Sunday, 12 September 2010

ကျွန်တော်ပြောချင်တဲ့ ကိုရီးယား

ကိုရီးယားမှာ ဘတ်စ်ကားစီးရတဲ့အကြောင်း

စာမရေးဖြစ်တာ ကြာပြီ။ ကိုရီးယားအကြောင်းလေးရေးဦးမှလို့ စိတ်ကူး ရတာနဲ့ “ကျွန်တော်ပြောချင်တဲ့ ကိုရီးယား” ဆိုပြီး ခေါင်းစဉ်တပ်လိုက်ပါတော့မယ်။

နှစ်တွေအတော်ကြာပါပြီ။ ပြည်ပအသံလွှင့်ဌာနတစ်ခုရဲ့ ပေးစာကဏ္ဍမှာ ”ကိုရီးယားက ဘတ်စ် ကားတွေကို ဒရမ်မာဇာတ်ကားတွေမှာ ကြည့်ပြီး အားကျမိတယ်။ ကျမတို့ မြန်မာပြည်မှာ ဘယ်တော့များမှ စီးရမှာပါလိမ့်မလဲ” ဆိုပြီး မြန်မာပြည်မှာ ဘတ်စ်ကားစီရတဲ့ ဒုက္ခအကြောင်း ရင်ဖွင့်ထားတဲ့ သောတရှင် တစ်ဦးရဲ့ ပေးစာကို နားထောင် လိုက်ရပါတယ်။ ကြုံတဲ့အခါ ကိုရီးယားက ဘတ်စ်ကားတွေ အကြောင်း ပြောပြ ဦးမယ်လို့ အတွေး ဝင်လာတာ အခုတော့ အဆင်သင့်ပါပြီ။

ရွှေပြည်တော်မှာလဲ ဝပ်သောက် မော်တော်ကားတွေကို တရားဝင်မှတ်ပုံတင်ပေးနေပြီ။ (သူခိုးလက်ခံလို့ မပြောချင်ပါဘူး၊ စဉ်းစားကြည့်လေ တစ်ခြားနိုင်ငံကနေ တရားမဝင်နည်းလမ်းနဲ့ ကိုယ့်နိုင်ငံထဲ ခိုးသွင်းလာ၊ ပြီးတော့ ကျွန်တော့ကား တစ်ခြားနိုင်ငံထဲကနေ တရားမဝင် တင်သွင်းလာမိပါတယ်ဆိုပြီး ရဲစခန်းမှာ အဖမ်းပြ၊ ပြန်ထုတ်။မှတ်ပုံတင်။တရားဝင်ကားဖြစ်ရော။ နိုင်ငံတကာ ကုန်သွယ်ရေးမူဝါဒတွေနဲ့ ကိုက်ညီတယ် မကိုက်ညီဘူးတော့ ကျွန်တော် သိပ်နားမလည်ဘူး။ သိန်းပေါင်းထောင်ချီတန်တဲ့ ကားတစ်စီး ကတော့ တကယ် တန်းမှာ ကားပိုင်ရှင်အတွက် ဘာအာမခံချက်မှမရှိတာအမှန်။)
ဒီကိုရီးယားမှာ ကားဝယ်စီးတဲ့ အကြောင်းနည်းနည်းပြောမယ်။

