Tuesday 29 September 2009

ယနေ့ချင်းလူငယ်များသို့ . . .

စာရေးသူ။ ။စတီဗင်ကျင့်ဇာခိုင် (Cosmo)

ကမ္ဘာမှာ ထင်ပေါ်ကျော်ကြားတဲ့ လူတစ်ယောက် ပေါ်ပေါက်လာတယ်ဆိုရင် ဒီပုဂ္ဂိုလ်က ဘာလူမျိုးလဲ၊ ဘယ်နိုင်ငံ ကလဲလို့ မေးလေ့ရှိကြတယ်။ မြန်မာပြည်မှာလဲ ဘယ်မြို့ကလဲ။ ဘာလူမျိုးလဲလို့မေးကြပါတယ်။ ဒီလိုမေးတာကို ထောက်လိုက်တော့ လူမျိုးဆိုတာ အရေးကြီးမှန်းသတိရလာကြမှာဖြစ်ပါတယ်။ ဒါ့အပြင် လူမျိုးရယ်လို့ ဖြစ်လာရင်လဲ လူဦးရေများဖို့က သိပ်အရေးကြီးတယ်။ အဲဒါကြောင့် ရှေးလူကြီးသူမတွေက “အရေအတွက်များတော့ အနိုင်ရစေတယ်။ အရေအတွက်များတော့ စားသောက်ရပ်တည် နိုင်တယ်” လို့ ပြောကြတယ်။

မှန်လေစွ၊ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ကြီးပွားမှု အတွက်လည်းပဲ လူဦးရေ အတော်အသင့်ရှိဖို့လိုအပ်ပါတယ်။ မလေးရှား၊ စင်ကာပူတို့ နိုင်ငံခြားသားအလုပ်သမားခေါ်ရခြင်းက နိုင်ငံတွင်းအလုပ်သမားလိုအပ်ချက် (demand) ကို ၎င်းင်းတို့ နိုင်ငံသားတွေနဲ့ လုံလောက်အောင်ဖြည့်ဆည်း (supply) မပေး နိုင်လို့ဘဲ ဖြစ်ပါတယ်။

ခေတ်မှီတိုးတက်ပြီးသော နိုင်ငံအချင်းချင်းမှာ တောင်မှ လူဦးရေများတဲ့ နိုင်ငံဟာ လူဦးရေ နည်းတဲ့ နိုင်ငံထက် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စစ်ရေး၊ အဖက်ဖက်မှာ အခွင့်အရေး သာလွန် စမြဲရှိနေတာတွေရပါတယ်။ စီးပွားရေးကဏ္ဍမှာ ကြည့်မယ်ဆိုရင် ဥပမာ လူဦးရေ (၂၂) သန်းသာရှိတဲ့ မလေးရှားနိုင်ငံက လူတိုင်းကြိုက် လူတိုင်းအသုံးတည့်တဲ့ တစ်ဒေါ်လာတန် ပစ္စည်းတစ်ခု ထုတ်လုပ် တယ်ဆိုပါစို့၊ အဲဒီပစ္စည်းကို တစ်နိုင်ငံလုံးရှိ လူတိုင်းဝယ်ပါမှ ဒေါ်လာသန်းပေါင်း (၂၂)သန်းပဲ ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ ဒီပစ္စည်းကိုပဲ အမေရိကန်က ထုတ်လုပ်ပြီး အမေရိကန် နိုင်ငံသားတိုင်းဝယ်ယူအားပေးကြမယ်ဆိုရင် သူတို့နိုင်ငံမှာတင် ဒေါ်လာသန်းပေါင်း (၂၇၅) လောက်ရမယ်။

ဘယ်လိုပဲဖြစ်ဖြစ် မလေးရှားနိုင်ငံက အားကျမခံ အမေရိကန်ရတဲ့ ငွေပမာဏကို ရချင်တယ်ဆိုရင် မြန်မာအပါအ၀င် အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဘရူးနိုင်းနှင့် ဖိလိပိုင်နိုင်ငံတို့နဲ့ သဘောတူညီမှုတစ်ခုလုပ်ပြီး လူတိုင်းကို ၀ယ်ခိုင်းမှာပဲ အမေရိကန် နိုင်ငံအတွင်း ရောင်းရငွေပမာဏကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူမျိုးတစ်မျိုးမှာ လူဦးရေ အတော်အသင့်ရှိဖို့ အရေးကြီး ပါတယ်။

