Thursday, 30 July 2009

ဒုက္ခဆိုတာ ဘဝမလှသူတွေအတွက်

နှင်းပန်းအိမ်
အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ်
နို့ဖိုးတောင်ကုန်းပေါ်ကနေ လှမ်းကြည့်ရင် တိမ်တွေကြားက ဖောက်ထွက်လာတဲ့ နေမင်းကြီးရဲ့ အလင်းရောင်က တောတောင်တခုလုံး ဖြာကျနေတယ်။ အခုလို မိုးတွင်းဆိုရင် တောတောင်ကို မြင်ရတလှည့်၊ မမြင်ရတလှည့်။ မိုးဖွဲမှုန်မှုန်လေးတွေက တိမ်ခိုးမြူခိုးတွေနဲ့ရောပြီး တောတောင်တွေကို ဖုန်းလွှမ်းထားတယ်။ နို့ဖိုးရွာလေးကတော့ မိုးရေတွေနဲ့ စိုအိနေပါတယ်။

ဟိုးအဝေးက တောတောင်တွေမှာတော့ ရေတံခွန်လို ဖြာကျနေတဲ့ တောင်ကျရေတွေကို မိုးတိတ်လို့ နေလေးလက်လာရင် မြင်ရတယ်။ တောတောင်တွေထဲက ရာသီနဲ့ယှဉ်ပြီး ဖူးကြပွင့်ကြတဲ့ တောပန်းတောင်ပန်းတွေရဲ့ အနံ့က မိုးရေထိထားတဲ့ မြေသင်းနံ့နဲ့အတူ မိုးလေးနဲ့ပါ လာတတ်တယ်။

တောင်ကျချောင်းက ရေစီးသံတွေကို ညလူခြေတိတ်ချိန်ဆို ကြားရပါပြီ။ ညဥ့်ငှက်တွေရဲ့ အသံ၊ တောင်ကျရေစီးသံက အထီးကျန်အားငယ်နေတဲ့ ဒုက္ခသည်တွေကို အဖော်ပြုလိုက်၊ ခြောက်လှန့်လိုက်၊ နှစ်သိမ့်လိုက်နဲ့ ရသမျိုးစုံ ပေးတော့တယ်။

မြန်မာပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး ညှဉ်းပန်းဖိနှိပ်မှုများကြောင့် လွတ်မြောက်နယ်မြေတွေကို ဒုက္ခသည်တွေ ရောက်ရှိလာခဲ့ပါတယ်။ ၁၉၉၇ ထဲက နို့ဖိုးစခန်းမှာ နေထိုင်လာတဲ့ ကရင့်လူမျိုး ဒုက္ခသည်တွေရဲ့ သက်တမ်း ၁၂ နှစ် ကြာခဲ့ပါပြီ။ ဘဝတလျှောက်လုံးမှာ သူတို့နစ်မွန်းကျပ်တည်းတဲ့ အရာတွေနဲ့ပဲ ရင်ဆိုင်ခဲ့ကြရပါတယ်။ သူတို့ဘဝရပ်တည်နိုင်ဖို့ တောထဲတောင်ထဲမှာ သစ်ဥသစ်ဖုတွေ ရှာစားရတယ်။ တောထဲမှာ ဘယ်အသီးအရွက်က စားကောင်းတယ်၊ စားမကောင်းဘူးဆိုတာ ဘဝပေးအသိနဲ့ ရှာဖွေတတ်ပါတယ်။ ဖားငါးရှာတတ်တယ်။ အရင်ရောက်နေတဲ့ ကရင့်အမျိုးသားတွေက နောက်မှ ရောက်လာတဲ့ ဒုက္ခသည်တွေရဲ့ ဘဝနေနည်းထိုင်နည်း သင်ဆရာ မြင်ဆရာပါပဲ။