ကားတစ်စီးကို ကိုဝင်းလတ်တို့ သူဌေး ဝယ်စီးတာ မြင်ဘူးတယ်။ ကားအရောင်းစင်တာမှာ ကြိုက်တဲ့ကားကို သွားကြည့်၊ပြီးတော့ အရောင်းဌာနမှာ ပြောပြခဲ့ပြီးပြန်လာ။ နောက်နေ့ကျတော့ အရောင်းဌာန တာဝန်ခံရယ်၊ ကားအတွက် တာဝန်ယူထားတဲ့ ရှေ့နေအကျိုးတော်ဆောင်ရယ်၊ ကားရယ် ရောက်လာတယ်။(ရွှေပြည်တော် ကလို ပွဲစားတွေ ခြေချင်းရှုတ်မနေဘူး) လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးတယ်၊ ကားထား ခဲ့ပြီးပြန်သွားတယ်။ ကားတန်ဘိုးကို bank to bank ရှင်းလိုက်ကြတာပဲ။
ရွှေပြည်တော်ကလို ငွေထုတ်ကြီးပိုက်၊ကားပွဲစားတန်းမှာ ခြေညောင်းအောင်လျှောက်ကြည့် မကြိုက်ရင် လှည့်ပြန်၊နောက်နေ့ သွားကြည့်မယ် လုပ်ရော ငွေမဲဖြစ်လို့ ရူးမတတ်ခံလိုက်ရတဲ့ ဇာတ်လမ်း တွေမှတ်မိသေးတယ်။ ငွေအတွက်လဲ အာမခံချက် အပြည့်မရှိတာပြောပါတယ်။ နောက်ပြီး ဒီမှာက ငွေသိန်းပေါင်း မြောက်များစွာ အကုန်ခံ ဝယ်ထားတဲ့ကား တစ်ခုခုဖြစ်ရင် ထုတ်လုပ်တဲ့ ကုမ္မဏီက တန်ရာတန်ဘိုးပေးပြီး ကားပြန်သိမ်းရင်သိမ်းမယ်။ ဒါမှမဟုတ် ပြုပြင်ပေးဦးမယ်။ ရွှေပြည်တော်ကြီးမှာတော့ သိန်းထောင်ချီတဲ့ ကားတစ်စီးအတွက် ဘာမှ အာမခံချက်မရှိဘူး။ ဝပ်လျော့ဆရာတွေလက်ထဲမှာပဲ လက်ပူတိုက်ရင်း အစဉ်ပြေသလို စခန်းသွားလိုက် ကြရတာမဟုတ်လား။
ကားအတွက်နှစ်စဉ်သက်တမ်းတိုးတော့လဲ ကြည့်ပါဦး။ ဘယ်လောက်ခက်ခဲသလဲ။ ဒီမှာတော့ အွန်လိုင်းကနေ သက်တမ်းတိုးလိုက်တာ လွယ်မှလွယ်။ ကျသင့်တဲ့ကုန်ကျငွေကို ဘဏ်ကပဲလွဲပေးလိုက်တယ်၊ပြီးရော။ အိမ်ထောင်စုဇယားတို့၊ရယက ထောက်ခံစာတို့ဆိုတဲ့ ဘာညာ စာရွက်စာတမ်းတွေလဲ မလိုပါဘူး၊ ဒါတောင်အခု ထပ်ကြားနေရတာက ကညနကို ထူးကုမ္မဏီက လွှဲယူဦးမယ်ဆိုပဲ။ ယာဉ်စစ်ဆေးတဲ့ဌာနစိတ်ကို မောင်ပိုင်စီးမယ်လို့ စုံစမ်းသိရှိရပါတယ်။ အင်း တေဇ ဖြစ်နေလို့ ရွှေသွေးတို့ ဒို့ကျောင်းသားတို့များဖြစ်ရင် မလွယ်ဘူးနော်။
သိန်းထောင်ချီတန်ပြီး ဘာအာမခံချက်မှ တကယ်တန်းမရှိတဲ့ မြန်မာပြည်က ကားပိုင်ရှင်တွေအကြောင်း တစ်စေ့တစ်စောင်းပါ။ ကိုရီးယား ဘတ်စ် ကားတွေ အကြောင်းပျောက်သွားဦးမယ်။
