Thursday, 8 October 2009

တိုင်းရင်းသားလူမျိုးများကောင်စီ၏ ပေးစာ ပြည်တွင်းတိုင်းရင်းသားပါတီများနှင့် ဆန့်ကျင်

ENC's fund raising

တိုင်းရင်းသားလူမျိုးများကောင်စီ၏ ပေးစာ
ပြည်တွင်းတိုင်းရင်းသားပါတီများနှင့် ဆန့်ကျင်

မင်းနိုင်သူ / ၇ အောက်တိုဘာ ၂၀၀၉

တိုင်းရင်းသားလူမျိုးများကောင်စီက အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝဘ်ထံ ပေးပို့ခဲ့သည့်စာသည် တိုင်းရင်းသားအဖွဲ့အစည်းများကို ကိုယ်စားပြုခြင်းမရှိကြောင်းနှင့် ပြည်တွင်းတိုင်းရင်းသားပါတီများ၏ ရပ်တည်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း ပြည်တွင်းတိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီမှ ချင်းတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးပူကျင့်ရှင်းထန်က “ကျနော် ပွင့်ပွင့်လင်းလင်းပြောရရင် တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်စီ) ဆိုတာကလည်း ပြည်ထောင်စု မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်ဘူး။ အဲဒီအထဲမှာပါတဲ့ လူတွေကလည်း ပြည်တွင်းမှာ လူထုအတွက် အနစ်နာခံပြီး ထောင်ကျခံခဲ့ကြရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းတာ၊ ဆွေးနွေးတာလည်း မရှိပါဘူး။ ဒီလို ဂျင်မ်ဝဘ်ဆီကို စာရေးတယ် ဘာညာဆိုတာက ရွေးကောက်ပွဲမှာ သူတို့ ပါချင်တဲ့သဘော၊ သူတို့ကိုယ်ရေးအတွက်သာ စည်းရုံးတဲ့သဘောဖြစ်တယ်လို့ပဲ ကျနော်တို့ သဘောရပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်တွင် ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်စီ) က အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝဘ်ထံ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ စာတစောင်ပေးပို့ခဲ့သည်။
တိုင်းရင်းသားလူမျိုးများကောင်စီ၏ အထွေထွေအတွင်းရေးမှူး စောဒေးဗစ်ထော လက်မှတ်ရေးထိုးထားသည့် အဆိုပါစာတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲအား ကြိုတင်ဆန့်ကျင်မှုမပြုရန်၊ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ပညာပေးသင်တန်းများ ပို့ချရေးနှင့် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့ရေးတို့တွင် အကူအညီပေးရန် စသည့်အချက်များကို ထည့်သွင်းရေးသား ဖော်ပြထားသည်။

“အခု ကုလသမဂ္ဂကတောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုပြီးပြောနေတာပဲ။ ကျနော်တို့ ပြည်တွင်းက တိုင်းရင်းသားပါတီတွေနဲ့ အန်အယ်လ်ဒီကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပေးဖို့၊ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဒါတွေတောင်းဆိုနေကြတာ။ လောလောဆယ်အားဖြင့် ဒါတွေက အရေးကြီးဆုံးပါပဲ” ဟု ဦးပူကျင့်ရှင်းထန်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများဖြင့် စုဖွဲ့ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ တိုင်းရင်းသားပါတီများအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု ပြောဆိုသည်။

“၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျပြုလုပ်မယ့် ရွေးကောက်ပွဲမဟုတ်ဘူး။ တိုင်းရင်းသားလူမျိုးတွေအတွက် အကျိုးရှိစေမယ့် ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ မြင်တယ်။ ပထမအချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့လို တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးရမယ်။ ဒါတွေမလုပ်ရင် ရွေးကောက်ပွဲကို မ၀င်ဘူး” ဟု ဦးအေးသာအောင်က ပြောသည်။

အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝဘ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ခြင်း၊ မစ္စတာယက်တောကို ခေါ်ထုတ်သွားနိုင်ခြင်းမျှဖြင့် သူ၏စွမ်းဆောင်မှု၊ ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပါဝင်ပတ်သက်နိုင်မှုကို အများကြီးမျှော်လင့်ထား၍ မရနိုင်ဟုလည်း ၎င်းက ပြောဆိုသည်။

“အမေရိကန်ကရော မြန်မာပြည်အတွက် ဘာများလုပ်နိုင်မှာလဲ။ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ မလုပ်ဘဲနဲ့ ဘာမှဖြစ်မလာနိုင်ဘူး။ နောက်ပြီးတော့ ဒီအစိုးရက ပြည်ပကလာပြီး ကြီးကြပ်မယ်၊ စောင့်ကြည့်မယ်ဆိုတာကိုလည်း ဘယ်တုန်းကများ လက်ခံခဲ့ဖူးလို့လဲ။ ပြည်ပကလာပြီး ကြီးကြပ်နေလည်း ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရင် ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် အနာဂတ်ကောင်းမယ့် ရွေးကောက်ပွဲတရပ် ဖြစ်မလာနိုင်ဘူးလို့ဘဲ မြင်တယ်”ဟု ဦးအေးသာအောင်က ပြောသည်။

တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်စီ) ကို ၂၀၀၁ ခုနှစ်မှစ၍ ပြည်ပရောက် တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စုဖွဲ့ထားခြင်းဖြစ်ကာ လက်ရှိ ဥက္ကဋ္ဌမှာ ခူးထဲဘူးဖဲ ဖြစ်သည်။
--------------------------------------------------------------------------
တိုင်းရင်းသားလူမျိုးများကောင်စီ ထုတ်ပြန်ချက်
ကေအန်ယူ ကန့်ကွက်

ရဲရင့် / ၇ အောက်တိုဘာ ၂၀၀၉

တိုင်းရင်းသားအဖွဲ့များကို လာမည့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန်အတွက် တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်စီ) က ထုတ်ပြန်သည့် တိုက်တွန်းချက်သည် အဖွဲ့၏သဘောထားမဟုတ်ဘဲ လူတစု၏သဘောထားသာဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ပြောသည်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အနာဂတ်မြန်မာ့နိုင်ငံရေးတွင် တိုင်းရင်းသားများပါဝင်ရန် တိုက်တွန်းထားသည့်စာကို အီးအန်စီအဖွဲ့က အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်ထံ ယခင်လ (၂၈) ရက်တွင် ပေးပို့ခဲ့ခြင်းနှင့်ပတ်သက်၍ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ်က ပြောကြားခြင်းဖြစ်သည်။

၎င်းက “ဒီစာကို ကေအန်ယူက ကန့်ကွက်တယ်၊ ကေအန်ယူလိုင်းနဲ့လည်း ဆန့်ကျင်တယ်၊ ဒီစာထုတ်တာ အီးအန်စီအဖွဲ့ရဲ့ သဘောထားမဟုတ်ဘူး၊ လူတဦး၊ နှစ်ဦးရဲ့သဘောထားပဲဖြစ်တယ်။ အန်ဂျီအိုတွေက လုပ်ခိုင်းတဲ့အတိုင်း လုပ်တဲ့လူအချို့ ရှိတယ်။ အီးအန်စီကို စဖွဲ့တာ နိုင်ငံရေးအဖွဲ့အစည်းအနေနဲ့ ဖွဲ့တာမဟုတ်ဘူး၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ပေါ်ထွန်းရေးနဲ့ တိုင်းရင်းသားအားလုံး စုစည်းတဲ့ဆုံရပ်ဖြစ်ဖို့အတွက် ဖွဲ့ခဲ့တာ” ဟု ပြောသည်။

ပြည်ပရောက် တိုင်းရင်းသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အီးအန်စီအဖွဲ့တွင် ကရင်ပြည်နယ်ကိုယ်စားလှယ်ဟု ခံယူထားသူများသာပါရှိပြီး ကေအန်ယူအနေဖြင့် ပါဝင်ခြင်းမရှိသည့်အတွက် ယခုဖြစ်ရပ်နှင့်ပတ်သက်၍ တစုံတရာ ဂယက်ရိုက်ခတ်မှု မရှိနိုင်ဟုလည်း ၎င်းကပြောကြားသည်။

အီးအန်စီအဖွဲ့၏ အကြံပေးအဖွဲ့ဝင်တဦးဖြစ်သည့် ဦးခွန်မားကိုဘန်းက “ဒီစာနဲ့ပတ်သက်ပြီး အဖွဲ့က တာဝန်ရှိသူအဆင့်ဆင့်ကို မေးကြည့်တော့ ဘယ်သူမှမသိကြဘူး။ ဖွဲ့စည်းပုံမှာက သဘာပတိအဖွဲ့ဟာ နိုင်ငံရေးဦးဆောင်မှုမှာတာဝန်ရှိပြီး အထွေထွေအတွင်းရေးမှူးအဖွဲ့ဟာ နေ့စဉ်လုပ်ငန်းတာဝန် လုပ်ဆောင်ဖို့ဖြစ်တယ်။ ဒီလို အထွေထွေအတွင်းရေးမှူး လက်မှတ်ထိုးပေးတဲ့စာကို အဖွဲ့ရဲ့သဘောထားစာလို့ သတ်မှတ်လို့မရဘူး။ အီးအန်စီဥက္ကဋ္ဌ ခူးထဲဘူးဖဲကလည်း ဒီစာနဲ့ပတ်သက်ပြီး သူဘာမှမသိရဘူးလို့ ပြောပါတယ်” ဟု ပြောသည်။

အဆိုပါစာသည် အဖွဲ့၏သဘောထား အမှန်မဟုတ်ကြောင်း သိရှိရန်နှင့် ယင်းပြဿနာကိုဖြေရှင်းရန် လာမည့် (၃) လပတ် အစည်းအဝေးတွင် အကျေအလည်ဆွေးနွေးမည်ဟု အီးအန်စီ ဥက္ကဋ္ဌ ခူးထဲဘူးဖဲက ပြောသည်။

အီးအန်စီသည် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို လုံးဝလက်မခံကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း၊ သို့ရာတွင် ၀င်ရောက်အရွေးခံမည့် တိုင်းရင်းသားအဖွဲ့များ၊ ပုဂ္ဂိုလ်များနှင့် ဆန္ဒမဲပေးမည့်ပြည်သူလူထုကို ဆန့်ကျင်တိုက်ခိုက်သွားမည်မဟုတ်ကြောင်း သဘောထားချမှတ်ထားသည်ဟုလည်း ပြောသည်။



Type the rest of your post here.

0 comments:

Post a Comment