ဒုက္ခသည်တွေလည်း ရာသီဥတုကို အမှီပြုပြီး အသက်ရှင်နေရပါတယ်။ ရာသီရဲ့ အသီးအနှံ့တွေကို တောတိုးပြီး ရှာကြတယ်။ အများဆုံးရတာကတော့ မျှစ်တွေပါပဲ။ ဝါးပိုးမျှစ်ကြီးဆို ဖွေးဖွေးဥဥကြီးတွေ။ များလွန်းပေါလွန်းလို့ အချင်းချင်း အပြန်အလှန် ဝေခြမ်းစားကြတယ်။ သိပ်များနေရင် ဓားနဲ့ ပါးပါးလှီးပြီး ထမင်းကြမ်းခဲနဲ့ ဆားသိပ် လေလုံအောင်ထားပြီး မျှစ်ချဉ်သိပ်ထားကြပါတယ်။ နုနုဖွေးဖွေးနဲ့ ချဉ်တာကလည်း မျက်မျက်သက်သက် လေးလေးပင်ပင်မို့ ပျဉ်းမနားမျှစ်ချဉ်ထက် ပိုကောင်းတာပေါ့။ မျှစ်ချဉ်နဲ့ ငါးခေါင်းလေးဆီ သတ်ပြီး တနေကုန် ဒုက္ခသည်မီးသွေးနဲ့ တည်ထားရင် ဟင်းအိုးထဲက မျှစ်ချဉ်နံ့က ထမင်းမြိန်စရာ။ မျောက်ဥ၊ ကတတ်ဥတွေလည်း တောထဲက ရတတ်တယ်။ သူ့အရသာက ပိန်းဥလို စီးစီးပိုင်ပိုင်နဲ့ စားလို့ကောင်းလှတယ်။ ငှက်ပျောဖူးလည်း သုတ်စားကြတာပဲ။ ငှက်ပျောဖူးကိုပြုတ်ပြီး ဆီချက်၊ ကြက်သွန်စိမ်း၊ ပဲမှုန့်၊ အချိုမှုန့်နဲ့ ရောနယ်လိုက်ရင် ဟင်းတခွက် ဖြစ်တာပါပဲ။ အဆိပ်အတောက် ဖြစ်မှာစိုးပြီး မစားရဲကြတာ။

ဒုက္ခသည်မှာ ရိက္ခာရနေတဲ့ ဒုက္ခသည်နဲ့ ရိက္ခာမရသေးတဲ့ ဒုက္ခသည် ရှိသေးတယ်။ ရိက္ခာရနေသူက ဟင်းစားဖိုးပဲ ရှာရတယ်။ ရိက္ခာမရသေးသူကတော့ အစစအရာရာ ဝယ်ခြမ်းစားရတာပေါ့။ ရေကတော့ အခုလို မိုးတွင်းဆို မိုးရေခံပြီး သောက်ကြတယ်။ ကြပ်ခိုးမိနေတဲ့ အင်ဖက်မိုးကကျတဲ့ မိုးရေကို ချက်ချင်း ရေမခံထားဘဲ အကြာကြီး ရွာပြီးမှ ခံရတယ်။ နီကျင်ကျင်မိုးရေကို မသောက်ရဲတာလည်း ပါတာပေါ့။ ဒီတော့ တချို့က ဝါးတိုင်စိုက်ပြီး ပလပ်စတစ်အမိုးလုပ်ပြီး ရေခံကြတယ်။ ရေအိတ်ဆိုလည်း ဆန်ထည့်တဲ့ ပီနံအိတ်ကို ပလပ်စတစ်ကွတ်ပြီး ဝါးလုံးနဲ့ တွဲချည်ထားရင်လည်း ရေထည့်အသုံးပြုလို့ ရတယ်။ ဒုက္ခသည်စခန်းထဲမှာတော့ ဝါးဆိုတဲ့အရာနဲ့ ကင်းလို့ကို မရတာ။

အခုလို မိုးတွင်းဆိုတာ တစိမ့်စိမ့်ရွာနေတဲ့ မိုးကိုကြည့်ပြီး တစိမ့်စိမ့် လွမ်းနေရတော့တာပါပဲ။ ဒုက္ခသည်တွေမှာ ဖိစီးမှုတွေ အမြဲရှိပါတယ်။ နေ့စဉ်စားဝတ်နေရေးနဲ့ သဘာဝရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံကာကွယ်နိုင်ဖို့ ကြိုးစားရတာကလည်း တိုက်ပွဲတခုပါ။ ဒါ့အပြင် ကိုယ့်နိုင်ငံကိုယ့်မိသားစု၊ မိဘဆွေမျိုးမိတ်ဆွေတွေနဲ့ ဘယ်တော့ ပြန်ဆုံရမလဲဆိုတဲ့ အသိကလည်း ကြေကွဲစရာ ကောင်းလှပါတယ်။ မိသားစုရဲ့ ခံစားချက်ဆိုတာ နီးကပ်မှုတွေ ချစ်ခြင်းနဲ့ ပျော်ရွှင်မှုတွေပါ ပါတယ်။

