Friday 11 December 2009

ချင်းဒုက္ခသည်များ အိန္ဒိယတွင် ခွဲခြား ဆက်ဆံခံနေရဟု အစီရင်ခံစာက ဆို

ဆလိုင်းပီပီ
သောကြာနေ့၊ ဒီဇင်ဘာလ 11 ရက် 2009 ခုနှစ် 12 နာရီ 07 မိနစ်

အိန္ဒိယနိုင်ငံတွင် ပြည်တွင်းဒုက္ခသည် ဥပဒေတရပ် မရှိခြင်းကြောင့် အိန္ဒိယရှိ မြန်မာ ဒုက္ခသည်များမှာ ခွဲခြား ဆက်ဆံခံနေရကြောင်း ဝါရှင်တန် အခြေစိုက် ဆော်သြရေး အဖွဲ့တခုဖြစ်သည့် နိုင်ငံတကာ ဒုက္ခသည်အဖွဲ့ကြီး (Refugee International) က ယမန်နေ့က ပြောဆိုလိုက်သည်။

အိန္ဒိယတွင် ဒုက္ခသည် ဥပဒေတရပ် မရှိခြင်းကြောင့် အများစု ချင်းအမျိုးသားများဖြစ်သော မြန်မာ ဒုက္ခသည်များသည် ခွဲခြား ဆက်ဆံခံရခြင်း၊ အခြေခံ လိုအပ်ချက်များ လုံလောက်စွာ မရရှိခြင်း စသော အခက်အခဲမျိုးစုံကို ခံနေကြရသည်ဟု ယမန်နေ့ထုတ် RI ၏ (အိန္ဒိယ-မြန်မာ ဒုက္ခသည်များအတွက် ကွက်လပ်ကို ဖြည့်ဆီးပေးပါ) ‘India: Close the Gap for Burmese Refugees’ ဟူသည့် အစီရင်ခံစာတွင် ရေးသားထားသည်။

''အခြေခံအားဖြင့် နယူးဒေလီတွင် ခွဲခြား ဆက်ဆံမှုများ ကျယ်ပြန့်စွာ ရှိနေခြင်းကြောင့်၎င်း၊ မီဇိုရမ် ပြည်နယ်တွင် နိုင်ငံခြားသားများကို သတိထား ဆက်ဆံခြင်းကြောင့်၎င်း၊ ဒုက္ခသည်များမှာ နှောင့်ယှက်ခံရခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခံရခြင်း စသည့် ဒုက္ခမျိုးစုံကို ကြုံတွေ့နေကြရသည်'' ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

ဤအစီရင်ခံစာသည် ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလအတွင်း ချင်းဒုက္ခသည်များ၏ အခြေအနေများကို သွားရောက်ဆန်းစစ် လေ့လာခဲ့ပြီး ရေးသားထားခြင်း ဖြစ်သည်ဟု RI က ပြောသည်။

အိန္ဒိယသည် မြန်မာ ဒုက္ခသည်များအတွက် မိတ်ဆွေနိုင်ငံတခု ဖြစ်သော်လည်း ဒုက္ခသည်များ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်သည့် ကောင်းမွန်သင့်တော်သည့် ဒုက္ခသည်ဥပဒေတရပ် မရှိခြင်းကြောင့် ပြဿနာများ ဆက်လက်ဖြစ်ပွားအောင် လုပ်ပေးနေသလိုဖြစ်ပြီး ချင်းနှင့် အခြား မြန်မာဒုက္ခသည်များအပေါ် ကျူးလွန်စော်ကားမှုများ ပိုမို လုပ်ဆောင်အောင် အားပေးနေသလို ဖြစ်နေသည်ဟု အဆိုပါအဖွဲ့က ပြောသည်။

''ဒုက္ခသည် အဆင့်အတန်းတရပ် မရှိခြင်းကြောင့်၎င်း၊ ခွဲခြားဆက်ဆံ ခံရခြင်းများကြောင့်၎င်း၊ အိန္ဒိယရှိ ချင်းဒုက္ခသည်များမှာ အခြေခံလိုအပ်သော အိုးအိမ်၊ ကျန်းမာရေး၊ ပညာရေးလိုအပ်ချက်များအတွက် လုံလောက်သည့် ဝင်ငွေများ မရရှိဘဲ ဖြစ်နေသည်'' ဟု အစီရင်ခံစာက ပြောသည်။

