Saturday, 21 November 2009

ပြည်သူကို ပေးဆပ်ဖို့ ကျနော် ဆုံးဖြတ်ထားပါတယ်

NEJ / ၁၇ နိုဝင်ဘာ၂၀၀၉
၂၀၀၁ ဇန်န၀ါရီ (၁) ရက်တွင် ရုပ်ရှင်ဒါရိုက်တာကြီး ဦးသုခ (ကွယ်လွန်) နာယကအဖြစ် စတင်ဦးစီးတည်ထောင်ခဲ့သော နာရေးကူညီမှုအသင်းမှ အသင်းဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

မေး။ ။ ကိုကျော်သူအနေနဲ့ နာရေးကူညီမှုအသင်း လုပ်ကိုင်လာခဲ့တဲ့ (၉) နှစ်တာကာ လ အတွင်းမှာ အသင်းအနေနဲ့လုပ်ချင်ပြီး အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်သေးတဲ့ လုပ်ငန်းတွေ ရှိပါသလား။

ဖြေ။ ။ အသင်းအနေနဲ့ကတော့ ကျနော်တို့လုပ်ချင်တဲ့ အတိုင်းအတာတွေတော့ ရှိပါတယ်။ တချို့ဟာတွေက စည်ပင်က ခွင့်ပြုချက်မရတာတွေလည်း ရှိတယ်။ ကျနော်တို့ကတော့ ဒီထက်ပိုပြီး ပြည်သူလူထုအားလုံးကို အဆင်ပြေအောင် လုပ်ပေးချင်တယ်။ လုပ်ပေးချင်တဲ့ဆန္ဒတွေရှိတယ်။ ဒါပေမယ့် တချို့ဟာတွေတော့ ခွင့်ပြုဖို့ ငြိစွန်းနေလို့ ခွင့်မပြုတာတွေ ရှိတယ်။

မေး။ ။ မြောက်ဒဂုံကို ပြောင်းရွှေ့ခဲ့ရတဲ့ ကိုကျော်သူတို့ နာရေးကူညီမှုအသင်း ခြံဝင်းရှေ့မှာ (၅) ပေအကျယ်၊ (၅) ပေအနက် ရေမြောင်းမတူးလို့ အသင်းအဆောက်အဦကို ခွင့်ပြုချက်မရဘဲ သုံးတယ်ဆိုပြီး မြောက်ဒဂုံစည်ပင်က တရားစွဲဆိုမယ်ဆိုတဲ့ကိစ္စရော အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။ ။ လောလောဆယ်တော့ အဆောက်အဦ အသုံးပြုခွင့် သူတို့ချပေးလိုက်ပြီ။ မြောင်းကတော့ (၂) ပေတော့ ဖောက်ပေးရတာပေါ့လေ။ အမှုကိစ္စကတော့ သူတို့ တရားစွဲလို့မရဘူးလေ။ ကျနော်မသွားတဲ့အတွက် အမှုကို ဖွင့်ကို မဖွင့်လိုက်ရတာ၊ အမှုဖွင့်ခွင့်မရသွားဘူး။

မေး။ ။ ဒီလိုကိစ္စမျိုးတွေ ဖြစ်တာ နာရေးကူညီမှုအသင်းတခုတည်းပဲဖြစ်တာပါလား၊ ဘာကြောင့်လို့ထင်ပါသလဲ။ တခြားလူမှုရေးအသင်းအဖွဲ့တွေရော ဒီလိုပြဿနာမျိုးတွေ ရှိပါသလား။

ဖြေ။ ။ တခြားအသင်းအဖွဲ့တွေတော့ ကျနော်မသိဘူး။ ကျနော့်အသင်းနဲ့ပတ်သက်တာပဲ လုပ်နေတယ်ဆိုတော့။ တခြားအသင်းတွေတော့ ဘာတွေဖြစ်နေလဲမသိဘူး။ ဒါပေမယ့် တချို့အဖွဲ့လေးတွေကတော့ ကျနော့်ဆီဖုန်းဆက်ပြီးတော့ ကျေးဇူးတင်ပါတယ်ပေါ့။ ကိုကျော်သူ အခုလိုအင်တာဗျူးတွေ လုပ်တဲ့အတွက် သူတို့လည်း တော်တော်အဆင်ပြေသွားတယ်လို့ ပြောတယ်။ အဓိကကတော့ ကျနော်တို့နာရေးကူညီမှုအသင်းကို ဖိအားပေးတယ်။ ကျနော်သိသလောက်ပေါ့လေ။ နောက် ဒီအသင်း ဦးဆောင်နေတာလည်း ကျနော်ဖြစ်နေတာကိုး။ အဓိကဦးဆောင်နေတဲ့ ကျနော်ရယ်၊ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ရယ်၊ ဆရာမ ဒေါ်သန်းမြင့်အောင်ရယ်ပေါ့၊ ဒီသုံးယောက်စလုံးက သံဃာ့ကိစ္စတုန်းက သံဃာတော်တွေကို ဆွမ်းကပ်တာတို့၊ ဆေးကပ်တာတို့ အအေးအချိုရည်ကပ်တာတို့ လုပ်ခဲ့တော့ ကျနော်တို့ကို မဲတယ်ထင်တာပဲ။