ဒုက္ခသည်စခန်းထဲမှာ အလုပ်ဘယ်လောက် လုပ်ချင်ချင် လုပ်ချင်၊ လုပ်စရာအလုပ် မရှိပါဘူး။ ဒုက္ခသည်အချင်းချင်း ဈေးရောင်း၊ အိမ်ပြိုရင်၊ အိမ်မိုးချင်ရင် လက်သမားတတ်တဲ့ သူက အလုပ်လုပ်ရတယ်။ ဒါ့အပြင် လုပ်စရာမရှိတော့ပါဘူး။ ဒီတော့ ဒုက္ခသည်တွေ တတိယနိုင်ငံက ဆွေမျိုးမိတ်ဆွေတွေဆီကို အကူအညီ တောင်းကြရပါတယ်။ ဟုတ်ပြီ ဘယ်လိုတောင်းကြသလဲ......။

အင်တာနက်ဆိုတဲ့ နည်းပညာကို အသုံးမပြုတတ်တဲ့ ဒုက္ခသည်တွေကတော့ တယ်လီဖုန်းကို အသုံးပြုကြပါတယ်။ တယ်လီဖုန်း စကားပြောခက အမေရိကန်ဆို တမိနစ် ၅ ဘတ်၊ သြော်စီ၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်ဆို တမိနစ် ၁ဝ ဘတ် ပေးရတယ်။ အင်တာနက်ကို အသုံးပြုတတ်တဲ့ ဒုက္ခသည်ကတော့ ကောင်းမှ ကောင်းပဲ။ အင်တာနက်ကနေ ဂျီတော့နဲ့ စကားပြောမယ်ဆို တနာရီမှ ၄ဝ ဘတ်ပဲ ရှိတာ။ ပြောပါလေ့ လိတ်ပတ်လယ်အောင်။

ဖုန်းဆိုင်၊ အင်တာနက်ဆိုင်တွေမှာ နေ့စဉ် လူ အမြဲရှိပါတယ်။ ဒုက္ခသည်တွေရဲ့ သောကတွေ၊ မျှော်လင့်ချက်တွေကို ဖုန်းခွက်တွေပေါ် အားကိုးတကြီးနဲ့ သွန်အန်ချကြပါတယ်။ တယ်လီဖုန်းက ဒုက္ခသည်ရဲ့ လက်ရှိဘဝကို ပျှော်ရွှင်စရာ၊ ကြည်နူးစရာ၊ ဒေါသဖြစ်စရာ၊ နာကျည်းကြေကွဲစရာဖြစ်အောင် သယ်ဆောင်ပေးရတဲ့ သက်မဲ့ပစ္စည်းပါပဲ။

ဒုက္ခသည်ဆီမှာ တခြားအတွက်သုံးဖို့ ပိုက်ဆံမရှိရင်တောင် ဖုန်းဖိုး၊ အင်တာနက်ဖိုးအတွက် ပိုက်ဆံမရှိမဖြစ် လိုပါတယ်။ ဖုန်းဆိုင်တွေမှာ မနက်စောစော ဖုန်းဆက်တယ်ဆို အမေရိကန်ကို ဆက်တဲ့သူ။ နေ့လည်ဆို နော်ဝေ။ ညဘက်ဆို အမေရိကန်။ ဘာ့ကြောင့်လဲ။ ကျမတို့နေတဲ့ နေရာက မနက်ဆို ဟိုဘက်ကည။ ဒီတော့ ကမ္ဘာ့တဖက်ခြမ်းက မိတ်ဆွေတွေ အိပ်ရေးမပျက်အောင်၊ စိတ်မငြိုငြင်အောင် သူတို့မအိပ်ခင် ဖုန်းဆက်၊ အင်တာနက်နဲ့ စကားပြောကြရပါတယ်။

ဖုန်းပြောနေတဲ့ ဒုက္ခသည်ရဲ့ အသံက ငြင်သာနူးညံ့ပြီး မျက်နှာဆို ညှိုးကျနေတော့တာ။ တဖက်လူရဲ့ အသံကို ဖုန်းစောင့်နေသူတွေ မကြားရပေမဲ့ ဒီလူအဆင်ပြေမယ်၊ မပြေဘူးဆိုတာ နားထောင်နေသူက ကိုယ့်အတွေ့အကြုံနဲ့ယှဉ်ပြီး အဖြေထုတ်နိုင်ပါတယ်။

