Tuesday, 21 June 2011

ဒုက္ခသည် အများဆုံးထွက်တဲ့ နိုင်ငံစာရင်း ကုလ အစီရင်ခံစာ ထုတ်ပြန်

2011-06-20

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ပဉ္စမမြောက် ဒုက္ခသည် အများဆုံး ထွက်ရှိတဲ့ နိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာရုံး UNHCR က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ သိရပါတယ်။

၂ဝ၁ဝ နှစ်ကုန်ပိုင်း အထိ စာရင်းတွေ အရ မြန်မာနိုင်ငံ ကနေ အကြောင်း အမျိုးမျိုးကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် ၄ သိန်းကျော် (၄၁၅,၇ဝဝ) ရှိပြီး အဲဒီ အထဲက UNHCR ရဲ့ ကူညီ ထောက်ပံ့မှု ရသူ ၂ သိန်းကျော် ရှိပြီး ကျန်တဲ့ ၂ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဒုက္ခသည် အဖြစ် အသိအမှတ်ပြု မခံရသေးဘဲ ခိုလှုံ နေကြရတယ်လို့ ဆိုပါတယ်

ထိုင်း နိုင်ငံမှာတော့ ဒုက္ခသည်အဖြစ် ခိုလှုံနေသူ ၉ သောင်းခွဲကျော် ရှိပြီး အဲဒီ အထဲမှာ မြန်မာ နိုင်ငံက ထွက်ပြေးလာသူတွေက အများဆုံး ဖြစ်ပါတယ်။

ဒ့ါပြင် ထိုင်းနိုင်ငံတွင်းမှာ ဘယ်နိုင်ငံသားလို့ တရားဝင် အထောက်အထား မရှိသူ နိုင်ငံမဲ့ ဦးရေ ၅သိန်းကျော်ကို စိစစ်ဖို့ ကျန်နေသေးတယ်လို့လည်း အစီရင်စာမှာ ပါတဲ့ စာရင်းတွေအရ သိရပါတယ်။

နှစ် ၆ဝ မြောက် ကမ္ဘာ့ ဒုက္ခသည်များနေ့ ဖြစ်တဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ UNHCR နှစ်ပတ်လည် အစီရင်ခံစာ အရ ၂ဝ၁ဝ ခုနှစ် အတွင်း ကမ္ဘာမှာ ဒုက္ခသည် စုစုပေါင်း ၄၄ သန်းထိ ရှိပြီး အများစုဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။ အဲဒီ အထဲမှာ အာဖဂန်က ဒုက္ခသည် ၃ သန်းနဲ့ အများဆုံးဖြစ်ပြီး၊ အီရတ်၊ ဆိုမာလီနဲ့ ကွန်ဂိုတို့က မြန်မာနိုင်ငံရဲ့ အထက် ဒုတိယ၊ တတိယနဲ့ စတုတ္ထ နေရာတွေမှာ အသီးသီး ရှိနေကြတယ်လို့ သိရပါတယ်။(RFA)

0 comments:

Post a Comment