိုးပါတော့သည်။ များပြားလှသော လူအုပ်ကြီးသည် ကားသွားနိုင်ရုံလောက်သာ လမ်းဖွင့်ပေးထားပြီး တဖက်တချက်တွင် ညှပ်ထားသည်။ ကမ္ဘာအေးလမ်းအဆုံး ရှစ်မိုင်၊ မရမ်းကုန်း လမ်းဆုံရောက်သည်အထိပင်။ စစ်သားများကို အန္တရာယ်ပြုဖို့တော့ မဟုတ်ပေ။ ကျွန်တော်ထင်သည်၊ ဤ (၈) ရက်နေ့ည ကျွန်တော်တို့ ပြန်ချိန်အထိ ပြည်သူလူထုသည်စစ်တပ်ကို (တပ်မ ၂၂ မှလွဲ၍) ခါးခါးသီးသီး မမုန်းသေး၊ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုကြီးသည် တပ်မတော်သားများကို အားကိုးကြောင်း၊ သူတို့နဲ့ ပူးပေါင်းရန် လိုလားကြောင်း၊ သူတို့၏ အပြုအမူများကို မျက်ဝါးထင်ထင် မြင်လိုက်ရသောကြောင့်ပင် ဖြစ်သည်။ “ပြည်သူ့ တပ်မတော် ဒို့တပ်မတော်”၊ “တပ်မတော်နှင့် ပြည်သူ ပူးပေါင်းရေး ဒို့အရေး၊ ဒို့အရေး” ၊ “တပ်မတော်သားများ ကျန်းမာကြပါစေ”၊ စသဖြင့် အော်ဟစ် ကြွေးကြော်ရင်း လက်ခုပ်သြဘာပေးကာ လက်များကို အားရပါးရ ဝှေ့ရမ်းပြကြသည်။

အချို့ဆိုလျှင် ကျွန်တော်တို့ အပြန်လမ်းကို တမင်စောင့်နေကာ အကအခုန်များဖြင့် ကြိုဆိုကြသည်။ အချို့ဆိုလျှင် ပန်းကုန်းများဖြင့် ပစ်ပေါက်ကြသည်။ ကျွန်တော်တို့လည်း ပြန်၍ လက်များ ဝှေ့ရမ်းပြသည်။ (ကျွန်တော်တို့ကား များတွင် အရာရှိများ လုံးဝမရှိပါ။) သို့သော် လက်များကို လွတ်လွတ်လပ်လပ် အပြင်ထုတ်မပြနိုင်ခဲ့၊ ဂျင်ဂလိအန္တရာယ်ကြောင့် ကားမှန်ပြူတင်းပေါက်များကို ပိတ်ထားရမည် ဟူသော အမိန့်ကြောင့် ဖြစ်သည်။ ကျွန်တော်တို့ နေထိုင်ရာ ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်းသို့ ရောက်သောအခါ အဆောင်နေ ရဲဘော်များက မြို့တွင်းအခြေအနေကို လာရောက်မေးမြန်းကြသည်။ ည(၁၁) နာရီခန့်တွင် လျှို့ ဝှက်ဆွေးနွေးမှုများ ပြုလုပ်ကာ ကျောင်းသားများနှင့် ဆက်သွယ်ပြီး လှုပ်ရှားမှုများ ပြုလုပ်ရန်နှင့် အခွင့်ကြုံလျှင် ကြုံသလို လူထုအတွင်း ပါဝင်ရန် ဆုံးဖြတ်ကြသည်။

နောက်တနေ့ ရုံးအတက်တွင် သတင်းဆိုးများကို ကြားရတော့သည်။ (၈) ရက်နေ့ည (၁၁) နာရီ နှင့် (၁၃) နာရီကြားတွင်ဗိုလ်နေ၀င်း၏ လက်မရွံ့ အာဏာသားများက မြို့တော်ခန်းမအနီး ဆန္ဒပြသူ လူအုပ်အတွင်းသို့ မောင်းပြန် ဂျီးသရီး၊ ဂျီဖိုး များဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခြင်း သတင်းပင်။ ကျွန်တော်တို့ တရုံးလုံး (မဆလ ဒေါက်တိုင်များမှလွဲ၍) စိတ်ထိခိုက်စွာ ခံစားကြရသည်။ အခြားအဆင့် စစ်သည် other rank များမှအစ အရာရှိကြီးများပင် စစ်တပ်၏လူမဆန်မှုများကို ပစ်ပစ်ခါခါ ဆဲဆိုပြစ်တင် ဝေဖန်ရှုံချကြသည်။ ရုံးပတ်ဝန်းကျင် ဘယ်နေရာဘဲ သွားလိုက်သွားလိုက် ဤအသံများကိုသာ ကြားရသည်။ (ဤ အချိန်က ထောက်လှမ်းရေး သူလျှိုများ စိမ့်မ၀င်သေး၊ လွတ်လပ်စွာ ပြောဆိုနိုင်သည်။)၊ (၈) ရက်နေ့ ညက ကျွန်တော်တို့ကို လှိုက်လှဲစွာ ကြိုဆိုလက်ကမ်းလာသော ပြည်သူလူထုကြီး တရပ်လုံးသည် (၉)ရက်နေ့တွင် စစ်သားဆိုလျှင် အသံကိုပင် မကြားချင်လောက်အောင် အမုန်းကြီးမုန်း၊ အရွံကြီး ရွံသွားကြလေပြီ။ အချို့ ရပ်ကွက်များမှာဆိုလျှင် စစ်သားမှန်း သိလျှင် ၀ိုင်းအရိုက်ခံရသည်။ အချို့ဆိုလျှင် ရပ်ကွက်ထဲမှာ မနေရဲတော့၍ တပ်တွင်းသို့ ပြောင်းနေကြရသည်။

ပြည်သူ့တပ်မတော်အမည်ခံထားပြီး ပြည်သူ့ဘက်မှ မရပ်တည်ခဲ့သော၊ ပြည်သူကို အကျိုးမပြုခဲ့သော၊ ပြည်သူတို့၏ အားကိုးရာ မဖြစ်ခဲ့သော ကျွန်တော်တို့ တပ်မတော်သားများသည် ငါးခုံးမတည်းဟူသော လက်မရွံ့ အာဏာသားများကြောင့် လှေကြီးတလှေလုံးပုတ်ခဲ့ရပြီ၊ ဤ အရေးအခင်း၏ အကျိုးဆက်ကြောင့် ကျွန်တော်တို့  စစ်သားများသည်ပြည်သူလူထု အရပ်သားဝန်ထမ်းများနှင့် ဆက်ဆံရသောအခါ များစွာ မျက်နှာ ငယ်ရပြီး အရှက်ကြီး ရှက်ခဲ့ရသည်။ ကျွန်တော်သည် ဘဏ်များတွင် ငွေသွင်းငွေထုတ်ကိစ္စဖြင့် သွားရလေရာ အခြားဝန်ထမ်းများမဆိုထားနှင့်၊ ကျွန်တော်နှင့်ရင်းနှီးသော စာရေးဝန်ထမ်းများကပင် လိုလားဟန်မပြ၊ လူကို မုန်း၍မဟုတ်၊ စစ်သားဟူသော အမြင်ဖြင့် မုန်းတီးရွံ့ရှာစွာ အကြည့်ခံရသည်။ ငွေစာရင်း ကိစ္စနှင့် ပဲခူးကလပ်ရှိ CMA (ကာကွယ်ရေးငွေစာရင်း ၀န်ရုံး) သို့ သွားရာတွင်လည်း ဤ နည်းနှင်နှင်ပင်။ အချို့ ရင်နှီးသော စာရေးဝန်ထမ်းနှင့် ရုံးအုပ်အရာရှိများက “ဘယ်လိုလဲ ဒီအရေးအခင်းမှာ ခင်ဗျားတို့ ဘာမှ မလှုပ်ရှားဘူးလား၊ ကျောင်းသူကျောင်းသားနဲ့ ပြည်သူလူထု တရပ်လုံးက သတ္တိရှိရှိ တောင်းဆိုမှုတွေ၊ လှုပ်ရှားမှုတွေ၊ ဆန္ဒပြမှုတွေ လုပ်နေကြပြီ၊ ခင်ဗျားတို့လည်း ပါဝင်သင့်ပြီ၊ ပြည်သူဘက်က ရပ်တည်သင့်ပြီ” ဟု ပြောဆိုခြင်း ခံရသည်။ ကျွန်တော်လည်း ရှက်ရှက်ဖြင့် “ အခွင့်အရေးတော့ စောင့်နေတုန်းဘဲ၊ အခုလောလောဆယ် အခြေအနေ မပေးသေးဘူး၊ အခြေအနေ ပေးတာနဲ့ လှုပ်ရှားဖို့ အဆင့်သင့် ပြင်ထားပါတယ်” ဟု ပြောခဲ့ရသည်။

ကျွန်တော်တို့သည် ဤသို့လျှင် ပြည်သူလူထု အကြားတွင် မတိုးရဲ၊ မတိုးဝံ့၊ မုန်းတီးရွံရှာသော အကြည့်များကို မခံရဲ၊ မခံဝံ့ဖြင့် အရှက်ကြီးရှက်၊ အခက်ကြီး ခက်ရပေပြီ။ စိတ်ဓာတ်လည်း အကြီးအကျယ် ကျခဲ့ရပြီ၊ ကြည့်ပါအုံးတော့၊ တပ်မတော်သားဆိုတဲ့ ကျွန်တော်တို့ အဖြစ် ရုံးတက်ရုံးဆင်းချိန်တွင် အရပ်ဝတ်ဖြင့် ဆင်းတတ်ရပြီး ရုံးကျမှ ယူနီဖောင်းလဲရသည်။ ဘယ်လောက်ရှက်စရာ ကောင်းပြီး ဘယ်လောက်ရယ်စရာ ကောင်းပါသလဲ၊ ရှက်စရာ ကောင်းပြီး ရယ်စရာကောင်းတာကတော့ အရပ်ဝတ်ဝတ်ပြီး BM စစ်ဖယ်ရီများဖြင့် ရုံးတက်ရုံးဆင်းရခြင်းပင်၊ ပြည်သူလူထု၏ စူးစမ်း၊ ထူးဆန်းသော အကြည့်၊ လှောင်ရီထေ့ငေါ့သော မျက်နှာပေး များကို မမြင်ချင်ဆောင်ထားရသည်။ “အခုမှ ကြောက်နေပြီလား” ဆိုသော အသံများကိုလည်း ကြားရသည်။ စစ်ရုံးမှ စစ်သားများ ဖယ်ရီတွေ တသီတတန်းကြီးဖြင့် ရုံးတက်ရုံးဆင်းကြမှန်း ရန်ကုန်တမြို့လုံးက ပြည်သူတွေ သိနေကြပြီ။ အော်... ပြည်သူတွေ ဘက်မှ အစဉ်ရပ်တည်နေပါသည်ဆိုသော တပ်မတော်သည် ယခုအခါ တွင် ပြည်သူတွေ ကြားတွင် မ၀ံ့မရဲဖြင့် ခိုးကြောင်ခိုးဝှက်သွားလာနေကြရပြီ၊ ရင်နာစရာကြေကွဲစရာ ကောင်းလေစွ။

ပြည်သူလူထုရဲ့  လှိုက်လှဲစွာ ကြိုဆိုမှုနဲ့ ကြည်နူးဝမ်းသာ မျက်ရည်များ တွေတွေ စီးကျခဲ့ရပုံ၊ တပ်မတော် (လေ) ရဲ့ ရှစ်လေးလုံး လှုပ်ရှားခဲ့ပုံတွေကို အပိုင်း(၂) မှာ ဆက်လက်တင်ပြသွားပါမယ်။

ဆန္ဒပြပွဲများအနက် လူအစည်ကားဆုံးနေ့ကို ပြောပါဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် သြဂုတ်လ (၂၆) ရက် သောကြာနေ့ဟု ပြောရမည်ထင်သည်။ ဘာကြောင့်လဲဆိုတော့ ယင်းနေ့ မနက် (၅) နာရီလောက် ကတည်းက သိန်းသောင်းမကသော လူအုပ်ကြီးသည် ရွှေတိဂုံဘုရားလမ်းအတိုင်း အနောက်ဘက် မုခ်သို့ ချီတက်သွားကြသည်မှာ တနေ့လုံး မဆုံးနိုင်တော့၊ ကျွန်တော်တို့လည်း မနက် (၉) နာရီကျမှ တပ်ပြင်ထွက်ခွင့် ရသောကြောင့် ထိုအချိန်ကျမှ ယင်းဟောပြောမည့်နေရာသို့သွားရာ နဲနဲနောနော မဟုတ်သော ဧရာမလူအုပ်ကြီးကို တွေ့ရသည်။ တိုး၍ ပင်မပေါက်၊ ဤမျှကျယ်သောကွင်းပြင်ကြီးတွင်ပင် နေရာမဆန့်တော့ဘဲ လူများအပြင်သို့ ပြည့်လျှံထွက်ကာ လမ်းတခုလုံး ခြေချစရာမရှိလောက်အောင် ပြည့်နှက်နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရောက်သောအခါ ပရိတ်သတ်၏ သြဘာသံသည် နားကွဲတော့မလား ထင်ရအောင် ကျယ်လောင်ပြင်းထန်လှသည်။ ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်တွင် သဲသဲကွဲကွဲ မမြင်ရတော့ဘဲ အသံသာ ကြားနေရသည်။ များပြားလှသော လူအုပ်ကြီးကြောင့် အသံချဲ့စက်မြောက်များစွာ တပ်ထားပါလျက် မကြားတချက် ကြားတချက်ဖြစ်နေသည်။ လက်ခုပ်သံများကသာ ဖုံးလွှမ်းနေတော့သည်။ မှတ်မိလိုက်တာ တချို့ကတော့ “နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတာ ကလေးအတွက်ကြောင့် ကျမတိုင်းပြည်အပေါ် မှာထားတဲ့ မေတ္တာဟာ ဘယ်လိုနည်းနဲ့မှ ကျဆင်းမသွားနိုင်ပါဘူး၊ နိုင်ငံရေးနဲ့ ဝေးဝေးကင်းကင်း နေခဲ့ချင်ပေမယ့် ဒီအရေးအခင်းက တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့အရေးအခင်း ဖြစ်နေပါတယ်။ ကျမလည်း ဖေ့ဖေ့သမီးလုပ်နေပြီး ခေါင်းရှောင်နေလို့ မဖြစ်တော့ဘူး။ တကယ်တော့ ဒီအရေးအခင်းဟာ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီး ခေါ်ရင်လည်း ဖြစ်ပါတယ်။” ဟူသော စကားသံများပင်ဖြစ်သည်။


စက်တင်ဘာ (၈) ရက်နေ့တွင် (လပထ) ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း၊ မင်္ဂလာဒုံ မှ ပါဝင်လှုပ်ရှားရန် အခြေအနေ တရပ်က မမျှော်လင့်ဘဲ ဖန်တီးပေးလာသည်။ ထို့အတူ ကျွန်တော်လည်း ထိုဆန္ဒပြပွဲတွင် ပါဝင်လာရန် အခြေအနေက သူ့အလိုအလျောက် ဖန်တီးပေးလာသည်။ ထိုနေ့မနက်က ကျွန်တော်သည် ကာကွယ်ရေးဝန်ကြီးဋ္ဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တွင် ရှိနေပါသေးသည်။ မနက် (၁၀) နာရီတွင် မင်္ဂလာဒုံတပ်နယ် လုံခြုံရေးတပ်ဖွဲ့များအတွက် အင်အားဖြည့် ရိက္ခာများသွားပို့ရန် အစီအစဉ်တရပ်ပေါ်လာသည်။ ထိုအဖွဲ့တွင် ကျွန်တော်လည်း ပါဝင်သည်။ (၅၀၂) လေတပ်စခန်းတွင် ရိက္ခာများ ချပြီးနောက် (လပထ) သို့ဝင်သည်။ ကျွန်တော်သည် ထိုတပ်လူပျိုဆောင်တွင် နေသောကြောင့် ရုံးချုပ်သို့ ပြန်လိုက်မသွားတော့။ ညနေ(၃) နာရီလောက်တွင် ထူးခြားမှု တရပ်ပေါ်ပေါက်လာသည်။ (ကျွန်တော်တို့ လူပျိုများနေသော မာဃဆောင် အပေါ်ထပ်မှ ကြည့်လိုက်လျှင် ပန်းခြံကုန်းရှိ ကားလမ်းကို အတိုင်းသား မြင်နေရသည်။) ရန်ကုန်မြို့တွင်း ဆန္ဒပြပြီး ထောက်ကြံ့၊ မှော်ဘီသို့ ပြန်လာကြသော ကားတန်းကြီးဆီမှ အော်ဟစ်ကြွေးကြော်သံ များ ကျယ်လောင်လှလေရာ ကျွန်တော်တို့ တဆောင်လုံး ထွက်ကြည့်ပြီး ကျယ်လောင်သော သြဘာလက်ခုပ်သံများ၊ လက်ခေါက်မှုတ်သံများဖြင့် အော်ဟစ်အားပေးကြသည်။ ထိုစဉ် လေ - (၁၃၈၅) ဒုဗိုလ်မှူးကြီးဇော်ဝင်း ဘယ်လိုက ဘယ်လို ရောက်လာသည်မသိ၊ “ဟေ့-ဘာလို့ လက်ခုပ်တီးကြတာလည်း မင်းတို့ကို ကောင်းကောင်းကျွေးထားတာ ကောင်းကောင်းနေကြ၊ ဆူဆူပူပူ မလုပ်နဲ့၊ အကုန်ဖမ်းချုပ်လိုက်မယ်” ဟု ပြောလိုက်ရာ ရဲဘော်အချို့ က “ကျုပ်တို့ ငတ်လို့ တပ်ထဲဝင်လာတာ မဟုတ်ဘူး၊ ဘွဲ့ရရင် ထွက်မယ့် ကောင်တွေ ချည်းဘဲ” ဟု ပြန်ပြောသည်။ ဇော်ဝင်းမှာ အလွန်ဒေါသထွက်သွားသော်လည်း များပြားလှသော လူအုပ်အရှိန်ကြောင့် ဘာမျှပြန်မပြောတော့ဘဲ ချာကနဲလှည့်ထွက်သွားသည်။ ရဲဘော်များ လုံးဝမကျေနပ်ကြ၊ နဂိုကတည်းက အခွင့်အရေးစောင့်နေကြသူများဖြစ်၍ မကြာမီပင် “ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဒို့အရေး”၊ “တပါတီစနစ် အလိုမရှိ”၊ “ဒို့ရဲဘော်တွေ ညီရဲ့လားဟေ့-ညီတယ်ဟေ့၊ ညီတယ်ဟေ့” စသဖြင့် အော်ဟစ်ပါတော့သည်။



မကြာမီပင် ရဲဘော် (၂) ယောက်အချုပ်ခံရရာ မကျေနပ်မှုများ ပိုမိုပြင်းထန်လာသည်။ ရဲဘော်များ ဘာလုပ်ကြမည်ကို တိုင်ပင်ကြလေပြီ၊ ညနေ ခြောက်နာရီခွဲလောက်တွင် ဇော်ဝင်း ထပ်ရောက်လာပြီး အဆောင်မှူး တပ်ကြပ်အောင်စည်ရှိရာ မာဃဆောင် အခန်း(၁) သို့သွားပြီး ပြစ်တင်ကြိမ်းမောင်းခြင်းနှင့် ညွှန်ကြားချက်များ ပေးနေသည်မှာ မဆုံးတော့၊ ရဲဘော်များကလည်း သူဝင်လာကတည်းက အောင်ဆန်း ဆောင်ရှိ ရဲဘော်များကို သွားစည်းရုံးထားပြီး စီစဉ်မှုများ ပြုလုပ်ထားသည်။ (အချိန်က ည(၇)နာရီ ကျော်ပြီဖြစ်၍ မှောင်နေသည်။ အဆောင်မီးနှင့် ကော်ရစ်ဒါမီးများကို ထွန်းထားသည်။) ရဲဘော်များ အားလုံး အင်္ကျီချွတ်၊ ကတောင်းကျိုက်ထားကြပြီး အခန်း(၁၀) အပြင်ဘက် ကော်ရစ်ဒါတွင် အသင့် စောင့်နေကြသည်။ သူထွက်လာပြီဖြစ်ကြောင်း ရဲဘော်တယောက်က အချက်ပြလိုက်သည်နှင့် ရှိသမျှ မီးများ မှိတ်သွားပြီး တပြိုင်နက်တည်း တုတ်၊ ခဲ ပစ်ပေါက်သံနှင့်အတူ “တပါတီစနစ်အလိုမရှိ၊ ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဒို့အရေး”၊ “ငဖားဇော်ဝင်း အလိုမရှိ”၊ “ဖမ်းချုပ်ထားသူ အကုန်လွှတ်” စသဖြင့် အော်ဟစ်သံများ ပွက်လော ရိုက်ဆူညံ သွားသည်။ ဇော်ဝင်းလည်း အလွန်ထိတ်လန့်သွားကာ အပြင်သို့ အမြန်ထွက်သွားသည်။ ခဏအကြာတွင် အင်အား(၃၀၀) နီးပါးရှိ ကျွန်တော်တို့ ရဲဘော်ထုကြီးသည် အချုပ်ခန်းသို့ သွားဝိုင်းရန်နှင့် အိမ်ထောင်သည် လိုင်းသို့ ချီတက်ရန် ကြွေးကြော်သံများဖြင့် ထွက်လာကြပါပြီ။ (၅) မိနစ်ပင် မကြာလိုက် ထမင်းစားဆောင်ဘက် အရောက်တွင် ဓာတ်မီးရောင်လက်ကနဲ မြင်ရသဖြင့် “ဟေ့ ဘယ်ကောင်လဲ မီးထိုးတာ၊ အခုပိတ်” ဟု ပြောရင်း ရှေ့သို့ ပြေးတက်သွားကြရာ “ဟေ့ ဒုဗိုလ်မှူးကြီး ဇော်ဝင်းပါကွ၊ မင်းတို့ ဒေါသသိပ်မကြီးကြနဲ့၊ ပြေပြေလည်လည် ရှင်းကြတာပေါ့” ပြောသံကြားရာ “ဟေ့ကောင် ဇော်ဝင်း၊ မင်းအသံ မကြားချင်ဘူး၊ အခု တို့ရှေ့က ဖယ်စမ်း” ဟု ပြောရင်း ရှေ့တက်သွားစဉ် “နေပါအုံး ကိုယ်ပြောတာလည်း နားထောင်ပါအုံး၊” ဆိုသော အခြားအသံတခုကို ကြားလိုက်ရာ ဒုဗိုလ်မှူးကြီး ခင်မောင်မြင့် (စာကလေး)မှန်း ကျွန်တော်တို့ ချက်ချင်း သိလိုက်သည်။ ရဲဘော်များ ခေတ္တငြိမ်သွားခိုက် “မင်းတို့ ဘာဖြစ်ချင်သလဲ ပြေလည်အောင် လုပ်ပေးမယ်၊ အေးအေးဆေးဆေး ပြောကြတာပေါ့” ဟု ပြောသည်။ “ချုပ်ထားတဲ့ ရဲဘော်(၂) ယောက်ကို အခုလွှတ်ပေးပါ။ ကျွန်တော်တို့ အခု ချီတက်ဆန္ဒပြမယ်” ဟု ပြောရင်းဆိုရင်း ကြွေးကြော်သံများ အော်ဟစ်ပါတော့သည်။ စာကလေးက “ဟေ့ မင်းတို့ ပြောမရဘူးလား၊ ဒီမှာ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာကော သိကြရဲ့လား” ဟုပြောသောအခါ ရဲဘော်များ အလွန်ဒေါသထွက်သွားကြပြီး “ဟေ့ ဆယ်တန်းအောင်ပြီးလို့ ဒီတပ်ထဲဝင်လာတာကွ၊ မင်းထက် နားလည်တယ်၊ ဟေ့ ကြာတယ် ရဲဘော်တို့ ချီတက်ကြမယ်” ဟု ပြောပြောဆိုဆို ချီတက်မည်အလုပ် ကားမီးရောင်မြင်သဖြင့် “ဟေ့ ဘာလို့ မီးဖွင့်တာလဲ” ဟု ပြောရင်း ကားဆီသို့ ပြေးတက်သွားသည်။ ကားလည်း မီးမှိတ်သွားပြီ “ရဲဘော်တို့ ခဏလေး သည်းခံပြီး နားထောင်ကြပါ။” ဟု အသံကြားသဖြင့် စခန်းမှူး ဗိုလ်မှူးကြီး ချစ်သန်းမှန်း သိလိုက်ကြသည်။ “မင်းတို့ရဲ့ အသံကို အဝေးကြီးကကြားနေရတယ်။ ကဲ မင်းတို့ ဘာလုပ်ချင်ကြသလဲ”။