ကမ္ဘာ့တဖက်ခြမ်းက မိတ်ဆွေက ဒုက္ခသည်ရဲ့ ဖုန်းကို မှတ်မိနေရင် သူ ငွေမပေးနိုင်သေးဘူး။ မပေးချင်ဘူးဆိုရင် မကိုင်ပါဘူး။ တူ ... တူ ... နဲ့ မြည်တဲ့အသံမှာ ပြောစရာရှိတာ ပြောခဲ့ပါဆိုတဲ့ နိုင်ငံခြား ဘာသာစကားအသံကိုလည်း ကြားရနိုင်ပါတယ်။ တခါတရံ ကိုယ်က ဆန္ဒစောပြီး ကောက်ကိုင်လို့ ဖုန်းလိုင်းမီတာ တက်သွားမှာစိုးတဲ့အတွက် တဖက်လူ အသံကြားမှ ဖုန်းဆိုင်က ကိုင်ခိုင်းပါတယ်။ အဲဒီအခါ မှာခဲ့ပါဆိုတဲ့ အသံကို ကိုယ်က နားမလည်လို့ ကောင်ကိုင်လိုက်ရင် ဘာမှ မပြောရဘဲနဲ့ ၁ဝ ဘတ်လောက် ထွက်သွားပါတယ်။

တခါတရံ တဖက်လူက ဘယ်ကဆက်မှန်းမသိလို့ ကောက်ကိုင်လိုက်ရင် ဒုက္ခသည်က ဝမ်းသာအားရနဲ့ "သူငယ်ချင်း ငါပါကွ" ဆိုပြီး နာမည်ပြောလိုက်ခါမှ ဖုန်းချသွားတာလည်း ရှိပါတယ်။ တချို့ကျတော့လည်း "ဖုန်းချလိုက်၊ ဖုန်းခကုန်မယ်၊ ဖုန်းပြန်ဆက်လိုက်မယ်" ဆိုတဲ့ ချွေးသိပ်လိုက်တဲ့ စကားကို ဒုက္ခသည်ကလည်း မျှော်လင့်ချက်နဲ့ တကယ်ထင်ပြီး ဖုန်းဆိုင်မှာ မခေါ်မချင်း ငုတ်တုပ်ထိုင်စောင့်နေတတ်တယ်။ ဖုန်းသံမြည်တိုင်း ကိုယ့်ဆီဆက်တဲ့ ဖုန်းလားဆိုပြီး မျှော်ရတာ ပဒေါင်လူမျိုးတွေလို လည်ပင်း ငွေကွင်းစွပ်လို့ ရတယ်။

ကျိန်းသေပေါက် မိဘဆွေမျိုးနဲ့တွေ့ဖို့ ချိန်းထားတဲ့ တခြားဒုက္ခသည်က ဖင်တကြွကြွဖြစ်နေတဲ့ သူ့ကို စိတ်တိုငြိုငြင်ပြီး ကြည့်မရတော့ဘူး။ နောက်ဆုံး နာရီလက်တံတွေသာ အထက်ကနေ အောက်ရောက်သွားတယ်၊ ဖုန်းမလာတော့ပါဘူး။ ဒီတော့ ဖုန်းစောင့်နေသူက ခေါင်းငိုက်စိုက်ချပြီး၊ ဖုန်းဆိုင်ကနေ လှည့်ပြန်ရတော့တယ်။ ဒါက အင်တာနက်မသုံးတတ်တဲ့ ဒုက္ခသည်ရဲ့ အဖြစ်။