မေး။ ။ ဒါဆို အသင်းအနေနဲ့ တခြားဖြေရှင်းရတဲ့ အခက်အခဲ ပြဿနာတွေကော ရှိပါသလား။

ဖြေ။ ။ အသင်းစထူထောင်ကတည်းက စတာဆိုရင်တော့ အခေါင်းကိစ္စပေါ့၊ ကျနော်တို့က မှန်ခေါင်းသုံးတယ်။ မှန်ခေါင်းသုံးတယ်ဆိုတာက အောက်ကကတ်ပေါ်မှာ အလောင်းကိုတင်ပြီးတော့ မီးသင်္ဂြိုဟ်စက်ရောက်တော့မှ ကတ်နဲ့အလောင်းကိုပဲ မီးရှို့လိုက်တယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် ကာယကံရှင်တွေလည်း သက်သာတယ်၊ ပြီးတော့ သစ်ဖြုန်းတီးရာလည်း မရောက်ဘူး။ သစ်ခြွေတာရာလည်းရောက်တယ်ပေါ့။ အဲဒါကို ပထမပိုင်းက တော်တော်လေး ကန့်ကွက်ခံရတယ်။ အခေါင်းရောင်းသမားတွေက အခေါင်းတွေ ရောင်းခွင့်မရလို့၊ ရောင်းအားကျလို့ဆိုပြီးတော့ အမျိုးမျိုး ပြဿနာလုပ်တာပေါ့လေ။ လူမြင်ကွင်းကြီးမှာ မကောင်းဘူး၊ မှန်ခေါင်းကြီးနဲ့သယ်တာတို့ ဘာတို့ပေါ့၊ အဲဒါမျိုးတွေ အမျိုးမျိုးအပြောခံရတယ်။ အဲဒါတွေကိုလည်း ကျနော်တို့ ဖြေရှင်းခဲ့ရတာပေါ့လေ။ နောက် အသေးအမွှားတွေကတော့ အများကြီးပဲ၊ ပြောလို့ကုန်မှာမဟုတ်ဘူး။
အခေါင်းကိစ္စကတော့ ဒီအတိုင်း ခန်းမထဲမှာထားရင်လည်း သူတို့ဒီအတိုင်း ဇာခြင်ထောင်ကြီးအုပ်ထားပြီးမှ အခေါင်းထဲထည့်သယ်တာပဲ။ ကျနော်တို့က မှန်ခေါင်းထဲမှာ ကြည့်ကောင်းအောင်ထားတယ်။ ပိုပြီးတော့တောင် သားနားအောင် ကျနော်တို့က ထားတယ်။ သယ်တဲ့အခါကျမှ ကတ္တီပါအစအနီရောင်ကို ဖုံးပြီးတော့ ကျနော်တို့က မီးသင်္ဂြိုဟ်စက်ထဲကို သယ်သွားတယ်၊ အဲဒါပိုပြီးတော့တောင် ခမ်းခမ်းနားနားဖြစ်သေးတယ်။ အခု သူတို့ ဘာမှပြောလို့မရတော့ဘူး။ အခုလည်း ဒီအတိုင်းပဲ လုပ်ပါတယ်။

မေး။ ။ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တယောက်ဖြစ်တဲ့ ကိုကျော်သူအနေနဲ့ ဒီနာရေးကူညီမှုလုပ်ငန်းတွေနဲ့ ကိုယ့်ရဲ့အနုပညာ လဲလိုက်ရသလိုဖြစ်နေတော့ နာရေးကူညီမှုအသင်းနဲ့ အနုပညာအလုပ် ဘယ်ဟာကို ကိုကျော်သူ ရွေးချယ်လုပ်ကိုင်သွားမလဲဆိုတာ သိပါရစေ။

