Saturday 19 September 2009

လွတ်ငြိမ်းချမ်းသာခွင့်ကို မကျေနပ်မှုများကြားမှ ဦးဝင်းတင် ကြိုဆို

မုံပီး
စနေနေ့၊ စက်တင်ဘာလ 19 ရက် 2009 ခုနှစ် 15 နာရီ 14 မိနစ်

ဝါရင့် နိုင်ငံရေးသမားတဦးက နိုင်ငံရေး အကျဉ်းသား အနည်းငယ် လွှတ်ပေးခြင်းကို ကြိုဆိုလိုက်ပြီး ဤမျှနှင့် မလုံလောက်သေးကြောင်းနှင့် နိုင်ငံရေးသမားများ လွှတ်ပေးခြင်းအား ဖိအားများ လျော့ပါး သက်သာစေရေးအတွက် စစ်အစိုးရက ပရိယာယ်တရပ်အဖြစ် သုံးစွဲနေခြင်းကို ဝမ်းနည်းကြောင်း ပြောကြားလိုက်သည်။

`အရေအတွက် နည်းပေမယ့် နိုင်ငံရေး အကျဉ်းသား ဘယ်လောက် လွတ်လာလွတ်လာ ကျနော် ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒါနဲ့တော့ မလုံလောက်သေးဘူးပေါ့ဗျာ´ ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အလုပ်အမှုဆောင် ကော်မတီဝင်နှင့် နိုင်ငံရေး အကျဉ်းသမားဟောင်း ဦးဝင်းတင်က ပြောသည်။

အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးကြောင်း စစ်အစိုးရက ကြာသပတေးနေ့တွင် ကြေညာခဲ့ပြီး၊ သောကြာနေ့က အကျဉ်းသား ၁၀၀၀ ကျော် စတင်လွှတ်သည်။ ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသား ၄၃ ဦး ပါသည်ဟု ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP-B) ၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ လွှတ်ပေးလိုက်သူများထဲတွင် ၂၀၀၈ ခုနှစ်က နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များကို ကူညီခဲ့၍ အဖမ်းခံရသည့် သတင်းစာဆရာ နှစ်ဦးလည်း ပါဝင်သည်။ သို့သော် ၂၀၀၇ စက်တင်ဘာ ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့် ထင်ရှားသော ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် မင်းကိုနိုင်နှင့် သံဃာတော်များ ပါဝင်လာခြင်း မရှိသေးပါ။

သတင်းရပ်ကွက်များ၏ အဆိုအရ လွတ်ငြိမ်းချမ်းသာခွင့်အရ လွှတ်ပေးသူများထဲတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၅၀ ခန့် ပါဝင်လိမ့်မည်ဟု ဆိုသည်။ ဦးဝင်တင်ကမူ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ အားလုံး မလွတ်မြောက်မချင်း ဤကိစ္စသည် လက်ခုပ်လက်ဝါးတီး ကြိုဆိုစရာ မဟုတ်ဟု ပြောဆိုလိုက်ပါသည်။

`မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသားတွေက အများကြီး ရှိနေတာ။ သူတို့က အတားအဆီးကြီး တခုလို ဖြစ်နေတာ။ ပြဿနာ ဖြေရှင်းဖို့ ဆိုရင် အစိုးရက ပထမအဆင့် အနေနဲ့ သူတို့ အားလုံးကို အရင်လွှတ်ပေးဖို့ လိုတယ်´ ဟု ဦးဝင်းတင်က ပြောသည်။

မြန်မာပြည်တွင် နိုင်ငံရေး အကျဉ်းသားမရှိကြောင်း မြန်မာစစ်အစိုးရက တလျှောက်လုံး ငြင်းဆိုနေခဲ့သည်။ သို့သော် ဦးဝင်းတင်ကမူ ထိုသို့ပြောဆိုခြင်းသည် စစ်အစိုးရ မည်မျှ အသိဥာဏ်နည်းကြောင်း ပြသနေခြင်းသာဖြစ်၍ ရှက်ဖွယ်ပင် ဖြစ်သည်ဟု ပြောသည်။ တနိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားများ အကျဉ်းချခံနေရသည်မှာ အားလုံးအသိပင် ဖြစ်သည်ဟု သူက ပြောသည်။

`ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး အကျဉ်းသားလို့ မခေါ်ရင် ဘာလို့ သူ့ကို ဖမ်းချုပ် ထိန်းသိမ်းထားတာလဲ။ ဒီလိုဘဲ ဦးခွန်ထွန်းဦးနဲ့ တခြား ကျောင်းသား ခေါင်းဆောင်တွေလည်း ရှိသေးတယ်´ ဦးဝင်းတင်က ပြန်လည် မေးခွန်း ထုတ်သွားခဲ့သည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲများတွင် ပါဝင် ဆောင်ရွက်နိုင်ရန်အတွက် အစိုးရက အကျဉ်းသားများကို လွှတ်ပေးရန် စီစဉ်လျက်ရှိသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ဇူလိုင်လတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြောကြားခဲ့သည်။

အစိုးရ၏ မြန်မာ့ ရုပ်မြင်သံကြားဌာနကမူ `လူသားချင်း စာနာသည့် အနေနှင့်၎င်း၊ မိသားစုများအတွက် ထည့်သွင်း စဉ်းစားပေးသည့် အနေနှင့်၎င်း၊ အကျဉ်းသား စုစုပေါင်း ၇၁၁၄ ဦး၏ ပြစ်ဒဏ်များကို ရပ်စဲ၍ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တနိုင်ငံလုံးရှိ အကျဉ်းထောင်များမှ လွှတ်ပေးမည်ဖြစ်ကြောင်း၊ အစိုးရ၏ မေတ္တာ စေတနာတို့ကို သိမြင်နားလည်၍ မိမိအကျိုးအတွက်၎င်း ဒေသအကျိုးအတွက်၎င်း ပါဝင်ဆောင်ရွက်ခွင့် ရနိုင်စေရန် ရည်ရွယ်၍ လွှတ်ပေးခြင်းဖြစ်သည်´ ဟု ကြေညာပြောကြားသွားခဲ့သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အတွင်းရေးမှူးဖြစ်သူ ဦးအေးသာအောင်ကမူ လွှတ်ပေးလိုက်သော နိုင်ငံရေး အကျဉ်းသားဦးရေမှာ အလွန်နည်းနေသည့်အတွက် မြန်မာနိုင်ငံ၏ ရှည်ကြာလှပြီဖြစ်သော နိုင်ငံရေးအရ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေမှုကို စစ်အစိုးရ ဖြေရှင်း အဖြေရှာလိုသည့် ဆန္ဒကို ပြသခြင်းမရှိဟု ပြောဆိုလိုက်သည်။

`အစိုးရကသာ အဖြေရှာချင်တဲ့ ရည်ရွယ်ချက် ရှင်းရှင်းလင်းလင်းရှိရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမှာပေါ့။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့အိမ်မှာ အကျယ်ချုပ် ချထားတယ်။ တခြားသူတွေကလည်း ထိန်းသိမ်းခံနေရတုန်းပဲ´ ဟု သူက ဆက်လက်ပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် စက်တင်ဘာလအတွင်းကလည်း အကျဉ်းသား ၉၀၀၀ ကျော်လွှတ်ပေးခဲ့ပြီး ထိုအထဲတွင် ထင်ရှားသည့် အတိုက်အခံ ခေါင်းဆောင်ဖြစ်သူ ဦးဝင်းတင် အပါအဝင် နိုင်ငံရေး အကျဉ်းသား အနည်းငယ် ပါဝင်ခဲ့သည်။ တဖန် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလကလည်း အကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်ခဲ့သည်။

စစ်အစိုးရ၏ လွတ်ငြိမ်း ချမ်းသာခွင့်သည် နိုင်ငံရေး အကျဉ်းသားများအတွက်သာ ဖြစ်သင့်ကြောင်းနှင့် ဤသို့ မဟုတ်လျှင် လူ့အခွင့်အရေး ရှုဒေါင့်မှကြည့်ပါက မည်သည့် ထူးခြားမှုမျှ မရှိကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့မှ မြန်မာ့အရေး သုတေသီ Benjamin Zawacki က မဇ္ဈိမကို ပြောသည်။

သောကြာနေ့က အကျဉ်းသား ၁၀၀၀ ကျော်မျှသာ လွှတ်ပေးခဲ့ပြီး စနေနေ့နှင့် နောက်နေ့များတွင် ဆက်လက် လွှတ်ပေးမည်ဟု သိရသည်။(မဇ္ဈိမ)

(ဆလိုင်းဟံသာစန်း ဖြည့်စွက် သတင်းပေးပို့သည်)

0 comments:

Post a Comment