Thursday, 24 March 2011

ငလျင်လှုပ်ပြီးနောက် အနုမြူ ဓာတ်ရောင်ခြည် ဖြာထွက်မှု အန္တရာယ် တိုးပွားလာခြင်း

ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန်း (Japanese Prime Minister Naoto Kan) က ငလျင်ဒဏ်ခံရသော ဖူကူရှီးမား (Fukushima) မြို့ရှိ အနုမြူဓာတ်အားပေးစက်ရုံမှ အနုမြူဓာတ်ရောင်ခြည် ယိုစိမ့်မှု အန္တရာယ်၏ အလားအလာ ပို၍များလာနေကြောင်း သတိပေးလိုက်သည်။

ဓာတ်အားပေးစက်ရုံ ပိတ်ထားရသဖြင့် လျှပ်စစ်စွမ်းအင် ပြတ်လပ်သွားသောလူများ သန်းနှင့်ချီ၍ အလွန်အေးသောည နောက်တစ်ညကြုံရပြန်ပြီး ဖြစ်သည်။ တိုကျိုလျှပ်စစ်စွမ်းအင် ကုမ္ပဏီ (Tokyo Electric Power Co.) ၏ ဖူကူရှီးမား (Fukushima) မြို့ရှိ ဒိုင်အိချိ (Di-Ichi) စက်ရုံတွင် ယနေ့ (၁၅. ၃. ၂၀၁၁) တတိယအကြိမ် ပေါက်ကွဲမှုဖြစ်သည်။ စက်ရုံ၏ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော ရေဒီယို ဓာတ်ကြွမှုအား တိုင်းတာချက်များအရ “ လူများအား အန္တရာယ်ဖြစ်နိုင်သောအဆင့်” တွင်ရှိသည်ဟု ဝန်ကြီးအဖွဲ့၏ အတွင်းရေးမှူးချုပ် ယူကီယို အယ်ဒါနို (Yukio Edano)က နံနက်ပိုင်းတွင် ပြောသည်။

ဝန်ကြီးချုပ် နာတိုအိုခန်း (Prime Minister Naoto Kan) က ဓာတ်အားပေးစက်ရုံနှင့် ကီလိုမီတာ ၃၀ (၁၉ မိုင်) အဝေးတွင်ရှိသော လူများအား အိမ်တွင်းတွင်သာနေရန် သတိပေးလိုက်သည်။ ဓာတ်အားပေးစက်ရုံမှ ၁၀ ကီလိုမီတာ အတွင်းရှိသူများအား အခြားနေရာသို့ ရွှေ့ပြောင်းပေးခြင်းမှာ ပြီးဆုံးခါနီးပြီဖြစ်သည်။ ဂျပန်အစိုးရသည် ဓာတ်အားပေးစက်ရုံမှ ကီလိုမီတာ ၂၀ တွင် ရှိသောသူများအား နေရာပြောင်းရွှေ့ရန် အမိန့်ပေးထားသည်။ တိုကျိုမြို့စွန်ဒေသများတွင် အနုမြူဓာတ်ရောင်ခြည်ကြွမှုတိုးလာသော်လည်း လူများ၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် အဆင့်သို့မရောက်သေးကြောင်း မြို့တော်၏ အုပ်ချုပ်ရေး အရာရှိများအား ကိုးကား၍ ယူမီအူရီ (Yomiuri) သတင်းက ဖော်ပြသည်။

ဂျပန်ဝန်ကြီးချုပ်က နိုင်ငံသားများအား စားနပ်ရိက္ခာ အလုံအလောက်ရှိကြောင်းနှင့် အေးဆေးငြိမ်သက်စွာ နေကြရန်မှာကြားသည်။ ဂျပန်အစိုးရသည် Stable Iodine အရေအတွက် ၂၃၀,၀၀၀ အား ဓာတ်အားပေးစက်ရုံနှင့် နီးသော ရွှေ့ပြောင်းရေး စခန်းများသို့ ပေးပို့လိုက်သည်ဟု အရာရှိများက ပြောသည်။ Stable Iodine အား သောက်ထားပါက လည်ပင်းတွင်ရှိသော သိုင်းရွိုက်အကြိတ် (Thyroid Gland) တွင် ရေဒီယိုဓာတ်ကြွသတ္တိရှိ အိုင်အိုဒင်း(radioactive iodine) စုနေခြင်းအား ကာကွယ်သည်။ နောက်ဆုံးရရှိသော တရားဝင် ကိန်းဂဏန်းများအရ သေဆုံးသူ ၂,၄၁၄ ယောက်နှင့် ပျောက်ဆုံးနေသူ ၃,၁၁၈ ယောက်ရှိသည်။ တိုကျိုမြို့၏ မြောက်ဘက်ရှိ မီယာဂီ စီရင်စုနယ် (Miyagi Prefecture) တွင် လူသေဆုံးမှုအရေအတွက် ၁၀,၀၀၀ ရှိသွားနိုင်သည် ဟု ရဲအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဂိုစူဂါဝါရာ (Go Sugawara) ကပြောသည်။

အမေရိကန် ပြည်ထောင်စု၏ ဘူမိဗေဒ တိုင်းထွာရေး အဖွဲ့ဖြစ်သော (US Geological Survey) က ဂျပန် ငလျင်ပြင်းအား အဆင့်အား ၈.၉ မှ ၉.၀ သို့ တိုးမြှင့်သတ်မှတ်လိုက်ရာ ၁၉၀၀ မှစ၍ ကမ္ဘာ၏ အားအပြင်းဆုံး ငလျင်လေးခုတွင် ပါပြီး ဂျပန်နိုင်ငံ၏ ငလျင်သမိုင်းတွင် အားအပြင်းဆုံးဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ်သည် ဆဲန်ဒိုင်း (Sendia) ဒေသတဝိုက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းအတွက် ကြည်းတပ်ဖွဲ့ဝင် ၁၀၀,၀၀၀ စေလွှတ်ခဲ့သည်ဟု ကာကွယ်ရေး ဝန်ကြီး တိုမီရှီ ခီတာဇာဝါ (Toshimi Kitazawa) ကပြောသည်။ လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ အနုမြူဓာတ်ပေါင်းဖိုအား အခြေအနေတည်ငြိမ်ရန် ဂျပန်အစိုးရသည် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA - International Atomic Energy Agency) သို့ အကူအညီ တောင်းထားသည်ဟု အေဂျင်စီ၏ အတွင်းရေးမှူးချုပ် ယူကီယို အာမာနို (Yukio Amano)၏ ဗီယာနာမြို့ (Vienna)မှ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

0 comments:

Post a Comment