“စခန်းမှူး ဖမ်ထားတဲ့ ရဲဘော်(၂) ယောက်ကို အခုချက်ချင်းလွှတ်ပေးပါ၊ ကျွန်တော်တို့ တညလုံး စခန်းကို ပတ်ပြီး ဆန္ဒပြမယ်။ မနက်မြို့ထဲထွက်ပြီး ချီတက်ဆန္ဒပြမယ်။ ကျွန်တော်တို့ကို မနှောင့်ယှက်ပါနဲ့”၊ “အေး မင်းတို့ကို ငါနားလည်ပါတယ်၊ မင်းတို့ကိုလည်း လေးစားပါတယ်၊ င့ါစကားကို နားထောင်ကြပါ။ အခုလောလောဆယ် အဆောင်ပြန်ပြီး အေးအေးဆေးဆေး အနားယူကြပါ။ မင်းတို့ ဘာအန္တရာယ်မှ မဖြစ်ဖို့ ငါတာဝန်ယူတယ်၊ မင်းတို့ ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်ပေးမယ်လို့ ငါကတိပေးတယ်။” ဟုပြောရာ “စခန်းမှူး တကယ် တာဝန်ယူသလား၊ ကျွန်တော်တို့ကို အချိုသိပ်ဖို့တော့ မကြိုးစားပါနဲ့၊ အခုနေမှာ ကျွန်တော်တို့ ဘာကိုမှ မကြောက်ဘူး။ ဘာကိုမှလည်း ဂရုမစိုက်ဘူး။” တိုတို ပြောရလျှင် စခန်းမှူးနှင့် တော်တော်ကြာ ညှိနှိုင်း ပြောဆိုပြီးနောက် ကျွန်တော်တို့ အဆောင်သို့ ပြန်ရောက်လာကြသည်။ သို့သော်လည်း ကျွန်တော်တို့ အေးအေးဆေးဆေး အနားယူကြသည်တော့မဟုတ်၊ မာဃဆောင် အခန်း (၄)တွင် အားလုံးစုရုံးတိုင်ပင်ကြသည်။

“ဟေ့ ငါတို့တော့ စခန်းမှူးစကားကို မယုံဘူး၊ ဒီပြဿနာ မသေးဘူး၊ ဟိုကောင် ဇော်ဝင်းနဲ့ စာကလေး အန္တရာယ် ကလည်း မသေးဘူး၊ ငါတို့ကို ဒုက္ခပေးမှာ သေချာတယ်။ ဒီတော့ ငါတို့ ဘာဆက်လုပ်ကြမလဲ၊ ကျောင်းသားသမဂ္ဂ နဲ့လည်း ဆက်သွယ်ထားပြီဆိုတော့ ဖြစ်ချင်ရာ ဖြစ်ကွာ ရှေ့ဆက် ကြမ်းဖို့ဘဲ ရှိတော့တယ်” ဟု ဒုတပ်ကြပ် သန့်စင်က ပြောသည်။ ထိုအချိန်တွင် ဂျူတီပို့စ် အသီးသီးတွင် လုံခြုံရေးတာဝန်ယူနေကြသော ရဲဘော်များ ရောက်လာကြပြီး ” ဟေ့ မင်းတို့ အော်သံတွေ၊ အိမ်ထောင်သည် လိုင်းထိတောင် ကြားရတယ်၊ ဟိုမှာ အကုန်လှုပ်လှုပ်ရွရွ ဖြစ်ကုန်ပြီ၊ မင်းတို့နဲ့လာပေါင်းဖို့တောင် လုပ်နေတာ၊ ဟေ့ မင်းတို့ လုပ်ချင်တာ လုပ်သာလုပ်၊ နောက်ဆုတ်ဖို့ စိတ်မကူးကြနဲ့၊ ငါတို့ အကုန် တာဝန်ယူတယ်။ ဂျူတီပို့စ်တိုင်းမှာ သေနတ်မောင်းတင်ပြီး အဆင်သင့် ပြင်ထားကြပြီ၊ ၀င်လာတဲ့ ကောင်မှန်သမျှ အကုန်ရှင်းပစ်မယ်။” ဟု နေဒွန်းအောင်က ပြောသည်။ လက်နက်တိုက်တာဝန်ခံ တင်ဦးကလည်း “ဟေ့ လက်နက်တိုက် အဆင်သင့်ဖွင့်ထားပေးမယ်။ ကြိုက်တဲ့ လက်နက်သာ ယူထုတ်ပေတော့၊ အရေးကြုံရင် လက်မနှေးကြစေနဲ့” ဟု ပြောသည်။ အမှတ် (၁) ဗဟိုဂိတ်တွင် တာဝန်ကျသော တပ်ကြပ်မြင့်အောင်က “စခန်းမှူးကား ဂိတ်ဝ ၀င်လာတော့ ဂိတ်ဖွင့်မပေးဘဲ အားလုံးသေနတ်တွေနဲ့ ချိန်ထားပြီး စခန်းမှူး ရဲဘော်တွေကို ဒုက္ခမပေးဘူးလို့ ကတိပေးပါ၊ ရုတ်ရုတ် ရက်ရက် ဖြစ်ရင် ဒီမှာတွေ့လား၊ အတွဲလိုက် ဖြုတ်ပစ်လိုက်မယ်၊ ပြောတော့ စခန်းမှူးတော်တော်ဖြုံသွားတယ်။ သူ့ဆီက ကတိရမှ ဂိတ်ဖွင့်ပေးလိုက်တယ်။” (ဂျူတီပို့စ် အသီးသီးမှ ရဲဘော်များသည် အစောကြီးကတည်းက အခြေအနေ အရပ်ရပ်ကို သိထားကြပြီး လူတိုင်းဒေါသထွက်ကာ မကျေမနပ် ဖြစ်နေကြသည်။) တပ်ကြပ်တင်ကြိုင်က “စခန်းမှူးက ဘယ်လောက်တာဝန်ယူတယ်ပြောပြော ခင်ဗျားတို့လည်း တပ်ထဲကြာပြီဘဲ၊ စစ်တပ်အကြောင်း သိပါတယ်။ ဒီတော့ ကျွန်တော်တို့ မနက်ဖြန် စောစော မြို့ထဲထွက် ချီတက် ဆန္ဒပြကြမယ်။ ပြည်သူတွေနဲ့ ပူးပေါင်းမယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အမုန်းမခံနိုင်ဘူး၊ အားလုံးရဲ့ ဆန္ဒဘယ်လိုရှိသလဲ” ဟုပြောရာ အထွေအထူး စည်းရုံးရန်ပင်မလို၊ နဂိုကမှ အခွင့်အရေး စောင့်နေသူများမို့ မနက်စောစော ထွက်ရန် အတည်ပြုလိုက်ကြသည်။ တစ်ညလုံး ဘယ်သူမှ မအိပ်လိုက်ရပါ။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြရင်း၊ သတိလည်း ထားကြရင်း၊ တင်းပြည့်ပါတီကဒ်များကိုလည်း မီးရှို့ဖျက်ဆီးကြရင်း၊ မနက် (၄) နာရီတွင် (စိတ်မ၀င်စားသူ၊ ရှောင်လိုသူ၊ စိုးရွံသူ၊ စာကလေး၊ ဇော်ဝင်းတို့ ရဲ့ အတွင်းလူများမှအပ) အားလုံး အဆင်သင့် ဖြစ်နေကြပြီ။ တပ်ကြပ်တင်ကြိုင်ဦးဆောင်သော ဆန္ဒပြစစ်ကြောင်းသည် လုံခြုံရေးစစ်သားများရှိရာ BCMP ဂိတ်ကို ကွင်းပြီး တပ်အနောက်ဘက်မှ ထွက်ကာ ခပ်တည်တည် ချီတက်ကြပါတော့သည်။ အားလုံး အင်အား (၂၀၀)၊ အချိန်က စက်တင်ဘာလ (၉) ရက်၊ သောကြာနေ့ နံနက် (၀၄း၃၀)နာရီ။



စစ်စောင်ကြား အစိမ်းပေါ်တွင် (ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း မင်္ဂလာဒုံ) ဟူသော ဆိုင်းဘုတ်ကိုင်၍ တိတ်ဆိတ်စွာ ချီတက်လာသော စစ်ကြောင်းသည် စော်ဘွားကြီးကုန်းထိပ်ရောက်သည်နှင့် “ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဒို့အရေး”၊ “တပါတီစနစ် ဖျက်သိမ်းပစ် ဖျက်သိမ်းပစ်”၊ “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး”၊ “ဒို့ရဲ့ သွေးတွေ နီရဲ့လားဟေ့၊ နီတယ်ဟေ့ နီတယ်ဟေ့” ဆိုသော ကြွေးကြော်သံများကို အော်ဟစ်လိုက်ရာ ပထမတော့ လူတွေ ကြောင်ကြည့်နေကြသည်။ (မိုးလင်းစဖြစ်၍ လူတွေ သိပ်အပြင်မထွက်ကြသေး၊ အချို့ဆိုင်ဖွင့်စ၊ အချို့အိမ်တံခါးများဖွင့်စ၊ အချို့ မျက်နှာသစ်စ ရှိသေးသည်။) ကျွန်တော်တို့ လမ်းထဲသို့ ၁၀ ကိုက် ၁၅ ကိုက်ခန့်ဝင်မိမှ သက်ဝင်လှုပ်ရှားလာကြသည်။ အိမ်အပြင် တံခါးဝတွင် ရပ်နေသော အသက်(၅၀) ကျော်ရှိ အဘကစတင်၍ “ဟာ ဟေ့ ဒါမှ ဒို့ တပ်မတော်ကွ ဒို့တပ်မတော်” ဟု ကျယ်လောင်စွာ အော်ရင်း အိမ်ပေါ်မှ ပြေးချလာကာ ရှေ့မှ ရဲဘော်တဦးကို ပြေးဖက်သည်။ မကြာပါ၊ အိမ်တိုင်း အိမ်တိုင်းမှ ၀မ်းသာအားရ အော်ဟစ်ပြေးထွက်လာရင်း လက်ခုပ်သြဘာပေးကြသည်။ အဖွားအရွယ် တယောက်ကလည်း “ ၀မ်းသာလိုက်တာ ၀မ်းသာလိုက်တာ ဒါမှ ငါ့သားတွေ” ဟု ပြောရင်း မျက်ရည်များ စီးကျလာသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။ ကျွန်တော်တို့လည်း ပြည်သူတို့၏ လှိုက်လှဲစွာ ကြိုဆိုမှုကို မဖော်ပြနိုင်လောက်အောင် ကြည်နူးဝမ်းသာမိကြသည်။ ဒီလို ချီတက်လာရင်း အင်းစိန်ရန်ကုန်လမ်းမကြီးပေါ်သို့ ခြေချမိကြပြီ။ (လမ်းကျယ် ဖြစ်သောကြောင့်) ပထမတော့ လူတွေ ခပ်ဝေးဝေးမှသာ လက်ခုပ်သြဘာ ပေးကြသည်။ နောက်ဘယ်လိုက ဘယ်လို အနားရောက်လာကြသည်မသိ၊ လမ်းတဖက် တချက်တွင်လူတွေ ပြည့်လာသည်။ အချို့ ကိုယ်ပိုင်ကားစီးသူများက ကားကိုရပ်ပြီး ကျွန်တော်တို့ နီးလာတော့မှ ကားထဲမှထွက်ပြီး လှိုက်လှဲဝမ်းသာစွာ နီးစပ်ရာ တယောက်ချင်းကို လက်ဆွဲနှုတ်ဆက်ကြိုဆိုသည်ကို ထူးကဲစွာကြုံတွေ့ရသည်။ သပိတ်နားသည့် နေ့လား၊ စောသေးလို့လားမသိ၊ လမ်းအပေါ်တွင် ချီတက်လာသည်မှာ ကျွန်တော်တို့ လေတပ်တစ်ဖွဲ့တည်းသာ ထူးထူးခြားခြား ဖြစ်နေသည်။ ကျွန်တော်တို့ကို ၀မ်းသာအားရခုန်ပေါက် ကြိုဆိုနေသော လူထုကြီးသည် လမ်းဘေးဝဲယာ တဖက်တချက်တွင် ပြည့်ကြပ်ညှပ်နေသည်။ (ပိုပြောသည် မထင်လိုက်ပါနှင့်၊)၊ သြော်....စစ်သားချင်း တူပေမဲ့ ပြည်သူကြည်ဖြူသည့်သူနှင့် မကြည်ဖြူသည့်သူ မည်သို့ ကွာခြားသွားသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါကလား။ ကမာရွတ် မြို့နယ်ထဲ ၀င်လိုက်သည်နှင့် ကျွန်တော်တို့ကို ပန်းစည်းများနှင့် ကြိုဆိုနေသော တက္ကသိုလ်ကျောင်းသူ ကျောင်းသားအုပ်ကြီးကို လမ်းဘေးဝဲယာ တဖက်တချက်တွင် တွေ့လိုက်ရသည်။ ချက်ချင်းဆိုသလို ၀ဲယာ တဖက်တချက်မှ ကျောင်းသူ များက အတွင်းစည်း ကျောင်းသားများက အပြင်စည်းယူလျက် လက်ချင်းဆက်ကာကျွန်တော်တို့ ရဲဘော် တတွေကို အလယ်မှ လိုက်ပါစေပြီး မန္တလေးဆောင် ရောက်သည်အထိ စောင့်ရှောက်ခေါ်ဆောင်သွားကြသည်။ ကျွန်တော့် စစ်သက် တလျှောက် သည်လိုကြိုဆိုမှုမျိုး မကြုံဖူးခဲ့။ မိုးဟိန်း၊ မိုးသီးဇွန် နှင့် အခြား အမည်မသိ ကျောင်းသားခေါင်းဆောင်များက တစ်ဦးပြီးတစ်ဦး စင်မြင့်ပေါ်တက်ကာ ကျွန်တော်တို့ ပူးပေါင်းလာသည့်အတွက် မည်မျှအားတက်ဝမ်းသာသည်တို့ကို မငြီးငွေ့အောင် ပြောသွားနိုင်သည်။ ပြည်သူအားလုံး တပ်မတော် (လေ) နှင့်အတူ ချီတက်ဆန္ဒပြကြရန်လိုက်လံနှိုးဆော်နေပြီဖြစ်ကြောင်း ပြောသည်။


မကြာခင် သတင်းထောက်များနှင့်အတူ ဦးတင်ဦး (NLD)၊ ဦးအောင်ကြီးတို့ ရောက်လာကြပြီး ၀မ်းသာအားရ စကားပြောသည်။ ဒါရိုက်တာ မောင်တင်ဦးက မှတ်တမ်းတင်ဗွီဒီယို ရိုက်ကူးသည်။ (၁၀) နာရီခန့်တွင် ချီတက်ဆန္ဒပြရန် စတင်ပါတော့သည်။ မိန်းတံခါးဝရောက်သည်နှင့် ကျောင်းသူကျောင်းသားများနှင့် ကြိုတင်စောင့်ဆိုင်းနေကြသော လမ်းအပြည့် လူထုကြီးသည် အလွန်ကျယ်လောင်သော သြဘာလက်ခုပ်သံ နှင့်အတူ “ဒါမှ ဒို့တပ်မတော် (လေ) ကွ” ဟု အော်ဟစ်ကြသည်။ လှည်းတန်း၊ ကြည့်မြင်တိုင်၊ အလုံ၊ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ရာ လမ်းတလျှောက်လုံးတွင် ကျွန်တော်တို့ကို ကြိုဆိုနေကြသော ပြည်သူလူထု ကြီးသည် ဘယ်နေရာ ရောက်ရောက် ပြည့်ကြပ်ညှပ်ကာ ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြသည်မှာ မကြုံစဖူး ထူးကဲလှပေသည်။ ချီတက်လာသော ကျွန်တော်တို့ ရဲဘော်အားလုံးသည် သွေးပင်လယ်ဝေခဲ့သည့် ရှစ်လေးလုံး အရေးအခင်းကြောင့် စစ်သားဆို ရေပင် စစ်မသောက်ချင်လောက်အောင် အရွံကြီးရွံ အမုန်းကြီးမုန်း ဝေးဝေးက အရှောင်ကြီး ရှောင်ခဲ့သည့် ပြည်သူလူထုကြီးသည် ယခုကဲ့သို့ ချီတက်ရာ လမ်းတလျှောက် လုံး ပြည့်ကြပ်ညှပ်ကာ အောင်သပြေပန်းများနှင့် ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲကြီး ကြိုဆိုကြလိမ့်မည်ဟု လုံးဝ လုံးဝကို မထင်ရေးချမထင်ခဲ့ပါ။ ယခုတော့ အထင်နှင့်အမြင် တခြားစီပါလား၊ အခြားနားကြီး ခြားနားနေပါလား။ ကျွန်တော်သည် မြစိမ်းရောင်နှင့် ရွှေဝါမြေ စစ်ဆင်ရေး အကြိမ်ကြိမ်သွားဖူးပြီး လူထု၏ ကြိုဆိုမှုကို အကြိမ်ကြိမ် ခံရဖူးသည်။ သို့သော် လှိုက်လှဲမှုမရှိ၊ တော်လှန်ရေး ပရိတ်များကို နင်းဘူးသည်။ လှိုက်လှဲစွာ ကြိုဆိုမှုရှိသော်လည်း ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လှိုက်လှိုက်လှဲလှဲ၊ ၀မ်းပန်းတသာ ဖက်လှဲတကင်း မကြုံဘူးခဲ့၊ ဤကဲ့သို့လည်း ချမ်းမြေ့ကြည်နူးမှု အထွတ်အထိပ်မရောက်ဘူးခဲ့၊ တပ်မတော် (လေ) သည် စစ်အာဏာရှင်လက်အောက်က လက်ရုံးတပ် တစ်တပ်ပေမို့ ကျောင်းသားပြည်သူတရပ်လုံးက အမုန်းကြီး မုန်း အရွံကြီးရွံ အနာကြီးနာသင့်ပါလျက် တဖက်စောင်းနင်း တဖက်သတ်ခံထားရပါလျက် ယခုကဲ့သို့ နွေးထွေးပျူငှာစွာ ကြိုဆိုလာသော ပြည်သူလူထုကြီး၏ မေတ္တာတရားသည် တုနှိုင်းဘွယ်ရာ မရှိအောင် ကြီးမားလှပါသည်။


အမိရင်ခွင်အတွင်းခိုဝင်လာသော သားသမီးမှန်သမျှကို အယုတ်အလတ် အမြတ်မရွေး အကြင်နာတရား အစဉ် ဖုံးလွှမ်းထားသော မိခင်၏ မေတ္တာနှင့် ထပ်တူပါလား၊ (အမှန်အတိုင်း ပြောရလျှင်) ကျွန်တော်အလွန်ချစ်သော ကျွန်တော့် မေမေ သေဆုံးစဉ်ကပင် မငိုခဲ့သော ကျွန်တော်သည် ယခုတော့ ၀မ်းသာကြည်နူးမှုဖြင့် မျက်ရည်ရစ်ဝဲ ကျဆင်းခဲ့ရပြီ။ ညနေ (၃) နာရီခန့်တွင် မဟာဗန္ဓုလပန်းခြံအတွင်းသို့ ရောက်ရှိတထောက်နားကာ ပြည်သူတို့ကျွေးသော ဒန်ပေါက်ထမင်းနှင့် အအေးပုလင်းများကို အရသာရှိစွာ စားသောက်ကြပါသည်။ ထိုသို့ စားသောက်နေစဉ် စာရေးဆရာ မောင်သော်က (ဗိုလ်မှူးဘသော်) နှင့် အဖွဲ့ရောက်လာပြီး ကျွန်တော်တို့ကို ဂုဏ်ပြုစကားပြောသည်။ ထိုစဉ် မမျှော်လင့်ဘဲ တပ်ကြပ်ကြီး ဒေါ်နုနုအေးကို တွေ့လိုက်ရသဖြင့် “ ဟာ မာမီ ဘယ်လိုက ဘယ်လို ရောက်လာတာလဲ” ဟု အံ့သြစွာ မေးမိသည်။ “ငါလည်း ရပ်ကွက်ထဲမနေရဲလို့ (လပထ) အိမ်ထောင်သည်လိုင်းမှာနေတာ တစ်ပတ်လောက်ရှိပြီ၊ ညက နင်တို့ အော်နေတာ လိုင်းထဲမှာ အတိုင်းသား ကြားနေရတယ်။ လိုင်းတခုလုံး ဆူပွက်နေတာဘဲ၊ နင်တို့အတွက်လည်း စိတ်ပူနေကြတယ်။ မနက်ကျတော့ ရုံးသာတက်ခံရတယ်၊ လုံးဝစိတ်မပါဘူး၊ ကားပေါ်မှာ ကျော်ရီက နင်ဆန္ဒပြတဲ့အထဲ ပါသွားပြီဆိုတာ ပြောပြတယ်။ ရုံးရောက်တာနဲ့ ငါလည်း ယူနီဖောင်းလဲပြီး နင်တို့ဆီ တန်းလိုက်လာတာဘဲ၊ ဟိုဘက်မှာ ဒို့ဌာနက ထွန်းရွှင်တို့၊ ကိုကိုနိုင်တို့ အုပ်စုလည်းပါတယ်။” ကာကွယ်ရေးဝန်ကြီးဋ္ဌာနတခုလုံးတွင် ကျွန်တော်တို့ ကက (လေ) တစ်ဖွဲ့သာ ထူးခြားစွာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ပို၍ ထူးခြားတာက တပ်ကြပ်ကြီး ထွန်းရွှင်အပါအ၀င် (၄) ယောက်သည် ကက (လေ) ဗဟိုဆက်သွယ်ရေးမှ ၀ါရင့်ဆက်သွယ်ရေးသမားများ ဖြစ်ကြသဖြင့် လေတပ်တခုလုံး၏ ထိန်းချုပ်ဆက်သွယ်ရေးလုပ်ငန်းများ ကသိကအောက် ဖြစ်ခဲ့ရသည်။ ခဏအကြာတွင် ကျောင်းသားသမဂ္ဂအဖွဲ့ နှင့် ရဟန်းပျိုသမဂ္ဂအဖွဲ့တို့မှ ကျွန်တော်တို့၏ လုံခြုံရေး၊ နေထိုင်ရေးအတွက် ဆွေးနွေးကြသည်။ နောက်ဆုံး သရက်တောကျောင်းတိုက်တွင် သပိတ်စခန်းဖွင့်ရန် အတည်ပြုလိုက်သည်။ ကျွန်တော်တို့ သရက်တော ကျောင်းတိုက်သို့ ရောက်ရှိချိန်တွင် နဲနဲနောနော မဟုတ်သော လူထုကြီးက စောင့်ကြိုနေသည်။ ကျွန်တော်တို့ တန်းစီဝင်လာသောအခါ အသက်(၅၀) ကျော် ရည်ရည်မွန်မွန် အန်တီတယောက်နှင့် သူ၏နောက်မှပါလာသော အမျိုးသမီးတစုက လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး ကျွန်တော်တို့ အတွက်ဆိုကာ အင်္ကျီလုံချည်နှင့် လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို တစ်ဦးချင်း လိုက်လံဝေငှသည်။ အခြားအဖွဲ့အစည်း အသီးသီးမှလည်း ထို့အတူပင်။ စားသောက်ရေးအတွက် ကျောင်းသားကျောင်းသူများ ဦးစီးပြီး ကျွန်တော်တို့အတွက် စီမံခန့်ခွဲပေးသည်။ ကျွန်တော်တို့သည် ဘုရင့်နောင်ထုံး နှလုံးမူ၍ တပ်နှင့်လုံးဝ အဆက်ဖြတ်လိုက်ပြီး အခိုင်အမာ သပိတ်စခန်းအဖြစ် အတည်ပြုလိုက်သည်။ ကျွန်တော်သည် (ကကလေ) မှ ဖြစ်သော်လည်း ကက (လေ) နှင့်အတူ မနေ၊ (လပထ) လူပျိုဆောင်တွင် အနေကြာခဲ့သော ကျွန်တော်သည် (လပထ) အဖွဲ့နှင့်ပင် သွားအတူ လာအတူ စားအတူ ဖြစ်နေသောကြောင့်စခန်းချသော အခါတွင်လည်း (လပထ)အဖွဲ့နှင့်ပင် အတူနေ အတူချီတက် ဆန္ဒပြခဲ့သည်။ (၁၀) ရက်နေ့ မနက်(၈) နာရီတွင် ကျွန်တော်တို့ အုပ်စု (လုံခြုံရေး တပ်စုတစ်စုချန်၍) ချီတက်ဆန္ဒပြရန် ပြင်ဆင်ကြသည်။ ထိုစဉ် တပ်ကြပ်တင်ကြိုင် ၀င်လာပြီး ဒေါ်အောင်ဆန်းစုကြည် ပို့လိုက်သော ဂုဏ်ပြုသ၀ဏ်လွှာကို ဖတ်ပြသည်။ ထိုသ၀ဏ်လွှာတွင် “ထိုသို့ ပြည်သူ့ရင်ခွင် ခိုဝင်လာပြီး ပြည်သူနှင့်အတူ ပူးပေါင်းလိုက်သည့်အတွက် အလွန်တရာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ထိုသို့ ဆန္ဒပြရာတွင် လက်နက်ကိုင် လုံးဝမပါစေဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြရန်” တို့ ပါဝင်သည်။ (၁၁) ရက်နေ့ မနက်တွင် အိမ်ထောင်ရှင်မ အသင်းမှ စပါယ်ရှယ် မုန့်ဟင်းခါး ချက်ယူလာပြီး ရဲဘော်များကို ကိုယ်တိုင် ကျွေးကြသည်။ အဖွဲ့အစည်းအသီးသီးမှ လာပို့ကြသည့် အင်္ကျီလုံချည်၊ စီးကရက်၊ ဆေးပေါ့လိပ်၊ မုန့်မျိုးစုံတို့ကလည်း အလျံပယ်ပင်။ ပြည်သူတရပ်လုံး၏ ကျေးဇူးတရားသည် ကြီးမားလှဘိသည်။ မနက်(၉) နာရီခန့်တွင် ကျွန်တော်တို့ ချီတက်ကြပြီး အပြန်တွင် ရန်ကုန်ဆေးရုံကြီးရှိ သပိတ်စခန်းသို့ သွားရောက်ကာ ဟောပြောပွဲများကို နားထောင်သည်။ ဆေးရုံကြီး ကွင်းပြင်တခုလုံးနှင့် အပေါ်ထပ် အောက်ထပ် တခုလုံး လူများ ပြည့်ကျပ်ညှပ်နေသည်။ ရှေ့နေကြီးများအသင်းမှ ဥပဓိရုပ်ကောင်းကောင်း ရှေ့နေတယောက် ကလည်း အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် ပြောသွားသည်မှာ ပျင်းရိဘွယ်မရှိ ၊ လူတွေ တ၀ါးဝါး တဟားဟားပင်၊ နောက်တဖွဲ့ စင်ပေါ်သို့ တက်လာပြန်သည်။ မိုးဟိန်းနှင့် မိုးသီးဇွန်း တို့ပင်၊ မိုးသီးဇွန်က သူတို့၏ တောင်းဆိုမှု များကို ဖော်ပြသည်။


