Tuesday 4 January 2011

အနိမ့်ဆုံး အခြေခံ လုပ်အားခများ တိုးမြှင့် ခံစားပိုင်ခွင့် ရမည်

လာမည့် ၂ဝ၁၁ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်၍ အနိမ့်ဆုံး လုပ်အားခများ တိုးမြှင့်ခံစား ပိုင်ခွင့်ရှိသည်ဟု ကိုရီးယား အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားပါသည်။ ၂ဝ၁ဝခုနှစ် အတွက် အနိမ့်ဆုံး လုပ်အားခ တစ်နာရီ(၄,၁၁ဝ)ဝမ်မှ ၅.၁ရာခိုင်နှုန်း တိုးမြင့်ကာ ၂ဝ၁၁ခုနှစ်တွင် အနိမ့်ဆုံး လုပ်အားခ တစ်နာရီ(၄,၃၂ဝ) ဝမ်သို့ တိုးမြှင့်ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

၂ဝ၁၁ခုနှစ်အတွက် အနိမ့်ဆုံး လုပ်အားခ တစ်နာရီလျှင် (၄,၃၂ဝ)ဝမ် နှုန်းဖြင့် တစ်ရက်လုပ်အားခ (အလုပ်ချိန် ၈နာရီ) (၃၄,၅၆ဝ) ဝမ်၊ လစာဖြင့် တွက်မည်ဆိုလျှင် ရက်သတ္တ တစ်ပတ် သာမန် အလုပ်ချိန် နာရီ(၄ဝ)ဖြင့် တစ်လ သာမန် အလုပ်ချိန်(၂ဝ၉)နာရီ အလုပ်လုပ်ရသည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ အနိမ့်ဆုံး ခံစားခွင့်ရှိသည့် အခြေခံလစာမှာ (၉ဝ၂,၈၈ဝ)ဝမ်၊ ရက်သတ္တ တစ်ပတ် သာမန် အလုပ်ချိန် (၄၄)နာရီဖြင့် တစ်လ သာမန် အလုပ်ချိန်(၂၂၆) နာရီ အလုပ်လုပ်ကိုင်ရသည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများသည် အခြေခံလစာ (၉၇၆,၃၂ဝ)ဝမ်အား ခံစားခွင့် ရရှိရမည် ဖြစ်သည်။

ရက်သတ္တ တစ်ပတ် သာမန် အလုပ်ချိန် နာရီ(၄ဝ) ဆိုသည်မှာ တစ်ပတ်လျှင်(စနေ၊တနင်္ဂနွေ)၂ရက် အနားပေးသည့် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင် နေသူများနှင့် သက်ဆိုင်ပြီး ရက်သတ္တ တစ်ပတ် သာမန် အလုပ်ချိန် (၄၄)နာရီ ဆိုသည်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ သာမန် အလုပ်ချိန်(၈)နာရီ လုပ်ကိုင်ရပြီး စနေနေ့တွင် သာမန် အလုပ်ချိန်(၄)နာရီ လုပ်ကိုင်ရသော လုပ်ငန်းခွင်များအား ဆိုလိုခြင်း ဖြစ်သည်။

အနိမ့်ဆုံး အခြေခံ လုပ်အားခများ တိုးမြှင့်မှုအား အနိမ့်ဆုံး အခြေခံ လုပ်အားခများ တိုးမြှင့်မှု ကော်မတီမှ နှစ်စဉ် သြဂုတ်လခန့်တွင် သတ်မှတ် ပြဌာန်းသည်။ ကိုရီးယား အလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေအရ အနိမ့်ဆုံး အခြေခံ လုပ်အားခများအား အလုပ်သမား(၁)ဦးနှင့် အထက် အသုံးပြုသည့် လုပ်ငန်းခွင်များတွင် အကျုံးဝင်ပြီး ထိုဥပဒေအား လိုက်နာမှုမရှိသည့် အလုပ်ရှင်အား ထောင်ဒဏ်(၃)နှစ်နှင့်အောက် သို့မဟုတ် ဒဏ်ငွေ ဝမ် သိန်း(၂ဝဝ)နှင့်အောက်အား ပေးဆောင်စေရန် အရေးယူမည်ဟု ပါရှိသည်။ သို့သော် ကိုရီးယားပိုင် သင်္ဘောများတွင် အလုပ်လုပ်ကိုင်နေသော သင်္ဘောသားများမှာမှု အကျုံးမဝင်ပါ။

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပြီး မိမိတို့၏ ရပိုင်ခွင့်ရှိသော အခွင့်အရေးများ ရယူပိုင်ဆိုင်ကြကာ မိမိတို့ တတ်စွမ်းနိုင်တဲ့ အင်အားနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ထမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ကိုလူချစ်(ကိုရီးယား)



0 comments:

Post a Comment