ကိုဝင်းလတ်တို့ ကိုရီးယားမှာ Bus ကားစီးရတာ ရွှေပြည်တော်နဲ့ ကွာတာတော့အမှန်ပါပဲ။ ဒါကတော့ တိုးတက်တဲ့ နိုင်ငံတိုင်းက ဘတ်စ်ကားတွေဒီလိုပါပဲ။ တစ်ခါတစ်လေ ဘတ်စ်ကားတစ်စီးလုံးကို တစ်ယောက်ထဲငှားစီလာသလားထင်ရတယ်။
ဘတ်စ်ကားတစ်စီးလာလို့ လုယက်တက်နေစရာမလိုဘူး။ စပယ်ယာလဲမရှိဘူး။ဒရိုင်ဘာကပဲ စပယ်ယာပေါ့။မြန်မြန်တက် မြန်မြန်တက်လို့လဲ ဟောက်လားဟန်းလားမရှိဘူး၊ ကားခပိုက်ဆံကိုလဲ ဒရိုင်ဘာ ဘေးက ပိုက်ဆံပုံးထဲကို ထည့်လို့ ကားခပိုက်ဆံမှန်မမှန် မေးလားမြန်းလား စစ်လားဆေးလားမရှိဘူး၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိတာပြောပါတယ်။ ပိုက်ဆံမသုံးချင်ရင် ဘတ်စ် ကားခ ရှင်းတဲ့ ကဒ်လေးတွေ လုပ်ထားပြီး အဲဒါနဲ့ ကားခရှင်းလို့ရတယ်။ စက်တ တီတီ ဆိုမည်ပြီး ကားခ ကျသင့်ငွေ ဖြတ်သွားမှာပဲ။
ကားဒရိုင်ဘာက ကားစီးတဲ့ ခရီးသည်တွေအပေါ်မှာ စိတ်ရှည်သည်းခံတယ်၊ လူလူချင်း စာနာ နားလည်မှု ရှိတယ်။
ကားစီးတဲ့ခရီးသည်တွေကလဲ ဘတ်စ်ကားအပေါ်မှာရော ဘတ်စ်ကား ဒရိုက်ဘာအပေါ်မှာကော အပြန်အလှန် နားလည်မှု လေးတွေ ပေးထားတယ်။
ကားမှတ်တိုင်ရောက်လို့ ကားပေါ်ကဆင်းတော့လဲ အလုအယက်ဆင်းစရာမလိုဘူး၊ပြောရရင် ဘတ်စ်ကားစီးလို့ ခရီးသည်အတွက်စိတ်မချမ်းသာစရာ၊အသက်အန္တရာယ်ဖြစ်စရာ ဘာမှ မရှိဘူး။လိုရာခရီးကို စိတ်အေး လက်အေးသွားနိုင်တယ်။
မကွာဘူးလား ရွှေပြည်တော်က ဘတ်စ်ကားတွေနဲ့။
တစ်ခါက ဘတ်စ်ကားပေါ်မှာ ခလေးအရွယ်မောင်နှမနှစ်ယောက် တွေ့တယ်။ အမ အသက်က ၆နှစ် ရနှစ် လောက်ရှိလိမ့်မယ်။မောင်ငယ်ကတော့ လေးငါးနှစ်လောက်ပေါ့။ရေခဲမုန့် တစ်ယောက်တစ်ခုစီ စားပြီး ဘတ်စ်ကားစီးလာကြတာပေါ့။ သူတို့တွေလက်ထဲက ရေခဲမုန့်လဲ ကုန်ရော စက္ကူအမှိုက်တွေကို အမလုပ်သူက မောင်ငယ်ဆီကပါ ယူပြီး ကားပေါ်မှာရှိတဲ့ အမှိုက်ပုံးထဲ သွားထည့်တာတွေ့ရတယ်၊ ကျွန်တော်စဉ်းစားတယ်.. ”အော်..ခလေးအရွယ်တွေတောင် စည်းကမ်းရှိပါလား၊ တွေ့ကရာနေရာလွင့်မပစ်ကြပဲကို။ ဒါအတုခိုးသင့်တယ်။ ရွှေပြည်တော်က ဘတ်စ်ကားစီးခရီးသည်တွေနဲ့ကွာပ၊ ကွမ်းတံတွေးတွေ နေကြာစေ့ကွာစေ့အမှိုက်ခွံတွေ ပစ်စ လက်ခပ် ဟိုပစ်ဒီပစ်သမားတွေ မြင်စေချင်စမ်းပါဘိ...”လို့။