လူမှုရေးမှာ ပြန်ကြည့်တဲ့အခါမှာလဲ ဒီနေ့ကမ္ဘာမှာ လူဦးရေများတဲ့ လူမျိုးကြီးတွေက လူဦးရေနည်းတဲ့ လူနည်းစုများကို စိုးမိုးခြယ်လှယ်ရင်း တဖြည်းဖြည်းဝါးမျိုးကာ လူမျိုးငယ်များ ပျောက်ကွယ်သွားတဲ့ အဖြစ်အပျက်များ ကြားဖူးပါလိမ့်မည်။ အဲဒါ ကြောင့် ခေတ်မီပြီး တရားမျှတမှုရှိတဲ့ နိုင်ငံများမှာ အဲဒီလိုအဖြစ်မျိုး နောက်ထပ်မကြုံရလေ အောင် လူမျိုးငယ် (သို့မဟုတ်) လူနည်းစုကို အကာအကွယ်ပေးတဲ့ အက်ဥပဒေများ ပြဋ္ဌာန်းခဲ့ကြရတာ ဖြစ်ပါ တယ်။

မြန်မာ့သမိုင်းကို ပြန်လှန်ကြည့်မယ်ဆိုရင် ဟိုး(၉)ရာစု ခေတ်တုန်းက ကိုယ့်ထီးကိုယ့်နန်းကိုယ်နယ်မြေနဲ့ နန်းစံခဲ့ကြတဲ့ ပျူလူမျိုးတို့ဟာ အခုအချိန်မှာ မယုံကြည်နိုင်လောက်အောင် မျိုးတုံး ကွယ်ပျောက်သွားတာအားလုံး အသိပဲ မဟုတ်လား။ စာရေးသူနှင့် သူငယ်ချင်းတစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက ပုဂံမြို့ကို လေ့လာရေးအဖြစ် အလည်တစ်ခေါက် ရောက်ခဲ့တယ်။ ပုဂံမှာရှိတဲ့ ရှေးမြန်မာမင်းများ တည်ထောင်ခဲ့တဲ့ မရေတွက်နိုင်လောက်အောင် များပြားတဲ့ စေတီပုထိုးများ၊ တွေ့ခဲ့ရပါတယ်။ အဲဒီမှာ ထူခြားတာ တစ်ခုက မြစေတီကျောက်စာကို ပျူ၊ မွန်၊ ပါဠိနှင့် မြန်မာ ဘာသာ စကား (၄) မျိုးဖြင့် ရေးသားထားတာ တွေ့ရတော့ ဟိုခေတ် ဟိုအခါက ပျူစာပေ၊ ပျူယဉ်ကျေးမှုလဲ ထွန်းကားနေတယ်ဆိုတာ သိခဲ့ရတယ်။

ဒါနဲ့ ပျူတို့ရဲ့အကြောင်း သိချင်တာနဲ့နယ်ခံလူ တစ်ယောက်ကို ပုဂံမှာ ပျူလူမျိုးတွေ တော်တော်ရှိသေးလားလို့ စပ်စုလိုက်တော့ ပုဂံမြို့ဟောင်းမှာ တစ်အိမ်နှစ်အိမ်လောက်ပဲ ရှိပါတော့တယ်လို့ ပြောလိုက်တာကြားရတော့ ရင်ထဲမှာအတိုင်းမသိ ၀မ်းနည်းမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးတချိန်တုန်းက ကိုယ်စာပေ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ မင်းဆက် (dynesty) တောင် တည်ထောင်နိုင်ခဲ့တဲ့ ပျူလူမျိုးတို့ဟာ ဒီကနေ့ ပျောက်ကွယ်သွားနိုင်ခဲ့ရင် ကျွန်တော်တို့ ချင်းလူမျိုးတွေ လည်း စာပေနှင့် ယဉ်ကျေးမှုကို မထိန်းသိမ်းခဲ့ဘူးဆိုရင် …ဆိုတဲ့ အတွေးက စာရေးသူရင်ထဲမှာ မခေါ်မဖိတ်ပဲ နာဂစ် လေမုန်တိုင်း ထက် ပြင်းထန်တဲ့အရှိန်အဟုန်နဲ့ ၀င်လာခဲ့ပါတော့တယ်။

