Saturday 19 December 2009

ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြမှု ရပ်ဆိုင်း

မြင့်မောင် | သောကြာနေ့၊ ဒီဇင်ဘာလ ၁၈ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၂၀ မိနစ် ပြည်တွင်းသတင်း

အင်းစိန်ထောင်တွင်း အစာငတ်ခံ နေခဲ့သော အမေရိကန် နိုင်ငံသားဖြစ်သူ ကိုညီညီအောင်သည် ဆန္ဒပြမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သူ၏ ရှေ့နေက ပြောသည်။

“ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြတာ ပြီးသွားပြီလို့တော့ ပြောတယ်။ သူရဲ့ ကျန်းမာရေး အခြေအနေကတော့ တခြားတော့ မရှိပါဘူး၊ လူတော့ တော်တော် ပိန်သွားပါတယ်။ ဘယ်နေ့ ပြီးသွားတယ်ဆိုတာကိုတော့ အသေးစိတ် မသိရပါဘူး။ အားလည်း နည်းနေတဲ့ပုံ ပေါ်ပါတယ်။ သူနဲ့ သီးခြား စကားပြောခွင့် မရပါဘူး။ တရားရုံးထဲမှာပဲ တွေ့ခွင့်ရပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

အသက် ၄၀ အရွယ် ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်က အကျဉ်းသား အခွင့်အရေးပေးရန် ယခုလ ၄ ရက်နေ့မှ စတင်ကာ တောင်းဆိုခဲ့သည်။

အာဏာပိုင်များဘက်က လိုက်လျောမှု ရှိ၊ မရှိနှင့် မည်သည့်နေ့ရက်က ဆန္ဒပြမှု ပြီးဆုံးခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရဘဲ ရှိသည်။

ယနေ့တွင် အင်းစိန် တောင်ပိုင်းခရိုင် တရားရုံးက စွဲချက်နှစ်ခုအတွက် ရဲအရာရှိ သက်သေတဦးစီကို စစ်ဆေးခဲ့သည်။ လာမည့် ၂၉ ရက်နေ့တွင် အမှုတင်သင့်၊ မတင်သင့်ကို လျှောက်လဲချက် ပေးရမှာဖြစ်သည်။

“အန်တီတို့နဲ့ မတွေ့သေးတော့ တိတိကျကျ မပြောနိုင်သေးဘူး။ … လူကိုယ်တိုင် အန်တီတို့နဲ့ မတွေ့ရတာ ၂ ပတ် ရှိသွားပြီ။ လာမယ့် တနင်္လာနေ့မှာ တွေ့ရမယ်။ အဲဒီမှာ အကုန်လုံး သိနိုင်လိမ့်မယ်။ ဒီအပတ် ရုံးချိန်း ထုတ်ပါ့မလားဆိုပြီးတော့ မိသားစုတွေက စိုးရိမ်နေရတယ်။ ရုံးချိန်းထွက်လာတယ်ဆိုတော့ အရမ်းကို ဝမ်းသာပါတယ်။ သူ နေကောင်းစွာနဲ့ ထွက်လာတယ်ဆိုတော့ အန်တီတို့က အရမ်းဝမ်းသာပါတယ်” ဟု အဒေါ်ဖြစ်သူ ဒေါ်ခင်ဆွေဆွေက ပြောသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် အတိုက်အခံ လှုပ်ရှားသူ ကိုညီညီအောင်သည် ဘန်ကောက်မြို့မှတဆင့် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်သို့ ဝင်ရောက်လာစဉ် ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သည်။

၁၉၈၈ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနယ်စပ်သို့ ထွက်ပြေးခိုလှုံခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချခဲ့သည့် ကိုညီညီအောင်သည် မြန်မာနိုင်ငံသို့ ၈ ကြိမ် ဝင်ရောက်ခဲ့သည်။

သူ့ကို လိမ်လည်မှု - ပုဒ်မ ၄၂၀၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှု - ပုဒ်မ ၄၆၈၊ နိုင်ငံခြား ငွေလဲလည်မှု - ပုဒ်မ ၂၄ တို့ဖြင့် စွဲဆိုထားသည်။

အမေရိကန် အထက်လွှတ်တော် အမတ် ဂျိမ်းစ်ဝဘ်က ကိုညီညီအောင် အစာငတ်ခံဆန္ဒပြမှုကြောင့် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။(မဇ္ဈိမ)

0 comments:

Post a Comment