သူပြောတာတွေအနက် တခုကိုတော့ သေသေချာချာ မှတ်မိနေသည်။ “ထမင်းစားရမဲ့ အရွယ်ရောက်မှ နို့ချို တိုက်ကျွေးတာ ကျွန်တော်တို့ မလိုချင်” ဆိုတဲ့ စကားဘဲ ဖြစ်ပါသည်။ နေ့လည် (၁) နာရီခန့်တွင် တပ်မှ ရဲဘော်များ ကျွန်တော်တို့ထံ လာလည်ပြီး ၀မ်းသာအားရ စကားပြောကြပါသည်။ အိမ်ထောင်သည်လိုင်းမှ ကျွန်တော်တို့ အဆောင်တွင် ရှိစဉ်က ဟင်းလာလာ ရောင်းသော အဒေါ်တယောက်က “ နင်တို့ မရှိတာဟယ် ဘယ်လိုကြီးမှန်းကို မသိဘူး၊ အားလုံး ချောက်ကပ်နေတာဘဲ၊ အိမ်ထောင်သည် လိုင်းတစ်ခုလုံး ဘယ်သူမှ မပျော်ကြဘူး၊ နင်တို့ကိုဘဲ သတိရနေကြတယ်၊ ဇော်ဝင်းနဲ့ စာကလေး ကြောင့်ဆိုပြီး သူတို့ကို ပက်ပက်စက်စက် ကြိမ်ဆဲနေကြတာ ကြောက်ဖို့ တောင်ကောင်းတယ်၊ နင်တို့ မရှိတော့ ငါတို့လည်း ဟင်းမရောင်းရဘူး၊ နင်တို့ အကြွေးယူစားထားတဲ့ ဟင်းဖိုးတွေလည်း ဆုံးပြီ” ဟု ပြောပြသွားပါသည်။ မွန်းလွဲ (၂) နာရီခန့်တွင် အိမ်ထောင်ရှင်မ အသင်းမှ ကျွန်တော်တို့နှင့် လာရောက်တွေ့ဆုံပြီး ရင်းရင်းနှီးနှီး စကားပြောကြသည်။ ထိပ်တန်းအရာရှိကြီးတစ်ဦး၏ ဇနီးဖြစ်ပုံရပြီး ရည်မွန်လေးစားဖွယ်ကောင်းသော အန်တီကြီး တစ်ဦး၏ ပြောခဲ့သော စကားကို ယခုထိ သံမှိုစွဲသကဲ့သို့ မှတ်မိနေသေးသည်။ “(၉) ရက်နေ့ကသားတို့ မင်္ဂလာဒုံ လေတပ်က ထွက်လာတယ် ဆိုတာ ကြားတာနဲ့ အန်တီဖြင့် ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျမိတယ်ကွယ်။ အန်တီ့ သမီးတွေကို ဟဲ့ ဟဲ့ ရဲဘော်တွေကို ကျွေးဖို့ ဘာရှိလဲ ထုတ်စမ်းထုတ်စမ်းလို့ ပြောပြီး ရှာခိုင်းတာ ပေါင်မုန့်ခြောက် နှစ်ထုပ်ဘဲတွေ့လို့ အန်တီ ဖြင့်စိတ်မကောင်းဖြစ်ရသေးတယ်။ အန်တီလည်း အိမ်က အပြေးအလွှားထွက်လာမိပြီး လမ်းပေါ်ရောက်တော့ မင်းတို့ကို ပစ်ဖို့ ထွက်လာတဲ့ တပ်မ(၂၂) ကို တွေ့ရတော့တာပါဘဲကွယ်။ အန်တီ့ မျက်စိတွေ ပြာထွက်သွားတာဘဲ၊ ဘယ်လိုကနေ ဘယ်လို သူတို့ အရှေ့ ရောက်သွားသလဲ မသိဘူး။ လက်နှစ်ဘက်ကို မြှောက် ပြီး Please, Please ဆိုပြီး မပစ်ဖို့ တားတာပေါ့ကွယ်။ သူတို့လည်း ကြောင်သွားပြီး ရပ်နေကြတယ်။ နောက်မှ လှည့်ထွက်သွားကြတယ်။ အန်တီဖြင့် ရင်တွေ တုန်လိုက်တာ အရမ်းဘဲကွယ်။ သားတို့ တတွေဟာ စစ်ဥပဒေအရတော့ တပ်ပြေးတွေပေါ့ကွယ်။ ဒါပေမဲ့ အန်တီတို့ကတော့ ဒီလို မသတ်မှတ်ဘူး။ ပြည်သူတွေဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်တဲ့ သူရဲကောင်းတွေ အဖြစ်သာ တန်ဖိုးထားတယ်။ ရှေ့လျှောက်လည်း ပြည်သူတွေ ဘက်က ရပ်တည်ပါ။ ကာကွယ်ပါ။ ပြည်သူတွေရဲ့ အကျိုးကို သည်ပိုးပါ။ အန်တီတို့တတွေ သားတို့ကို အများကြီး အားကိုးတယ်။ သားတို့ဘက်က ရပ်တည်ပေးဖို့လည်း အဆင်သင့်ဘဲ။ သားတို့ လိုအပ်တာတွေ အကုန်ဆောင်ရွက်ပေးမယ်။ မင်းတို့ တတွေ အားလုံး အန်တီ့သားတွေ ပါဘဲ။ အန်တီ့သားတွေထက်တောင် ပိုချစ်ရတယ်။ အဲဒီတော့ မင်းတို့လေးတွေကို အန်တီရဲ့ သားလို့ သတ်မှတ်လိုက်ပါပြီ။” အဲဒီလို တသွင်သွင် ပြောရင်း မျက်ရည်များ ရစ်ဝိုင်းနေသလို ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲမှာလည်း မဖော်ပြနိုင်လောက်အောင် ၀မ်းသာကြည်နူးမှုများ လှိုက်တက်လာကြကာ မျက်ရည်များပြည့်လျံ နေကြပါတော့သည်။

အဲဒီနောက် ရှစ်လေးလုံးလူထုတိုက်ပွဲမှာ တပ်မတော်သားတွေ ပါဝင်လာလို့ စစ်တပ်က အပူတပြင်း အာဏာသိမ်းခဲ့ပုံ၊ တပ်မတော်သားတွေ အသီးသီးရဲ့ ရွေးချယ်ခဲ့ရတဲ့ လမ်းတွေကို နောက်နေ့ အပိုင်း (၃) မှာ ကျွန်တော် ကိုဖိုးတရုတ်က သင်ခန်းစာယူစရာ ဆက်လက်တင်ပြသွားပါမယ်။



ယနေ့ ကျရောက်သော ရှစ်လေးလုံး အနှစ် (၂၀) မြောက်နေ့တွင် ဆရာဖုန်းမြင့်၏ ဖြစ်ရပ်မှန် ကိုယ်တွေ့ဆောင်းပါး နောက်ဆုံးပိုင်းကို ဆက်လက်တင်ဆက်ပေးလိုက်ပါသည်။ ပြည်သူ့ဘက် ရပ်တည်သော တပ်မတော်သားများ အားလုံးကို ဤနေ့ဤရက်တွင် ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။

အော်- "ပြည်သူသာ အမိ ပြည်သူသာ အဖ " ဆိုတာ ယခင်တုန်းကတော့ ကျွန်တော်တို့ တပ်ထဲဝင်လာ ကတည်းက ကြားနေကျစကား၊ သို့သော် အမှန်ဝန်ခံရလျှင် ကျွန်တော်တို့ လေးလေးနက်နက် မတွေးခဲ့၊ မစဉ်းစားခဲ့၊ အမှတ်တမဲ့ နေခဲ့သည်။ ပြည်သူတွေနှင့် ထိတွေ့မှုနည်းခဲ့ကြသည်။ ပြည်သူတွေနှင့် ကင်းကွာခဲ့ကြသည်။ မြစိမ်းရောင်၊ ရွှေဝါမြေစသော စစ်ဆင်ရေးတွေ ထွက်ခဲ့မှုကြောင့် ပြည်သူတွေ၏ ခံစားချက်ကို အနည်းအကျဉ်း သိခဲ့ရသည်။ ယခုပြည်သူဆိုတာ ပျောက်ပြီး စစ်အာဏာရှင်တွေက တပ်မတော်သာအမိ တပ်မတော်သာ အဖ ဆိုပြီး ပြည်သူတွေကို အမှောင်တိုက်ထဲ ထည့်ထားကြသည်။ အကျဉ်းချထားကြသည်။ စော်ကားချင်တိုင်း စော်ကားနေကြသည်။ ယခု ပြည်သူသာ အမိ ပြည်သူသာ အဖ ဆိုသည့်စကား ကို စာတွေ့မဟုတ်၊ ကိုယ်တွေ့သိခဲ့ရပြီ ၊ခံစားတတ်လာရပြီ၊ ပြည်သူတွေရဲ့ တန်ဖိုး အဖိုးဖြတ် မရအောင် ကြီးမားကြောင်း ပို၍ သိခဲ့ရပြီ၊ ပြည်သူတွေသည် ကျွန်တော်တို့၏ ကျေးဇူးရှင်၊ ယခု ကျွန်တော်စားနေ ၀တ်နေ သုံးနေတာတွေသည် ကျွန်တော်တို့ ကိုယ်ပိုင်ငွေကြေး၊ ကိုယ်ပိုင်အစွမ်းအစဖြင့် စားနေ၊ ၀တ်နေ သုံးနေတာမဟုတ်၊ ကျွန်တော်တို့ မိဘရင်းတွေ ကျွေးနေ ပေးနေတာမဟုတ်၊ တပ်က ကျွေးနေ ပေးနေတာ မဟုတ်၊ ပြည်သူတွေ မရှိသည့်ကြားက ကျွေးနေ ပေးနေကြသည်။ ထမင်းထုပ်တွေ ဖွင့်ကြည့်လိုက်လျှင် ကောင်းပေ့ ညွန့်ပေ့ ဆိုသော ထမင်း ဟင်းများ ကိုတွေ့ရသည်။ ချိုချဉ် သကြားလုံးများ ထည့်ပေးလိုက်သေးသည်။ ပြည်သူတွေတောင် ကျွန်တော်တို့လောက် ကောင်းကောင်းစားရမည်မထင်၊ အ၀တ်အစား ဆင်ပေးသည်။ တယ်လီဗေးရှင်း ရေဒီယို ကက်ဆက် အပိုင်စားပေးထားသည်။ မိဘရင်းပင် ဤသို့ ထားနိုင်မည်လား၊ ပြည်သူတို့၏ မေတ္တာ စေတနာသည် ကြီးမားဘိ သည်။ ကျွန်တော်တို့ ဘေးမသီ ရန်မခအောင် အားလုံးက ၀ိုင်းဝန်း စောင့်ရှောက်ပေးသည်။ ကျွန်တော်တို့ အပြင်မထွက်လိုက်နှင့် ထွက်လိုက်သည်နှင့် ပြည်သူတွေ ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။ စစ်တပ်ကို ခါးခါးသီးသီး ရွံမုန်းနေသော ပြည်သူတို့သည် “ဒို့ကို နှိပ်ကွပ်ခဲ့သည့် အယုတ်တမာ အာဏာရှင်၏ အစွယ်အပွားတွေ” ဟု သာ သဘောထားပြီး ကျွန်တော်တို့ကို ဥပက္ခာပြု အငြိုးထားခဲ့ပါမူ ယခုလောက်ဆို ကျွန်တော်တို့၏ ကံကြမ္မာသည် တွေးပင် မတွေးရဲတော့၊ ပြည်သူတွေသည် ကျွန်တော်တို့၏ အမိအဖ ဆိုပါလျှင် ကျောင်းသူကျောင်းသားများသည် ကျွန်တော်တို့၏ ညီငယ် ညီမငယ်များသာ ဖြစ်မည်ပေါ့။ ဒီညီငယ် ညီမငယ် များသည် သူတို့၏ အကိုကြီး အကိုလတ်၊ အကိုငယ်ဖြစ်သော ကျွန်တော်တို့ကို အရိပ်တကြည့်ကြည့်ဖြင့် မျက်နှာ ညှိုးမှာကိုပင် မကြည့်ရက်၊ သူတို့ စွမ်းဆောင်နိုင်သည့် အတိုင်းအတာအထိ အစွမ်းကုန် ဖြည့်ဆည်းပေးကြသည်။ သူတို့၏ ကိုယ်ခန္ဓာကို တံတိုင်းသဖွယ် ကာရံ ပေးထားသည်။ အပြုံးပင် မပျက်ကြ၊ မငြီးငြူကြ၊ ကျွန်တော်တို့ ယူရမည့် တာဝန်ကို သူတို့ ယူနေကြရပြီ၊ သူတို့ကို နောက်မှာထားပြီး ကျွန်တော်တို့ကရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးရမည်ပေါ့။ ကာကွယ်ပေးရမည်ပေါ့၊ ခုတော့ ပြောင်းပြန်ဖြစ်နေပါလား၊ ကျွန်တော်တို့ တာဝန်မကျေပါလား၊ ကျွန်တော်တို့ အလွန်တာဝန်မဲ့နေလေပြီ၊ သေသေချာချာ စဉ်းစားလေ အလွန်တရာ မှ ရှက်ဖို့ ကောင်းလေလေ။ (၁၃) ရက်နေ့ နေ့လယ်တွင် တပ်မှ အရာရှိတချို့နှင့် အရာခံ ဗိုလ်တချို့ ရောက်လာပြီး ရဲဘော်များ တပ်စခန်းသို့ ပြန်ဝင်လာကြရန် စည်းရုံးကြသည်။ ဤတွင် ရဲဘော်သုံးပုံတပုံလောက်မှာ ဟုတ်နိုးနိုးဖြင့် တပ်ထဲ ပြန်ဝင်လိုသူများ ပေါ်ပေါက်လာသည်။ ဤကိစ္စကို အခြေအတင် ဆွေးနွေးကြသည်။ ကျွန်တော့် ဋ္ဌာနဖြစ်သော ကက(လေ) ကလည်း တပ်ထဲ ပြန်လာရန် မကြာခဏ လာပြောသည်။ ကျွန်တော်နှင့် ဒေါ်နုနုအေးက လုံးဝပြန်မည်မဟုတ်ကြောင်း ပြန်ပြောသည်။ ကိုယ့်ဆုံးဖြတ်ချက် နှင့် ကိုယ်ထွက်လာပြီးမှ ဘာကြောင့် ပြန်ဝင်ရမည်နည်း။ ပြည်သူလူထုနှင့် ကျွန်တော့် ပတ်ဝန်းကျင်ရှိ နီးစပ်ရာတို့က ကဲ့ရဲ့လှောင်ပြောင်ကြပေ တော့မည်။ ပြီးတော့ အရေးမယူဘူးဆိုကာ လုံးဝမဖြစ်နိုင်၊ ဒီလိုလုပ်လျှင် ဒီလိုဖြစ်တတ်သည်ကို ဤအရေးအခင်းတွင် မပါဝင်ကတည်းက ကြိုတင်တွက်ဆထားပြီးဖြစ်သည်။ ကျွန်တော့်ကို ခုမှ လူအထင်ကြီး အောင် ပြောနေသည်ဟု ထင်ကောင်းထင်ကြပေမည်။ သို့သော်ခိုင်လုံသော အကြောင်းပြချက်ဖြင့် ကျွန်တော် ပြောခြင်းသာ ဖြစ်သည်။ ကျွန်တော်တို့ စစ်တပ်တွင် အလကားနေရင်း သောက်မြင်ကပ်ပုဒ်မ (၆၅) ဖြင့် အရေးယူနေတတ်သည်။ ယခုကိစ္စသည် ပုဒ်မ(၆၅) ထက် အဆပေါင်း တရာမက အပြစ်ကြီးလေးသည်။ တန်းပြည့်စစ်မှုထမ်းချိန်ဟု သတ်မှတ်၍ ရနိုင်သော ယခုလို ကာလမျိုးတွင် ဂျူတီပို့စ်မှ ကိုက်(၅၀) အကွာ ထွက်မိလျှင်ပင် ပစ်ခတ်ခွင့်ရှိလေရာ ယခု ကျွန်တော် ရောက်ရှိနေသောနေရာမှာ ဂျူတီပို့စ် မှ မိုင်ပေါင်းများစွာ ကွာဝေးနေလေပြီ၊ ကျွန်တော်တို့ ဆန္ဒပြသော စက်တင်ဘာလ(၉) ရက်နေ့သည် ကိုယ့်အိပ်ရာလိပ် ကိုယ်ယူပြီး ရုံးသို့ လာရမည်ဟု အမိန့်ထုတ်ထားသော အချိန်ကာလဖြစ်သည်။ ပြီးတော့ ကိုယ့်ဌာနအကြောင်း ကိုယ်သိသည်။ ကျွန်တော်တို့ တပ်မှူး လေ/၁၂၃၁ ဗိုလ်မှူးမြအောင်သည် ဤကိစ္စကို တာဝန်ယူမည်မဟုတ်။ စခန်းမှူး ဗိုလ်မှူးကြီးဘဆန်းကလည်း စစ်စည်းကမ်းနှင့် ပတ်သက်လျှင် တရွေးသားမျှ အလျှော့ပေးလိမ့်မည် မဟုတ်။ မျက်နှာအနေအထားကပင် ဘယ်အချိန်ကြည့်ကြည့် (ကျွန်တော်တွေ့ရသည့် အချိန်တိုင်း) တင်းမာနေသည့်လူ၊ ဒီတော့ တာဝန်ယူသည်၊ ဘာမျှမဖြစ်စေရ ဆိုသည်မှာ ရေပေါ်အရုပ်ရေးလျှင် ထင်ချင်ထင်မည်၊ စကားလေးတခွန်း (သတိမထားမိဘဲ) အမှတ်မထင် ပြောမိသည့်အတွက်ပင် ရေကြည်အိုင် ရောက်ပြီး ဘ၀ပျက်ဘူးသူတို့ ရှိခဲ့ဖူးသည်။

ကတိ အထပ်ထပ်ပေးပြီး အရေးမယူ ဆိုသည့်တိုင် တပ်ကိုပြန်သွားလျှင် အလိုလို မျက်နှာငယ်ရတော့မည်။ စောင့်ကြည့်ခံရတော့မည်၊ ကိုယ်မှန်သည်ထင်၍ လုပ်လိုက်သည့်ကိစ္စကို မှားပါသည်ဟု ခံဝန်ချက် ပေးရတော့မည်။ (စစ်တပ်၏ အစိတ်အပိုင်း တစိတ်တဒေသဖြစ်သည့် ကျွန်တော်တို့သည် စစ်တပ်၏ မှားယွင်းသော လုပ်ရပ်များကြောင့်) ပြည်သူလူထု ရှေ့ဝန်ချတောင်းပန် ဒူးထောက်ရသည်က လိပ်ပြာ သန့်လှသည်။ ပြည်သူသာအမိ ပြည်သူသာအဖ မဟုတ်ပါလား။ (၁၇) ရက်နေ့ နေ့လယ် (၁၂) နာရီခန့် တွင် ကျွန်တော်တို့ ထမင်းစားသောက်ပြီး အပြင်သွားသူသွား၊ အနားယူသူယူ၊ စကားပြောသူပြော၊ လုပ်စရာ ရှိတာ လုပ်သူနှင့် ရှိနေကြခိုက် အပြင်ထွက်သွားသော ထွန်းထွန်းနိုင် (PLF) အူယားဖားယား ပြေးဝင်လာပြီး “ဟေ့ အားလုံး အမြန်ယူနီဖောင်းဝတ်ကြ၊ ကုန်သွယ်ရေးဝန်ကြီးဌာနမှာ စစ်တပ်က ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်နေပြီ၊ ငါတို့ လိုက်သွားကြမယ်။ ကြောက်တဲ့သူတွေ နေခဲ့ကြ” ဟု အသံကုန်အော်ပြောရင်း သူ့အိပ်ယာနားသို့ ပြေးကာ ယူနီဖောင်း ကောက်ဝတ်သည်။ သူ့အနီးတ၀ိုက်တွင် ရှိနေသော ကျွန်တော်အပါအ၀င် ရဲဘော်များက ကြားလိုက်သဖြင့် “ဟာ ဟုတ်လား” ဆိုပြီး ၀ုန်းကနဲထကာ အနီးရှိ ယူနီဖောင်းကို အမြန်ကောက်ဝတ်ကြသည်။ (အခန်းကျယ်သဖြင့်) ကိုယ့်အလုပ်၊ ကိုယ့်အာရုံ၊ ကိုယ့်စကားဝိုင်းနှင့် နစ်မြောနေကြသူများမှာ ရုတ်တရက် ဘာမှန်း မသိကြ။ ထွန်းထွန်းနိုင် ဒေါသထွက်ပြီး “ဟေ့ ပြောနေတာ မကြားဘူးလား။ ဟိုမှာ သေနတ်နဲ့ပစ်နေပြီ၊ လူတွေ ရုတ်ရုတ် ဖြစ်နေပြီ၊ စစ်သားဖြစ်ပြီး ကြောက်နေကြရင် ထမီဝတ်ထားကြ၊ ဒီလိုနေရာမျိုးမှာ ဒို့ဝင်မပါရင် ဒို့လောက် တာဝန်မဲ့တဲ့သူတွေ ရှိမှာ မဟုတ်ဘူး၊ ပြည်သူတွေရှေ့မှာ မျက်နှာမပြရဲအောင် မလုပ်ကြနဲ့၊ ဒါဒို့ အတွက် အခွင့်အရေးဘဲ ဟုပြောရင်း ဘောင်းဘီ ကောက်စွပ်လိုက်သည်။ ထိုအခါမှ ရဲဘော်အားလုံးလည်း “ဟေ့ ဟုတ်တယ်၊ အကုန်ထွက်မယ်။” ဟု ပြောပြောဆိုဆို ယူနီဖောင်း ထ၀တ်ကြသည်။ တိုတိုပြောရလျှင် ကမ်းနားလမ်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ အရပ်ဝတ် ၀တ်ထားကြသော ဗိုလ်ကြီးခင်မောင်ချို အပါအ၀င် စစ်သား (၂၄)ယောက်ကို ရဟန်းများ ခြံရံလျက် အပြင်သို့ ခေါ်ထုတ်သွားနိုင်ခဲ့သည်။ လက်နက်များကိုလည်း လျှို့ဝှက်ထုတ်ယူခဲ့နိုင်သည်။ ဦးတင်ဦး (NLD) က ရဲဘော်တွေ ဤနေရာမှ အမြန်ထွက်ခွာကြရန်၊ အောင်ဆန်းကွင်း မှ စစ်တပ်များ ရောက်လာနိုင်ကြောင်း၊ ပြောသဖြင့် တန်းစီ လူစစ် အမြန်လျှောက်ကာ စစ်ချီသီချင်းများ သံပြိုင် ဟစ်ရင်း ကျွန်တော်တို့ နားခိုရာ သရက်တော ကျောင်းတိုက်ဆီသို့ ချီတက်ခဲ့ကြသည်။ သြော်.... ယနေ့အဖို့ ကျွန်တော်တို့ တတွေ မှတ်ကျောက်တင်နိုင်ခဲ့ပြီ မဟုတ်ပါလား။