အင်တာနက်သုံးတတ်တဲ့ ဒုက္ခသည်တွေကတော့ အင်တာနက်မှာထိုင်ပြီး ကိုယ့်အီးမေးလ်ထဲ ဘယ်သူများ စာပို့ထားမလဲလို့ ရင်ခုန်စွာနဲ့ ဖွင့်ကြည့်ကြရပါတယ်။ အီးမေးလ်ထဲမှာ စာရောက်နေရင် သိပ်ကို ပျော်သွားတတ်ပါတယ်။ ငွေ ရရ၊ မရရ မိတ်ဆွေသူငယ်ချင်း ရဲဘော်တွေရဲ့ စာတလုံး၊ စကားတခွန်းက ဒုက္ခသည်အတွက် စိတ်ခွန်အား ဖြစ်ရပါတယ်။ အီးမေးလ်ထဲ စာမတွေ့တဲ့အခါ မိတ်ဆွေသူငယ်ချင်းတွေဆီ စာပို့ဖို့ပြင်ရင်း ကိုယ့်ကို ကူညီနိုင်မယ့် မိတ်ဆွေ အီးမေးလ်အကောင့်က မီးလေးလင်းနေရင် ထိတ်ခနဲ ဝမ်းသာသွားပြီး ဂျီတော့နဲ့ စကားပြောရအောင် လှမ်းခေါ်ဖို့ ပြင်လိုက်တယ်။ ဒီမှာတင် လှမ်းခေါ်မယ် စိတ်ကူးနေတုန်းက တဖက်က မီးအစိမ်းရောင်လေး ပိတ်သွားပြီ။ စကားတောင် မပြောလိုက်ရပါဘူး။ နောင်ကြုံတဲ့အခါ "မင်းတို့ လိုင်းပေါ်က ဆင်းဆင်းမသွားပါနဲ့ကွာ။ ပိုက်ဆံတောင်းဖို့ မဟုတ်ပါဘူး။ သာကြောင်းမာကြောင်းလေး ပြောချင်လို့ပါ" လို့ တောင်းပန်ရတယ်။

ဒီလိုအဖြစ်အပျက်မျိုးတွေကို ပြန်ပြောပြတဲ့သူတွေနဲ့အတူ ရယ်မောရင်း၊ ဟာသလုပ်ရင်း ကျမတို့ပါ ဝမ်းနည်းနာကျင်ခဲ့ရဖူးတယ်။

မတူကွဲပြားခြားနားတဲ့သူတွေနဲ့ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ စကားတွေ ဒုက္ခသည်စခန်းထဲမှာ ဘာ့ကြောင့် ကျယ်ကျယ်လောင်လောင် ကြားရပါသလဲ။ ဒုက္ခသည်ဘဝမှာ ကိုယ့်ကိုယ်နဲ့ သူများစိတ် နေရပါတယ်။ ကိုယ့်ရဲ့ ရှေ့အနာဂတ်ခရီးကို ကိုယ်မပိုင်ပါဘူး။

ကိုယ့်ရဲ့ ရှေ့ခရီးဟာ မျှော်မှန်းထားတဲ့ လတွေ၊ နှစ်တွေထက် ပိုမိုကြာရှည်လာတဲ့အခါ၊ ဘာမှမထူးခြားလာဘဲ ငြိမ်သက်နေတဲ့အခါ လက်ရှိဘဝရဲ့ ခါးသီးတဲ့ဒုက္ခက ပိုလို့ကြီးမားလာပါတယ်။

ဒီအခါမှာ အိမ်တွင်းရေး ပဋိပက္ခတွေ နေ့စဉ်လို ရှိလာတယ်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း ဆက်ဆံရေးတွေ ထိလွယ်၊ ရှလွယ်ဖြစ်လာပါတယ်။ လူဆိုတာ အကျဉ်းအကျပ်ထဲ ရောက်လာရင် ထွက်ပေါက်ရှာချင်ကြတာ သဘာဝပါပဲ။ ဒါကြောင့်လည်း စိတ်ကုထုံးတွေနဲ့ နှစ်သိမ့်ပညာပေး ဆွေးနွေးပွဲတွေ အခေါက်ရေ စိပ်စိပ်လုပ်လာရတယ်။ ဒီကြားထဲကပဲ စခန်းအပြင်ဘက်က အရက်ဆိုင်ပိုင်ရှင် ကားဝယ်နိုင်သွားပါတယ်။

ကျမတို့ ဒုက္ခသည်တွေ လက်ရှိဘဝက လွတ်မြောက်ဖို့ တယောက်နဲ့ တယောက် တွေ့ရင် ဘာထူးလဲ၊ ဘာကြားလဲဆိုပြီး မေးကြတာ အလေ့အကျင့် ဖြစ်နေပါပြီ။ ဒီအခါမှာ သတင်းဆိုတာအမျိုးမျိုး။ စကားအပို၊ စကားအကားတွေလည်း ရှိလာတယ်။ သတင်းမှားနေရင်လည်း ဘယ်သူ့ ဘယ်သူမှ စိတ်မဆိုးနိုင်ကြပါဘူး။ သတင်းတွေက ကျမတို့အတွက် မရှိမဖြစ် အရာမို့လား။

