Friday 25 December 2009

အဆိုတော် အေးချမ်းမေကို မြန်မာပြည်တွင် ပိတ်ပင်

Friday, 25 December 2009 18:07 သဲသဲ

နာမည်ကြီး အဆိုတော် အေးချမ်းမေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီဟု ပရိသတ်တချို့က ယူဆနေကြချိန်တွင် အေးချမ်းမေနှင့် ပတ်သက်သည့် သတင်းများမှာ မြန်မာ စာနယ်ဇင်းများတွင် ပိတ်ပင် ခံနေရသည်။
အေးချမ်းမေ၏ စီးရီးကာဘာတခု

လူကြိုက်များသည့် သူ၏ သီချင်းများကိုပင် ခေတ်စားနေသည့် FM ရေဒီယိုများတွင် ထုတ်လွှင့်ခြင်း မပြုရန် အာဏာပိုင်တို့က ပိတ်ပင်ထားကြောင်း ရန်ကုန်မှ ပေါ့ပ်ဂျာနယ်တစောင်၏ အယ်ဒီတာချုပ်က ပြောသည်။

“အေးချမ်းမေက Black list ထဲမှာ ပါနေတယ်။ ဘာကြောင့် ဆိုတာ အသေအချာလည်း မသိရဘူး” ဟု အဆိုပါ အယ်ဒီတာချုပ်က ဧရာဝတီကို ပြောသည်။

မိမိကိုယ်ကိုယ် အဆုံးစီရင် သွားပြီဟူသော ကောလာဟလမှာ ၁၉၉၇ ခုနှစ်က အေးချမ်းမေ အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ချိန်မှ စတင် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သူက ဆိုသည်။

“အဲ့ဒီတုန်းက ဂျာနယ်တိုက်ကို ပရိသတ်တွေက ဖုန်းတဂွမ်ဂွမ်နဲ့ ဆက်မေး ကြတာ မနည်းဘူး” ဟု သူက ရှင်းပြသည်။

အေးချမ်းမေက ထိုကောလာဟလကို၂၀၀၆ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သည့် ၀ါရှင်တန်ရှိ ဘုရားရှိခိုးကျောင်း ရန်ပုံငွေ ဖျော်ဖြေပွဲတခုတွင် ပါဝင်ဆင်နွဲခြင်းဖြင့် စတင် ချေဖျက်လိုက်သည်။

တေးဂီတလောကနှင့် ၈ နှစ်ကြာ အဆက်ပြတ်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် စင်မြင့်ဖျော်ဖြေပွဲ ဖြစ်သည်ဟု အဆိုတော် အေးချမ်းမေ၏ အစ်မဖြစ်သူ နော်လယ်ဖောက ဧရာဝတီကို ပြောသည်။

“သူ့ရဲ့ ခံစားချက်က အသက်လည်း နည်းနည်းရပြီ ဆိုတော့ ဘုရားသီချင်းတွေ ဆိုချင်တာပေါ့နော်၊ အဲ့ဒီက သင်းအုပ်ဆရာရဲ့ တောင်းဆိုမှုကြောင့် မေတ္တာနဲ့ ဆိုပေးခဲ့တာပါ” ဟု အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော နော်လယ်ဖောက ဆိုသည်။

ထိုဖျော်ဖြေပွဲကို Youtube နှင့် အင်တာနက်စာမျက်နှာ အများအပြားတွင် တွေ့နိုင်သည်။ သီဆိုမှုမစတင်မီ အေးချမ်းမေက “သေရွာပြန် အေးချမ်းမေပါ” ဟု ပြောပြီး ၎င်း၏ နာမည်ကြီးခဲ့သော “သူသိသွားပြီ” ဟူသည့် သီချင်းဖြင့် ဖျော်ဖြေရာ ပရိသတ်များ တခဲနက် အားပေးကြသည်ကို တွေ့ရသည်။ဝါရှင်တန်မြို့ရှိ စတိတ်ရှိုးတခုတွင် တွေ့ရသော အေးချမ်းမေ

အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်သို့ ပြောင်းရွှေ့သွားသော အေးချမ်းမေသည် “ပျော်ရွှင်ခြင်းနိုင်ငံ” ဟူသည့် တေးစီးရီးဖြင့် နာမည်ကျော်လာသူ ဖြစ်သည်။ ၁၉၉၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း ကာလများသည် သူ၏ အအောင်မြင်ဆုံး အချိန်များ ဖြစ်သည်။ ပျော်ရွှင်ခြင်းနိုင်ငံသည် ထိုကာလများ၏ ဂီတအနုပညာလောကတွင် ရောင်းအား အကောင်းဆုံး တေးစီးရီး အဖြစ် စံချိန်တင်နိုင်ခဲ့သည်။

ထိုစီးရီးတွင် ပါဝင်သော “တစစီကျိုးပဲ့နေတယ်” သီချင်းက အေးချမ်းမေကို ထိပ်တန်းသို့ ရောက်ရှိရန် ပို့ဆောင်လိုက်ခြင်း ဖြစ်သည်ဟု အများက သုံးသပ်ကြသည်။

ထိုသီချင်းကို ရေးစပ်ပေးခဲ့သူ တေးရေးဆရာ မင်းချစ်သူက “ရန်ကုန် ပန်ဒါ စားသောက်ဆိုင်မှာ သူသီချင်းဆိုနေတာကို စတွေ့ကတည်းက သူ့ရဲ့ ဆိုဟန်နဲ့ ပုံစံက ပရိသတ် လက်ခံနိုင်တယ်၊ သူ့မှာ ထူးခြားတဲ့ အရည်အချင်းနဲ့ ဆွဲဆောင်မှု ရှိတယ်လို့ ခံစားမိတယ်၊ ဖြစ်နိုင်မယ်လို့ သုံးသပ်ပြီးတော့ သူ့အတွက် သီချင်းတွေကို လုပ်ပေးဖြစ်ခဲ့တာ” ဟု ပြောပြသည်။

ပျော်ရွှင်ခြင်းနိုင်ငံ နောက်ပိုင်းတွင် အေးချမ်းမေ၏ JV ၁၅၀၀၊ ချစ်သူနားဆင်ဖို့၊ ရင်ခွင်အခန်း၊ ရပ်တန့်လို့မရနိုင် စသည့် စီးရီးများ ပေါ်ထွက်ခဲ့သည်။

အေးချမ်းမေ၏ သီချင်း အများအပြားကို သူ၏ ပရိသတ်များက YouTube အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားကြောင်း တွေ့ရသည်။(ဧရာဝတီ)

0 comments:

Post a Comment