Thursday 10 December 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ထပ်မံတွေ့

Wednesday, 09 December 2009 18:43 ရန်ပိုင်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံ ကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးသည် ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့သည်ဟု အစိုးရအာဏာပိုင်များကို ကိုးကား၍ AP သတင်းတွင် ဖော်ပြထားသည်။ တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကိုမူ မသိရှိရပေ။

ယခု တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လအတွင်းက နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ် ချမှတ် ပြီးနောက် ၃ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းတွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ အမေရိကန်နှင့် အနောက်နိုင်ငံများကပြုလုပ်ထားသော အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက် လိုကြောင်း စာတစောင် ပေးပို့ပြီးနောက်ပိုင်း ယင်းစာနှင့်ပတ်သက်၍ အောက်တိုဘာလအတွင်း ဆက်ဆံရေးဝန်ကြီး ဦးအောင် ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ကြိမ်တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်တွေ့ဆုံခွင့်ရရန် ဒုတိယ စာတစောင် ပေးပို့ခဲ့ရာ ယင်းစာသည် သတင်းမီဒီယာများနှင့် လူအများကြား ပျံ့နှံ့သွားခဲ့သည်။

ထို ဒုတိယစာ နှင့်ပတ်သက်ပြီး ယနေ့ထုတ်စစ်အစိုးရသတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပေးပို့မည့် အိတ်ဖွင့်ပေးစာ ပြည်ပမီဒီ ယာများထံ ပေါက်ကြားခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် စိတ်ရင်း စေတနာမမှန်၊ ရိုးသားမှုမရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ထားသည်။

အဆိုပါပေးစာနှစ်စောင်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် နိုင်ငံတော်အစိုးရကို ရိုးရိုးသားသား ချဉ်းကပ်ပြီး ညှိနှိုင်းရန် ကြိုးစားမှုမျိုးသာဖြစ်သင့်ကြောင်း၊စစ်အစိုးရကို မကောင်းသည့်သဘော ပေါ်အောင်ရည်ရွယ်လုပ်ဆောင်သည့် ပုံစံမျိုးဖြစ်နေကြောင်း၊ ထို့အပြင် ပြည်ပမီဒီယာများမှတဆင့် ဖိအားပေးခြင်းဖြစ်ကြောင်း စွပ်စွဲ ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုစာရေးသားပေးပို့ခဲ့ခြင်းသည် တိုင်းပြည်အကျိုးအတွက် စေတနာမှန်ကန်စွာဖြင့်ရေးသား ထားခြင်းဖြစ်ပြီး ယခုစစ်အစိုးရသတင်းစာများတွင် စွပ်စွဲသကဲ့သို့ မရိုးသားသည့်သဘောများ မပါရှိကြောင်း၊ ယခုကဲ့သို့ မီဒီယာ အတွင်းပျံ့နှံ့သွားခြင်းမှာလည်း ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်းကို မီဒီယာများမှတဆင့် လူထုသို့ ရှင်းလင်း တင်ပြခဲ့ပြီး ဖြစ်ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်။

“သတင်းစာမှာရေးပေမယ့်လည်း ဆောင်ပါးရှင်အာဘော်လို့ပဲ ယူဆတယ်၊ အစိုးရတဖွဲ့လုံးသဘောထားလို့ ယူဆရင်တော့ မလွတ်မ ကင်းရာရောက်လိမ့်မယ်၊ ဘာကြောင့်လည်းဆိုတော့ သတင်းစာရှင်းလင်းပွဲမဟုတ်လို့ တရားမ၀င်ပါဘူး”ဟု ၎င်းကဆိုသည်၊၊

“မီဒီယာကို မရိုးမသား အသုံးချသောကြောင့် ဦးတည်ချက်ပြောင်းသွားပြီး တဘက်မှ အပြုသဘောတုံ့ပြန်မှု ခက်ခဲစေရန် တင်ကြို ဖျက်ဆီးသည့်ပုံစံမျိုး”ဟု စစ်အစိုးရသတင်းစာဆောင်းပါးပါ စွပ်စွဲချက်များသည်ပင် အဆိုးမြင်သည့်ပုံသဏ္ဍန် ပေါ်လွင်နေကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

အဆိုပါ ဗိုလ်ချုပ်မှူးကြီးထံပေးစာအား NLD အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်တဦးမှ လူငယ်အဖွဲ့ဝင်တဦးအား မိတ္တူကူးရန်အတွက် ပေးအပ်ခဲ့ရာမှ ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး အဖွဲ့အတွင်း ရှုပ်ထွေးမှုများ ဆက်လက်ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အတွက် စုံစမ်း စစ်ဆေးခြင်းမပြုလုပ်သေးဘဲ ခေတ္တဆိုင်းငံ့ထားရန် ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်က တားမြစ်ခဲ့ကြောင်း ဧရာဝတီမှ သီးခြားစုံစမ်း သိရှိရသည်။

NLD မှ စစ်အစိုးရထံသို့ တင်ပြထားသည့်ကိစ္စ အတော်များများကို စစ်အစိုးရက မည်သည့်အခါမျှ တုံ့ပြန်မှု မပြုလုပ်ခဲ့ကြောင်း၊ထို့ကြောင့် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ စာအား ဖွင့်ချခဲ့ခြင်းဖြစ်နိုင်ကြောင်း၊သို့သော်လည်း စစ်အစိုးရအနေဖြင့် လျို့ဝှက် ကိစ္စများ ပေါက်ကြားမှုကို မည်သည့်အခါမျှ သည်းခံလေ့မရှိသည့် အတွက် ပဋိပက္ခဖြစ်ပွားနေသည့် အနေအထားမျိုးတွင် NLD အနေဖြင့် သတိထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အကျိုးအတွက် ကောင်းရာကောင်းကျိုးလုပ်မည်ဟု ဆုံးဖြတ် ထားလျှင် နှစ်ဦးနှစ်ဘက်အနေဖြင့် သေသေချာချာ စဉ်းစားလုပ်ဆောင်ရန် လိုအပ်ကြောင်း ချင်းမိုင်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲ ခံခဲ့ရခြင်းဖြစ်သည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ပြစ်ဒဏ်ချခံရခြင်း ဖြစ်သည်။ ၎င်း သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၄ နှစ်ကျော်ပြီ ဖြစ်သည်။(ဧရာဝတီ)

0 comments:

Post a Comment