ကျမတို့ကို ခိုလှုံခွင့် ပေးထားတဲ့ အိမ်ရှင်နိုင်ငံရဲ့ သတင်း၊ ကမ္ဘာ့သတင်း၊ ဒုက္ခသည်စခန်းထဲက နေ့စဉ်ဖြစ်ပျက်နေတဲ့ သတင်း၊ ရှေ့ခရီးအတွက် သတင်း - ဒီသတင်းတွေနဲ့ ကျမတို့ နေ့စဉ် ရှင်သန်နေရပါတယ်။ စိတ်အားတက်ကြွစရာ သတင်းကြားရင် လူက လန်းဆန်းသွားပြီး ကြည်လင်သွားတယ်။ စိတ်ထိခိုက်စရာ သတင်းကြားရင်လည်း ပုံကျသွားလိုက်တာ အတော်နဲ့ နာလန်မထူကြပါဘူး။ ဒုက္ခသည်စခန်းထဲက ပုဂ္ဂလိက သတင်းတွေကလည်း တဦးပိုင်မဟုတ်ပဲ အများနဲ့ဆိုင်တဲ့ သတင်းတွေလည်း ပါလာတတ်ပါတယ်။

တတိယနိုင်ငံကို မိသားစုအရင်းတွေထဲက အရင်ထွက်သွားနှင့်သူတွေရဲ့ နယ်မြေသစ်က အတွေ့အကြုံကို မိသားစုကို လှမ်းပြောကြတယ်။ ဘာသာစကားအခက်အခဲနဲ့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် အလုပ်ရှာမရတဲ့အကြောင်း၊ အလုပ်မရွေးဘဲ လုပ်နိုင်ဖို့ ကျန်းမာရေးကောင်းမွန်ဖို့ လိုကြောင်း၊ ဒီသတင်းတွေ ကြားပြီး မနက်စာ မနက်၊ ညစာ ည ရှာစားနေရတဲ့သူတွေလည်း အင်္ဂလိပ်စာ-အင်္ဂလိပ်စာ-အမေရိကန် အသံထွက်ဆိုတဲ့ အသံတွေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်ပြီး အင်ဖက်မိုး၊ ဝါးခင်း၊ ဝါးကာထဲက အင်္ဂလိပ်စာသင်တဲ့ အသံတွေ ဟိုက၊ ဒီက နေ့ည ထွက်လာပါတော့တယ်။

ဒုက္ခသည် အိမ်ရှင်မတွေကလည်း သတင်းတွေထူးလာဖို့ သူတို့ယုံကြည်ရာနဲ့ သူတို့ ကြိုးစားပြန်ပါတယ်။ ဒုက္ခသည်စခန်းထဲက မြေကြီးတွေများ ဘာအပင်စိုက်စိုက် သန်သန်မာမာနဲ့ အားရပါးရ သီးတတ်ပွင့်တတ်ပါတယ်။ တမင် စိုက်ပျိုးစရာမလိုဘဲ လှီးချွတ်ဆေးကြောရင်း ကျသွားတဲ့အစေ့က အပင်ထပေါက်ရင်တောင် ရှင်သန်ကြီးထွားတဲ့ မြေမျိုးပါ။ ဒီတော့ ငရုတ်၊ ဖရုံ၊ သင်္ဘောပင်ဆိုတာ မြေလွတ်ရှိတဲ့ အိမ်တွေမှာ တွေ့ရပါပြီ။ အခုတော့ အိမ်ရှေ့က သင်္ဘောပင်တွေ သိပ်မရှိတော့ဘူး။ ဘုန်းကြီးတပါးက ပြောတယ်။ "အိမ်ရှေ့မှာ သင်္ဘောပင်ရှိရင် ကိုယ်သွားမယ့်ခရီး ကြန့်ကြာတယ်တဲ့"။

ဘာပြောကောင်းမလဲ။ နေ့စဉ်မြင်တွေ့နေရတဲ့ သင်္ဘောပင်လေးတွေ တဖြုတ်ဖြုတ်နဲ့ ပျောက်ကုန်တော့တာ။ ကိုယ့်သဘောနဲ့ကိုယ် ခုတ်နိုင်တဲ့ သြဇာရှိပေမယ့် တချို့အိမ်ရှင်မတွေကတော့ ခေါင်းမာတဲ့ အိမ်ထောင်ဦးစီးကို ဥပါယ်တံမျှင်နဲ့ "သင်္ဘောပင် လေတိုက်လို့ လဲသွားပြီ" ဆိုပြီး မြေလှန်လိုက်ရတာပါပဲ။ သင်္ဘောပင်ခုတ်လိုက်လို့ "ဘယ်သူတော့ လက်ခံစာရပြီ"၊ "ဘယ်ဝါတော့ ထွက်ဒိတ်ကျပြီ" ဆိုတဲ့ စကားတွေကလည်း ဒုက္ခသည်အတွက်တော့ စိတ်ခွန်အားတမျိုးပါပဲ။

ဒုက္ခသည်စခန်းထဲမှာ ရင်နဲ့အမျှ ကြေကွဲစရာကောင်းလှတဲ့ နေ့စွဲတွေနဲ့ တထိတ်ထိတ် ရုန်းကန်ခဲ့ရတဲ့သူတွေထဲက တတိယနိုင်ငံ ထွက်ခွာသွားမယ့် မိတ်ဆွေတွေကို စခန်းထဲမှာ နေရဦးမယ့် သူတွေက လိုက်ပို့ကြပါတယ်။

နီရဲနေတဲ့ နို့ဖိုးမြေကြီးကို သူတို့ ထပ်ထိစရာအကြောင်း မရှိတော့ပါဘူး။ မဲဆောက်ကိုသွားမယ့် ကားပြာကြီးရဲ့ စက်နှိုးသံက တတိယနိုင်ငံကို ထွက်ခွာသွားမယ့် ဒုက္ခသည်ကို ဒုက္ခသည်စခန်းထဲက ဆွဲထုတ်လိုက်တဲ့ အသံဖြစ်ပြီး၊ ကျန်ခဲ့တဲ့ ရဲဘော်မိတ်ဆွေများအတွက်တော့ ခွဲခွာခြင်းဆိုတဲ့ အချက်ပေးသံလည်း ဖြစ်ပါတယ်။

ကားပြာကြီးပေါ်ကို တက်သွားသူရဲ့ ပေါ့ပါးလွတ်လပ်သွားတဲ့ စိတ်၊ ကိုယ်နှုတ်အမှုအယာက လိုက်ပို့သူတွေဆီပါ တဒင်္ဂကူးစက်သွားပါတယ်။ ကျန်ခဲ့တဲ့သူတွေကတော့ မျက်ရည်တွေနဲ့ စကားဆိုရင်း လွမ်းဆွေးအားငယ်လို့ ကျန်ခဲ့ပါတယ်။

နို့ဖိုးတောတောင်ဝန်းကျင်မှာ လမ်းအတူလျှောက်ခဲ့၊ ရေအတူထမ်းခဲ့၊ ထင်းအတူကောက်ခဲ့၊ ရာသီအလိုက် အသီးအနှံတွေ ရှာဖွေခဲ့၊ ရိက္ခာ အတူထုတ်ခဲ့၊ လာ ဟူး ကြာ ဈေးနေ့ကို အတူသွားခဲ့၊ ဒုက္ခကို အတူမျှဝေခံစားခဲ့တဲ့ အရင်းအနှီးဆုံး လူတွေကို ကားပေါ်ကလူတွေက လက်ဆွဲနှုတ်ဆက်ရင်း "ဟိုရောက်ရင် မုန့်ဖိုးပေးလိုက်မယ်" ... တဲ့။

ဟုတ်ကဲ့။ ဒုက္ခသည်စခန်းမှာ ကျန်ခဲ့တဲ့သူတွေကလည်း မျှော်ကြပါတယ်။ ဒါပေမဲ့ ..... ဒါပေမဲ့ပေါ့။ ကမ္ဘာ့စီးပွားရေးကပ်ကြီးက အားလုံးကို ထိခိုက်စေခဲ့ပါတယ်။

ဒုက္ခသည် စခန်းထဲမှာတော့ အင်တာနက်၊ ဖုန်းလိုင်းတွေ ဒုန်းဆိုင်းနေတုန်းပါပဲ။

0 comments:

Post a Comment