ဟုတ်ကဲ့။ ဒါ့ကြောင့် အခုကျွန်တော်တို့ ချင်းလူမျိုးတွေ ရဲ့အကြောင်း သိသလောက် ဆွေးနွေးကြရအောင်။
အရှိုချင်းများအပါအ၀င် တောင်ပေါ်ဒေသနှင့် မြန်မာနိုင်ငံရှိ အခြားဒေသများမှာ နေထိုင်တဲ့ချင်းလူမျိုး အားလုံး ပေါင်းမှ လူဦးရေ (၁) သန်းလောက်ပဲရှိတယ်ဆိုတာ သိရပါတယ်။ မြန်မာနိုင်ငံလူဦးရေ (၅၅) သန်းနဲ့ နှိုင်းယှဉ်လိုက်ရင် အလွန်ပဲ နည်းပါး သေးတာ တွေ့ရပါလိမ့်မယ်။ လောကမှာ နည်းပါးတဲ့ပစ္စည်း၊ ရှားပါးတဲ့ပစ္စည်းများကို လူတွေက အလွန်တန်ဖိုးထားပြီး ဈေးကြီးကြီးပေးကာ ရိုရိုသေသေ ကိုင်တွယ်ထိန်းသိမ်းတတ်ကြ ပါတယ်။ အဲဒီလိုပဲ လူဦးရေ အလွန်နည်းပါးသေးတဲ့ ကျွန်တော်တို့ ချင်းလူမျိုးတွေဟာလဲ အမိဇလပ်မြေရဲ့ အဖိုးတန် ရတနာများ ဖြစ်ကြပါတယ်။ အဲဒီအဖိုးတန်ရတနာတွေကို လမ်းမှားသို့ မရောက်၊ မပျက်မစီး၊ မပျောက်မရှ။ မဆုံးရှုံးရလေအောင် ထိန်းသိမ်းဖို့ က ဒီကနေ့ ကျွန်တော်တို့ အားလုံးရဲ့ သမိုင်းပေးတာဝန်ပါပဲ။ (အဲဒီရတနာတွေအတွက် ကမ်းလင့်ထားတဲ့ မင်းရဲ့လက်တွေဟာ အဖိုးတန်ရတနာတွေရဲ့ အနာဂတ်ကို ထုဆစ်ခွင့်ရစေမယ့်၊ ရွှေလက် တစ်စုံဖြစ်နေတယ်ဆိုတာ မမေ့ပါနဲ့)

အဲဒီတော့ “မြန်မာနိုင်ငံသားအားလုံးတွင် လွတ်လပ်စွာ ယုံကြည်ခွင့်နှင့် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရန် တူညီအခွင့်အရေး များရှိသည်” ဆိုတဲ့ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့လိုပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ကမှ မထိန်းသိမ်းရင် ဘယ်သူကလာပြီး ထိန်းသိမ်းပေးမှာလဲ။ ဒီနေရာမှာ “ကိုးကွယ်တဲ့ဘာသာကို ပြောင်းလို့ရတယ် လူမျိုးကို ပြောင်းလို့မရဘူး” လို့ ခဏခဏ တဖွဖွပြောတဲ့ သူငယ်ချင်းအဆိုတော် လိန်တောင်ကမ်းခင်းရဲ့ ဒဿနကို သတိရမိတယ်။ အရမ်းမှန်ပါတယ်။ ကျွန်တော်တို့ ကိုးကွယ်တဲ့ဘာသာပြောင်းလို့ရပေမယ့် အင်္ဂလိပ်လူမျိုး၊ အမေရိကန်လူမျိုး ဖြစ်ချင်လို့မရဘူး၊ ချင်းလူမျိုးဟာချင်းလူမျိုးပါပဲ။ အဲဒါကြောင့် မျိုးချစ်စိတ်နှင့် ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုတို့ကို ကိုယ်ကပဲထိန်းသိမ်းပြီး ကိုယ်လူမျိုး တိုးတက်လာအောင် လုပ်ရမှာဖြစ်ပါတယ်။ တကယ်လို့ မထိန်းသိမ်းခဲ့ဘူးဆိုရင် နောင်တစ်ချိန်မှာ သမိုင်းထဲက ပျူလူမျိုးတို့လို စာပေ၊ ယဉ်ကျေးမှုနဲ့ လူမျိုးပါ ကွယ်ပျောက် မသွားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ?။

ဒီတော့ လူမျိုးအပျောက်ခံနိုင်သလားလို့ မေးခဲ့ရင် အားလုံးကအဖြေ တစ်ခုတည်းထွက်မယ်လို့ လုံးဝယုံကြည်ပါတယ်။ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ချင်းလူမျိုးများ ကမ္ဘာတည်သရွေ့ ရှင်သန်တည်ရှိနေဖို့ သေချာတာတစ်ခုကတော့ သမိုင်းထဲက အဖြစ်အပျက်ကို သင်ခန်းစာယူပြီးသကာလ “မြေမျို၍ လူမျိုးမပြုတ်၊ လူမျို၍ လူမျိုးပြုတ်သည်” ဆိုတဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ ဆောင်ပုဒ်ကို နှလုံးသွင်းရင်း အထက်ကဆိုခဲ့တဲ့ နိုင်ငံတော်ရဲ့ လမ်းညွှန်မှုနဲ့အညီ ကိုယ့်လူမျိုးနှင့် ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းကာ ချင်းလူမျိုးဆိုတဲ့ အမည်အောက်မှာ ချင်းမြို့နယ်အုပ်စု၊ မျိုးနွယ်စု အသီးသီး အင်ပြည့်အားပြည့်ပါဝင်ဖို့၊ ပြီးတော့ ချင်းလူမျိုးတိုးတက် များပြားအောင် လုပ်ဖို့ပါဘဲ။ဒါကို ယနေ့ချင်းလူငယ် မောင်မယ် တွေက ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တယ်။

ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမဂ္ဂဇင်းမှကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment