Thursday 30 July 2009

မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှု အမေရိကန်သမ္မတ သက်တမ်းတိုး

NEJ / ၃၀ ဇူလိုင် ၂၀၀၉

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံအပေါ်ပြဋ္ဌာန်းထားသည့် ၂၀၀၃ ခုနှစ် မြန်မာ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအက်ဥပဒေကို ဇူလိုင် (၂၈) ရက်တွင် လက်မှတ်ရေးထိုး သက်တမ်းတိုးလိုက်သည်။

အဆိုပါဥပဒေအရ မြန်မာနိုင်ငံမှ ပို့ကုန်များအပြင် ကျောက်မျက်ရတနာများကို နောက်ထပ် (၃) နှစ် အမေရိကန်နိုင်ငံတွင်းသို့ အ၀င်မခံဘဲ ပိတ်ဆို့တားမြစ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ သွင်းကုန်များကို ပိတ်ဆို့အရေးယူသည့် အဆိုပါဥပဒေကို သက်တမ်းတိုးရန် ဇူလိုင် (၂၁) ရက်တွင် အောက်လွှတ်တော်အမတ်များက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြသည်။

ယခုဥပဒေကို စတင်တင်သွင်းခဲ့သူ ဒီမိုကရက်တစ်လွှတ်တော်အမတ် ဂျိုးဆက် ခရိုလီက မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အစိုးရကို ၎င်းတို့လုပ်ရပ်များနောက်တွင် အကျိုးဆက်များရှိသည်ကို ပြသရမည်ဟု ပြောကြားခဲ့သည်။

စစ်အစိုးရက ပြည်သူလူထုအပေါ် ရက်စက်ဖိနှိပ်မှုကြောင့် အဓိကဒုက္ခသည်ပြဿနာများ ပေါ်ပေါက်ခဲ့ရသည့်အပေါ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မကြာသေးခင်က သွားရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်အတွင်း၌လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရရှိခဲ့သည့်အပေါ်တွင်လည်း မစ္စတာ ခရိုလီက ပြစ်တင်ရှုတ်ချလိုက်ပါသည်။

အမေရိကန် လွှတ်တော်အမတ်များက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက် ဖိအားပေးနေကြခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စယက်တော ရေကူးဝင်ရောက်ခဲ့ကာ (၂) ရက်ကြာ နေထိုင်ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုခဲ့ပြီး အင်းစိန်ထောင်အတွင်း ထိန်းသိမ်းထားခဲ့သည်။ မနက်ဖြန် ဇူလိုင် (၃၁) တွင် ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည် ဖြစ်ပြီး ယခုအမှုအတွက် ထောင်ဒဏ် (၅) နှစ်အထိ ချမှတ်ခံရဖွယ်ရှိသည်။(ခေတ်ပြိုင်)

0 comments:

Post a Comment