(၁၃) ရက်နေ့တွင် ကျွန်တော်တို့ အင်အား တ၀က်သာ အပြင်ထွက် ချီတက်ကြပြီး ကျန်လူအားလုံး ဂိတ်အသီးသီး တွင်လုံခြုံရေးတာဝန်ကိုကျောင်းသားများနှင့်အတူပူးတွဲယူကြသည်။ သို့သော် လက်နက်များနဲ့မဟုတ်။ ညနေ(၄း၁၅)နာရီတွင်မြန်မာ့အသံမှ နိုင်ငံတော် အာဏာကို တပ်မတော်မှ သိမ်းယူလိုက်သောသတင်း ကြေညာလိုက်ရာ လူများမှာ မင်သက်သွားကြသည်။ တခါ ညနေ(၆) နာရီတွင် ဆန္ဒပြခြင်း၊ တရားဟောခြင်းနှင့် လမ်းပေါ်တွင် လူ (၅) ယောက်ထက်ပို၍ မစုရဆိုသော ကြေညာချက် ထွက်လာပြန်သည်။ ကြားရသူများမှာ ကျယ်လောင်စွာ “တောက်” ခေါက်၍ ခံပြင်းဒေါသထွက်စွာ သံပုံးများ၊ ဓာတ်တိုင်များကို အဆက်မပြတ် တီးကာ ကျယ်လောင်စွာ အော်ဟစ်ကြသည်။ ညနေကတည်းက အာကာတခွင်လုံး အုံ့မှိုင်းမှိုင်းဖြင့် မိုးတဖွဲဖွဲ ရွာလာရာမှာ တညလုံးသဲကြီး မဲကြီး ရွာချလာပါတော့သည်။ သြော်- ခဲလေသမျှ သဲရေကျ၊ ပန်းတိုင်ရောက်ခါနီးမှ လှော်တက်ကျိုးရလေခြင်း။ (၁၉) ရက် တနလာင်္နေ့သည် စိတ်မချမ်းသာစရာ အနိဌာရုံများနှင့်ပြည့်နှက်နေကာ လူတိုင်း လူတိုင်းနာကျည်းချက် တို့ဖြင့် အခြေအနေ အလွန်တင်းမာနေသည်။ မနက် ခုနှစ်နာရီခွဲတွင် ထွန်းထွန်းအောင် (ABSDF) အပါအ၀င် ကျောင်းသားကျောင်းသူ အချို့ ကျွန်တော်တို့ အတန်တန် တားနေသည့် ကြားက မြို့ တွင်းသို့ ချီတက်ကြသည်။ နေ့လယ် (၁) နာရီခန့်တွင် ထွန်းထွန်းအောင် တယောက် ငိုရှိုက်ရင်း ရောက်လာကာ “မာမီ မာမီ ကျွန်တော်တို့ကို ကယ်ပါအုံး၊ ကျွန်တော်တို့ အဖွဲ့ အပစ်ခံရလို့ သေကုန်ပြီ၊ ကျွန်တော်တို့ကို ပစ်မထားပါနဲ့၊ ကယ်ပါအုံး။” ဟု ပြောပြီး ပြင်းထန်စွာ ငိုသည်။ မာမီနှင့် ကျွန်တော်တို့ ထိတ်ထိတ်ပြာပြာ ဖြစ်သွားကာ သိချင်ဇောဖြင့် မေးကြသည်။ ထွန်းထွန်းအောင်က အသံကိုထိန်းပြီး “မာမီတို့ တားတဲ့ကြားက ကျွန်တော်တို့ မြို့ ထဲ ချီတက်ကြတယ်။ ကျွန်တော်တို့လို ချီတက်လာတဲ့ သူတွေတွေ့လို့ ကျွန်တော်တို့ အားတက်သွားကြတယ်။ ပထမတော့ အေးအေးဆေးဆေးပါဘဲ၊ ဒါပေမဲ့ ၀န်ကြီးများရုံး ရှေ့ရောက်တော့ ကျွန်တော်တို့ ကြမ္မာဆိုး ၀င်တော့တာဘဲ၊ သေနတ်သံတွေ ဘယ်ချောင်က ပေါ်လာတယ် မသိဘူး။ အဖြစ်အပျက်က သိပ်မြန်တယ်။

ပထမရှေ့ဆုံးက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ အလံကိုင်ထားတဲ့ ကျောင်းသူကျောင်းသားတွေ ခွေကနဲ လဲကျ သွားတယ်။ ဓာတ်ပုံကိုင်လျက်ဘဲ၊ သူတို့တမင် ရွေးပစ်ကြတယ်။ ကျွန်တော်တို့ အဖွဲ့တွေ ပုံကနဲ၊ ပုံကနဲ လဲကျသွားတယ်။ ကျွန်တော်တို့ ဒေါသတွေ ပေါက်ကွဲကုန်ကြတယ်။ ပစ်ခတ်နေတဲ့ ကြားက အတင်းဘဲ ရှေ့ကို တိုးထွက်ကြတယ်။ သေနတ်ထိထားတဲ့သူတွေကို သွားဆွဲကြတယ်။ တယောက်ပြီး တယောက်လဲကျသွားတယ်။ ကျွန်တော်တို့သာ အထိအခိုက်မရှိဘဲ လွတ်လာတာ၊ မာမီကျွန်တော်တို့ သူငယ်ချင်းတွေ သေကုန်ပြီ၊ မာမီ့ သားတွေ၊သမီးတွေ သေကုန်ပြီ၊ ကျွန်တော်တို့ကို ပစ်မထားပါနဲ့” ဟု ပြောရင်း ထွန်းထွန်းအောင်မှာ အဖြစ်အပျက်များကို ပြန်မြင်ယောင် လာဟန်ဖြင့် အိနြေ္ဒပင် မဆည်နိုင်ဘဲ သည်းထန်စွာ ငိုပါတော့သည်။ ကျွန်တော်တို့လည်း အလွန် စိတ်ထိခိုက်ကြကာ အချို့ ဆိုလျှင် ကြမ်းပြင်ကို လက်သီးဖြင့် ထိုးသည်။ မာမီက ထွန်းထွန်းအောင်ခေါင်းကို ပွတ်ရင်း “သား မာမီတို့ လုံးဝ စိတ်မကောင်းဘူးကွယ်။ ဒီကောင်တွေ သိပ်ရက်စက်တယ်။ လူစိတ်မရှိကြဘူး။ ဘာမှမပူနဲ့၊ မာမီ သားတို့ကို ပစ်မထားဘူး။” လို့ ပြောရင်း အသံတွေ တုန်နေသည်။ ခန်းမကျယ်ကြီးတခုလုံး ကြေကွဲစရာ သတင်းစကားကြောင့် တိတ်ဆိတ်ညိမ်သက်နေသည်။ နောက်တနေ့ ညနေ(၃) နာရီခန့်တွင် အခြေအနေ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ သရက်တောကျောင်းတိုက်သို့ စစ်တပ်လာဝိုင်းမည်ဟူသော သတင်းကြောင့်ပင်။ ခဏကြာတော့ စစ်တပ်လာနေပြီ ဆိုသော သတင်းကြောင့် သူ့အဖွဲ့နှင့်သူ တိမ်းရှောင်ကြရန် စတင်ကြပါပြီ။ ကျွန်တော်တို့ ရဲဘော်များနှင့် ကျောင်းသားကျောင်းသူများ မှာလည်း လက်နက်များနှင့်အတူ (နာရီစင်ရှိရာ ဂိတ်မှ) ခပ်သုတ်သုတ် ထွက်ကြပါတော့သည်။ တိုက်အိမ် များအသီးသီးမှ ထွက်ကြည့်နေကြသော လူများက ကျွန်တော်တို့ကို လက်ခုပ်သြဘာ ပေးပြီး (ကျွန်တော်တို့ အခြေအနေကို သိသဖြင့်) ကြိုက်သည့်အိမ်တွင် တက်နေကြရန် အလုအယက် ခေါ်ကြသည်။ ကျွန်တော်တို့နှင့်အတူ ကျောင်းသူကျောင်းသား များလည်းပါကြသည်။ ကျွန်တော်တို့သည် လေးထပ်တိုက် အပေါ်ဆုံးထပ်တွင်ရှိသော တခုသော အခန်းသို့ ရောက်ရှိနေသည်။ အိမ်ရှင်မိသားစုက ဘာမှပူစရာ အားနာစရာမလို၊ အေးအေးဆေးဆေး အနားယူနိုင်ကြောင်း ပြောကာ ချက်ချင်းပင် ထမင်းဟင်း ချက်ကျွေးသည်။ ဘဲဥဟတ်ဘွိုင် ဆီပြန် ချက်ထားသော ဟင်းနှင့် ငပိတို့စရာ အစုံအလင်ပါဝင်သော ထမင်းဝိုင်းသည် ကျွန်တော်တို့အတွက် နတ်သုဒ္ဒါတမျှ မြိန်ယှက်စေပါသည်။ ညနေ(၆း၃၀) ခန့်တွင် ကျွန်တော်တို့သည် အချက်ပြ သင်္ကေတဖြင့် လူစုကြပြီး ဗဟိုစည်သို့ ဦးတည် ထွက်ခွာသွားကြသည်။ လက်နက်ကိုင် တပ်ဖွဲ့ကို သီးသန့်ခွဲထုတ်လိုက်ရာ ကျွန်တော် အပါအ၀င် လက်နက်ကိုင် အယောက် (၂၀) သည် ဗဟိုစည် ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် နေရာယူကြသည်။ ခိုင်ခန့်သော အုတ်တိုက်ကျောင်းဖြစ်ပြီး ဘေးတွင် အုတ်တံတိုင်းများက ကာရံထားသည်။ မူလတန်းကျောင်း ဖြစ်သော်လည်း ဧရိယာအတော်ကျယ်သည်။ ခိုင်ခန့်သောဝင်းတံခါးရှိသည်။ ဘေးနှစ်ဘက်နှင့် ကျောင်းနောက်ဘက်တွင် လူနေအိမ်များ ၀ိုင်းရံထားသည်။ ကျောင်းရှေ့ဘက်တွင် ဖြောင့်ဖြူးသော မော်တော်ကားလမ်း ရှိသည်။

လူထုက ထမင်းထုပ်များ လာပို့ကြသဖြင့် မှောင်ကြီးမဲမဲတွင် ထမင်းစားကြရသည်။ အချိန်က ည (၁၀) နာရီခန့် ရှိပြီ။ တရပ်ကွက်လုံး အမှောင်ထုထဲတွင် တိတ်ဆိတ်နေသည်။ ခွေးဟောင်သံပင် မကြားရ၊ ဒီလိုဖြင့် အလှည့်ကျ ကင်းစောင့်ရင်း မိုးလင်းခဲ့သည်။ မိုးလင်းသည့်တိုင် ပတ်ဝန်းကျင်တခွင်တွင် ရှင်းလင်းနေသည်။ လူရိပ်လူယောင် မတွေ့ရ၊ (၇) နာရီလောက်ကျမှ လူတွေ လှုပ်ရှားသွားလာကြသည်။ ကျွန်တော်တို့ ရောက်နေသော ကျောင်းထဲတွင်ပင် လူတွေ သွားလိုက်လာလိုက်ဖြင့် ရှုပ်နေသည်။ ကျောင်းစောင့်ကြီးက စိုးရိမ်ပြီး “ခင်ဗျားတို့ အ၀င်အထွက် သိပ်မလုပ်ကြနဲ့၊ အန္တရာယ်ရှိတယ်။ ဒီရပ်ကွက်ထဲမှာ ခင်ဗျားတို့ ရှိတယ်ဆိုတာ သူတို့သိနေကြပြီဟု ပြောသည်။ (၉) နာရီခန့်တွင် လူရှင်းသွားပြီး ကျွန်တော်တို့ လက်နက်ကိုင် တစုသာ ရှိနေသည်။ ဒုတပ်ကြပ် ခင်မောင်မြင့်က “တောက်- ဒီအတိုင်း ငြိမ်နေမယ့်အစား အပြင်ထွက်ချလိုက်ချင်တယ်” ဟု ပြောသည်။ ကျွန်တော်တို့တွင် လက်နက်ရှိနေသဖြင့် လုံးဝကြောက်စိတ်မရှိ၊ ကျွန်တော့်လက်ထဲတွင် ဘီအေ-၆၃ (ဂျီးသရီး) ကိုင်ထားပြီး ကျည်အပြည့်ကျည်ဘောက် (၅) ဘောက် နှင့် ၇.၆၂ ကျည်၊ဆံ့သလောက်ထည့်ထားသော ဟားပါးဆိုက်ကို ပခုံးတွင် သိုင်းလွယ်ထားသည်။ လက်ပစ်ဗုံးများလည်း ရှိသည်။ တပ်ကြပ်ကြီး တင်ဦးကတော့ ကာဘိုင်လွယ်ပြီး ကင်းစောင့်နေသည်။ ကျွန်တော်တို့ ဒီမှာ ရှိနေတာ စစ်တပ်ကသိနေသဖြင့် ဘယ်တော့ ရောက်လာမလဲဆိုတာ စော့င်နေတာ ကိုက ကျွန်တော်တို့ မကြိုက်၊ “ငါတော့ ထွက်ချလိုက်ချင်ပြီ” ဟု ၁၆ သန်းထွန်းက စိတ်မရှည်စွာ ပြောသည်။ ထိုစဉ် ကျောင်းစောင့်ကြီး အူးယားဖားယား ပြေးလာပြီး “ဟေ့ နာရီစင်ဘက်က စစ်ကားတွေ မဲကနဲ မဲကနဲ တက်လာကြပြီ၊ ဘယ်လိုလုပ်ကြမလဲ” ဟု ထိတ်လန့်စွာ အော်ဟစ် ပြောဆိုလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ အိမ်များမှ ကြားသွားသဖြင့် “အမလေး ဒုက္ခရောက်တော့မည်ထင်ပါရဲ့” တိတ်လန့်စွာ အော်ကြရင်း ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြပြီ။ ကျွန်တော်တို့လည်း ဗြုံးကနဲ အပြင်ပြေးထွက်ပြီး “ဟေ့ အားလုံး နေရာယူ။ ဘာမှ မကြောက်ကြနဲ့။ ကျွန်တော်တို့ အသေခံ တိုက်ပြီး ကာကွယ်မယ်” ဟု ပြောရာ “ဒို့အိမ်တွေတော့ ပျက်ပါပြီ” ဟု ပြောပြောဆိုဆို ပတ်ဝန်းကျင်ရှိ အိမ်တိုင်းလိုလို ပြေးသူပြေး ပုန်ွးသူပုန်း ဖြင့် ဆူညံနေသည်။ လူငယ်များကတော့ “ရပ်ကွက်ပျက်ချင် ပျက်ပစေ၊ ကိစ္စမရှိဘူး အကိုတို့ ချသာချ၊ ကျန်တော်တို့ ပါ ၀င်ချမယ်။ အခြေအနေမကောင်းရင် နောက်ဘက်က အုတ်တံတိုင်း ကျော်ပြီး ကြိုက်တဲ့အိမ်တက်နေ။ ဟိုမှာ ကျွန်တော်တို့ လှေခါးထောင်ထားမယ်။” ဟု ပြောသည်။ ကျွန်တော်တို့ဟာပြည်သူတွေရှေ့မှာ သတ္တိကြောင် သူများ လုံးဝ မဖြစ်စေရ။ ဒီနေရာတွင် ပြည်သူတွေ ဘက်မှာ ကျွန်တော်တို့ ရှိသည်ကို လက်တွေ့ ပြသရမည် မဟုတ်ပါလား။ ရပ်ကွက်သားတွေတောင် တုတ်၊ ဓါး၊ လေးဂွ ကိုင်ပြီး တိုက်ပွဲဝင်ကြမည်ဆိုတော့ ကျွန်တော်တို့ ဘာကြောင့်နောက်တွန့်ရမည်နည်း။ ပြီးတော့ ထွန်းထွန်းအောင်၏ ရှိုက်ကြီးတငင် ငိုကြွေးနေသော အသွင်က ကျွန်တော်တို့ အာရုံတွင် စွဲနေသည်။ ဒီနေ့သည် ကျွန်တော့်အတွက် နောက်ဆုံးနေ့ဟု ထင်မှတ်ထားသည်။ အသီးသီးနေရာယူပြီး ရန်သူအလာကို စောင့်နေကြသည်။ ကျောင်းဝင်းတံခါး ပိတ်ထားသည်။ ရုတ်တရက် ၀င်၍ ရမည်မဟုတ်။ “ဟော လာပါပြီ၊ တစ်စီး၊ နှစ်စီး အားလုံး (၇) စီး။ သို့သော် ကားတန်းကြီးသည် လုံးဝ မရပ် တဖြေးဖြေးချင်း ရှေ့သို့သာ ဆက်သွားနေသည်ကို ကျွန်တော်တို့ အတိုင်းသား တွေ့နေရသည်။ ကားတွေမှာ လူသိပ်မပါ။ တစီးလျှင် (၂၀) ၀န်းကျင်သာ ရှိမည်။ ကျောင်းဝင်းထဲ လှမ်းကြည့်သွားကြသည်။ သတင်းရထား ပါလျက် ဘာကြောင့် ကျော်သွားပါလိမ့်။ အခြေအနေ အေးဆေးသွားပြီ ရပ်ကွက်လူထု ခုမှ ဟင်းချ နိုင်တော့သည်။ “တော်ပါသေးရဲ့၊ ငါတို့ ရပ်ကွက် ပျက်ပြီထင်နေတာ” စသဖြင့် တယောက်တပေါက် ပြောနေကြသည်။ နောက်မိနစ် (၂၀) ခန့် အကြာတွင် ဘုန်းကြီး (၂) ပါးနှင့် “န၀တ” မှလွှတ်လိုက်သူတစု ရောက်ရှိလာပြီး သူတို့ထံ လက်နက်များအပ်ရန် နှင့် ကျွန်တော်တို့ လုံခြုံရေးအတွက် စစ်ဒေသမှူးက လုံးဝ တာဝန်ယူကြောင်း၊ လက်နက်များရှိလျှင် ကျွန်တော်တို့ အတွက် အလွန်အန္တရာယ်ရှိကြောင်း ပြောသည်။ ကျွန်တော်တို့က “တပည့်တော်တို့ လုံးဝမအပ်နိုင်၊ စစ်ဒေသမှူးကိုလည်း လုံးဝမယုံ၊ ကြိုက်တဲ့သူလာခဲ့၊ တပည့်တော်တို့ ခံတိုက်ရန် အသင့်ရှိသည်” ဟု လျှောက်ရာ လက်လျှော့ပြန်သွားကြသည်။ ခဏကြာသော် ရပ်ကွက်လူငယ်များက ထမင်းထုတ်များလာပို့ရင်း “အကိုတို့ ရှောင်နေကြရင် ကောင်းမယ်။ ဒီမှာ အခြေအနေ မကောင်းဘူး။” ဟု ပြောသည်။ နောက် တနာရီခန့်အကြာတွင် ဘုန်းကြီး (၂) ပါးရောက်လာပြန်ပြီး အကြိမ်ကြိမ် နားချသည်။ ရပ်ကွက်လူထုကလည်း လက်နက်အပ်ပြီး ရှောင်နေကြတာ အကောင်းဆုံးဖြစ်ကြောင်း ပြောသည်။ တိုတိုပြောရလျှင် ရပ်ကွက်လူထု၏ ဆန္ဒအရ ကျွန်တော်တို့ အချင်းချင်း ညှိနှိုင်းကြပြီး လက်နက်အပ်ရန် သဘောတူ လိုက်သည်။ ဘုန်းကြီး (၂) ပါးနှင့် အခြားသူ အားလုံးကို အပြင်ထွက်ခိုင်းလိုက်ပြီး တံခါးပိတ် လိုက်သည်။ ခဏအကြာတွင် ကျွန်တော်တို့ (၂) ယောက်တတွဲ၊ (၃) ယောက် တတွဲဖြင့် အနောက်ဘက် အုတ်တံတိုင်းမှ ကျော်ပြီး သရက်တောကျောင်းတိုက်သို့ ကိုယ်ရောင်ဖျောက်ပြီးထွက်ခဲ့ကြသည်။ ကောင်းကင် တခုလုံး အုံ့မှိုင်းနေပြီး မိုးဖွဲဖွဲရွာနေသည်။ ကျွန်တော်တို့နှင့်အတူ အစိတ်အပိုင်း ဖြုတ်ယူလာသော ဂျီသရီး(၃) လက်၊ ကျည် (၁၈၀၀) နှင့် လက်ပစ်ဗုံး အချို့ ပါလာတာ ကိုတော့ ဘယ်သူမှ မသိလိုက်ကြ။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က လူများဖြင့် စည်ကားခဲ့သော ကျွန်တော်တို့၏ သပိတ်စခန်း သရက်တော ကျောင်းတိုက်ကြီးသည် ယခုတော့ တိတ်ဆိတ်ငြိမ်သက်နေသည်။ ကျွန်တော်တို့ ကျောင်းတိုက်အတွင်း အတော်ကလေး လျှောက်မိသောအခါ အကွယ်တစ်ခုမှ တောသူအသွင်ရုပ်ဖျက်ထားသော ကျောင်းသူ တယောက် ထွက်လာပြီး “အကိုတို့ လူတွေ ဟိုဘက်မှာ ရှိတယ်။ လာ ကျွန်မ လိုက်ပို့ပေးမယ်” ဟု ပြောပြီး ခေါ်သွားသည်။ တိုတိုပြောရလျှင် ကျွန်တော်တို့လူများ ပြန်ဆုံကြပြီး ကိုယ့်လမ်းကြောင်းကို ကိုယ် ရွေးချယ်ကြသည်။ အချို့ က နီးစပ်ရာ ဆွေမျိုးမိတ်သင်္ဂဟရှိရာ နယ်များသို့ သွားပြီး ရှောင်ကြမည်။ အချို့ တပ်ထဲ ပြန်ဝင်ကြမည်၊ စသဖြင့် ဆုံးဖြတ်ကြကာလူစု ခွဲကြသည်။ ကျွန်တော်နှင့် မာမီ၊ ကျွန်တော်တို့ကဲ့သို့သော ကျောင်းသားကျောင်းသူ တချို့ တို့က သရက်တောကျောင်းတိုက် တတိုက်တွင် လျှို့ ဝှက်နေကြသည်။ သူတို့က ကျွန်တော်တို့ စားသောက်ရန် ဆန်အိတ် (၁၀) အိတ် စီစဉ်ပေးသည်။ (၂၃) ရက် မနက်တွင် ကျောင်းသားအဖွဲ့ တဖွဲ့ ရောက်လာပြီး ရနောင်းတွင် လက်နက်ရဖို့ အဆက်အသွယ် ရထားပြီ၊ သွားယူဖို့ဘဲ ကျန်တော့တယ်” ဟု ပြောရာ မာမီက “ငါတို့ အဖွဲ့လိုက်သွားမယ်။”ဟု ပြောသည်။ (သို့သော် သွားခါနီးမှ တင်းကြပ်သော လုံခြုံရေးများကြောင့် အစီအစဉ်ပျက်သွားသည်။) ကျောင်းသားအဖွဲ့တဖွဲ့ကလည်း စစ်သင်တန်းပေးရန် အကူအညီတောင်းသဖြင့် ကျွန်တော်တို့ သင်တန်းသွားပေးရသည်။ ထိုအချိန်တွင် ဒုတပ်ကြပ်ဝင်းထက် လေထီး(၁၆)ရောက်လာပြီး သူနှင့်သူ့ အဖွဲ့ ပဲခူးသွားပြီး လက်နက်သွားသယ်မည် ဖြစ်ကြောင်း ရုပ်ဖျက်သွားရမည် ဖြစ်ကြောင်း ပြောပြီး သူ့အင်္ကျီနှင့် ကျွန်တော့် အင်္ကျီလဲဝတ်သည်။ ကျွန်တော်က သတိထားသွားရန် ပြောရာ “ကိစ္စမရှိ” ဟုဆိုကာ ဂျာကင်အိတ်ထဲမှ လက်ပစ်ဗုံးကို ထုတ်ပြသည်။ ကျွန်တော်တို့ အဖွဲ့ ဤကာလများအတွင်း သတိကြီးစွာထားပြီး သွားလာလှုပ်ရှားနေရသည်။ အချို့ ဆွေမျိုး မိဘများရှိရာ ဒေသများသို့ ရှောင်ကုန်ကြပြီ။ တပ်ကြပ်တင်ကြိုင် ဆိုလျှင် သင်္ဃန်းစီးနေပြီ၊ အချို့ဆို တပ်ထဲပြန်ဝင်ရန် စိုင်းပြင်းနေကြပြီ။ ကျွန်တော်တို့ လျှို့ဝှက်နေသော ကျောင်းတိုက်မှ ကိုရင်လေးတပါးကလည်း အလွန်ကူညီပေးသည်။ ဆွမ်းခံသွားရင်းသတင်းစုံ စမ်းပေးသည်။ သူကူညီပေးမှုကြောင့် လက်ပစ်ဗုံးရောင်းမည့် အဖွဲ့တဖွဲ့နှင့် ဆက်သွယ်မိသည်။ သို့သော် ၀ယ်ရန်ငွေ မရှိသဖြင့် ကျွန်တော်တို့ အတွက်ပေးထားသော ဆန်အိတ်အချို့ ရောင်းချပြီး ၀ယ်ရန် ဆုံးဖြတ်ကြသည်။ သို့သော် လက်ထဲတွင် ငွေရှိပါမှ သတင်းပေါက်ကြားသွား၍ အရောင်းအ၀ယ် မဖြစ်တော့ပေ။ ဒီအတောအတွင်း ကျွန်တော်တို့ ဌာနမှ အရာရှိတစ်ဦးနှင့် အချို့ ဆရာများ လျှို့ ဝှက် ရောက်ရှိလာပြီး ကျွန်တော်နှင့် မာမီ ဒေါ်နုနုအေးကို ဖမ်းရန် အမိန့်ပေးထားကြောင်း ရန်ကုန်မှ အမြန်ရှောင်ရန် စိုးရိမ်စွာ လာသတိပေးသည်။ ကျွန်တော်နေသော ဘုန်းကြီးကျောင်းမှ ဦးဇင်းတစ်ပါးက “ကိုအောင်ဖုန်းမြင့် ခင်ဗျား ဘာဆက်လုပ်မယ် စိတ်ကူးသလဲ” ဟု မေးပါသည်။

ကျွန်တော်က လုပ်မိသည့် အလုပ်တစ်ခုအတွက် လုံးဝ နောင်တမရကြောင်း ရှေ့ဆက်လုပ်ဖို့သာ ရှိတော့ကြောင်း၊ တပ်ထဲသို့ လုံးဝပြန်ဝင်မည် မဟုတ်ကြောင်း ပြောလိုက်သည်။ “ဦးဇင်းလည်း အဲဒါဘဲ သဘောကျတယ်၊ ဒီလိုဘဲ ဖြစ်ရမှာပေါ့။ ဒါပေမဲ့ ဒီမှာ ခင်ဗျားရှိရင် ခင်ဗျားအတွက်ရော ကျုပ်အတွက်ပါ အန္တရာယ်ရှိတယ်။ ဒီတော့ ဒီကနေ အမြန်ရှောင်စေချင်တယ်။ ခင်ဗျားတို့ လုပ်ငန်းတွေ အောင်မြင်တော့မှ ကျုပ်ကျောင်းမှာ တသက်လုံး ကြိုက်သလို လာနေလှည့်ပါ။” ဟု ပြောပါသည်။ ဦးဇင်းက ကျွန်တော့်အား ခင်ဗျားနှင့် ကျုပ် ဟု ပြောဆိုသည်။ သို့နှင့် ကျွန်တော်သည် နာရီစင် ရှေ့ရှိ ကျောင်းတစ်ကျောင်းသို့ ပြောင်းရွေ့ နေလိုက်သည်။ ပြီးလျှင် စီစဉ်စရာ ရှိသည်များကို မာမီနှင့် တိုင်ပင်ပြီး ဆောင်ရွက်သည်။ ကျွန်တော်နေသော ကျောင်းတိုက်မှ ဦးဇင်းသည် ရဟန်းပျို သမဂ္ဂမှ ဖြစ်ပြီး ကျွန်တော့်ကို လုပ်ငန်းပြီးမြောက်သည်အထိ ဇွဲမလျော့တမ်း လုပ်ပါဟု တိုက်တွန်းအားပေးသည်။ စက်တင်ဘာလ (၂၇)ရက် မနက် (၅) နာရီတိတိတွင် ကျွန်တော်နေသော ကျောင်းမှ ဦးဇင်းကို ကျွန်တော်တို့ သွားတော့မည်ဖြစ်ကြောင်း ပြောဆိုပြီးကန်တော့ခဲ့သည်။

