Thursday 24 September 2009

ဆန္ဒ

ဆလိုင်းဆွန်ကျဲအို

ဆောင်းရာသီရောက်ပြီ တောင်ပေါ်ပန်းချယ်ရီလေးရယ်
အချိန်တန်လှပြီ ပွင့်လာပါတော့ …
ဆောင်းနေကုန်သွားယင် … နွေဟာပြင်းထန်လာလိမ့်မယ်
အချိန်တွေမနှောင်းခင်မှာ … ပွင့်လာပါတော့
ပန်မည့်နေ့ကို မျှော်မှန်းပြီး စောင့်ပါမယ်
ပွင့်ပါတော့ ချယ်ရီပင်လေးရယ် …။

ညအမှောင်ကြားမှာ တောင်ယာလမ်းတွေကွယ်ပျောက်နေ
စန္ဒာလမင်းရယ် ထွက်လာပါတော့ …
မင်းသာ မသာခဲ့ယင် တောင်ယာလမ်းတွေ အမှောင်ကျမယ်
အချိန်တွေမနှောင်းခင် ထွက်လာပါတော့ …
သာမည့်ညကို မျှော်မှန်းပြီး စောင့်ပါ့မယ်
ထွက်ပါတော့ စန္ဒာလမင်းရယ် … ။

လင်းအရုဏ်ဦးပြီ တောင်ပေါ်သား လူပျိုလေးရယ် …
အချိန်တန်လှပြီ ထလာပါတော့ …
အိပ်ရာ ခုတင်ထက်မှာ အပိုအိပ်မက် ယောင်မနေနဲ့လေ
အချိန်တွေ မနှောင်းခင် ထလာပါတော့ …
ယာခင်းထဲကို ယာခုတ်ဖို့သွားရမယ်
ထပါတော့ သြော် လူပျိုကလေးရယ် … ။

(ကွယ်လွန်သွားခဲ့ပြီးဖြစ်သော ချင်းတိုင်းရင်းသား တေးသံရှင် ဆလိုင်းဆွန်ကျဲအို(၁၉၅၂-၂၀၀၄) ၏ လက်ရာ ကဗျာတစ်ပုဒ်ဖြစ်သည်)
၁၉၈၄-၈၅၊ ချင်းမဂ္ဂဇင်း (တက္ကသိုလ်များ – ရန်ကုန်) နောက်ကျောဖုံးကဗျာ



Type the rest of your post here.

0 comments:

Post a Comment