ဘတ်စ်ကားတွေမှာလဲ ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေတဲ့ စွံ့အ မသန်မစွမ်း ခရီးသည်တွေအတွက် အလွယ်တကူတက်လို့ဆင်းလို့ရအောင် လမ်းပလက်ဖေါင်းနဲ့ တပြေးညီ အတက်ဆင်းလုပ်နိုင်တဲ့ မော်တော်ကားအခင်းကြမ်းပြင်တွေ ပြုလုပ်ပေးထားတယ်။ ကားပေါ်ကို အောက်စလွတ်အောင် ခြေထောက် မြှောက်တက်စရာမလိုဘူးလို့ ပြောချင်တာပါ။ အသာလေးလှမ်းတက်ရုံပါပဲ။ ဘီးတပ် ကုလားထိုင်ဆိုလဲ အသာလေး ဘီးလှိမ့်လိုက်ရုံနဲ့ ကားထဲရောက်သွားတာပါ။
ကားခပေးတယ်ဆိုရင် ကျောင်းသား၊အသက်အရွယ်ကြီးရင့်သူ့ စွံ့အ၊ နာမကျန်းတွေကို သက်သာတဲ့နှုန်းနဲ့ တစ်ဈေးသတ်မှတ်ထားတယ်။ ကျွန်တော့ကိုတောင် ကျောင်းသားထင်ပြီး ကားခလျော့ယူတာ ခံရဘူးတယ်။ တကယ်...ကိုယ်တွေ့။
ကောင်းတာတွေပြောနေတယ် မကောင်းတာကော မပြောတော့ဘူးလားမေးဦးမယ်။
လွတ်လွတ်လပ်လပ် ဘတ်စ်ကားစီးရတော့ ကားပေါ်မှာတင် ကောင်လေးနဲ့ ကောင်မလေး အရှက်မရှိ ကစ်စ်ပေးနေတာမြင်ရတာတွေ၊ ကားမှားစီးလို့ အကူအညီတောင်းမိတာ အအော်အငေါက်ခံရတာတွေ၊ အနည်းငယ်သော မကောင်းတာလေးတွေတော့ရှိပါတယ်။
ထားပါတော့..
ကိုရီးယားမှာ ဘတ်စ်ကားစီးရတဲ့အကြောင်းပြောရရင် အများကြီးပါ..။ ရွှေပြည်တော်က သဘောကျနေတဲ့ ကိုရီးယားအကြောင်းထဲက ဘတ်စ်ကားစီးခြင်းအကြောင်း သိတာလေးတွေဖေါက်သည်ချခွင့်ရတာ ကျေးဇူးပါ။
နောက်တော့ ကျွန်တော်ပြောချင်တဲ့ ကိုရီးယား အကြောင်းထဲက အိမ်ထောင်ရေးအချစ်ရေး သိတာလေးတွေ မျှဝေပါဦးမယ်။ မိန်းခလေးက ယောကျာင်္းလေးကို ဂုံးပိုးစီးတာတွေ့တိုင်း အားကျနေတဲ့ ကောင်မလေးတွေ အတွက်ပေါ့။
ကဲ..ဒီတစ်ပတ်တော့ ဒီမျှနဲ့ပဲ ကျေနပ်ပါ။ ရွှေပြည်တော်က ခရီးသည်တွေ ဘတ်စ်ကားကြပ်တဲ့ဘေးက ဝေးပါစေ။

ကျွန်တော့်ရဲ့ ဒီပို့စ်ကို ကိုရီးယားနိုင်ငံအကြောင်းစိတ်ဝင်စားနေတဲ့ မြန်မာပြည်က ဒါမှမဟုတ် တစ်ခြား နိုင်ငံတစ်တစ်နိုင်ငံကမြန်မာတွေအတွက် ဗဟုသုတဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ (လာရောက်ဖတ်ရှုကြတဲ့ ညီအကို မောင်နှမများကို ကျေးဇူးတင်ပါတယ်။)

0 comments:

Post a Comment