Thursday 31 March 2011

ချင်းတိုင်းရင်းသား နယ်ချဲ့ဆန့်ကျင်ရေးခေါင်းဆောင် ဗိုလ်ကြွမ်ဘိခ်နေအိမ် မူလပုံစံအတိုင်းထိန်းသိမ်းထားရှိ


ဖလမ်း၊ နယ်ချဲ့အင်္ဂလိပ်တို့ကို ရရာလက်နက်ဆွဲကိုင်ကာ သူ့ကျွန်မခံ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သော ချင်းတောင်တန်း ဒေသမှ ချင်းမျိုးနွယ်စုခေါင်းဆောင် ဗိုလ်ဆွန်ပက်(ခေါ်) ကြွမ်ဘိခ်နေအိမ်မှာ ဖလမ်းမြို့နယ်၊ တာရွှန်ရွာတွင် မူလပုံစံမပျက် ရှိနေသေးကြောင်း သိရသည်။

''ဗိုလ်ကြွမ်ဘိခ်အိမ်ကို ဘာမျှပြုပြင်မထားပါဘူး။ မူလအတိုင်း ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က ဗိုလ်ကြွမ် ဘိခ်ကို မမီလိုက်ပါဘူး။ ကျွန်တော့်အသက်(၄၅)နှစ်ရှိပါပြီ။ ကျွန်တော့်အဖေအမေတွေက ဗိုလ်ကြွမ်ဘိခ်ကို မီလိုက်ပါ တယ်။ ကျွန်တော်နဲ့လဲ ဗိုလ်ကြွမ်ဘိခ်နဲ့ အမျိုးတော်ပါတယ်။ တူမြေးတော်ပါတယ်။ ကျွန်တော်တို့ရဲ့ အဘိုးအဘွား၊ အဖေ အမေ တာရွှန်းရွာမှာမွေး၊ တာရွှန်းရွာမှာပဲ ခေါင်းချသွားကြပါတယ်''ဟု တာရွှန်းရွာ ဗိုလ်ကြွမ်ဘိခ်၏နေအိမ်ကို ထိန်းသိမ်း စောင့်ရှောက်နေသူ ဦးပထောင်းက ပြောသည်။

ဗိုလ်ကြွမ်ဘိခ်သည် ဇနီးဒေါ်ဇာတီလ်နှင့်စုံဖက်ကာ ဤအိမ်၌နေထိုင်၍ သားဗန်မှုန်း(တိုက်လူကြီး)၊ သာမင်နောန် နှင့် သမီးနှစ်ဦးကို ဤအိမ်မှာပင်မွေးဖွားခဲ့သည်ဟုဆိုသည်။ ဗိုလ်ကြွမ်ဘိခ်၏အိမ်ဝန်းမှာ ကျယ်ဝန်းရှည်လျားပြီး နှစ် ထပ်အိမ်သွပ်မိုးပျဉ်ကာ၊ အောက်ထပ်မြေစိုက်သွပ်ကာအိမ်ကြီးအဖြစ် တွေ့မြင်ရသည်။ အိမ်ရှေ့မျက်နှာစာတွင် ကျယ် ၀န်းသောကွင်းပြင်ကြီးရှိသည်။ အိမ်အကာအခင်းတိုင်များမှာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်၍ ပေါက်ပြဲဟောင်းနွမ်းနေပြီဖြစ် သည်။ ဗိုလ်ဆွန်ပက်သည် အသက်(၇၆)နှစ်အထိ ဤအိမ်ကြီးတွင် နေထိုင်သွားသည်။

သမိုင်းတွင် ချင်းတိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်အဖြစ် နယ်ချဲ့အင်္ဂလိပ်ကိုတိုက်ခိုက်ခဲ့သော ဗိုလ်ကြွမ်ဘိခ် သည် ခရစ်နှစ် ၁၈၃၄ခုနှစ်တွင် တာရွှန်းရွာ၌ပင် မွေးဖွားခဲ့သည်။ ဖခင်မှာ လူမျိုးစုခေါင်းဆောင် ဦးကိပ်အိခ် ၁၈၂၀- ၁၈၅၆ ဖြစ်သည်။ အသက်(၂၂)နှစ် ၁၈၅၆ခုနှစ်တွင် ဖခင်အရိုက်အရာကိုဆက်ခံသည်။ ဗိုလ်ကြွမ်ဘိခ်သည် ၁၉၁၀ ဧပြီ ၁၀ရက် တွင်ကွယ်လွန်ခဲ့ကြောင်း သိရသည်။(ပန်သစ္စာ)

0 comments:

Post a Comment