Thursday 17 December 2009

ဒဏ်ခတ်မှု ချိုးဖောက်သည့်ဘဏ် ဒေါ်လာ သန်းရာချီ လျော်ရမည်

Thursday, 17 December 2009 18:21 ကိုထွေး

အမေရိကန် အစိုးရက မြန်မာနိုင်ငံ အပါအ၀င် အရေးယူ ပိတ်ဆို့ခံထားရသည့် နိုင်ငံများ၏ စီးပွားရေး ဌာနများနှင့် သက်ဆိုင်သော ငွေကြေး အလွှဲအပြောင်းများ ဆောင်ရွက်ခဲ့သည်ဟု ၀န်ခံခဲ့သော Credit Suisse ဘဏ်က ဒေါ်လာ ၅၃၆ သန်း ပေးဆောင်ရမည်ဟု သိရသည်။

အမေရိကန် တရားရုံးချုပ်က ယင်းသို့ ပေးဆောင်ရန် ယမန်နေ့က ကြေညာခဲ့ပြီးနောက် အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်သည့် အတွက် အကြီးမားဆုံး ပေးဆောင်ရသည့် ပြစ်ဒဏ် ဖြစ်ကြောင်း အေပီ သတင်းဌာနက ယနေ့ ရေးသားလိုက်သည်။

International Emergency Economic Powers ဥပဒေကို ၁၉၉၅ ခုနှစ်လယ်ပိုင်းမှ စတင်၍ ၂၀၀၆ ခုနှစ်အထိ ချိုးဖောက် ခဲ့ကြောင်း တွေ့ရှိရသဖြင့် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

မြန်မာ၊ အီရန်၊ ကျူးဘား၊ လစ်ဗျား၊ ဆူဒန်စသော နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော ငွေကြေး အလွှဲ အပြောင်းများ ဆောင်ရွက်ခဲ့သည့် အတွက် အမေရိကန်အစိုးရနှင့် နယူးယောက်မြို့ မက်ဟန်တန်ရှိ ရှေ့နေရုံးကို ယင်း လျော်ကြေး ငွေပေးဆောင်ရမည် ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

စစ်ဆေးမှုကို ဦးဆောင်ခဲ့သည့် တရားရေးဌာန၏ ဒု ရှေ့နေချုပ် Lanny Breuer က “တခြား ငွေကြေးဆိုင်ရာ နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကလည်း ဒီကိစ္စကို လေ့လာကြမယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု ပြောသည်။

၁၈၅၆ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ငွေကြေးနှင့် ပတ်သက်သည့် ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးနေသည့် Credit Suisseဘဏ် ဌာနချုပ်သည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင် တည်ရှိပြီး ဆွစ်ဇာလန်နိုင်ငံ၏ အကြီးဆုံး ဘဏ် တခုလည်းဖြစ် သည်။

“Credit Suisseဘဏ် အနေနဲ့ ဒီကိစ္စကို လေးလေးနက်နက်ဆောင်ရွက်နေပါတယ်၊ ဘဏ်နဲ့သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတိုင်း ကို လေးစားလိုက်နာ ထိန်းသိမ်းဆောင်ရွက်နေသလို အမြင့်မားဆုံး သိက္ခာတရားနဲ့ ပတ်သက်လို့လည်း အာမခံတယ်” ဟု Credit Suisse ဘဏ်၏ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ရေးသားထားသည်။

ယခုနှစ်အစောပိုင်းတွင် အင်္ဂလန် အခြေစိုက် Lloyds TSB ဘဏ်သည် ဆူဒန်၊ အီရန်၊ လစ်ဗျားနိုင်ငံများနှင့် ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု ကိစ္စရပ်များတွင် ပတ်သက်ခဲ့သည့် အတွက် အမေရိကန် ဒေါ်လာ သန်း ၃၅၀ ပေးဆောင်ခဲ့ရသည်။

Lloyds ဘဏ်က ၂၀၀၃ ခုနှစ်တွင် ယင်းကိစ္စများကို ရပ်ဆိုင်းခဲ့ရာ အီရန်ဘဏ်က Credit Suisse ဘဏ်နှင့် ဆက်သွယ်ခဲ့သည်။

၂၀၀၂ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်အတွင်း အီရန်နိုင်ငံ စီးပွားရေးနှင့် ပတ်သက်၍ ငွေကြေးလွဲပြောင်းမှုမှာ ဒေါ်လာ ၅၀၀၀၀မှ ၂၀၀၀၀၀ အထိ လေးဆခန့် တိုးတက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဘဏ်သည် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှ ၂၀၀၆ ခုနှစ်အထိ အမေရိကန် အစိုးရက ချမှတ်ထားခဲ့သော အရေးယူ ပိတ်ဆို့မှုများကို ချိုးဖောက်၍ ဒေါ်လာသန်း ၇၀၀ အထိ ငွေကြေးများကို စီးဆင်းစေခဲ့သည်ဟု သိရသည်။(ဧရာဝတီ)

0 comments:

Post a Comment