မြန်မာဒုက္ခသည်များကို အကူအညီများပေးနေသည့် ဥပဒေရေးရာ အစိုးရမဟုတ်သော အဖွဲ့တခုဖြစ်သည့် လူမှုရေးနှင့် ဥပဒေရေးရာ သတင်းအချက်အလက် ဗဟိုဌာန (SLIC) မှ အစီအစဉ် အရာရှိတဦးဖြစ်သော နီးရူး (Neeru) က နယူးဒေလီတွင် နေထိုင်သော မြန်မာဒုက္ခသည်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုများရှိကြောင်း တိုင်တန်းမှုများကို သူတို့ရုံးက လက်ခံရရှိခဲ့သည်ဟု ပြောသည်။

သူမ၏ ရှေ့နာမည်တခုကိုသာ မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့သည့် နီးရူးက ထိုသို့ဖြစ်ပွားခဲ့သော အမှုအခင်းပေါင်း မည်မျှဖြစ်ပွားခဲ့သည်ကို၎င်း၊ ကိစ္စရပ်တခုချင်း၏ အသေးစိတ်ဖြစ်ရပ်များကို၎င်း ထုတ်ဖော်ပြောကြားခြင်း မပြုဘဲ ထိုအမှုအခင်းအများစုသည် ဒုက္ခသည်များ ညဘက်ဈေးသွားစဉ် လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အချို့ အနည်းစုသော အမှုအခင်းများမှာ အနောက်ဒေလီရှိ သူတို့လုပ်ငန်းခွင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသာ ပြောသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အိန္ဒိယသည် ၁၉၅၁ ခုနှစ် ဒုက္ခသည် ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားသော နိုင်ငံတခု မဟုတ်ပါ။ ဒုက္ခသည်များအဖြစ် သတ်မှတ်ရန်နှင့် အကာအကွယ်ပေးရန် ပြည်တွင်းဥပဒေတရပ်လည်း မရှိပါ။

သို့သော် အိန္ဒိယအစိုးရသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို နယူးဒေလီမြို့တွင် ရုံးဖွင့်လှစ်ခွင့်ပေးထားပြီး မြို့တော်တွင် နေထိုင်သော ဒုက္ခသည်များကိုသာ အကန့်အသတ်ဖြင့် ဝန်ဆောင်မှုပေးနိုင်သည်။ အဆိုပါ UNHCR ကို အိန္ဒိယအစိုးရက ဒေလီမြို့ပြင်ပတွင် လုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးမထားပါ။

ဤသို့ UNHCR လက်လှမ်းမမီသည့် ချင်းဒုက္ခသည် ၅ သောင်းမှ တသိန်းခန့်မှာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များဖြစ်သော မီဇိုရမ်နှင့် မဏိပူ ပြည်နယ်များတွင် နေထိုင်နေကြသည်။

''UNHCR ၏ အကန့်အသတ်နှင့်သာ လုပ်ဆောင်နိုင်မှုကြောင့် ချင်းဒုက္ခသည်များမှာ လူမှုရေးလုံခြုံမှု မရှိတော့ဘဲ အကာအကွယ်မဲ့နေကာ မိမိဘာသာ အားကိုးနေကြရသည်'' ဟု RI ၏ အစီရင်ခံစာတွင် ရေးသားထားသည်။

UNHCR ၏ ၂၀၀၉ ခုနှစ် စက်တင်ဘာ သတင်းလွှာအရ နယူးဒေလီတွင် နေထိုင်သော သူတို့ အစောင့်ရှောက်ခံ ဒုက္ခသည်ပေါင်းမှာ ၁၂၁၅၉ ဦးရှိပြီး၊ ထိုအထဲမှ ၂၇၅၂ ဦးသာ မြန်မာလူမျိုးများဖြစ်သည်ဟု ဆိုသည်။