ဦးဇင်းလည်း စိတ်မကောင်းစွာ မျက်ရည်များ ရစ်ဝဲပြီး လုပ်ငန်းများ ပြီးမြောက်သည်အထိ ဇွဲမလျော့ဘဲ လုပ်ကြရန် နှင့် ဦးဇင်းနှင့် ပြည်သူလူထု တစ်ရပ်လုံး ကြိုဆိုနေကြမည့်အကြောင်း ပြောစရာ ရှိသည်များ ပြောဆိုမှာကြားပြီး ကျွန်တော်ငြင်းဆန်နေသည့်ကြားက တစ်ဆယ်တန် အထပ်လိုက်ကို ထုတ်ပေးပါသည်။ ထို့နောက် သရက်တော ကျောင်းတိုက်မှ ထွက်ခဲ့ရာ မကြာမီ မာမီတို့ အဖွဲ့ရှိသော လသာလမ်းကို ရောက်ရှိခဲ့ပါသည်။ ကျွန်တော်နှင့်အတူ အမှတ်(၅၀၂) လေတပ်စခန်းမှ ဒုတပ်ကြပ်သောင်းဦး (PLF) လည်း လိုက်ပါလာပါသည်။ ထို လသာလမ်းမှ လူငယ်များနှင့် လမ်းမိသားစုတို့၏ ကျေးဇူးတရားကို ယခုထိတိုင် ကျွန်တော်တို့ မမေ့နိုင်ပါ။ သူတို့ လမ်းထဲသို့ ကျွန်တော်တို့ ရဲဘော်များ ရောက်ရှိလာသည့်နေ့မှ စတင်၍ ခရီးထွက်မည့် အချိန်ထိ ကျွန်တော်တို့ လုံခြုံရေး အတွက် လျှို့ ဝှက် ကင်းစောင့်ပေးခဲ့ကြပါသည်။ သတင်းများ ထောက်လှမ်းပေးကြပါသည်။ စားဝတ်နေရေး လိုလေသေး မရှိအောင် စေတနာ ပြည့်ဝစွာ တလမျော တာဝန်ယူခဲ့ကြသည်။ ထို့ထက်မှာမူ ကျွန်တော်တို့ ခရီးထွက်မည့် နေ့မှာ လမ်းခရီးအတွက် ငွေလိုကြောင်း သိသဖြင့် လူငယ်များက တစ်အိမ်တက်ဆင်း ငွေ လိုက်ကောက်ခဲ့ရာ ငွေ (၂၀၀၀) ကျော် ရရှိခဲ့သည်။ ကျွန်တော်တို့ကို အသင်း (၂) သင်းမှ ငွေကူညီရန် စီစဉ်ထားသော်လည်း ကျွန်တော်တို့ ထွက်မည့်ရက်ကို မဖျက်နိုင်သည့်အတွက် ထိုငွေကို မယူခဲ့နိုင်ပါ။

ကျွန်တော်တို့ သွားကြတော့မည်ကို သိသော လမ်းသူလမ်းသားများက မျက်ရည်များ ဝေ့၀ဲကာ စိတ်မကောင်းခြင်း ကြီးစွာ လာရောက်နှုတ်ဆက်ကြပါသည်။ အချို့ အမျိုးသမီးများက သူတို့လည်ပင်းမှ ရွှေဆွဲကြိုးများကို ဆတ်ကနဲ ဆွဲဖြုတ်ပြီး “ရော့ အကိုတို့ ဒီဆွဲကြိုးတွေ ယူသွားကြ၊ အကိုတို့ လိုအပ်သလို သုံးကြပါ” ဟု ပြောပြီးအတင်းပေးကြ ပါသည်။ ကျွန်တော်တို့က အထပ်ထပ် အခါခါ ငြင်းသဖြင့် လက်လျှော့ သွားကြပြီ “အကိုတို့ ကိစ္စတွေ ပြီးလို့ ပြန်လာရင် ညီမတို့ ဆီ လာဖြစ်အောင် လာကြပါ။ ညီမတို့ အားလုံး မျှော်နေမယ်၊ အကိုတို့ကို ညီမတို့ အားလုံး လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်၊ အောင်ပွဲနဲ့ အတူ ပြန်လာနိုင်ပါစေဟု ပြောရင်း မျက်ရည်ဝဲနေသည့် အပြင် အချို့ မှာ ငိုကြွေးနေကြပါသည်။ လူကြီးမိဘများကလည်း “ရဲဘော်တွေ အောင်ပန်းနဲ့ အတူ ပြန်လာနိုင်ကြပါစေ၊ ရဲဘော်တွေ ပြန်လာရင်လည်း နေဖို့ စားဖို့ ဘာမှ မပူနဲ့ အားလုံး တာဝန်ယူတယ်” ဟု ပြောပါသည်။ သူတို့တတွေ၏ ကြီးမားလှသော မေတ္တာစေတနာများသည် ကျွန်တော်တို့ အားလုံးကို ဘာပြန်ပြောရမှန်း မသိအောင် ခံစားချက် ကြီးမားစေ၍ မျက်ရည်ဝဲစေခဲ့ပါသည်။ သြော် “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” မဟုတ်ပါလား။ ဤသို့ဖြင့် ၁၉၈၈ စက်တင်ဘာ (၂၇) ရက် အင်္ဂါနေ့တွင် ကျွန်တော်တို့ လေတပ်မှ (၇) ယောက်အဖွဲ့သည် ပထမအသုတ်အဖြစ် လည်းကောင်း၊ နောက်နေ့တွင် မာမီ ဒေါ်နုနုအေး အပါအ၀င် ရဲဘော် (၄) ယောက်အပြင် ထွန်းထွန်းအောင် ပါဝင်သော ကျောင်းသား တဖွဲ့သည် ဒုတိယ အသုတ်အဖြစ် လည်းကောင်း၊ ကျိုက်ကော၊ နောင်ကုလား ရှမ်းရွာသို့ ရောက်ရှိခဲ့ကြသည်။ ထိုမှ တဆင့် ခြေလျှင် ခရီးဖြင့် တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်ကျော်ကာ စားနပ်ရိက္ခာ အခက်အခဲ၊ အန္တရာယ်မြောက်များစွာကို အံတု ရင်ဆိုင်ပြီး နောက်ဆုံးတွင် KNU လွတ်မြောက်နယ်မြေသို့ (၁၉၈၈)ခုနှစ်အောက်တိုဘာလ ဒုတိယပတ် အကုန်တွင် ရောက်ရှိခဲ့ပါ တော့သည်။ ယနေ့ထက်တိုင် ကျွန်တော့်ရင်ထဲတွင် တုန်ရင်မြည်ဟီးနေသည်မှာ “ပြည်သူသာအမိ ပြည်သူသာအဖ”။ စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။

စာဖတ်သူများအားလုံးကိုထာဝစဉ်လေးစားလျက်
ဘုန်းမြင့်



(ဆက်ဖတ်ရန်.......)

အမျိုးသားရင်ကြားစေ့ရေး ဆိုရာဝယ်

Saturday, 15 August 2009
ခင်မမမျိုး

မြန်မာ့နိုင်ငံရေးမှာ ရေပန်းအလွန်စားခဲ့တဲ့ စကားလုံးလေးတွေ ရှိပါတယ်။ နယ်ချဲ့ခေတ်က ရေပန်းစားခဲ့တဲ့ လုံးဝလွတ်လပ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေး၊ ဒိုင်ယာလော့ခ်၊ အမျိုးသားရင်ကြားစေ့ရေး (ဝါ) အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) စတဲ့ စကားလုံးလေးတွေပါ။ နယ်ချဲ့ခေတ်၊ လွတ်လပ်ရေးပြီး ခေတ်တွေက စကားလုံးလေးတွေကတော့ အချိန်အခါ၊ အခြေအနေနဲ့ လျော်ညီစွာ ထွက်ပေါ်လာခဲ့တဲ့ စကားလုံးလေးတွေပါ။ စစ်အာဏာရှင် ခေတ်ရောက်တော့ ထွက်ပေါ်လာတဲ့ စကားလုံးတွေက စကားလုံးအနေနဲ့ဆိုရင် အလွန်တန်ဖိုးရှိပေမယ့် အချိန်အခါ၊ အခြေအနေနဲ့ မလျော်ညီဘဲ ထွက်ပေါ်လာတဲ့ စကားလုံးတွေ ဖြစ်လာပါတော့တယ်။ အခုဒီဆောင်းပါးမှာ လတ်တလောရေပန်းစားနေတဲ့ အမျိုးသားရင်ကြားစေ့ရေး စကားလုံးနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားနဲ့ စကားလုံးအသုံးပြုရတဲ့ အခြေအနေ၊ အချိန်အခါကို တင်ပြလိုပါတယ်။


အမျိုးသားရင်ကြားစေ့ရေး

အမျိုးသားရင်ကြားစေ့ရေးဆိုတာ ရေရှည်ခံငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အလွန် အရေးကြီးတဲ့ သဘောတရားတခုဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံက ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်၊ လူမျိုးစုတွေ အချင်းချင်း အကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အခါ အကြမ်းဖက်မှု၊ တရားမျှတမှု ကင်းမဲ့တဲ့ လုပ်ရပ်တွေ ပေါ်ထွက်လာတတ် ပါတယ်။ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်မှုတွေ ဖြစ်ပွားလာပါတယ်။ ဒီလိုနဲ့ ပဋိပက္ခတွေပြေလည်လာပြီးတဲ့အခါ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ပြည်သူနဲ့ တပ်မတော်အကြား၊ လူမျိုးစုအချင်းချင်းတွေ အကြားမှာ တဦးနဲ့တဦးတည်ရှိမှုနဲ့ ရပ်တည်မှုကို အပြန်အလှန် အသိအမှတ်ပြုခြင်း၊ တဦးနဲ့တဦးရဲ့ ကွဲပြားခြားနားမှုတွေ၊ အကျိုးစီးပွားတွေ၊ တန်ဖိုးထားမှုတွေကို အပြန်အလှန်လေးစားခြင်းစတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ရပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေဟာ ပဋိပက္ခပေါ်မှာ မူတည်ပြီး ရေတို၊ ရေရှည် အချိန်အတိုင်းအတာ တခုကြာတတ်ပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်တဲ့ ဖြစ်စဉ်ကို အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်အဖြစ် ခေါ်ဆိုပါတယ်။

နိုင်ငံရေးအကြမ်းဖက်မှုရဲ့ စိတ်ပိုင်းဆိုင်ရာနောက်ဆက်တွဲပြဿနာတွေကို လေ့လာခဲ့တဲ့ ပညာရှင် Montville ဆိုသူက နိုင်ငံရေးပဋိပက္ခတွေအကြားမှာ အကြမ်းဖက်မှုခံထားရသူများဟာ နောင်မှာ ဒီလိုအကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားလာမှာကို ကြောက်ရွံ့စိတ်တွေ ရှိနေတတ်ပြီး၊ ဒီလိုကြောက်ရွံ့စိတ်တွေဟာ သူတို့အပေါ် အကြမ်းဖက်ခဲ့သူတွေအပေါ် ယုံကြည်မှုကို လျော့နည်းစေတတ်တယ်လို့ ဆိုထားပါတယ်။ ဒီလိုယုံကြည်မှု လျော့နည်းနေတာာနဲ့အမျှ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေ ရှိလာမှာ မဟုတ်ပါဘူး။ ဒီအခါမှာ နိုင်ငံတနိုင်ရဲ့ တည်ဆောက်မှုဖြစ်စဉ်ကို ထိခိုက်စေနိုင်ပါတော့တယ်။

ဖိနှိပ်သူတွေနဲ့ ဖိနှိပ်ခံရသူတွေအကြားမှာ စစ်မှန်တဲ့ နားလည်ခွင့်လွှတ်မှုဖြစ်ပေါ်လာရေးမှာ အဆင့် သုံးဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ အသိပေးခြင်းအဆင့် (acknowledgment) ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဖိနှိပ်ခဲ့တဲ့ အာဏာရှင်တွေဟာ သူတို့ဘာတွေလုပ်ခဲ့လဲဆိုတာကိုအများပြည်သူကို အသိပေးမှုတွေ ပြုလုပ်ရပါတယ်။ အမှန်တရားကို ဖော်ထုတ်ပြောကြားပြီး၊ နောင်အချိန်မှာ ဒီလို မဖြစ်စေရ ဘူးဆိုတဲ့ အသိကို လူအများယုံကြည်လာအောင် အသိပေးရပါတယ်။ နောက်တချက် ကတော့ contrition အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဖိနှိပ်ချုပ်ချယ်သူအာဏာရှင်တွေဟာ အတိတ်က ဖြစ်ရပ်တွေအတွက် တာဝန်ယူတာ၊ နောင်တရမှုကိုထုတ်ဖော်ပြောကြားတာနဲ့ ခွင့်လွှတ်ဖို့ တိုက်ရိုက် တောင်းပန်မှုတွေ ပြုလုပ်ရပါတယ်။ ဒီအဆင့်မှာ ရိုးသာမှုဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ တတိယအဆင့်ကတော့ ခွင့်လွတ်ခြင်းအဆင့် (forgiveness) ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ ဖိနှိပ်ခံခဲ့ရသူများက အတိတ်က နာကျည်းချက်များကို သင်ပုန်းချေပြီး နားလည်ခွင့်လွှတ်ပေးတာဖြစ်ပါတယ်။ ဒီအတွက် အချိန်အတိုင်းအတာတခု ကြာမြင့်တတ်ပါတယ်။ ပထမအဆင့်နှစ်ဆင့်မှာ ဖိနှိပ်သူတွေဘက်က ဘယ်လောက်အတိုင်းအတာအထိ ရိုးသားစွာပြင်ဆင်ခဲ့လဲ ဆိုတာပေါ်မှာ အဓိက မူတည်ပါတယ်။

ဒါကြောင့်လဲ မှန်ကန်တဲ့ နားလည်ခွင့်လွှတ်လက်ခံမှုတွေ ဖြစ်လာဖို့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ် (national reconciliation process) ဆိုတာ လိုအပ်လာတာ ဖြစ်ပါတယ်။ ဒါမှလဲ အနာဂတ်တိုင်းပြည် တည်ဆောက်မှုကို အရှိန်အဟုန်နဲ့ တိုးတက်အောင် လက်တွဲတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ လူနှစ်ယောက်အိမ်ထောင်ပြုမှုမှာတောင် အိမ်ထောင်ဘက်တဦးဆီမှာ သံသယတွေ၊ မယုံကြည်မှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေ ရှိနေမယ်ဆိုရင် ဒီအိမ်ထောင်ဟာ ပြိုလဲခြင်းဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လဲ သာယာငြိမ်းချမ်းမှု ရှိနိုင်မှာ မဟုတ်ပါဘူး။ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ ညှိနှိုင်း ဆောင်ရွက်မှုတွေအပေါ်မှာ အခြေတည်မှာ မိသားစုရဲ့ အနာဂတ်ဘ၀ကို ကောင်းကောင်းမွန်မွန်၊ ပျော်ပျော်ရွှင်ရွှင် လက်တွဲတည်ဆောက်လို့ ရနိုင်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အခြေခံယူနစ်လေးတခု ဖြစ်တဲ့ မိသားစုလေးတခု တည်ဆောက်တာမှာတောင် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်ခွင့်လွှတ်မှုဟာ ဒီလောက်အရေးကြီးတယ်ဆိုရင် နိုင်ငံတနိုင်ငံ တည်ဆောက်မှု မှာဆိုရင် မည်မျှ အတိုင်းအတာအထိ အရေးကြီးမယ်ဆိုတာ ခန့်မှန်း လို့ရနိုင်ပါတယ်။ ဒီတော့ ဘယ်လိုအခြေအနေမျိုးမှာ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ် စတင်လာမလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။

အခြေအနေနှင့် အချိန်အခါ

အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခဖြစ်စဉ်နဲ့ နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေး အခင်းအကျင်း အချိန်အခါတွေအပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးအခြေအနေ၊ အချိန်အခါ ကို မသုံးသပ်ပဲ သဘောတရားနဲ့ ဖြစ်စဉ်တွေကို အသုံးပြုလို့ မရပါဘူး။ ဥပမာ- ဒိုင်ယာလော့ခ်ဆိုတဲ့ စကားလုံးကို နမူနာကြည့်နိုင်ပါတယ်။

ဒိုင်ယာလော့ခ်ဆိုတာက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အခြေအနေမှာဆိုရင် ကနဦး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုဖြစ်စဉ် (Initial Democratization) အရ ကြားဖြတ်အစိုးရ ပေါ်ပေါက်လာပြီးမှ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာမှု (democratic consolidation) ကို အသွင်ကူးပြောင်းမှု ကာလ (transition period) မှာ ခေါ်ဆိုရတာဖြစ်ပါတယ်။

ဒီကြားဖြတ်အစိုးရဆိုတာမှာ အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရ (opposition-led provisional government) ဒီမိုကရေစီအတိုက်အခံများနဲ့ အာဏာရှင်ဘက်မှ ပြုပြင်ပြောင်းလဲလိုသူများ ပူးတွဲတည်ထောင်တဲ့ ပါဝါရှယ်ယာ ကြားဖြတ်အစိုးရ (power sharing interim government)၊ အာဏာရှင်ဘက်မှ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲမှုပြုလုပ်ရန် ကြေညာဖွဲ့စည်းတဲ့ အိမ်စောင့်အစိုးရ (incumbent-led caretaker government) နဲ့ နိုင်ငံတကာ ကြားဖြတ်အစိုးရ (international interim government)ဆိုပြီး သဏ္ဌာန်လေးမျိုး ရှိပါတယ်။ ဒိုင်ယာလော့ခ်ဆိုတာ ဒီလိုကြားဖြတ်အစိုးရ တခုခုရှိပြီးမှ ခေါ်ယူရတာဖြစ်ပါတယ်။ အဲဒီမှာမှ တွေ့ဆုံဆွေးနွေး အဖြေရှာရင် အမျိုးသား ရင်ကြား စေ့ရေး ကိုပါ တည်ဆောက်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် တချို့နိုင်ငံတွေမှာကျတော့ ဒီအခြေအနေ၊ အချိန်အခါကို သဘောမပေါက်ပဲ မုန့်ဆီကြော်က ဘယ်နေမှန်းမသိ၊ နှာခမ်းနာနဲ့ တည့်ပါ့မလား ဆိုတဲ့ အဖြစ်မျိုးတွေ ပေါ်လာတတ်ပါတယ်။ ကြားဖြတ်အစိုးရဆိုတာ မပေါ်ပေါက်သေးခင်မှာ ဒိုင်ယာလော့ခ်ကို ခေါ်တတ်ကြပါတယ်။ ရလာဘ်ကတော့ အင်မတန်အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး စကားလုံးဟာ ထပ်ခါတလဲလဲ ပြောစရာတွေဖြစ်ပြီး ဆီသည်မလက်သုတ် ဖြစ်သွားတော့တာပါပဲ။ အာဏာရှင်ဘက်ကကြည့်မယ်ဆိုရင်လဲ အလွန်ကို ဟာသမြောက်စေတဲ့ နိုင်ငံရေးထိုးစစ် ဖြစ်လာစေပါတော့တယ်။ ပမာဆိုရရင် ရပ်ကွက်ထဲရောက်လာတဲ့ ဓားကိုင် အမူးသမားရှေ့မှာ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ ဒူးထောက်ထိုင်ပီး “ဒို့တတွေ ဆွေးနွေးကြရအောင်” လို့ သွားပြော နေတာနဲ့ အတူတူပါပဲ။ အမူးသမားက လူစိတ်ပျောက်နေချိန်ဖြစ်နေလေတော့ ဒီလိုသွားပြောနေရင် အားရပါးရ ဇက်တွေကို ပိုင်းချလိုက်မှာ အသေအချာပါ။ အမှန်တကယ်လုပ်သင့်တာက လူအားနဲ့ အမူးသမားလက်က ဓားကို အထိအခိုက်အနည်းဆုံးနဲ့ ဘယ်လိုပြုတ်ထွက်သွားအောင် လုပ်ရမလဲ ဆိုတာကို စဉ်းစားပြီး ညီညီညာညာ လုပ်သင့်တာမျိုးပါ။ ပြီးမှ အမူးသမားကို ခေတ္တစောင့်ကြည့်ထာပြီး၊ အမူးပြေမှ ဆွေးနွေးမှုလုပ်ရတာမျိုးပါ။ ဆွေးနွေးနိုင်ဖို့ဆိုတာက တဘက်က ခြိမ်းချောက်နိုင်တဲ့ အခြေအနေကို အရင်ထိန်းချုပ်ပြီးမှ လုပ်ရမယ့်အရာသာဖြစ်ပါတယ်။

ဒီလိုမဟုတ်ပဲ အချိန်အခါကို မချင့်ချိန်တတ်ပဲ ကြားဖြတ်အစိုးရကလဲ မပေါ်သေး၊ ယုတ်စွအဆုံးအာဏာ ရှင်တွေဘက်က ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်မယ့် အိမ်စောင့်အစိုးရဖွဲ့မယ်ဆိုတဲ့ အရိပ် အယောင် လေးတွေတောင် မပေါ်သေးခင်မှာ ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်သူများအဖြစ် ပြည်သူလူထုက ရွေးချယ်ထားခဲ့သူတွေ၊ မိမိဘာသာ ဦးဆောင်သူများအဖြစ် တံဆိပ်ကပ်ထားသူတွေက ဒိုင်ယာလော့ခ်ဆိုတဲ့ စကားလုံးကိုသာ တွင်တွင်ကြီး ခရားရေလွှတ် ပြောလာကြတဲ့အခါကျတော့ အာဏာရှင်တွေအတွက်က ဟားစရာဖြစ် လာပါတယ်။ ဟားလို့ကောင်းတဲ့အပြင် ရန်သူ့လက်နက်၊ ကိုယ့်လက်နက်ပါ လုပ်လို့ရလာပါသေးတယ်။ ပြည်သူလူထုရဲ့ လှုပ်ရှားမှုအားကောင်းလာရင်၊ လူထုတိုက်ပွဲတွေ အရှိန်ရလာရင် အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရပေါ်လာပြီး ကနဦးဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုဖြစ်စဉ် ဖြစ်ပေါ်သွားတတ်ပါတယ်။ ဒါကို အာဏာရှင်တွေက အလွန်ကြောက်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှု အချိန်တွေ ကြာမြင့်လာရင်တော့ ဒါကို ကြောက်သူတွေက အာဏာရှင်တွေတင်မဟုတ်တော့ပါဘူး။ မအောင်မြင်တဲ့ ဒီမိုကရေစီတိုက်ပွဲကို ဦးဆောင်ခဲ့သူများထဲက စိတ်ထားမမှန်သူတွေကလဲ သူတို့ရဲ့ status quo ပျောက်သွားမှာ စိုးရိမ်လာကြပါတယ်။

အဲဒီမှာတင် အာဏာရှင်ဘက်ကလဲ လူထုတိုက်ပွဲ အရှိန်ကောင်းလာပြီး ကြားဖြတ်အစိုးရဖွဲ့တဲ့အဆင့်ထိ မတက်လှမ်းခင်မှာ အမြန်အဆန်ဖြိုခွင်း၊ ရန်သူ့လက်နက်၊ ကိုယ့်လက်နက်လုပ်ပြီး ဒိုင်ယာလော့ခ်လုပ်မယ် ကမ်းလှမ်းတော့တာပါပဲ။ ဒါကို status quo ပျောက်မှာ စိုးရိမ်သူတွေကလဲ အလျင်အမြန် လက်ခံတော့တာပါပဲ။ နိုင်ငံတကာအဖွဲ့အစည်းတွေကလဲ ဒီလိုအခြေအနေမျိုးတွေကို ထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ခေါင်းပေါ်ကျနေတဲ့ ဝန်ထုပ်ဝန်ပိုးတခု ကျသွား လို့ပါပဲ။ နောက်ဆုံးတော့ ကြားဖြတ်အစိုးရ (သို့) အိမ်စောင့်အစိုးရ တခုပေါ်လာပြီးမှ ထွက်ပေါ်လာရမယ့် ဒိုင်ယာလော့ခ်ဆိုတာကလဲ သီးချိန်တန်သီး၊ ပွင့်ချိန်တိုင်ပွင့်ရမှာ မဟုတ်ဘဲ အတင်း သီးခိုင်းနေသလိုဖြစ်တဲ့အတွက် အသီးက မသီးပဲ political deadlock ဖြစ်သွားတော့တာပါပဲ။ အဲဒီလို ရှေ့မတိုး၊ နောက်မဆုတ်ဖြစ်လာတဲ့ အခါကျတော့ ပြည်သူလူထုကလဲ သူတို့ကိုယ်တိုင် ရွေးချယ်ပေးခဲ့တဲ့ နိုင်ငံရေးဦးဆောင်သူတွေ၊ မိမိဘာသာဦးဆောင် တံဆိပ်ကပ်ထားသူတွေကို စိတ်ပျက်လာပါတယ်။ ယုံကြည်မှုမဲ့ လာပါတယ်။ နိုင်ငံရေးလုပ်နေသူတွေအကြားမှာလဲ အမြင်တွေကွဲလာပါတယ်။ ဘေးထွက်ထိုင်နေသူတွေ များလာပါတယ်။ မျိုးဆက်သစ်တွေကလဲ မျိုးဆက်ဟောင်းတွေကို အထင်သေးလာပါတယ်။ ပူးပေါင်းဆောင်ရွက်မှု အားနည်းလာကြပါတယ်။ အဲဒီမှာတင် လူထုနဲ့ ဒီမိုကရေစီတိုက်ပွဲနဲ့ တသားတည်းဖြစ်မှုနဲ့ မျိုးဆက်သစ်မျိုးဆက်ဟောင်းအကြား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအကြားမှာ ပူးပေါင်းဆောင်ရွက်မှု လျော့ကျသွား ပါတော့တယ်။ အဖြေကတော့ အာဏာရှင် သက်ဆိုးရှည်သွားစေတာပါပဲ။ အာဏာရှင်တွေ စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်လို့ ရသွားစေတော့တာပါပဲ။