ဖြေ။ ။ ကျနော်ကတော့ ရုပ်ရှင်အလုပ်ကို မလုပ်တော့ဘူး။ ကျနော်ဆုံးဖြတ်ထားတာ။ ရုပ်ရှင်ရိုက်ခွင့်ပြုရင်တောင်မှ ကျနော်က သမိုင်းအစစ်အမှန်တို့၊ biography တို့ အဲလိုရိုက်တဲ့ဟာမျိုးပဲ ကျနော်က ရိုက်တော့မယ်။ သမိုင်းအစစ်အမှန်ကိစ္စတွေပဲ ကျနော်ရိုက်မယ်။
နာရေးကူညီမှုအသင်းကလည်း ဘဘဦးသုခက အဓိကပေါ့။ ဘဘဦးသုခက နာရေးကူညီမှုအသင်းလုပ်မယ်ဆိုတော့ အဲဒီအချိန်မှာ ကျနော့်အမျိုးသမီး ရွှေဇီးကွက်ကလည်း သူ့အဒေါ်က မန္တလေး ဗြဟ္မစိုရ်အသင်းမှာ အဖွဲ့ဝင်ပေါ့လေ။ ရွှေဇီးကွက်ကလည်း လုပ်ချင်တယ်။ ဘဘလုပ်မယ်ဆိုတာနဲ့ ကျနော်တို့ သွားငွေလှူပြီးတော့ စပြီးလုပ်ဖြစ်သွားတာပါ။ အဲလိုလုပ်ဖြစ်ရင်းနဲ့ ဘဘကလည်း မကြာမကြာ ဆုံးမတယ်။ ကျော်သူတဲ့၊ မင်းလိုအနုပညာသမားတယောက်လုပ်မှ လူမှုရေးကိစ္စက အောင်မြင်တာတဲ့၊ မင်းလုပ်မှဖြစ်မယ်တဲ့၊ မင်းပြည်သူကို ပြန်အလုပ်အကျွေးပြုရမယ်ဆိုတာနဲ့ အခုအချိန်အထိ ပြည်သူကို အဲဒါနဲ့ ပြန်ပေးဆပ်နေတာပါ။

မေး။ ။ အခု လုပ်နေတဲ့ နာရေးကူညီမှုအသင်း လုပ်ငန်းအပေါ် ဘယ်လိုသဘောထားပါသလဲ။

ဖြေ။ ။
ဒီလုပ်ငန်းဟာ အင်မတန် မွန်မြတ်တယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ ဒါက ဒီ့ပြင် လူမှုရေးလုပ်ငန်းနဲ့မတူဘူး။ သူက တကယ့်ကို လူတွေရဲ့အပူမီးကို ကျနော်တို့က ငြိမ်းပေးရတာ။ သေဆုံးသွားတဲ့အိမ်ရောက်ပြီဆိုရင် ကျနော်တို့ကို တွေ့ပြီဆိုရင် သူတို့ကြေကွဲတာတွေ တော်တော်လျှော့သွားတယ်။ နောက် ကျနော်တို့ကိုယ်တိုင် ဖေးဖေးမမနဲ့ အလောင်းကိုသယ်၊ သင်္ဂြိုဟ်ပေးဆိုတော့ သူတို့လည်း တော်တော်လေးကို စိတ်ကျေနပ်မှုရှိတယ်။ ဒါဟာ ကိုယ့်အတွက်လည်း ကုသိုလ်အရမ်းရတယ်၊ အဖိုးမဖြတ်နိုင်တဲ့ ပီတိရတာပေါ့လေ။

မေး။ ။ အသင်းအနေနဲ့ ရည်မှန်းချက် ပြည့်ဝအောင်မြင်တယ်လို့ ဆိုနိုင်ပါသလား။

ဖြေ။ ။ အခြေအနေကတော့ လိုပါသေးတယ်။ ကျနော်တို့ လုပ်ချင်တဲ့အတိုင်းအတာတွေ အများကြီးရှိပါသေးတယ်။ နာရေးတခုတင် မဟုတ်ဘူး။ ကျနော်တို့က ဆေးကုသမှု ဖြစ်တဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းဆိုတာပါ ဖွင့်ထားတာကိုး။ ကျန်းမာရေးချို့တဲ့တဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အလကားအခမဲ့ တရက်ကို အယောက် (၂၀၀) လောက် ကျနော်တို့ ကုပေးနေရတယ်။ အဲဒီဘက်အပိုင်းမှာ ကျနော်တို့က လုပ်ပေးရဖို့တာဝန်ရှိတယ်။ ဒါကတော့ ဘယ်အစိုးရပဲတက်တက်၊ ဘယ်အစိုးရပဲ အုပ်ချုပ် အုပ်ချုပ် ကျနော်တို့ကတော့ ဒီနာရေးကိစ္စနဲ့ ကျန်းမာရေးကိစ္စကို အဓိကထားပြီး ပေးဆပ်သွားမယ်ဆိုတာ ဆုံးဖြတ်ထားပါတယ်။