သို့သော် RI ၏ အပြောအရ UNHCR က အသိအမှတ်ပြု မှတ်ပုံတင်ထားခြင်းခံရသူနှင့် ထိုသို့ မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသည့် မြန်မာ ဒုက္ခသည်ပေါင်းမှာ ဦးရေ ၃၀၀၀ မှ ၄၀၀၀ အထိရှိပြီး အများစုမှာ မြန်မာနိုင်ငံ အနောက်မြောက်ဒေသမှ ချင်းတိုင်းရင်းသားများ ဖြစ်သည်ဟု ဆိုသည်။

ချင်းနှင့် အခြား မြန်မာဒုက္ခသည်များ နှိမ်ချ ဆက်ဆံခံရခြင်းနှင့် ကျူးလွန်စော်ကားခြင်းများ လျော့နည်း သက်သာရေးအတွက် ထိုဒုက္ခသည်များအပေါ် ဥပဒေဆိုင်ရာ အဆင့်အတန်းတရပ် သတ်မှတ်ပေးရန်နှင့် အကာအကွယ်ပေးရန် RI က အိန္ဒိယအစိုးရကို တောင်းဆိုလိုက်သည်။

လွန်ခဲ့သော ဆယ်စုနှစ် ၄ စုအတွင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုများကြောင့် ချင်းလူမျိုးဒုက္ခသည်များ မိမိတို့ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးလာခဲ့ကြရသည်။ ထိုသို့ ဒုက္ခသည်များ ထွက်ပြေးလာမှုသည် သွေးထွက်သံယိုများလှသည့် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး အပြီးတွင် ပိုမို များပြားလာခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

ဤသို့ မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများသာ မကသေးဘဲ မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ချင်းပြည်နယ်သည် ၂၀၀၆ ခုနှစ်က ဝါးသုဉ်းခြင်းနှင့် ကြွက်ကျခြင်းတို့ကြောင့် စားနပ်ရိက္ခာ အကျပ်အတည်းကိုလည်း ကျယ်ပြန့်စွာ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ ယင်းကပ်ဘေးတွင် ကြွက်များ အဆမတန် ပွားလာပြီး သီးနှံစိုက်ခင်းများနှင့် သိုလှောင်ထားသော ရိက္ခာသီးနှံများကိုပါ စားသောက် ဖျက်ဆီးပစ်ခဲ့ကြသည်။

''ဤအငတ်ဘေးကြောင့် မိသားစု အများအပြားမှာ မြန်မာနိုင်ငံတွင်း ဆက်လက် အသက်ရှင်သန်ရန် မဖြစ်နိုင်ကြတော့သဖြင့် တိုင်းပြည်တွင်းမှ ထွက်ပြေးလာခဲ့ကြရသည်'' ဟု RI အစီရင်ခံစာတွင် ဆက်လက် ရေးသားထားသည်။

မြန်မာဒုက္ခသည် ထောင်ပေါင်းများစွာ ခိုလှုံနေထိုင်ကြသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များသို့ UNHCR ကို သွားရောက်ခွင့် ပေးပါရန်လည်း အိန္ဒိယနိုင်ငံကို RI က တိုက်တွန်းထားသည်။

မြန်မာဒုက္ခသည်များကို အကာအကွယ် ပေးနိုင်မည့် ပြည်တွင်းဒုက္ခသည် ဥပဒေတရပ် ပြဋ္ဌာန်းနိုင်ရေးအတွက် အိန္ဒိယနိုင်ငံကို ကူညီပါရန် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကို RI က တောင်းဆိုလိုက်သည်။ နယူးဒေလီနှင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များတွင် နေထိုင်ကြသော ချင်းဒုက္ခသည်များကို အကူအညီများ တိုးမြှင့် ပေးအပ်ရန်နှင့် ချင်းလူမျိုးရပ်ရွာအခြေခံ အဖွဲ့အစည်းများနှင့် အိန္ဒိယ လူထုအခြေပြု အဖွဲ့အစည်းများကို ထောက်ပံ့ ပေးကမ်းပါရန်လည်း RI က တောင်းဆိုထားသည်။(မဇ္ဈိမ)
(မုံပီး တည်းဖြတ်သည်။)


< Prev Next >

0 comments:

Post a Comment