Tuesday, 10 November 2009

တပ်ပြေးဖြစ်နေသူ ကလေးစစ်သားအတွက် မိဘများ အကူအညီတောင်းခံ

မင်းနိုင်သူ / ၉ နိုဝင်ဘာ ၂၀၀၉

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ ကလေးတဦး ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီးနောက် တပ်မှထွက်ပြေးရာ တပ်ကလိုက်လံရှာဖွေနေသဖြင့် စိတ်ထိခိုက်ရကြောင်း ဖခင်ဖြစ်သူ ဦးအုန်းသန်းက ပြောသည်။

“မနှစ်က ပျောက်သွားတာပေါ့။ ဒီနှစ် အောက်တိုဘာ (၁၉) ရက်နေ့ကမှ သူတို့တပ်က တပ်ကြပ်တယောက်နဲ့အတူ အိမ်ကို ရောက်လာတယ်။ သူတို့ ဆက်သွယ်ရေးတပ်က ပြောင်းရမှာမို့ လမ်းစရိတ်လိုတယ်ဆိုပြီး မိဘတွေဆီ လာတောင်းတော့ ကျနော်တို့က နိုဝင်ဘာ (၁) ရက်နေ့ကျမှပြန်လာဖို့ ပြောလိုက်တယ်။ အဲဒီနေ့ အိမ်က ပြန်သွားပြီးနောက်ပိုင်း တပ်ကနေ ပျောက်သွားတယ်ဆိုပြီး သူ့တပ်က လာရှာမှ ကျနော်တို့က ပျောက်သွားမှန်းသိရတယ်။ ကလေးက အသက်ကလည်း မပြည့်သေးဘူးဗျာ။ ဒီကြားထဲ ၀ရမ်းပြေးလို ဖြစ်သွားပြီး တပ်က လာရှာတယ်ဆိုတော့ ကျနော်တို့လည်း စိတ်ပူတယ်။ အခု ပဲခူးက လမ်းပြကြယ်အဖွဲ့ကိုတော့ အကူအညီပေးဖို့ ပြောထားတယ်” ဟု ၎င်းက ပြောသည်။

ရွှေပြည်သာမြို့နယ် ၃၄/၁၀ရပ်ကွက်၊ စက်မှုလမ်းနှင့် ပဲနွယ်ကုန်းလမ်းထောင့်နေ ဦးအုန်းသန်း၊ ဒေါ်သန်းသန်းမြင့်တို့၏သား မောင်ရဲနောင်ဟိန်း အသက် (၁၇) နှစ်သည် ယမန်နှစ် ဇန်န၀ါရီ (၃) ရက်တွင် အလုံမြို့နယ်ရှိ အစ်မဖြစ်သူထံအသွား ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ထိုအချိန်ကတည်းက ပျောက်ဆုံးသွားသော မောင်ရဲနောင်ဟိန်းကို ယခင်လကမှ တပ်ကြပ်တင်ငွေဆိုသူနှင့်အတူ တပ်အပြောင်းအရွေ့အတွက် ငွေလာတောင်းရာမှ မိဘများက ခေတ္တပြန်လည်တွေ့ရှိခဲ့ပြီးနောက် တပ်မှထွက်ပြေးသွားကြောင်း ကြားသိရခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူ ဦးအုန်းသန်းက ရှင်းပြသည်။

“ပျောက်ပျောက်ချင်း ကျနော်တို့လိုက်ပါတယ်။ ကျနော်တို့နားက ဗိုလ်မှူးခင်မောင်မြင့်ရဲ့ အကူအညီနဲ့ မင်္ဂလာဒုံ စစ်သားစုဆောင်းရေးတပ်ကိုလည်း ရောက်ပါတယ်။ အဲဒီတုန်းက လွတ်လပ်ရေးနေ့နဲ့ တိုက်နေတော့ အားကစားပွဲတွေ ဘာတွေတောင် လုပ်နေသေးတယ်။ အဲဒီမှာရှိတဲ့ စစ်သားသစ်လေးတွေကို တန်းစီပြီးပြပါတယ်။ ခင်ဗျားသားပါရင် ပြန်ခေါ်သွားတဲ့” ဟု ၎င်းက ပြောသည်။