မေး။ ။ သုခဆေးခန်းအခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဆေးခန်းကလည်း အခု လူနာများတယ်။ အရင်သင်္ကန်းကျွန်းတုန်းကဆိုရင် နည်းတယ်။ အခု လူနာလည်း များလာပြီးတော့ volunteer ဆရာဝန်တွေဆိုလည်း အယောက် (၄၀) ကျော်လောက်ရှိလာတယ်။ ဒီဆရာဝန်တွေရဲ့ ကျေးဇူးကြောင့်လည်း အခုလိုဆေးခန်းဖွင့်နိုင်တာပေါ့လေ။ အလှူရှင်တွေရဲ့ အလှူငွေနဲ့ ဒီဆရာဝန်တွေရဲ့ အခမဲ့ကုသပေးမှုအတွက် ကျနော်တို့ကလည်း တဆင့်ပြန်ပြီး ပြည်သူကို ထောက်ပံ့ပေးနေတာပေါ့။

မေး။ ။ အဓိက ဘယ်လိုရောဂါမျိုးတွေကို လက်ခံကုသပေးနေပါသလဲ။

ဖြေ။ ။ အဓိကအနေနဲ့ ဒီမှာ မျက်စိကုပေးတယ်၊ မျက်စိတိမ်ခွဲတာမျိုးပေါ့။ မျက်စိခွဲပေးတယ်၊ အရေပြားကြည့်ပေးတယ်၊ အရိုး အကြော ကြည့်တယ်၊ သားဖွားနဲ့ မီးယပ်ရှိတယ်၊ ကလေး အထူးကုရှိတယ်၊ နောက်အထွေထွေပေါ့။ ultrasound စက်ရှိတယ်၊ နောက် ဓာတ်မှန်စက်အတွက် အဆောက်အဦဆောက်ခွင့် ထပ်လျှောက်ထားတယ်။ ဆောက်ခွင့်ရရင် ဓာတ်မှန်စက်ထည့်မယ်။ အခုလောလောဆယ်တော့ ဓာတ်မှန်ရိုက်မယ်ဆိုရင် ကျနော်တို့က နီးစပ်ရာဆေးခန်းနဲ့ ဆေးရုံတို့မှာပဲ လူနာက သူ့ဖာသာ သွားရိုက်ပြီးတော့ အဲဒီက ဖြတ်ပိုင်းနဲ့ ဓာတ်မှန်ပြားပြရင် ကျနော်တို့က ငွေရှင်းပေးလိုက်တယ်။ အခု ကိုယ်ပိုင်ဓာတ်မှန်တော့ လုပ်ဖို့ရှိတယ်။ နောက် သွားဆေးခန်းပါ ဖွင့်ထားပါတယ်။

မေး။ ။ အသင်းကို ဘယ်လိုရပ်တည် လည်ပတ်နေတယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ကျနော်တို့ရဲ့ အန်ဂျီအိုအဖွဲ့ကတော့ ကမ္ဘာပေါ်မှာတောင် ရှိမယ်မထင်ဘူး။ proposal တင်ပြီးတော့ ရပ်တည်တဲ့အသင်း မဟုတ်ပါဘူး။ ကျနော်တို့က တကယ့်မြန်မာပြည်သူပြည်သားတွေ၊ နိုင်ငံခြားရောက် မြန်မာလူမျိုးတွေ၊ တချို့နိုင်ငံခြားသားတွေက ကျနော်တို့ရဲ့လုပ်ရပ်ကို သဘောကျပြီးလာလှူတယ်။ လှူတဲ့ရန်ပုံငွေ အလှူငွေကို ကျနော်တို့က စနစ်တကျဘဏ်မှာထားပြီးတော့ စနစ်တကျသုံးစွဲတယ်။ အဲဒီ အလှူငွေနဲ့ ကျနော်တို့က ရပ်တည်နေတာပါ။ နာရေးကူညီမှုအသင်းက ၂၀၀၁ ခုနှစ် စကတည်းက အခုအချိန်အထိ ပိုက်ဆံတပြားတချပ်မှ မယူဘဲနဲ့ ကျနော်တို့ လုပ်ခဲ့ရတာ။ အခု နာရေးကိစ္စ လုပ်နေတာလည်း အသင်းက ကိုယ့်ကားနဲ့ ကိုယ့်ဓာတ်ဆီနဲ့ကိုယ် သွားတယ်။ ထမင်းစားလည်း ကိုယ့်စရိတ်နဲ့ကိုယ် စားကြတာ။ ကျနော်တို့က လခစားလည်း မဟုတ်ဘူး။

