Tuesday 25 January 2011

ပြည်နယ် အစိုးရကို ချင်းပါတီက ဖွဲ့စည်းသင့်

January24th, 2011
၂၀ ဇန္န၀ါရီလ ၂၀၁၁: အသစ်ဖွဲ့စည်းမည့် ချင်းပြည်နယ်အစိုးရကို ချင်းပါတီမှ ကိုယ်စားလှယ်များက ဖွဲ့စည်းသင့်ကြောင်း ချင်းပြည်သူ တွေက ပြောကြသည်ဟု သိရသည်။
” ပြည်နယ်လွှတ်တော်မှာ ချင်းပြည်သူတွေက နေရာအများစု ရထားတယ်ဆိုတော့ သူတို့ဝန်ကြီး နေရာရသင့် တယ်၊ ဒါမှ ပြည်သူတွေက ကျေနပ်နိုင်မယ်” ဟု ဟားခါးမြို့မှ ဒေသခံဈေးပိုင်ရှင် လူကြီးတဦးက ပြောသည်။

ချင်းပြည်သူများသည် ဇန္န၀ါရီလ ၃၁ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် မဲအများစု ရရှိတဲ့ ချင်းပါတီသုံးခု မှ ကိုယ်စားလှယ်များ အစိုးရဖွဲ့နိုင်ရေး တင်ပြအရေးဆိုဖို့ ချင်းပါတီကိုယ်စားလှယ် တွေကို တိုက်တွန်း နေ ကြောင်း လည်း သိရသည်။

” ပြည်သူတွေက သူတို့ဆန္ဒထုတ်ဖော်တာက သူတို့အခွင့်အရေးပဲ၊ ဒါ ဒီမိုကရေစီ သဘောသဘာဝ ပေါ့လေနော်” ဟု ချင်းတိုးတက်ရေးပါတီ နာယကလူကြီး Pu Thla Tin Lian က ပြောသည်။

ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မဲဆန္ဒနယ်အတွင်း ပြည်နယ်ကိုယ်စားလှယ် ၁၈ နေရာတွင် ချင်းပါတီများမှ ၁၁ နေရာရရှိထားသည်။

” ယူအက်စ်ဒီပီက ၇ နေရာသာရတယ်၊ ဒါပေမဲ့ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါလာမယ်၊ အမှန်ဆိုယင်သူတို့က ပြည်သူ က ရွေးကောက်တာမဟုတ်ဘူး၊ ၀န်ကြီးနေရာတွေ ဘာတွေ လုပ်လာယင် ပြည်သူတွေက ကြိုက်မှာ မဟုတ်ဘူး” ဟု ဖလမ်းမြို့ နယ်မှ ချင်းတိုးတက်ရေးပါတီလူကြီးတဦးက ပြောသည်။

ချင်းတိုးတက်ရေး ပါတီနှင့် ချင်းအမျိုးသားပါတီတို့သည် လွှတ်တော်အစည်းအဝေးတွင် တသံတည်းထွက်ရန် သဘောတူ ထားကြကြောင်းသိရသည်။

” လွှတ်တော်အစည်းအဝေးတက်မည်သာ ပြောကြတယ်၊ ဘယ်လိုသွားဘယ်လိုလာမယ်ဆိုတာ တွေရေရေ ရာရာ မသိကြ သေးဘူး” ဟု ချင်းပါတီလူကြိးတဦးက ပြောသည်။( khonumthung )


0 comments:

Post a Comment