အခုဆက်လက်ပြီး အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်စတင်တဲ့ အခြေအနေနဲ့ အချိန်အခါကို တင်ပြလိုပါတယ်။ ရင်ကြားစေ့ရေး (ဝါ) ပြန်လည်သင့်မြတ်ရေးလုပ်ရတယ်ဆိုတာက ပဋိပက္ခရှိနေလို့ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ပဋိပက္ခရှိနေရင် တချိန်မှာ ပြန်လည်သင့် မြတ်ရေးလုပ်ရတယ်ဆိုတာကတော့ ထုပ်ဆီးတိုးရင်း၊ ဘောလုံးကန်ရင်း ရန်ဖြစ်ဖူးတဲ့ ကလေးကအစ နားလည်ပါတယ်။ ဒါကြောင့် အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ် မည်၍မည်မျှ အရေးကြီးတယ်ဆိုတာကို ရေးကြီးခွင်ကျယ် ငြင်းခုန် ဆွေးနွေးနေကြစရာ၊ အစည်းအဝေးပွဲတွေကျင်းပြီးရှင်းပြနေစရာ မလိုအပ်လှပါ။ ဘယ်လိုအချိန်မှာ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ် ပေါ်ထွက်အောင်ပြုလုပ်နိုင်သလဲဆိုတာကသာ ပိုပြီး အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ပဋိပက္ခဖြစ်ပွားမှု အဆင့်ဆင့်ရဲ့ Peace and Reconciliation stage မှာ ပေါ်ထွက်ရတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားမှုအဆင့်ဆင့်ကို ကြည့်ကြရအောင်ပါ။



နိုင်ငံတခုအတွင်းမှာ ဖြစ်ပေါ်တဲ့ ပဋိပက္ခ (Intrastate conflict) အမျိုးအစားမှာပဲဖြစ်ဖြစ်၊ နိုင်ငံအချင်းချင်းအကြားမှာ ဖြစ်ပေါ်တဲ့ ပဋိပက္ခ (Interstate conflict) မှာပဲဖြစ်ဖြစ် လေ့လာသူ ပညာရှင်များ၊ မူဝါဒချမှတ်သူများ စတင်ပြုလုပ်ရတာကတော့ ပဋိပက္ခအခြေအနေ၊ အဆင့်ကို ဆန်းစစ် ရတာဖြစ်ပါတယ်။ ဆန်းစစ်မှုနည်းလမ်းအမျိုးမျိုးကွဲပြားမှုရှိပေမယ့် အထက်မှာ ဖော်ပြထားတဲ့ ပုံထဲက ပဋိပက္ခအဆင့်ဆင့်ကို ပညာရှင်အများစုက အသုံးပြုလေ့ရှိပါတယ်။

နိုင်ငံတွေအကြား(သို့မဟုတ်) နိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုတွေအကြား (သို့မဟုတ်) နိုင်ငံတော်ရဲ့ အစိုးရနဲ့ ပြည်သူလူထုအကြားမှာ ကွဲပြားခြားနားတဲ့ တန်ဖိုးထားမှုတွေ၊ လိုအပ်ချက်တွေနဲ့ အကျိုးးစီးပွားတွေ ရှိပါတယ်။ ဒီလိုကွဲပြားခြားနားမှုတွေဟာ ရံဖန်ရံခါမှာ ပဋိပက္ခဖြစ်စေနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်လာတတ်ပါတယ်။ ဒီအဆင့်ကို Latent stage လို့ ခေါ်ဆိုလေ့ရှိပါတယ်။ ဒီအဆင့်ကနေ ရှေ့ဆက်ပြီးဖြစ်လာတဲ့ triggering event တခုဟာ ပဋိပက္ခကို ဖောက်ခွဲပစ်လိုက်နိုင်ပါတယ်။ ဥပမာဆိုရရင် ၁၉၆၈ ခုနှစ်မှာ အိုင်ယာလန်မြောက်ပိုင်းက ကက်သလစ် ဘာသာဝင်လူနည်းစုဟာ နိုင်ငံသားဆိုင်ရာ အခွင့်အရေးတောင်းဆိုမှုတွေကို အကြမ်းမဖက် ဆန္ဒပြတဲ့နည်းနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို လူများစု ပရိုတက်စတင့် ဘာသာဝင်တွေက ထိန်းချုပ်တဲ့ အစိုးရက အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။ အဲဒီမှာတင် အတိတ်က ရှိခဲ့ဖူးတဲ့ စိတ်ဒဏ်ရာ အနာတရတွေ ထွက်ပေါ်လာပါတယ်။ ပြန်ပြောင်းသတိရမှုတွေ ဖြစ်ပွားလာပါတယ်။ နောက်ဆုံး မှာတော့ လွတ်လပ်တဲ့အိုင်ယာလန်နိုင်ငံ တည်ဆောက်ရေးတောင်းဆိုမှု တိုက်ပွဲတွေအထိ ကြီးကျယ် သွားပါတော့တယ်။ ဒီအခြေအနေဟာ conflict emergence အခြေအနေပဲဖြစ်ပါတယ်။ ဒီအဆင့်မှာ လူအများ ပူးပေါင်းပါဝင်လာကြပါတယ်။ လူအများက ရွေးချယ်တဲ့ ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ တံဆိပ်ကပ်ခေါင်းဆောင်ပဲဖြစ်ဖြစ် ခေါင်းဆောင်တွေ ပေါ်ထွက်လာပါတယ်။ အဲဒီကနေတဆင့် ပဋိပက္ခဟာ တစတစနဲ့ ကျယ်ပြန့်သွားပါတော့တယ်။ အများက ပူးပေါင်းပါဝင်မှုတွေ ရှိလာပါတယ်။ ပဋိပက္ခဖြစ်ကြတဲ့ နှစ်ဦးနှစ်ဘက်အကြားက အပေါ့စား နည်းဗျူဟာ (light tactic) တွေဖြစ်တဲ့ အပြုသဘော ဝေဖန်ဆွေးနွေးငြင်းခုန်မှု၊ ကတိက၀တ်ပြုမှုတွေကနေ အပြင်းစားနည်းဗျူဟာ (Heavy tactic) တွေဖြစ်တဲ့ ခြိမ်းချောက်မှု၊ ပါဝါကစားမှုနဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာပါတယ်။ ပဋိပက္ခအရွယ်အစားကြီးလာပါတယ်။ အဖြစ်အပျက်တခုတည်းကို အာရုံစိုက်မှုကနေ ကိစ္စရပ်တွေ ပိုများလာတယ်။ ပါဝင်တဲ့ ဘက်နှစ်ဘက်မှာ ညှိနှိုင်းဖို့ အဆင့်မဟုတ်တော့ပဲ တဘက်နဲ့ တဘက် အနိုင်ယူဖို့ အဆင့်ဖြစ်လာပါတယ်။ ဒီအခြေအနေကို conflict escalation ဖြစ်လာတဲ့အဆင့်လို့ သတ်မှတ်ကြပါတယ်။

ဒီလိုနဲ့ conflict escalation အဆင့်မှာ အချိန်ကြာလာတဲ့အခါ နှစ်ဘက်စလုံးက နိုင်လဲမနိုင်၊ ရှုံးးလဲ မရှုံးတဲ့အခြေအနေကို ရောက်လာပါတယ်။ နှစ်ဘက်စလုံး ခြေကုန်လက်ပမ်းကျ လာတဲ့ အခြေ အနေမျိုးကို ပြောတာပါ။ ဒါပေမယ့် နှစ်ဘက်စလုံးကလဲ ရှုံးတယ်လို့ လက်မခံနိုင်ကြသလို ဘက်တဘက်က အရှုံးပေးလိုက်တယ်ဆိုတာမျိုးလဲ မရှိပါဘူး။ အဲဒီလိုအခြေအနေမျိုးကို Stalemate အဆင့်လို့ သတ်မှတ်ကြပါတယ်။ ဒီလိုနဲ့ အချိန်တွေကြာလာတဲ့အခါမှာ ပဋိပက္ခဆက်ဖြစ်နေရတာဟာ ပေးဆပ်ရတာ သိပ်ကြီးလွန်းတဲ့ အခြေအနေ နှစ်ဘက်စလုံးမှာ ဖြစ်လာပါတယ်။ ပဋိပက္ခ စတင်ဖြစ်ပွားစဉ်က ရည်မှန်းချက်တွေကလဲ အသွင်ပြောင်းလဲလာပါတယ်။ အများစုကလဲ ထောက်ခံ အားပေးမှု လျော့ကျလာပါတယ်။ အဲဒီမှာတင် ဒီပဋိပက္ခကို ဘယ်လို အဆုံးသတ်သင့်သလဲ၊ ဘယ်လိုအပေးအယူလုပ်သင့်သလဲဆိုတာ နှစ်ဘက်စလုံးက စဉ်းစားလာကြပါတော့တယ်။ ဒီလိုဖြစ်လာတဲ့ အခြေအနေကို conflict de-escalation အဆင့်လို့ သတ်မှတ်ကြပါတယ်။ ဥပမာ- တောင်အာဖရိက သမ္မတ de Klerk ဟာ အမျိုးသားပါတီနဲ့ တောင်အာဖရိက လူဖြူများရဲ့ ရည်မှန်းချက်တွေကို ပြန်လည်ပြုပြင်ပြီး၊ နိုင်ငံသစ်ကို ပြန်လည်တည်ထောင်ဖို့အတွက် ကနဦး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်အနေနဲ့ incumbent-led caretaker government ကို စတင်ခဲ့ပါတယ်။ ဒါကြောင့်လဲ ဒိုင်ယာလော့ခ်နဲ့ ပဋိပက္ခဖြေရှင်းမှု (conflict/ dispute settlement) အဆင့်ကို ထပ်ရောက်သွားပြီး၊ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ အမျိုးသားရင်ကြား စေ့ရေးဖြစ်စဉ်တွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံက အမျိုးသားရင်ကြား စေ့ရေးဖြစ်စဉ်အပြင် တခြားအမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်များဖြစ်တဲ့ အာဂျင်တီးနား၊ ချီလီ၊ ဥရုဂွေး၊ El Salvador၊ Guatemala၊ ချက်ကိုစလိုဗက်ကီးယား၊ အယ်လ်ဘေးနီးယား၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ ပိုလန်၊ ဟန်ဂေရီ၊ ဂျာမဏီနဲ့ စပိန်နိုင်ငံများမှာလဲ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ဆိုတာ conflict de-escalation (သို့မဟုတ်) conflict settlement အဆင့်တွေနောက်ပိုင်းမှာမှ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့အတူ တွဲဖက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအဆင့်ဆင့်တွေဟာ အဆင့်လိုက်ဖြစ်ပေမယ့် တချို့အဆင့်တွေမှာ ရပ်တန့်နေတာမျိုး၊ နောက်ပြန်ဆုတ်သွားပြီးမှ အရှိန် ယူပြီး တဆင့်ပြန်တက်တာမျိုးတွေလဲ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် conflict de-escalation မဖြစ်ပြီးသရွေ့ စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။

အခုဆက်လက်ပြီး မြန်မာ့အရေးမှာ လတ်တလော အလွန်ရေပန်းစားနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ စကားလုံးဟာ လက်ရှိအခြေအနေ၊ အချိန်အခါနဲ့ ကိုက်ညီမှု ရှိမရှိဆိုတာကို ဆက်လက်တင်ပြပါမယ်။

မြန်မာ့အရေး

မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်စနစ်ကျင့်သုံးခဲ့စဉ်တုန်းက စနစ်ကြောင့် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ရှိပါတယ်။ ဒါတွေဟာ ဗမာလူမျိုးစုနဲ့ မွန်လူမျိုးစုအကြား၊ ဗမာလူမျိုးစုနဲ့ ရှမ်းလူမျိုးစုအကြား၊ ဗမာလူမျိုးစုနဲ့ ရခိုင်လူမျိုးစုအကြားမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေမဟုတ်ပါဘူး။ ရှေးခေတ်တပ်မတော်တွေရဲ့ ဖွဲ့စည်းပုံစနစ်၊ တပ်မတော်တွေကိုအာဏာတပ်မက်တဲ့ ဘုရင်တွေက ကိုယ်လိုရာဆွဲယူအသုံးချလို့ ရနိုင်တဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်တွေကြောင့် အိမ်ကြက်ချင်းအိုးမဲသုတ် အခွပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နယ်ချဲ့ခေတ် ရောက်တော့လဲ ဒီအတိုင်းပါပဲ။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာ နယ်ချဲ့စနစ်ရဲ့ အုပ်ချုပ်ရေး ယန္တရားတည်တံ့ခိုင်မာမှုကို ခြိမ်းချောက်နိုင်တဲ့ အန္တရာယ်ဖြစ်တာကြောင့် နယ်ချဲ့စနစ်က သွေးခွဲအုပ်ချုပ်မှုတွေ ပြုလုပ်ထား ခဲ့ပါတယ်။ လွတ်လပ်ရေးပြီးချိန်ရောက်တဲ့အခါကျတော့လဲ စစ်မှန်တဲ့အမျိုးသားရင်ကြားစေ့ရေး လုပ်ရမယ့် အခြေအနေ ရောက်ချိန်မှာမှ အထွေထွေ ပြဿနာမျိုးစုံကြောင့် မြန်မာ့မြေဟာ စစ်တလင်း ပြင် ဖြစ်ခဲ့ရပြန်ပါတယ်။ စစ်တလင်းပြင်မြေမှာ နိုင်ငံတော်ကာကွယ်ရေးအင်အားစုဖြစ်တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍက တစတစ ကြီးထွားလာတတ်တာ ထုံးစံပါပဲ။ လူ့သဘောသဘာဝဆိုတာက နေရာပေးလွန်းတာခံရရင် သူဟာ မရှိမဖြစ် အရေးပါနေတယ်လို့ ခံစားရတတ်ပါတယ်။ အဲဒီအခါမှာ စိတ်သဘောထားမှန်သူက လုပ်စရာရှိတာ ဆက်လုပ်ပြီး၊ စိတ်သဘောထား မပြည့်သူက လုပ်ပိုင်ခွင့်ကို လိုတာထက် တိုးချဲ့လာတတ်ပါတယ်။ မြန်မာ့တပ်မတော်ရေးရာမှာလဲ ဒီအတိုင်းဖြစ်ခဲ့တော့တာပါပဲ။ မြန်မာ့တပ်မတော်ရဲ့ အဲဒီခေတ်က ခေါင်းဆောင်တွေက စိတ်ထားမမှန်ပါဘူး။ ပြည်တွင်းစစ် အရှိန်ကြောင့် တပ်မတော်ရဲ့ အခန်းကဏ္ဍတိုးမြင့်လာမှုကို အခွင့်ကောင်းယူပြီး၊ နိုင်ငံတော် ကာကွယ်ရေး အင်အားစုအဆင့်ကနေ နိုင်ငံတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို တိုးမြှင့် နေရာယူပါတော့တယ်။

ဒီလိုတိုးမြင့်နေရာယူလာမှုမှာလဲ ပြည်သူလူထုအကျိုးကို ဦးတည်တဲ့ နိုင်ငံရေးဦးဆောင်မှုကို ပြုလုပ်ခြင်းမရှိတာကြောင့် အစိုးရ၊ တပ်မတော်၊ ပြည်သူဆိုတဲ့ နိုင်ငံတခုမှာ အရေးကြီးတဲ့ တြိဂံသဏ္ဍာန်ဖြစ်တည်မှုက ပျက်သွားပါတယ်။ အစိုးရနေရာကို တပ်မတော်က အပြီးအပိုင် ရယူလိုက်ပါတယ်။ ပြည်သူအကျိုးစီးပွားနဲ့ တိုရိုက်ဆန့်ကျင်တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူနဲ့ ဆန့်ကျင်ဘက်ဖြစ်လာပါတယ်။ ပြည်သူနဲ့ စစ်အစိုးရအကြားက ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပါတယ်။ စစ်အာဏာရှင်ကို တော်လှန်တဲ့ လူတန်းစားတရပ် ထွက်ပေါ်လာပါတယ်။ အမြော်အမြင်ရှိတဲ့ တော်လှန်ရေးခေါင်းဆောင်များ ဦးဆောင်တဲ့ လူမျိုးစုတွေအချင်းချင်းအကြား ညီညွှတ်မှုကို တည်ဆောက်နိုင် လာတာနဲ့အမျှ ဘုံရန်သူကို ဆန့်ကျင်တဲ့ လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာပါတယ်။

လွတ်လပ်ရေးရပြီးစဉ်ကာလကနေ ၁၉၈၈ ခုနှစ်အထိ ကာလတလျှောက်မှာ မြန်မာ့တပ်မတော်နဲ့ လူမျိုးစုစစ်တပ်တွေအကြား၊ မြန်မာ့တပ်မတော်နဲ့ ပြည်သူလူထုအကျိုးကို ဦးစားပေးစဉ်းစားတဲ့ မြေပေါ်မြေအောက် အဖွဲ့အစည်းတွေအကြားမှာ စစ်ရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲတွေ အများ အပြားပေါ်ထွက်ခဲ့ပါတယ်။ ပဋိပက္ခတွေဟာ conflict emergence အဆင့်ကို ရောက်သွားလိုက်၊ conflict escalation အဆင့်ကို ဆက်မတက်သွားပဲ ရပ်တန့်နေလိုက်၊ ရံဖန်ရံခါမှာလဲ latent conflict အဆင့်ကို ပြန်ကျသွားလိုက်နဲ့ ဖြစ်နေခဲ့ပါတယ်။ အခုကျမ ဆန်းစစ်ချက်က တမျိုးသားလုံအဆင့်၊ တနိုင်ငံလုံးအဆင့်ကို ပြောနေတာဖြစ်ပါတယ်။ လူမျိုးစုတစုချင်းအလိုက် သီးခြားဆန်းစစ်မယ် ဆိုရင်တော့ အသွင်သဏ္ဌာန်က တမျိုးဖြစ်ပါလိမ့်မယ်။

ဒီလိုနဲ့ ၁၉၈၈ ခု၊ ဖုန်းမော်အရေးအခင်းဟာ ပြည်သူလူထုနဲ့ အာဏာရှင်အစိုးရအကြားမှာ ရှိနေခဲ့တဲ့ latent conflicts တွေအားလုံးကို ဖောက်ခွဲပစ်လိုက်တဲ့ triggering event ဖြစ်သွားခဲ့ပါတယ်။ အဲဒီမှာတင် conflict emergence အဆင့်ဖြစ် သွားပြီး၊ conflict escalation အဆင့်အထိ ကြီးထွားသွားခဲ့ပါတယ်။ ဒီပဋိပက္ခဟာ တစတစနဲ့ ဆက်ပြီး ကြီးထွားလာလိုက်တာ နှစ်ဘက်စလုံးခြေကုန်လက်ပမ်းကျတဲ့အဆင့် (stalemate) ကို ရောက်လုနီးနီး ဖြစ်ခဲ့ပါတယ်။ စစ်အာဏာရှင်ဘက်ကနေ အမျိုးသားညီလာခံကို ရပ်တန့်ထားရပြီး၊ အတိုက်အခံတွေဘက်ကလဲ မာနယ်ပလော ကျပြီး နောက်ပိုင်း စစ်ရေး၊ နိုင်ငံရေးကျဆင်းလာတဲ့ အခြေအနေကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဘက်စလုံးက မရှုံးမနိုင်အခြေအနေကနေ conflict de-escalation အဆင့်ကို ဆက်သွားဖို့ အကောင်အထည်ဖော်မှုတွေ မရှိခဲ့ပါဘူး။ ဒီအခြေအနေမှာ နှစ်ပေါင်းများစွာရှိနေပြီးမှ အတိုက်အခံဘက်ကလဲ နိုင်ငံတကာစစ်မျက်နှာနဲ့ ထိုးစစ်ပြန်ဆင်လာခဲ့သလို၊ စစ်အာဏာရှင်ဘက်ကလဲ လမ်းပြမြေပုံ ခုနစ်ဆင့်နဲ့ အောင်ပွဲရယူဖို့ ပြန်ပြီး ကြိုးစားလာကြပါတယ်။ Conflict escalation အဆင့်ကို ပြန်ရောက်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အတိုက်အခံများရဲ့ နိုင်ငံတကာထိုးစစ်ဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးယူမှု မပေါက်မြောက် လာတဲ့ အခါကျတော့ နှစ်ဘက်အကြား ပဋိပက္ခဟာ latent conflict အဆင့်အထိ ပြန်လျော့ကျ သွားပါတယ်။

