Saturday 3 October 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံ

NEJ / ၃ အောက်တိုဘာ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ (၃) ရက် ယနေ့ နေ့လယ်ပိုင်းတွင် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ နေ့လယ် (၁) နာရီခန့်တွင် တွေ့ဆုံခြင်းဖြစ်ပြီး (၄၅) မိနစ်ကြာခန့် တွေ့ဆုံခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံသည့်ကိစ္စနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “ကျနော်တို့ သေချာတော့မသိဘူး။ ထင်မြင်ချက်ပေးရရင်တော့ မကြာခင်က တိုက်ရိုက် ဗိုလ်ချုပ်မှူးကြီးဆီ ရေးတဲ့စာနဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်တယ်။ ဆန်ရှင်ကိစ္စပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာ (၂၅) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးသားပေးပို့ခဲ့သည်။

အဆိုပါစာတွင် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများအားလုံးကို သိရှိနားလည်စေရေး၊ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိရှိနားလည်စေရေးနှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်နေသည့် နိုင်ငံအစိုးရများ၏ သဘောထားကို သိရှိနားလည်စေရေးကို ဦးစွာဆောင်ရွက်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက “ဒေါ်စုတောင်းထားတဲ့အချက် ရှိတယ်လေ။ ဆန်ရှင်နဲ့ပတ်သက်တဲ့ကိစ္စတွေကို စဉ်းစားကြဖို့ အဓိကအချက် (၃) ချက်ကို တောင်းထားတယ်။ အဲဒီအကြောင်းအရာတွေကိုပဲ စကားပြောဖို့ဖြစ်မှာပါ။ မှန်းဆလို့ရတာပေါ့လေ။ ဆန်ရှင်ရုပ်သိမ်းရေးကိစ္စကို အချက်အလက်တွေရနိုင်အောင် နအဖနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားပါတယ်ဆိုတဲ့ စာထုတ်ပြန်ပြီးတဲ့နောက်မှာ တရားဝင်စာပို့တာရော ကျနော်တို့အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်တာရော၊ ပတ်ပလစ်ကိုရော၊ ကမ္ဘာ့မီဒီယာတွေမှာရော ပါကုန်တော့ အစိုးရဘက်ကရော အရေးယူဆောင်ရွက်မယ်ဆိုရင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့တွေ့ရင် ပထမဦးဆုံး ဒီကိစ္စကိုပဲ ဖြေရှင်းကြမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ဆန်ရှင်ရုပ်သိမ်းရေးသည် ၁/၂၀၀၇ တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထုတ်ပြန်ထားသည့်အမိန့်ကို ပြန်၍ တခြားနည်းလမ်းနှင့် ဆက်သွယ်ဖြေကြားသည့် သဘောမျိုးဖြစ်နေသဖြင့် ဗိုလ်ချုပ်မှူးကြီးဘက်ကလည်း အရေးယူဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်နေချိန်လည်းဖြစ်ပါသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

၂၀၀၇ ခု၊ အောက်တိုဘာ (၄) ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် နအဖရုပ်မြင်သံကြားမှတဆင့် ကြေညာချက်တရပ် ထုတ်လွှင့်ခဲ့သည်။

ယင်းထုတ်လွှင့်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုန်းရေး၊ မြန်မာနိုင်ငံအား စီးပွားရေးအဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံပိတ်ဆို့ရေးတို့ကို စွန့်လွှတ်ရန်နှင့် ထိုသို့စွန့်လွှတ်ပါက ၎င်းနှင့်တွေ့ဆုံဆွေးနွေးမည်ဟု ကြေညာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါအချက်များကို သူ့အနေဖြင့် လုပ်ဆောင်ထားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ သဘောထားသာဖြစ်ကြောင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်မှတဆင့် သဘောထားထုတ်ပြန်ပြောဆိုခဲ့သည်။

၂၀၀၇ ခု အောက်တိုဘာ (၂၅) ရက်တွင် နအဖ ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စိမ်းလဲ့ကန်သာအစိုးရဧည့်ဂေဟာတွင် တွေ့ဆုံခဲ့သည်။
-------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည် အယူခံ ငြင်းပယ်ခံရ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ်လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယင်းအယူခံကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ကြားနာခဲ့ပြီး ၁၁ နာရီကျော်တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။

“အယူခံကို ပယ်တယ်၊ ဗဟို တရားရုံးမှာ ပြင်ဆင်မှုသွင်းမယ်၊ ပြင်ဆင်မှုသွင်းဖို့ စာရွက်စာတမ်းတွေကို မိတ္တူ ကူးနေတယ်၊ အမြန်ဆုံး ကျနော်တို့ လုပ်နေပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရှေ့နေ ဦးကြည်ဝင်းကလည်း“ ရက်ပေါင်း ၆၀ အတွင်းမှာ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို တင်ရမယ်၊ ဟိုတုန်းကတော့ လွတ်လွတ် လပ်လပ် တရားစီရင်နိုင်တယ်၊ အခု တရားရုံးကတော့ မလွတ်လပ်ဘူးလို့ မြင်နိုင်ထင်နိုင်တယ်၊ ရှေ့နေတွေမှာ မျှော်လင့်ချက် ရှိတယ်” ဟုဆိုသည်။

အယူခံလွှာတွင် ဥပဒေကြောင်းဆိုင်ရာ အချက် ၁၁ ချက်ပါဝင်ပြီး၊ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေဆိုင်ရာ နှင့် ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပါဝင်သည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့ တွင် လက်ခံခဲ့ပြီး လျှောက်လဲချက် ကြားနာရန် အောက်တိုဘာလ ၂ရက်နေ့တွင် ရုံးချိန်းပေးထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သော သြဂုတ်လ ၁၁ရက်နေ့တွင် တိုင်းတရားရုံးက နေအိမ် အကျယ်ချုပ် ၁နှစ်ခွဲ ချမှတ်ခဲ့သည့် အပေါ် ယခုကဲ့သို့ အယူခံဝင်ခြင်း ဖြစ်သည်။

အဆိုပါ အယူခံ ကြားနာရာသို့ အာဏာပိုင်များက ဒေါ်အောင်ဆန်း စုကြည်အား ကိုယ်တိုင် တက်ရောက်ခွင့် မပြုခဲ့ပေ။

ယနေ့တွင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စစ်ဆေးရန်အတွက် ဒေါက်တာ တင်မျိုးဝင်းကို အာဏာပိုင်များက ထပ်မံခွင့်ပြုလိုက်သည်ဟု ကြားသိရကြောင်း သို့သော်လည်း အတည်မပြု နိုင်သေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်က ဒေါက်တာတင်မျိုးဝင်း သွားရောက် စစ်ဆေးစဉ်ကမူ ဒေါ်အောင်ဆန်းစုကြည် သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိသော်လည်း သွေးပေါင် အနည်းငယ် ကျနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံ သား ဂျွန် ဝီလျံ ယက်ထော ကြောင့် ရုံးတင်တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ် သည်။

0 comments:

Post a Comment