Tuesday, 21 June 2011

ဒေါ်အောင်ဆန်းစုကြည် ဇွန် ၂၂ ရက်နေ့ ခရီးစထွက်မည်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံး ပြည်တွင်းခရီးစဉ်အား ဇွန်လ ၂၂ ရက်နေ့တွင် စတင်ရန် ပြင်ဆင်နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းတာဝန်ရှိသူက “ မွေးနေ့ပွဲပြီးတာနဲ့ ၃ ရက်အကြာ ဇွန် ၂၂ ရက်မှာခရီးစတင်ထွက်မှာပါ၊ ဘယ်နေရာကို စတင် ထွက်မယ်ဆိုတာတော့ ပြောဖို့ စောပါသေးတယ်”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီး နောက်တွင် မိမိသည် နိုင်ငံသား တစ်ဦးဖြစ်ခြင်းကြောင့် မိမိလုံခြုံရေးသည် အစိုးရတွင် အပြည့်အဝ တာဝန်ရှိကြောင်း မီဒီယာ စာမျက်နှာထက်တွင် ဆိုခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ အခမ်းအနား အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် အခမ်းအနား ပြင်ဆင်မှုများ ရှိနေသော်လည်း ပြည်တွင်းခရီးစဉ် ထွက်ရှိရန် ဒေါ်အောင်ဆန်းစုကြည်က နှောင့်နှေးမည်ကို မလိုလားကြောင်း ယင်းအဖွဲ့ချုပ် အသိုင်းအဝိုင်းမှ ကြားသိရသည်။

အဖွဲ့ချုပ်လူငယ်တစ်ဦးက “ခရီးထွက်ဖို့ကို အမေက နောက်ကျမှာ မလိုလားဘူး။ အခု အောက်က အခန်းမှာ အမေ့မွေးနေ့အတွက် ပွဲတိုက်တယ်၊ အပေါ်က အခန်းတွေမှာတော့ ခရီးသွားဖို့ ပြင်ဆင်နေ ကြတယ်။ အစည်းအဝေးတွေ လုပ်နေကြတယ်” ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း လုပ်ကြံမှု အပြီးတွင် ၇ နှစ်ကျော်ကြာ နအဖအစိုးရ၏ နေအိမ်အကျယ်ချုပ်ထားခြင်းခံခဲ့ရသည်။

ကျော်စွာ

( မေးထဲသို့ ရောက်လာသော Yangon Chronicle သတင်းလွှာမှ ကူးယူဖော်ပြပါသည် )
ပေးပို့ သူ --aungmyo tun
-sit naing-18,6, 2011။-

0 comments:

Post a Comment