ဒီအခြေအနေမှာပဲ လောင်စာဆီဈေးနှုန်းတက်မှုနဲ့ ပခုက္ကူသံဃာတော်များ ရိုက်နှက်ခံရမှုတွေဟာ conflict emergence အဆင့်ကို ဖြစ်စေခဲ့တဲ့ triggering events တွေပဲဖြစ်ပါတယ်။ အဲဒီကနေ အရှိန်ယူပြီး conflict escalation အဆင့်ဖြစ်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ထွက်လာခဲ့ပါတယ်။ အတိုက်အခံတွေဘက်ကသာလူထုတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှု၊ နိုင်ငံတကာအပေါ်မှာ အလွန်အကျွံအားကိုးမှုနဲ့ အချိန်အခါမဟုတ်ပဲ ခေါ်ဆိုထားခဲ့တဲ့ ဒိုင်ယာလော့ခ်ဆိုတာ မရှိထားခဲ့ရင် ဒီလိုအခြေအနေမျိုးဆိုတာ အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရ (သို့မဟုတ်) ပါဝါရှယ်ယာ ကြားဖြတ်အစိုးရ ဖွဲ့စည်းခြင်း၊ ဒိုင်ယာလော့ခ်ပြုလုပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်း၊ တိုင်းပြည်တည် ဆောက်မှုနဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်စတင်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်တက်သွားလို့ ရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ပထမဆုံးလုပ်ရမယ့် အလုပ်ကိုကျော်ပြီး နအဖကနေ ဒိုင်ယာလော့ခ်ခေါ်မယောင်အသံထွက်လာခဲ့ပါတယ်။ဒါကိုဒိုင်ယာလော့ခ်ဖြစ်သွားနိုင်လား၊မဖြစ်သွားနိုင် ဘူးလားဆိုတဲ့ အခြေအနေနဲ့ အချိန်အခါကို မသုံးသပ်ခဲ့တဲ့ အတိုက်အခံနိုင်ငံရေးအဖွဲ့တွေကလဲ ထောက်ခံကြိုဆိုကြပါတော့တယ်။ အဲဒီမှာတင် ကိုယ့်လက်နက်ဟာ တဘက်က ရန်သူရဲ့ လက်နက်ဖြစ်သွားပါတယ်။ ဒါကိုပဲ အသုံးချပြီး နအဖစစ်အာဏာရှင်ဘက်ကလဲ conflict escalation အဆင့်မှာ သူတို့ဘက်က အနိုင်ရရေးအတွက် လမ်းပြမြေပုံ အဆင့်ဆင့်ကို အမြန်အဆန် အကောင်အထည်ဖော်ပါတော့တယ်။ ဒါကို counter-action လုပ်ဖို့ အတိုက်အခံတွေဘက်မှာ လုပ်ငန်းစဉ် အဆင့်ဆင့် မရှိခဲ့ပါဘူး။ အဲဒီမှာတင် ရွှေဝါရောင်တော်လှန်ရေးနဲ့အတူ မြင့်တက်လာခဲ့တဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေး ရေချိန်ဟာ ပြန်လျော့ကျသွားပါတယ်။ latent conflict အဆင့်ကို ပြန်ရောက်သွားပါတယ်။
နအဖဘက်ကလဲ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး လမ်းပြမြေပုံကို တဆင့်ချင်းဆက်တိုးပါတယ်။ ဒါပေမယ့်လဲ စစ်တပ်တွင်းက ၇၅- ၂၅ % နဲ့ ပတ်သက်ပြီး မကျေလည်မှုအခြေအနေတွေ၊ လမ်းပြမြေပုံနဲ့ ပတ်သက်ပြီး လူထုရဲ့ မကျေနပ်မှုတွေ၊ ကမ္ဘာ့စီးပွားရေးပျက်ကပ်ရဲ့ ဂယက်ရိုက်မှုတွေ၊ အထွေထွေ ပြဿနာတွေကြောင့် ပဋိပက္ခအဆင့်ဟာ latent conflict ကို ကျော်လွန်ပြီး၊ ပေါက်ကွဲလုလု ဖြစ်လာပြန်ပါတယ်။ ဒီလိုအခြေအနေမှာသာ triggering event ဖြစ်ပြီး conflict emergence ဖြစ်လာတဲ့အခါ conflict escalation အဆင့်ကို ချက်ချင်းကူးပြောင်းသွားနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ အဲဒီအဆင့်မှာလဲ ပါဝါရှယ်ယာကြားဖြတ်အစိုးရ ပေါ်ထွက်လာနိုင်မယ့်
နိုင်ငံရေးအခင်းအကျင်းသဏ္ဍာန်တွေ ထွက်ပေါ်နေပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် Initial democratization စတင်သွားမှာဖြစ်ပါတယ်။ ဒီလိုစတင်ပြီးမှ ဒိုင်ယာလော့ခ်ခေါ်တာ၊ ရွေးကောက်ပွဲပြုလုပ်တာ၊ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်စတင်တာတွေ ဆက်တိုက်ပြုလုပ်လို့ ရလာပါလိမ့်မယ်။ ဒါကြောင့် လက်ရှိနိုင်ငံရေးအခြေအနေဟာ မြန်မာနိုင်ငံအတွက် အလွန်ပဲ အရေးကြီးနေတဲ့ အချိန်အခါ တခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေနဲ့ အချိန်အခါမှာ conflict emergence အဆင့်အတွက်၊ conflict escalation အဆင့်အတွက်၊ ပါဝါရှယ်ယာကြားဖြတ်အစိုးရဖွဲ့စည်းနိုင်ရေး၊ တပ်မတော်သားများအား စည်းရုံးရေး စတဲ့ လုပ်ငန်း စဉ်အများအပြားကို နိုင်ငံရေးအခင်းအကျင်းသစ်တခုအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ပြီး ကြိုတင်ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်မှုတွေ မရှိရင် ရွှေဝါရောင် တော်လှန်ရေး တုန်းကလိုမျိုး ရုတ်တရက်ပေးလာတဲ့ အခွင့်အလမ်းကို လက်ဆုပ်လက်ကိုင် မယူလိုက်နိုင်သလိုမျိုး ဖြစ်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် ကျမတို့ မြန်မာလူမျိုးတွေရဲ့ ထူးခြားဆန်းကြယ်မှုလို့ပဲ ခေါ်ရလေမလား၊ စစ်အာဏာရှင်ဘက်က ကြည့်ရင်တော့ အလွန်ပင် ဟာသမြောက်စရာကောင်းတဲ့ နိုင်ငံရေးထိုးစစ်ပြက်လုံးတခုလို့ပဲ ခေါ်ရလေမလား မဆိုနိုင်တဲ့ အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက်ကြီး ထွက်ပေါ်လာပါတော့တယ်။ အမျိုးသားရင်ကြားစေ့ရေးဖြစ်ရအောင် conflict settlement အဆင့်ကိုလဲ ရောက်သေးတာ မဟုတ်ပါ။ အဲဒီအဆင့်ဝေးလို့ de-escalation အဆင့်တောင် မရောက်သေးပါ။ နောက်ဆုံး နှစ်ဘက်စလုံးက ရှုံးနေတဲ့ အခြေအနေ (stalemate) အဆင့်မှာပင် မရှိပါ။ အသေအချာသာတွေးကြည့်ရင် conflict emergence အဆင့်နဲ့ conflict escalation အဆင့်ကို နအဖစစ်အုပ်စုရဲ့ လမ်းပြမြေပုံ အဆုံးမသတ်ခင်မှာ မတက်လှမ်းနိုင်ပါက latent
conflict အဆင့်မှာတင် နောက်ထပ်အနှစ်နှစ်ဆယ်လောက် ဆက်နေရပြီး အနိုင်ရအာဏာရှင်ခြယ်လှယ်သမျှ ခံကြရတော့မယ့် အခြေအနေမျိုးပါ။

အသီးဆိုတာ သီးခိုင်းချင်တိုင်းသီးလို့မရသလို အပွင့်ဆိုတာကလဲ ပွင့်ခိုင်းတိုင်း ပွင့်လို့မရပါ။ Initial democratization အဆင့်ရောက်ပြီးမှ သီးခိုင်းရတဲ့ ဒိုင်ယာလော့ခ်ဆိုတဲ့ အသီးကို တိုက်ပွဲ ကာလမှာကတည်းက အတင်းသွားသီးခိုင်းနေခဲ့လို့ မြန်မာပြည်ကြီး စစ်ကျွန်ဘဝမှာ သက်ဆိုးရှည်နေရတာလဲ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါပြီ။ အခု အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အပွင့်ကိုလဲ သူပွင့်ရမယ့် အချိန်လဲမဟုတ်၊ အခြေအနေလဲ မဟုတ်ပဲ သွားပွင့်ခိုင်း၍ မရပါ။ ဘယ်လိုမှ ပွင့်မှာဟုတ်ပါ။ ပွင့်မှာမဟုတ်ပဲ စစ်အာဏာရှင်တွေအတွက် လက်နက်တခုသွားရောက် တပ်ဆင်ပေးသလိုပဲ ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ အချိန်တခုမှာ triggering event တခု ဖြစ်ပွားလာတဲ့အခါ ကြားဖြတ်အစိုးရဖွဲ့စည်းရေးအထိ ဦးတည်နိုင်တဲ့ အခြေအနေတခုဖြစ်လာခဲ့ရင် အာဏာရှင်တွေက ဒိုင်ယာလော့ခ်လိုပဲ ဒီစကားလုံးကို ပြန်အသုံးချလာမှာ အသေအချာပါပဲ။ ဒီအခါကျရင် ဒိုင်ယာလော့ခ်ထက် ပိုပြီး အဆမတန်ကြီးမားတဲ့ ထောင်ချောက်ကြီးတခုကို အာဏာရှင်တွေဘက်က ဆင်လို့ရနိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ရလာမှာဖြစ်ပါတယ်။ စစ်ရေး လေ့လာသူတယောက်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ စကားလုံးကြီးကို အသုံးပြုပြီး ဘယ်လိုကြီးမားတဲ့ ထောင်ချောက်ကြီးကို ဘယ်နည်းဘယ်ပုံနဲ့ ဆင်လို့ ရနိုင်သလဲ ဆိုတာကို တွေ့မြင် နေရပါတယ်။ ပြည်သူလူထုအကျိုးစီးပွားကိုပဲထာဝရရပ်တည်ဖို့ ရည်သန်တာကြောင့် အာဏာရှင်ကို အားပေးကူညီမှုဖြစ်သွားစေနိုင်တဲ့အတွက် ဒီနည်းလမ်းတွေကို အသေးစိတ်ဆက် မရေးလိုပါ။ ဒါပေမယ့် တဘက်ရန်သူကို ဘယ်တော့မှ လျှော့မတွက်ဖို့နဲ့ ရှေ့မှာ ထောင်ချောက်ကြီးတခု ရှိလာနိုင်တယ်ဆိုတာကိုတော့ ကြိုတင် အသိပေး တင်ပြလိုပါတယ်။

အခုလို အခြေအနေ၊ အချိန်အခါနဲ့ မကိုက်ညီတဲ့ အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက်ကြီး ထွက်ပေါ်လာမှုမှာ ပါဝင်ကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းများအနေနဲ့ ပါဝင်ရတဲ့ အကြောင်းရင်း သုံးမျိုးရှိမယ်လို့ ယူဆရပါတယ်။ ပထမတချက်ကတော့ အခြေအနေ၊ အချိန်အခါနဲ့ သဘောတရားကို နားမလည်မှုဖြစ်ပါတယ်။ နောက်တမျိုးကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပေါ်ထွက်လာတဲ့ အစိုးရနဲ့ လက်ရှိမှာ အပစ်အခတ်ရပ်စဲထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေအကြားမှာ ဒိုင်ယာလော့ခ်များ ဖြစ်လာခဲ့ရင် ကိုယ်မပါလိုက်ရမှာစိုးလို့ ကြိုတင်ပြင်ဆင်ပြထားတဲ့ နိုင်ငံရေးအခင်းအကျင်းလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဒါဟာ ပြည်သူလူထုကို သစ္စာဖောက်တာပဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဘယ်လိုမှ ဆောင်ကျဉ်းနိုင်မှာ မဟုတ်တဲ့အတွက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ အခြေတည်ပြီး ပေါ်ထွက်လာတဲ့ အစိုးရ ဆိုတာကလဲ အာဏာရှင်ရုပ်သေးအစိုးရပဲ ဖြစ်ပါလိမ့်မယ်။ ရုပ်သေးအစိုးရနဲ့ ပြည်သူ လူထုအကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မယ့် တိုင်းပြည်နိုင်ငံကို တည်ဆောက်လို့မရပါ။ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်စဉ်ကို ဆိုရင် ပိုဆိုးပါတယ်။ ဘယ်လိုမှ စစ်မှန်တဲ့ ရေရှည်ခံ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးကို တည်ဆောက်လို့ရမှာ မဟုတ်ပါ။

နောက်ဆုံးဖြစ်နိုင်ချေ တခုကတော့ အကယ်၍ နအဖစစ်အုပ်စုဘက်က လမ်းပြမြေပုံကို အဆုံးသတ်ပြီး ပဋိပက္ခကို အနိုင်နဲ့ ပိုင်းဖြတ်ပစ်ခဲ့ရင် နိုင်ငံတကာ မိသားစုများက ဒီပဋိပက္ခပြီးဆုံးသွားပြီလို့ သတ်မှတ်လာမှာကို စိုးရိမ်မှုပါ။ ဒီလိုသတ်မှတ်ချက်မှာကလဲ ဘဏ္ဍာရေးရာ ထောက်ပံ့မှုတွေနဲ့ ပတ်သက်နေတာကြောင့်၊ ဆက်လက်ရပ်တည်မှု အတွက် လိုအပ်ချက်ဖြစ်နေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စစ်အုပ်စုဟာ အမျိုးသားရင်ကြားစေ့ရေး လုပ်လိုခြင်းမရှိပါဘူး၊ အတိုက်အခံတွေဘက်က ကမ်းလှမ်းအဆိုပြုချက်ကို လက်မခံပါဘူး ဆိုတဲ့ သဏ္ဍာန်ကိုနိုင်ငံတကာ မိသားစုများက ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ထောင်ချောက်ဆင်မှု တခုလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဆင်မယ့် ထောင်ချောက်ထဲ ကိုယ်ပြန်မကျသွားအောင်ဘယ်လိုဘယ်ပုံနဲ့တားဆီးမလဲ၊ ရန်သူက ပြန်ဆင်လိုက်မယ့် ထောင်ချောက်ကြီးထဲ ကျမသွားအောင် ဘယ်လိုပြင်ဆင် ကာကွယ် မလဲဆိုတဲ့ လုပ်ငန်းစဉ်တွေ ဆက်ရှိနေဖို့ လိုအပ်ပါတယ်။ ဆင်နင်းမြင်းကန်ဘဝ မရောက်သွားအောင် အရံအတားတွေ လုပ်ဖို့ လိုအပ်ပါတယ်။

ဒီလိုဖြစ်နိုင်ချေသုံးရပ်မှာ စစ်မှန်တဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးအဖွဲ့အစည်းတွေလို့ ယူဆတာကြောင့် ပြည်သူလူထုရဲ့ ဆန္ဒကိုပဲ ကိုယ်စားပြုပြီး၊ ပြည်သူလူထုအကျိုးဆိုတဲ့ နှောင်ကြိုးရဲ့ ကြိုးဆွဲမှုကိုပဲ ခံယူလိမ့်မယ်လို့ပဲ မျှော်လင့်မိပါတယ်။ ပြည်သူလူထုကို သစ္စာဖောက်တဲ့ လုပ်ရပ်ဖြစ်တဲ့ ရွေးကောက်ပွဲ အပြီး နိုင်ငံရေးအခြေအနေမှာ အာဏာပါဝါ မရမှာစိုးလို့ ကြိုတင်ခင်းကျင်းထားတဲ့ နိုင်ငံရေး အခင်း အကျင်းလို့တော့ မသတ်မှတ်လိုပါ။ စကားလုံးရဲ့ အခြေခံသဘောတရားနဲ့ စကားလုံးအသုံးပြုသင့်တဲ့ အချိန်အခါကို သဘောပေါက်မှုအားနည်းတာ (သို့မဟုတ်) ကွဲပြားစွာ နားလည်သဘောပေါက်တာလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုကွဲပြားစွာ သဘောပေါက်တာဆိုရင်တော့ ဒီအချိန်အခါ၊ အခြေအနေဟာ ဘာကြောင့် အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက်ကို ကမ်းလှမ်းဖို့ သင့်လျော်ရလဲ ဆိုတဲ့ အချက်နဲ့ ဒီလိုကမ်းလှမ်းချက်ပြုလုပ်ဖို့ သင့်လျော်တဲ့ အချိန်ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလက နှစ်ဦးနှစ်ဘက်လုံး stalemate ဖြစ်နေတဲ့ ကာလမှာ ဘာကြောင့် မကမ်းလှမ်းခဲ့လဲ ဆိုတဲ့ အချက်ကို ပြည်သူလူထုနဲ့ ရဲဘော်ရဲဘက်တွေကို ရှင်းလင်းတင်ပြဖို့ လိုအပ်လှပါတယ်။

တတိယဖြစ်နိုင်ချေဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာနဲ့ ပတ်သက်နေခဲ့ရင်လဲ လူအများကို ပွင့်ပွင့်လင်းလင်း ရှင်းပြဖို့ လိုအပ်ပါတယ်။ ဒီလို transparency နဲ့ honesty မရှိပဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ဦးဆောင်နိုင်မယ့် နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းများအနေနဲ့ လူထုက အသိအမှတ်ပြုပေးလာမှာ မဟုတ်ပါ။ ပြည်တွင်းပြည်ပ မြန်မာပြည်သူလူထုရဲ့ အသိအမှတ်ပြုမှု၊ လက်ခံမှု မရှိပဲနဲ့လဲ နိုင်ငံရေး ဦးဆောင်အဖွဲ့များအမည်ခံပြီး ထင်ရာစိုင်းလို့ ရမှာမဟုတ်ပါ။ အစိုးရဆိုတာ ပြည်တွင်းရွေးကောက်ပွဲ အနိုင်ရပါတီက ဦးဆောင်ဖွဲ့စည်းမှ အများကို ကိုယ်စားပြုတဲ့ အစိုးရဖြစ်မှာဖြစ်ပါတယ်။ မဲအနိုင်ရသူ အချို့ကပဲ လွတ်မြောက်နယ်မြေမှာ ဦးဆောင်ဖွဲ့စည်းတာကတော့ စင်ပြိုင်အစိုးရပဲ ဖြစ်ပါတယ်။ ဒါကြောင့် စင်ပြိုင်အစိုးရကို ပြည်သူလူထုအားလုံးကို ကိုယ်စားပြုတဲ့ အစိုးရလို့ မသတ်မှတ်နိုင်သလို မြန်မာ့ နိုင်ငံရေးဦးဆောင် အစိုးရလို့လဲ အများက လက်ခံထားမှာ မဟုတ်ပါ။ နိုင်ငံတကာစစ်မျက်နှာမှာ အဖွဲ့အစည်းဆိုတာထက် ပိုပြီး ပြယုဂ်ကောင်းတဲ့ အစုအဖွဲ့လေးတခုသာ ဖြစ်ပါတယ်။ တခြား သမိုင်းအစဉ်အလာကြီးမားတဲ့ အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားတဲ့ ကောင်စီတွေ၊ အဖွဲ့ချုပ်တွေ ဆိုတာကလဲ နိုင်ငံရေးအင်အားစုကြီးများသာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးကံကြမ္မာကို အလုံးစုံ ဆုံးဖြတ်လုပ်ပိုင်ခွင့်ကို လူထုတရပ်လုံးက လွှဲအပ်ထားတဲ့ အကြွင်းမဲ့နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းများ မဟုတ်ပါ။ မြန်မာ့နိုင်ငံရေးတလျှောက်မှာ ဂျပန်ခေတ်ကာလ တခုတည်းမှာပဲ ဒီလိုဦးဆောင် အဖွဲ့အစည်းမျိုး ပေါ်ပေါက်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ပိုမိုသိသာထင်ရှားတဲ့ အချက်ကတော့ အခု အချိန်မှာ အသက် (၃၈) နှစ်အောက် လူအများဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့သူများ မဟုတ်သလို ၊ အသက် (၃၅) နှစ်အောက် လူအများဟာလဲ ရှစ်လေးလုံးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူများ မဟုတ်ပါ။ ဒါကြောင့် မြန်မာ့နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းအဖြစ် နေရာယူမှုပြုလုပ်မယ်ဆိုရင် ဒီအသက်အရွယ်အပိုင်းအခြားမှာ ရှိနေတဲ့ လူတွေရဲ့ ယုံကြည်လေးစားမှုနဲ့ထောက်ခံမှု ဟာ မလွဲမသွေ လိုအပ်ပါတယ်။ လက်ရှိအမတ်များနဲ့ ခေါင်းဆောင်များဟာ ဒီအသက်အရွယ်အပိုင်းအခြားလူငယ်၊ လူလတ်ပိုင်းက ရွေးချယ်တင်မြှောက်ထားသူတွေ မဟုတ်ပါဘူး။ ဒါကြောင့် မကြာခင်မှာ ကျင်းပတော့မယ့် ဂျကာတာ ကွန်ဖရင့်အပြီးမှ ပြည်သူလူထုကို ပန်ကြားချက်တွေ၊ အခြေအနေရှင်းလင်းတင်ပြမှုတွေ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက် ဆိုတဲ့ နိုင်ငံရေးစင်မြင့်သဏ္ဍာန်ကို လွတ်လပ်ရေးရပြီးစ နိုင်ငံတခုရဲ့ ပြည်သူလူထုကတောင် လက်မခံခဲ့ဘူး ဆိုရင် အာဏာရှင်လက်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရလို့ ခါးသီးမှုတွေနဲ့ ပြည့်နှက် နေတဲ့ ပြည်တွင်း ပြည်သူလူထု၊ နိုင်ငံတကာကို ခြေဦးနဲ့ ကြမ်းပြင်လှည့်ပတ်အလုပ်လုပ်နေကြရတဲ့ ပြည်ပ ရောက်မြန်မာ အလုပ်သမားထု၊ အတွေးအခေါ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့ ပညာတတ် လူလတ်တန်း စားတွေနဲ့ ဖွဲ့စည်းထားတဲ့ ၂၁ရာစု မြန်မာ့လူ့အဖွဲ့အစည်းကဆိုရင် ပိုပြီး လက်ခံနိုင်မှာ မဟုတ်ပါဘူး။

နောက်တချက်က မကြာခင် ကျင်းပမယ့် ဂျကာတာညီလာခံကို မြန်မာ့သမိုင်းရဲ့ အထင်ကရ ပင်လုံညီလာခံနဲ့ ခိုင်းနှိုင်းပြောဆိုနေတာတွေ ရှိလာပြန်ပါတယ်။ အနှစ်သာရချင်း၊ အခြေအနေ၊ အချိန်အခါချင်း ဘယ်လိုမှ ဆက်စပ်နှိုင်းယှဉ်လို့ မရပါ။ ပင်လုံညီလာခံဆိုတာက အောင်ဆန်း အက်တလီ စာချုပ်နဲ့ နယ်ချဲ့ဗြိတိသျှနဲ့ မြန်မာတို့အကြားမှာ conflict settlement ရှိပြီးမှ အနာဂတ်လွတ်လပ်တဲ့မြန်မာနိုင်ငံမှာ ရှေးနှစ်များစွာက ရှိခဲ့တဲ့ ပဋိပက္ခ စိတ်အနာဟောင်းတွေ ထပ်မထွက်လာအောင်၊ နယ်ချဲ့တို့ သွေးခွဲအုပ်ချုပ်ခဲ့လို့ ဖြစ်ပေါ်နေတဲ့ လူမျိုးစုအကြား အထင်လွဲမှုတွေ ကြီးထွားမလာအောင် ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးဖြစ်စဉ် ကနဦးညီလာခံ ဖြစ်ပါတယ်။ ဒီညီလာခံကို ပြည်သူလူထု ထောင်ပေါင်းများစွာက ထောက်ခံအားပေးခဲ့ကြပါတယ်။ ဒါတောင် ကနဦးညီလာခံမှာ မပါဝင်ခဲ့တဲ့ လူမျိုးစုတွေ၊ ကနဦး ညီလာခံရဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို ဆက်လက်ဖော်ဆောင်နိုင်ခြင်း မရှိတာတွေကြောင့် နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေက အများကြီး ရှိပါတယ်။

အခုဂျကာတာ ညီလာခံကျတော့ ပင်လုံလို မြန်မာ့မြေပေါ်မှာ ကျင်းပတဲ့ ညီလာခံလဲမဟုတ်၊ အချိန်အခါ၊ အခြေအနေနဲ့အညီ အမျိုးသားရင်ကြားစေ့ရေးအဆင့်ကို ဖော်ဆောင်နိုင်မယ့် ညီလာခံလဲ မဟုတ်။ အမျိုးသားရင်ကြားစေ့ရေး အဆိုပြုချက်ကို တဘက်ကို တင်ပြရုံ အဆင့်ပဲ ရှိသေးတဲ့ ညီလာခံသာ ဖြစ်ပါ တယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဆိုတာကလဲ ပြည်ပမှာရှိနေတဲ့ တိုင်းရင်းသားအဖွဲ့လေးတွေ ကောက်ခါငင်ခါ ညီလာခံ ထကျင်းပပြီး တည်ဆောက်လို့ရနိုင်တဲ့ သဘောတရားကြီးလဲ မဟုတ်ပါ။ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုအားလုံးကို ဘယ်လိုမှ ကိုယ်စား မပြုနိုင်သလို ပြည်ပမှာရှိနေတဲ့ တိုင်းရင်းသားအဖွဲ့အားလုံးပင် စုံစုံလင်လင် တက်ရောက်ခြင်း မရှိသေးပါ။ နိုင်ငံရေးအင်အားစုများက အဆိုပြုချက်တခုကို ညီညီညွှတ်ညွှတ်ပူးပေါင်းပြုလုပ်တဲ့ ညီလာခံတရပ်သာပဲ ဖြစ်ပြီး၊ မြန်မာ့နိုင်ငံရေးအတွက် အကျိုးရှိနိုင်မလားဆိုတာကလဲ တဘက်စစ်အုပ်စုက ဘယ်လိုတုန့်ပြန်လိုက်သလဲ ဆိုတာပေါ်မှာပဲ မူတည်နေပါသေးတယ်။

နိဂုံး

ဒါကြောင့် နိဂုံးချုပ်အနေနဲ့ ဆိုရရင် နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်ချင်တဲ့ အဖွဲ့အစည်းများကလဲ ပြည်သူလူထုအပေါ်ရိုးသားသစ္စာရှိဖို့ လိုအပ်ပါကြောင်းပါနဲ့ ပြည်သူလူထုအနေနဲ့ကလဲ ဘယ်လို နိုင်ငံရေးအဖွဲ့ အစည်းကိုမှ အားကိုးအားထား မပြုပဲ၊ မိမိတို့ လုပ်စရာရှိတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ပြည်သူ့အာဏာ ပြည်သူထံ ပြန်လည်ရောက်ရှိရေး၊ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်များကို ခေါင်းဆောင်မမျှော်၊ ကယ်တင်ရှင်မမျှော်ပဲ လုပ်ဆောင်ဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

လူထုတိုက်ပွဲတွေဟာ လူထု ခေါင်းဆောင်တွေကို မွေးဖွားပါတယ်။ ဒီကနေ့ ခေါင်းဆောင်တွေဟာလဲ မနက်ဖြန်ခေါင်း ဆောင်တွေ ဖြစ်ချင်မှ ဖြစ်လာပါ လိမ့်မယ် ။ပြည်သူ့ တော်လှန်ရေးကို မည်သည့် လူပုဂ္ဂိုလ်နှင်အဖွဲ့အစည်းကမှ မောင်ပိုင်စီးထား၍ မရပါ။ မောင်ပိုင်စီးရန် ကြိုးစားတာ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ပြုလုပ်တာဟာတော်လှန်ရေးကျဆုံးစေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ညီညွှတ်ရေး ဆိုတာ တိုက်ပွဲရှိမှ တည်ဆောက်လို့ ရပါတယ်။တွေ့ဆုံဆွေးနွေးရေးဆိုတာ ကြားဖြတ်အစိုးရတခုပေါ်ထွက်မှုပြီးတဲ့ အချိန် မှာလုပ်မှ အောင်မြင်နိုင်ပါတယ်။
အမျိုးသားရင်ကြားစေ့ရေးဆိုတာ ပဋိပက္ခတွေပြီးဆုံးမှဖော်ဆောင်လို့ ရပါတယ်။

× × × × ×

တော်လှန်ရေးသစ္စာဖြင့်
ခင်မမမျိုး (၁၂၊ ၈၊ ၂၀၀၉)


မှတ်ချက်။ ။ ယခုဆောင်းပါးသည် မည်သူတဦးတယောက်၊ မည်သည့် အဖွဲ့အစည်း တခုတလေကို မှ ထိခိုက် ရေးသားခြင်း မဟုတ်ပါ။ အချိန်အခါ၊ အဖြစ်အပျက်၊ အခြေအနေများကို ဒီမိုကရေစီနည်းလမ်းတကျ အပြုသဘောဖြင့် ဝေဖန်ဆန်းစစ် ထားခြင်းသာ ဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေးဆိုသည့် သဘောတရားကို မူအရ ထောက်ခံသည်။ အမျိုးသားရင်ကြားစေ့ရေး ဖြစ်စဉ်စတင်လာပါက မည်သို့ မည်ပုံပြုလုပ်မည်ဆိုသည်ကိုကား ဟင်းချက်စရာ ပစ္စည်းမရှိသေးပဲ၊ ဝယ်ယူဖို့ ပိုက်ဆံလဲ မရှိသေးပဲ တရုတ်ဟင်းချက်မယ်၊ ကုလားဟင်းချက်မယ်၊ ပြင်သစ်စတိုင် ပြင်ဆင်မယ် ငြင်းခုန်နေခြင်းနဲ့တူသည်ဟု ထင်မှတ်သောကြောင့် ငြင်းခုန် ဆွေးနွေးစရာ ကိစ္စများတွင် ဝင်ရောက်ဆွေးနွေးမည်မဟုတ်ပါ။ ကုလားဟင်းချက်ချင်သူက ကုလားဟင်းချက်နည်း စာအုပ်ကိုင်ထား၍ တရုတ်ဟင်းချက်ချင်သူက တရုတ်ဟင်းချက်နည်း ကိုင်ထားပြီး၊ နားလည်အောင် အရင်ဖတ်သည်က ပို၍ အကျိုးရှိပေလိမ့်မည်။

သို့ဖြစ်ရာ အမျိုးသားရင်ကြားစေ့ရေးသဘောတရားကို ထောက်ခံပြီးဖြစ်ခြင်း၊ အဆိုပါ သဘော တရားသည် မြန်မာနိုင်ငံအတွက် မည်မျှအရေးကြီးသည်ကို လက်ခံနားလည်ပြီးဖြစ်ခြင်းတို့ကြောင့် အဆိုပါ အချက်အလက်များကို လက်ကိုင်ပြု၍ လာရောက်ငြင်းခုန်ခြင်းများ လာရောက်မပြုလုပ်ရန် မေတ္တာရပ်ခံသည်။ အချိန်အခါ၊ အခြေအနေများနှင့် ပတ်သက်၍ ဤသဘောတရားအား အဆိုပြုချက်သည် ယနေ့အခြေအနေ၊ အချိန်ကာလအတွက် မည်မျှအကျိုးရှိသည်ဟု ကွဲလွဲသည့် အမြင်ရှိပါက khinmamamyo@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it အီးမေးလ်သို့ ဆက်သွယ်၍ အပြန်အလှန် လေးစားမှုဖြင့် ဆွေးနွေးပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်သည်။

သူဘာလဲ၊ ငါဘာလဲ ပြောဆိုမှုများကို လက်ခံ တုန့်ပြန်မည် မဟုတ်ပါ။ စာရေးသူသည် ဘာမှ မဟုတ်ပါ။ မြန်မာနိုင်ငံကို တိုးတက်စေချင်သူ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ပြီးဆုံးစေလိုသူ၊စစ်မှန်တဲ့အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို ဖြစ်ပေါ်စေလိုသူ၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့် အပြန်အလှန်လေးစားမှုအပေါ်တွင် အခြေတည်သည့် မြန်မာ့လူ့ဘောင်တရပ် ထွန်းကားလာစေလိုသူ မြန်မာပြည်သူတယောက်သာဖြစ်ပါတယ်။(ရိုးမ ၃)

(ဆက်ဖတ်ရန်.......)

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ လူငယ်များအဖွဲ့ချုပ်ညီလာခံတွင် မြန်မာ့အရေးဆွေးနွေး

Tuesday, 27 October 2009 19:18 ဇာနည်မာန်

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ လူငယ်များ အဖွဲ့ချုပ် (AIYF) တည်ထောင်ခြင်း နှစ် ၅ဝ ပြည့် အထိမ်းအမှတ်ပွဲနှင့် ကမ္ဘာ့ဒီမိုကရက်တစ် လူငယ်များအဖွဲ့ချုပ် (WFDY) တို့၏ အာရှပစိဖိတ်ဆိုင်ရာ ညီလာခံတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့အရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပနေသော ၎င်းညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည့် WFDY အဖွဲ့ဝင်၊ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ABSFU မှ ကိုကျော်ဝင်း နှင့် အိန္ဒိယ အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ABSL မှ ကိုကျော်သန်းတို့က လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများ၊ မြန်မာလူငယ်ကျောင်းသားများ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“မြန်မာ စစ်အစိုးရအနေနဲ့ ပြည်သူလူထုက ရွေးချယ်ထားပြီးသားဖြစ်တဲ့ အဖွဲ့အစည်းကိုပဲ အာဏာ လွှဲပေးသင့်နေပါပြီ။ အခုလို နိုင်ငံတော်အာဏာကို အကြာကြီးယူထားတာကို ရပ်သင့်ပါပြီ” ဟု ကမ္ဘာ့ဒီမိုကရက်တစ် လူငယ်များအဖွဲ့ချုပ် ဒုဥက္ကဌ မစ္စတာ ယိုဂျန်ဒြာဆာဟိက ဧရာဝတီသို့ပြောသည်။

ကမ္ဘာ့ဒီမိုကရက်တစ် လူငယ်များအဖွဲ့ချုပ်အနေဖြင့် အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသော ကျောင်းသားများ၊ ပြည်တွင်းမှ ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ လုပ်ရပ်များကို အမြဲ ထောက်ခံကူညီနေမည်ဟု လည်း သူကဆိုသည်။

ထို့အပြင် သူက စစ်အစိုးရ ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများအပါအ၀င် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ကြောင်း ပြောကြားသည်။

ABSL မှ ကိုကျော်သန်းက “တရုတ်တို့ အိန္ဒိယတို့လိုနိုင်ငံတွေအပါအဝင် နိုင်ငံတကာက ၂၀၁၀ ဒီရွေးကောက်ပွဲကို လုပ်သင့်သလိုလို ဝင်ပြိုင်သင့်သလိုလို ပြောနေတာတွေက အဓိပ္ပာယ်မရှိဘူး။ ဒါက အတုအယောင်ပဲဖြစ်တယ်၊ စစ်အာဏာရှင် စနစ်ကို တရားဝင်အောင်လုပ်တဲ့ ရွေးကောက်ပွဲပဲဖြစ်လို့ ဒီရွေးကောက်ပွဲကို ကျနော်တို့ ဝင်မှာမဟုတ်ဘူး ဆိုတာတွေကို တင်ပြဆွေးနွေးခဲ့တယ်” ဟု ပြောသည်။

အာရှပစိဖိတ်ဆိုင်ရာ အဖွဲ့ဝင် ၁ဝ နိုင်ငံဖြစ်သည့် အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ်၊ ဗီယက်နန်၊ ဂရိ၊ ဟန်ဂေရီ နှင့် လက်ဘနွန် စသည်တို့မှ ကျောင်းသားအဖွဲ့ ကိုယ်စားလှယ်များ၊ အိန္ဒိယ ဒေသတွင်းမှ အဖွဲ့ဝင် ၄ဝဝ ကျော်တို့ ညီလာခံ တက်ရောက်ခဲ့ကြပြီး အိန္ဒိယရောက် မြန်မာရဟန်းတော်များ၊ မြန်မာဒီမိုကရေစီ လူငယ်များလည်း ညီလာခံတွင် တက်ရောက်လေ့လာခဲ့ကြသည်။

ABSFU မှ ကိုကျော်ဝင်း ကလည်း “ကျနော်တို့အနေနဲ့ သူတို့ရဲ့ထောက်ခံမှု အကူအညီတွေ အများကြီး လိုအပ်တယ်ဆိုတာကို တင်ပြတယ်။ သူတို့ဆီကရတဲ့ တုံ့ပြန်မှုတွေကလည်း အားရကျေနပ်စရာကောင်းပါတယ်” ဟု ဆိုသည်။

ထို့အတူ WFDY အဖွဲ့ဝင်ဖြစ်သည့် ABSFU အနေနှင့် ၁၉၆၂ ခုနှစ် နောက်ပိုင်းကာလများတွင် နိုင်ငံခြားရေးရာ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နိုင်ခဲ့ခြင်း မရှိ၍ နိုင်ငံတကာတွင် အဖွဲ့အနေဖြင့် အသက်မ၀င်သကဲ့သို့ ဖြစ်နေကြောင်း၊ နိုင်ငံခြားရေးရာများတွင် ရှေ့ဆက်လုပ်ဆောင်နိုင်ရန် ပြန်လည်လျှောက်ထားရာ ယခု ဆွေးနွေးပွဲ နောက်ပိုင်း ကျင်းပမည့် WFDY စည်းဝေးတွင် ထည့်သွင်း စဉ်းစားဆုံးဖြတ်ရန် ပြင်ဆင်ထားကြောင်း ကိုကျော်ဝင်းက ဆက်ပြောသည်။

ထိုညီလာခံကို နယူးဒေလီမြို့လယ်ရှိ Babu Sader Kendra ခန်းမတွင် အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်နေ့ထိ ကျင်းပလျက်ရှိရာ ဖွင့်ပွဲနေ့က ကမ္ဘာအရပ်ရပ်တွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို အိန္ဒိယ ခေါင်းဆောင်များက ဟောပြောခဲ့ကြပြီး မြန်မာ့နိုင်ငံရေးအပါအဝင် ပါလက်စတိုင်းနှင့် ကျူးဘားနိုင်ငံမှ အာဏာရှင်များ၊ ထိုအာဏာရှင်များကို တော်လှန်နေသည့် တော်လှန်ရေးသမားများ၏ အရေး များကို အထူးတလည် ဆွေးနွေးဖလှယ်သွားကြောင်း သိရသည်။(ဧရာဝတီ)

(ဆက်ဖတ်ရန်.......)

နာရေးကူညီမှုအသင်းကို မြောက်ဒဂုံစည်ပင် တရားစွဲ

မင်းနိုင်သူ / ၂၉ အောက်တိုဘာ ၂၀၀၉

နာရေးကူညီမှုအသင်းကို မြောက်ဒဂုံမြို့နယ် စည်ပင်သာယာက ယနေ့တရားစွဲဆိုလိုက်သည်။

“စည်ပင်က ဒီနေ့စပြီးတရားစွဲတယ်။ ကျနော်မသွားဘူး။ ရုံးက မန်နေဂျာကိုပဲ လွှတ်လိုက်တယ်။ အမှုက စည်ပင်ရဲ့ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦအသုံးပြုလို့တဲ့။ ဒါပေမယ့် ဒီနေ့တရားရုံးက အစွဲဆိုခံ ကာယကံရှင် မပါလို့ဆိုပြီး အမှုကိုတော့ လက်မခံလိုက်သေးဘူး” ဟု နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

မြောက်ဒဂုံမြို့နယ်စည်ပင်က တောင်ဒဂုံမြို့နယ် တရားရုံးတွင် အမှုစွဲတင်ခဲ့ခြင်းဖြစ်ရာ မြို့နယ်မတူသည့် တရားရုံးတွင် အမှုစွဲတင်သည့်အပေါ်လည်း နားမလည်နိုင်ဖြစ်ရသည်ဟု ဦးကျော်သူက ပြောသည်။

“ဘာပဲဖြစ်ဖြစ်လေ၊ ကျနော် အစောကြီးကတည်းက ပြောပြီးသား စွဲချင်တဲ့နေရာမှာစွဲ။ ကျနော်မသွားဘူး။ ဖမ်းချင်ရင် လာသာဖမ်း။ လိုက်သွားရုံပဲ။ စည်ပင်ကတရားစွဲဖို့ ပြင်နေစဉ်က မေးတယ်။ ဘယ်သူ့နာမည်တပ်ရမလဲတဲ့။ ကျနော်က အသင်းမှာ အကြီးဆုံးဖြစ်တော့ ကျနော့်နာမည်တပ်စွဲလို့ ပြောပြီးသား” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

နာရေးကူညီမှုအသင်းသည် မူလက သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မ၀ိဟာရ ဘုန်းကြီးကျောင်းတိုက်တွင် အခြေစိုက်ကာ အခမဲ့ နာရေးဝန်ဆောင်မှုပေးခြင်း၊ ဆေးကုသပေးခြင်းတို့ ပြုလုပ်နေရာမှ စည်ပင်ကပင် ပိတ်ပင်ခဲ့သည့်အတွက် ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်တွင် မြောက်ဒဂုံမြို့နယ်သို့ ရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်သည်။


နာရေးကူညီမှုအသင်းပိုင် မြေ (၂) ဧကကျော်ပေါ်တွင် သိန်း (၂,၀၀၀) ၀န်းကျင်ကုန်ကျသည့် အဆောက်အဦကို စည်ပင်ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့သော်လည်း ခြံဝင်းရှေ့တွင် ရေမြောင်းမတူးသည့်အတွက်ဟုဆိုကာ မြောက်ဒဂုံစည်ပင်က အဆောက်အဦအသုံးပြုခွင့် မပေးနိုင်ဟု ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ရေမြောင်းတူးခိုင်းနေခြင်းနှင့်စပ်လျဉ်း၍ ဦးကျော်သူက “(၅) ပေ အကျယ်၊ (၅) ပေအနက် ရေမြောင်းတူးခိုင်းနေတာ။ ကျနော်တို့ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ မတူးဘဲ ကျနော်တို့ ရှေ့လေးတင် ကွက်တူးထားရင် ရေလှောင်ကန်လို ဖြစ်သွားမှာဗျ။ ရေက ဘယ်ကိုမှ စီးစရာမရှိဘဲ ခြင်ဖောက်ကန်လိုဖြစ်သွားမယ်။ ဒါကြောင့် ကျနော်တို့က မတူးတာ။ နောက်တခုက ကျနော်တို့က ဟိုကနေ ပြောင်းဆိုလို့ ကမန်းကတန်းပြောင်းလာရတာ။ ကုလက်စ လူနာတွေက ရှိသေးတယ်။ ဒီ အဆောက်အဦ အသုံးပြုခွင့်ဆိုတာကြီး ကျလာဖို့ စောင့်မနေနိုင်ဘူး” ဟု ရှင်းပြသည်။

လမ်း၊ တံတား၊ ရေမြောင်းဖောက်လုပ်ရသည့်အလုပ်မှာ နိုင်ငံတော်ပိုင်အခွန်ဘဏ္ဍာငွေဖြင့် မြို့တော်စည်ပင်သာယာက လုပ်ဆောင်ရမည့် အလုပ်ဖြစ်သော်လည်း စည်ပင်က လူထုကိုသာ ခိုင်းလေ့ရှိသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

နာရေးကူညီမှုအသင်းကို ယနေ့ တရားရုံးက လက်မခံသေးသော်လည်း ရှေ့ဆက်ဖြစ်လာမည့်ပြဿနာများကို ရင်ဆိုင်သွားမည်ဟု ဦးကျော်သူက ပြောသည်။

“နောက်ရက် ဘာဖြစ်လာမလဲတော့ မသိနိုင်သေးဘူး။ ကျနော်ကတော့ တရားစွဲလည်းစွဲ။ ထောင်ချလည်းချ။ အသင်းလုပ်နေရတဲ့ လုပ်ငန်းတွေကတော့ ရပ်ထားလို့မဖြစ်ဘူးဗျ။ သူတို့ ဆက်ပြီး တရားစွဲမယ်ဆိုလည်း စွဲပေါ့ဗျာ။ အခမဲ့ ဆေးကုပေး၊ မသာချပေးနေတဲ့ အသင်းကို ခွင့်ပြုချက်မရဘဲ အဆောက်အဦအသုံးပြုမှုနဲ့ တရားစွဲတယ်ဆိုတော့ ကမ္ဘာမှာ ထူးဆန်းအံ့သြဖွယ် ကောင်းတဲ့အမှုကြီး တခုဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။

နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူတို့ ဦးစီးတည်ထောင်ခဲ့ကြပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ်ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ပါရဂူဘွဲ့ရဆရာဝန်ကြီးများအပါအ၀င် ဆရာဝန် (၃၀) ခန့်က အခမဲ့ပညာအလှူပြု ကုသပေးလျက်ရှိပြီး အသင်းတွင် လုပ်အားဒါနပေးလှူနေကြသော စေတနာ့ဝန်ထမ်း (၂၀၀) ကျော်လည်း ရှိသည်။

အသင်းမှ ဖွင့်လှစ်ထားသည့် သုခဆေးခန်းသည် ရန်ကုန်မှ နွမ်းပါးသည့် လူနာများအတွက် အထူးအားထားရာ အခမဲ့ဆေးခန်းဖြစ်ပြီး တနေ့လျှင် လူနာပေါင်း (၂၀၀) ကျော်ကုသပေးနေရပြီး နာရေးကူညီမှုအနေဖြင့်လည်း တရက်လျှင် နာရေးဝန်ဆောင်မှုပေါင်း (၃၀) ဝန်းကျင်ခန့် ဆောင်ရွက်ပေးနေရသည်။(ခေတ်ပြိုင်)
------------------------------------------------------------------------

မုံရွာတွင် ပညာရေးစနစ်ပျက်ယွင်းနေဟု
ကျောင်းသားမိဘများ ပြောဆို

မင်းနိုင်သူ / ၂၉ အောက်တိုဘာ ၂၀၀၉

နဂိုကပင် ပျက်ယွင်းနေသည့် ပညာရေးစနစ်တွင် ရည်ချွန်စာမေးပွဲများကြောင့် ကျောင်းသားများ ပညာသင်ကြားရေးတွင် မတရားမှုများ ပေါ်ပေါက်စေသည်ဟု မုံရွာမြို့မှ ကျောင်းသားမိဘအချို့က ပြောသည်။

“အခု (၄) တန်းကနေ (၁၀) တန်းအထိ ရည်ချွန်စာမေးပွဲဆိုပြီး ကလေးတွေကို ဖြေခိုင်းတယ်။ အဲဒီလိုဖြေခိုင်းပြီး ကျောင်းအဆင့်မှာ (၁ ၊ ၂ ၊ ၃) အဆင့်ဝင်တဲ့ကလေးကို မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့် ဆက်ပြိုင်စေတယ်။ အဲဒီလိုပြိုင်စေတဲ့အခါမှာ ကျောင်းဆရာတွေရဲ့ မသမာလုပ်မှုတွေ ပေါ်လာတော့တာပဲ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

ရည်ချွန်စာမေးပွဲအဆင့်ဆင့်တွင် မေးခွန်းပေါက်ကြားခြင်း၊ ငွေလိုက်နိုင်သည့် ကျောင်းသားကိုသာ ရွေးချယ်ခြင်း စသည့် မသမာမှုများကို ကျောင်းဆရာများက ပြုလုပ်လေ့ရှိကြကြောင်း ကျောင်းသားမိဘများက ပြောသည်။

မကြာသေးမီကလည်း မုံရွာမြို့၊ ဆူးလေကုန်းကျောင်းမှ ကျောင်းအုပ်ကြီးအား ရည်ချွန်စာမေးပွဲတွင် မသမာမှုပြုလုပ်ခြင်းကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးနေကြောင်း သိရသည်။

ဆူးလေကုန်းကျောင်းမှ ကျောင်းသားမိဘတဦးက “ကျောင်းအုပ်က ဇွန်လပိုင်းကမှ စပြောင်းလာတာ။ ပြီးခဲ့တဲ့လပိုင်းက လုပ်တဲ့ (၄) တန်း ရည်ချွန်စာမေးပွဲမှာ မသမာမှုလုပ်တယ်ဆိုပြီး အတိုင်ခံရတယ်။ တခြားကျောင်းတွေမှာ ရည်ချွန်စာမေးပွဲ မေးခွန်းထုတ်ရင် ကော်မတီဖွဲ့ထုတ်ပေမယ့် သူက သူတဦးတည်း မေးခွန်းထုတ်ခဲ့တယ်လို့ ကြားတယ်။ အခု စသုံးလုံးက စစ်နေပြီ” ဟု ပြောသည်။

ဆူးလေကုန်းကျောင်းတွင် ရည်ချွန်စာမေးပွဲ၌ (၄) တန်းကျောင်းသား ဖြေဆိုရမည့် သင်္ချာဘာသာရပ် မေးခွန်းတွင် (၆) တန်းအဆင့်ရှိ သင်္ချာမေးခွန်းများ ထည့်သွင်းထားရာ ကလေးအများစု မဖြေဆိုနိုင်သော်လည်း ကလေးအချို့က ဖြေဆိုနိုင်နေသည်ဟု ကျောင်းသားမိဘများက ပြောသည်။

“အဆင့်လွန်မေးခွန်းကို ဖြေနိုင်တဲ့ ကလေးသုံးလေးယောက် ရှိနေတယ်ဆိုတော့ မေးခွန်းပေါက်ကြားမှုရှိလို့ပဲ ဖြစ်နိုင်တာပေါ့ဗျာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

၁၉၈၈ ခုနှစ်မတိုင်မီက (၈) တန်းနှင့် (၁၀) တန်းတို့တွင် လူရည်ချွန်စာမေးပွဲများရှိခဲ့ဖူးပြီး ရွေးချယ်ခံရသည့် နိုင်ငံအဆင့် လူရည်ချွန်များသည် နိုင်ငံတွင်းရှိ စီမံကိန်းများ၊ အပန်းဖြေစခန်းများသို့ နိုင်ငံတော်စရိတ်ဖြင့် အခမဲ့သွားရောက်ခွင့်ရရှိသည်။

“အခု ရည်ချွန်စာမေးပွဲကတော့ ကျောင်းသားမိဘတွေအတွက် ဂုဏ်တု၊ ဂုဏ်ပြိုင်စရာ သက်သက်လိုဖြစ်နေတာပါ။ တကယ်တော်တဲ့ ကျောင်းသားက ရည်ချွန်ဖြစ်ချင်မှဖြစ်တာ။ ပိုက်ဆံလိုက်နိုင်တဲ့ မိဘရဲ့ကလေးတွေက တိုင်းရည်ချွန် ဖြစ်ချင်လည်းဖြစ်နေကြတော့ ဆင်းရဲပြီး စာတော်တဲ့ကလေးမိဘတွေက မခံနိုင်ကြတော့တာတွေလည်း ရှိလာတယ်။
အဓိကက ဆရာတွေ လာဘ်ယူ လာဘ်စားလုပ်ပြီး ကလေးတွေ ခွဲခြားဆက်ဆံခံရတာကို မကျေနပ်ကြတာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

ရည်ချွန်စာမေးပွဲတွင် မသမာမှုလုပ်မှုများအပြင် အထက ကျောင်းအချို့၌ မဆီလျော်သည့် စည်းကမ်းသတ်မှတ်မှုများဖြင့် ကျောင်းသားများထံမှ ငွေကြေးရယူနေသည်ဟုလည်း ကျောင်းသားမိဘများက ပြောသည်။

“ပြီးခဲ့တဲ့ လပိုင်းကဆို အထက (၃) မှာ ကျောင်းသား ခွင့်မတိုင်ဘဲ ကျောင်းပျက်ရင် ဒဏ်ကြေး (၅၀၀) ကျပ် ပေးရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်တယ်။ ကျောင်းသားမိဘ ကိုယ်တိုင်က ခွင့်တိုင်ရင်လည်း ဒဏ်ကြေး (၃၀၀) ကျပ်ပေးရတာပဲ။ ဆုံးမတာမျိုး မလုပ်ဘဲ ဒဏ်ကြေးကောက်နေတာ။ အဲဒီဒဏ်ကြေးငွေတွေစုပြီး တလတခါ ဆရာတွေကို ကန်တော့ရမယ်တဲ့၊ စည်းကမ်းက အဲလိုမျိုး” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

မုံရွာမြို့ အထက (၃) ၏ အဆိုပါစည်းကမ်းသစ်သည် မုံရွာတွင် ဟိုလေးတကျော်ဖြစ်ခဲ့ရာ ပြီးခဲ့သည့်လက အထက (၃) ကျောင်းသို့ စစ်ဆေးရေးဝင်ခဲ့သော်လည်း အရေးယူမှုမရှိခဲ့ဘဲ နောက်မပြုလုပ်ရန်သာ သတိပေးခံခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ ကျောင်းဆရာများအကြား အကျင့်ပျက်မှုများ ဖြစ်ပွားနေရခြင်း၏ အဓိကအချက်မှာ လုပ်ခလစာငွေနှင့် မလောက်ငမှုကြောင့်ဖြစ်သည်ဟု ရန်ကုန်မြို့မှ အငြိမ်းစားကျောင်းအုပ်ကြီးတဦးက ပြောသည်။

၎င်းက “ဆရာတို့ အလုပ်ဝင်စ ဦးနုခေတ်က (၁၂၆) ကျပ် ရတယ်။ ရတာနဲ့လောက်တယ်။ ဘယ်ကျူရှင်မှ သင်စရာမလိုဘူး။ မတရားတာ ဘာမှလုပ်စရာမလိုဘူး။ ကျောင်းသားတွေကို ဖိဖိစီးစီး စာသင်ပေးနိုင်တယ်။ အဲ…နောက်ပိုင်းတော့ လစာတွေက ပမာဏအားဖြင့်တော့ တိုးလာပါရဲ့၊ လောက်ငတယ်လို့ မရှိတော့ဘူး။ အခုခေတ်ပိုဆိုးတာပေါ့။ ဘီအီးဒီဘွဲ့ရ ကျောင်းဆရာတယောက်ဟာ ပြန်တမ်းဝင်အရာရှိအဆင့်ချင်းအတူတူ တပ်က စစ်ဗိုလ်ပေါက်စထက် လစာအများကြီး နိမ့်နေတယ်” ဟု ပြောသည်။



(ဆက်ဖတ်ရန်.......)