Thursday 26 November 2009

ကိုမင်းကိုနိုင် ကျန်းမာရေး ချို့ယွင်းနေဟု အန်အယ်ဒီပြော

ဆလိုင်းဟံသာစန်း
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 25 ရက် 2009 ခုနှစ် 18 နာရီ 26 မိနစ်

ရှမ်းပြည်နယ် ကျိုင်းတုံမြို့ အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေသည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ကျန်းမာရေးအခြေအနေ ချို့ယွင်းနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သွေးတိုးရောဂါကို ဆိုးဝါးစွာ ခံစားနေရပြီး ဆေးဝါးများ ပို့ဆောင်ရန် မိသားစုဝင်များအနေဖြင့် စီစဉ်နေကြောင်း သိရသည်ဟု အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောဆိုသည်။

“သွေးတော်တော်တိုးနေတယ် ပြောတယ်။ နှလုံးမကောင်းဘူးဆိုတဲ့ သဘောပေါ့ဗျာ။ တော်တော်တော့ အနေအထား မကောင်းဘူးလို့ ပြောတယ်။ စိတ်ဓာတ်ကတော့ ကောင်းပါတယ်တဲ့။ သူ့အိမ်က ပြောလိုက်တာပေါ့လေ။ ဆေးတော့ ပို့ဖို့စီစဉ်နေတယ် ပြောတယ်” ဟု သူက ပြောသည်။

အဖွဲ့ချုပ်မှ ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဒေါက်တာသန်းငြိမ်းနှင့် ဒေါက်တာဝင်းနိုင်တို့ စက်ဘီးတိုက်ခံရသည့် သင်္ဃန်းကျွန်းမြို့နယ် အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ဇနီးကို သွားရောက် အားပေးသွားရာမှ အပြန်တွင် ကိုမင်းကိုနိုင်၏ မိဘများထံ ဝင်ရောက်တွေ့ဆုံစဉ် မိသားစုက ကိုမင်းကိုနိုင်၏ ကျန်းမာရေး အခြေအနေကို ပြောပြသဖြင့် သိရခြင်းဖြစ်သည်။

ကိုမင်းကိုနိုင်တွင် သွေးတိုးရောဂါအပြင် အရိုးကျီးပေါင်းတက်၊ အဆစ်အမြစ် ကိုက်ခဲခြင်းနှင့် နှလုံးရောဂါများလည်း ခံစားနေရသည်။

မိသားစုဝင်များသည် ဝေးလံလှသည့် ကျိုင်းတုံထောင်သို့ လစဉ်လတိုင်း သွားရောက်နိုင်ခြင်း မရှိဘဲ ၂ လတခါ သို့မဟုတ် ၃ လတခါသာ ထောင်ဝင်စာ သွားတွေ့နိုင်ကြောင်းနှင့် ခရီးတခေါက်အတွက် ကုန်ကျစရိတ်မှာ ကျပ် ၂ သိန်းဝန်းကျင် ကုန်ကျကြောင်း သိရသည်။

၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း စစ်အစိုးရက ခွဲတမ်းဖြင့် ပေးနေသော ဓာတ်ဆီ၊ ဒီဇယ်နှင့် သဘာဝ ဓာတ်ငွေ့များကို ယခင်ထက် ၅ ဆခန့်အထိ မြှင့်တင်လိုက်သဖြင့် လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒပြသောကြောင့် အခြားသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင်များနှင့်အတူ ဥက္ကဋ္ဌဖြစ်သူ ကိုမင်းနိုင်လည်း စစ်အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရသည်။

ယင်းနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မအူပင်မြို့ ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၆၅ နှစ် ချမှတ်ပြီးနောက်၊ မိသားစုနှင့် ဝေးကွာသည့် ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ခံ ခဲ့ရသည်။

ကိုမင်းကိုနိုင်နှင့် အဖွဲ့ဝင်များသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသည့် လူထုအုံကြွမှုကြီး ဖြစ်ပွားစဉ်က ပါဝင်ဦးဆောင်ခဲ့သူများဖြစ်ကာ ယခင်ကလည်း ထောင်ဒဏ် ၇ နှစ်မှ နှစ် ၂၀ အထိ ချုပ်နှောင်ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။

ထောင်မှ လွတ်မြောက်ပြီးနောက် သူနှင့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များက လူ့အခွင့်အရေး၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ကြသည်။

ထိုကဲ့သို့ အကြမ်းမဖက်နည်းလမ်းဖြင့် စစ်အစိုးရကို ဆန့်ကျင်ခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တောင်ကိုရီးယားနိုင်ငံမှ လူ့အခွင့်အရေးဆိုင်ရာ အမြင့်ဆုံးဆု ဂွမ်ဂျူး အပါအဝင် နိုင်ငံတကာက ဆုပေါင်း ၆ ဆု ချီးမြှင့်ခဲ့သည်။(မဇ္ဈိမ)

(ရဲရင့်အောင် တည်းဖြတ်သည်။)



0 comments:

Post a Comment