မင်္ဂလာဒုံစစ်သားစုဆောင်းရေးတပ်၌ မတွေ့ခဲ့ရသော မောင်ရဲနောင်ဟိန်းသည် ယမန်နှစ် ဇန်န၀ါရီ၌ အလုံမြို့နယ်ရှိ အစ်မဖြစ်သူထံသွားရန် ရွှေပြည်သာမြို့သစ် ကန်သာယာမြင်းလှည်းဂိတ် မှတ်တိုင်အရောက်တွင် လူတဦးက အလုပ်ပေးမည်ဟုဆိုကာ မင်္ဂလာဒုံဈေးရှိ ရဲဘော်လေးစားသောက်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မိဘများနှင့်တွေ့ဆုံစဉ် မောင်ရဲနောင်ဟိန်းက ပြန်ပြောပြခဲ့သည်။

ထို့နောက် စားသောက်ဆိုင်မှတဆင့် ဆောက်လုပ်ရေးတပ်မှ တပ်ကြပ်ကြီးတဦးထံပို့ရာ ငယ်နေ၍ လက်မခံသဖြင့် ဆက်သွယ်ရေးတပ်မှ တပ်ကြပ်ကြီးတဦးထံ ထပ်မံလွှဲပြောင်း အပို့ခံရပြီးနောက် မကွေးလေ့ကျင့်ရေးကျောင်းတွင် သင်တန်းတက်ကာ ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် ဆက်သွယ်ရေးတပ်တွင် တာဝန်ထမ်းဆောင်နေရကြောင်း သိရသည်။

ရခိုင်ပြည်နယ် အမ်းမြို့မှ ဆက်သွယ်ရေးတပ်ရင်းကို ကော့သောင်းမြို့သို့ ပြောင်းရွှေ့ရမည်ဖြစ်ရာ ရန်ကုန်တွင် ခေတ္တ တပ်ရပ်နားနေစဉ် မောင်ရဲနောင်ဟိန်းက မိဘများထံ လမ်းစရိတ်လာတောင်းပြီးနောက် တပ်မှ ပျောက်သွားခြင်းဖြစ်သည်။

“တပ်ကပျောက်သွားပြီးနောက်ပိုင်း ဒီလ (၅) ရက်နေ့ကတော့ ဖုန်းဆက်တယ်ဗျ။ သူနယ်ကို ရောက်နေကြောင်းနဲ့ တပ်ကို ပြန်မသွားချင်တဲ့အကြောင်းပြောတယ်။ သူတို့တပ်က အရာရှိတွေကလည်း တပ်ရွှေ့ရတော့မှာမို့ သားကို တပ်ပြန်အပ်ဖို့ ပြောနေတယ်။ ကလေးကို တပ်ပြေးတယောက်အဖြစ်လည်း မထားချင် မမြင်ချင်ပါဘူးဗျာ” ဟု ဦးအုန်းသန်းက ပြောသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က “ကျနော်တို့အဖွဲ့ကို အကူအညီတောင်းထားပါတယ်။ ကျနော်တို့က အိုင်အယ်လ်အိုကို ပြန်တင်ပြပေးသွားမှာပါ။ ကလေးက အသက်မပြည့်သေးသလို ဉာဏ်ရည်လည်း နိမ့်နေတယ်လို့ သိထားရတယ်။ အိုင်အယ်လ်အိုနဲ့ ပူးပေါင်းပြီး တရားဝင်ထွက်ခွင့်ရအောင် ဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးစစ်သားစုဆောင်းမှုများ ရှိနေဆဲဖြစ်ရာ လမ်းပြကြယ်အဖွဲ့နေဖြင့် ယခုနှစ်အတွင်း ကလေးစစ်သား စုဆောင်းခံရမှု (၁၀၀) ကျော်ကို ဖြေရှင်းပေးရန် လက်ခံရရှိထားသည်။

“တပ်ဖွဲ့စည်းပုံ မပြည့်မီတာတွေ၊ အရာရှိတွေကိုယ်တိုင် ပါဝင်ပတ်သက်နေတာတွေ၊ စုဆောင်းထားတဲ့ ကလေးတွေကို အရောင်းအ၀ယ်ပုံစံနဲ့ အလွှဲအပြောင်း လုပ်နိုင်နေတာတွေကြောင့် ကလေးစစ်သားစုဆောင်းမှုတွေ ရှိနေဆဲပါပဲ” ဟု ဦးအေးမြင့်က ပြောသည်။(ခေတ်ပြိုင်)



0 comments:

Post a Comment