မေး။ ။ နာရေးကူညီမှုအသင်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ရော လုပ်ဖို့ အစီအစဉ်ရှိပါသလား။

ဖြေ။ ။ ကျနော်တို့အသင်းကတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဆိုပြီး တသင်းပဲရှိပါတယ်။ ကျနော်အနေနဲ့ကတော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျနော်လိုက်ဖွင့်ပေးတဲ့ မြို့တွေ ရွာတွေအားလုံးဆိုရင် (၅၀) ကျော်လောက်ပြီ။ ကျနော်အသက်ထက်တောင် များသွားပြီ။ ဒါပေမယ့် အဲဒီမြို့တွေက အသင်းတွေက ကျနော်တို့ရဲ့ လက်အောက်ခံလည်းမဟုတ်ဘူး၊ သူတို့ဘာသာသူတို့ ကျနော်တို့ကို အားကျပြီး ဖွင့်တာပေါ့လေ။ သူတို့မြို့တွေ၊ ရွာတွေမှာဖွင့်တယ်ဆိုရင် သူတို့မြို့သူမြို့သားတွေက အယူသီးတာတွေများတယ်။ ဗမာပြည်သူလူထုက အယူသီးတာ ပပျောက်ဖို့အတွက် ကျနော့်ကိုခေါ်တယ်၊ မင်းသားကိုယ်တိုင်လာပြီးတော့ အလောင်းထမ်းပေးတယ်၊ သင်္ဂြိုဟ်ပေးတယ်၊ သူတို့ရှေ့မှာလုပ်ပြတယ်။ ညဘက်ဆို ကျနော်တို့က အယူသီးတာပပျောက်ဖို့အတွက် ဟောပြောပွဲမျိုး လုပ်ပေးတယ်။ အဲလိုလုပ်ပေးတော့ သူတို့လည်းကျေနပ်သွားတယ်။ အဲလိုမျိုး ကျနော်လိုက်ဖွင့်ပေးရတာပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းကျ ကျနော်ခရီးသွားရတာ မလွတ်လပ်တော့ဘူး။ ဒါကြောင့် ကျနော့်ကို ဖိတ်တဲ့မြို့တွေ ကျနော်မသွားနိုင်တော့ဘူး။ ပြီးခဲ့တဲ့ (၃) နှစ် လောက်အထိတော့ ကျနော်တောက်လျှောက်လိုက်ဖွင့်ပေးထားတယ်။

မေး။ ။ ပြည်သူတွေကို အမှတ်တရစကား ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်ကတော့ အခုအချိန်မှာ အသက် (၅၀) ဖြစ်ပြီ။ ရုပ်ရှင်ရိုက်ခဲ့တာဆိုလည်း (၂၅) နှစ်လောက် ရှိသွားပြီ။ အဲဒီအတွင်း ပြည်သူတွေ ကျနော်ကိုအားပေးတဲ့ငွေနဲ့ ကျနော်မိသားစုရပ်တည်ဖို့အတွက် ကျနော်လုပ်ခဲ့ပြီးပြီ။ ကျနော့်မှာ ပြည်သူကိုပြန်ပေးဆပ်ရမယ့် တာဝန်ရှိတယ်။ ပြည်သူကိုပေးဆပ်ရမယ့် တာဝန်အရရော၊ ကျနော်ရဲ့စေတနာရော၊ ကျနော်ရဲ့ အရင်ဘ၀က ဘာလုပ်ခဲ့လို့လည်းတော့ မသိဘူး၊ အခုအချိန်အထိ ခပ်ရိုင်းရိုင်းပြောရရင် အရင်တုန်းကတော့ ရုပ်ရှင်မင်းသားပေါ့၊ အခုဟာကတော့ မသာမင်းသားဖြစ်နေတာပေါ့လေ။ အဲဒီလိုပဲ ဒီဟာနဲ့ပဲ ပြည်သူကိုပေးဆပ်ဖို့ ကျနော်ဆုံးဖြတ်ထားပါတယ်။
ခေတ်ပြိုင်ဂျာနယ်မှကူးယူသည်။

0 comments:

Post a Comment