Friday 30 September 2011

6P လုပ်သော်လည်း ရဲများက ဆက်လက် နှိမ်နှင်း


KHT/ PETALING JAYA- တရားဝင်နှင့် တရားမ၀င် နိုင်ငံခြား အလုပ်သမား မှတ်ပုံတင် အစီအစဉ် ဖြစ်သည့် 6P ခေါ် လွတ်ငြိမ်းခွင့် သည် သင့်တော်သည့် ခွင့်ပြုချက်မရှိဘဲ လူမျိုးခြားများကို ထိန်းချုပ်ရန် ကြိုးစားသည့် ရဲများကိုမှု မရပ်တန့်နိုင်ခဲ့ ကြောင်းဆိုသည်။

6P အစီအစဉ်ဖြင့် မှတ်ပုံတင်ရန် လာရောက်သူများကို ရဲများက နှောင်ယှက်ခဲ့သကဲ့သို့ ငွေတောင်းယူမှုများ ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ရေး အတွက် ခန့်အပ်ခဲ့သော ကုမ္ပဏီများက ပြောသည်။

“ရဲတွေက တရားဝင်နဲ့တရားမ၀င် ရွှေ့ပြောင်း နေထိုင်တဲ့သူတွေဆီကနေ ငွေညှစ်တာတွေလုပ်ခဲ့ပါတယ်၊ ဒါက သတ်မှတ်ချက် တခုလိုဖြစ်နေပါတယ်၊ ပြည်ထဲရေး ၀န်ကြီးက ဒီအစီအစဉ်မှာ ပါဝင်နေသလို 6P မှတ်ပုံတင် စာရွက်စာတမ်း လည်း ရှိနေပေမယ့် ရဲတွေက အသိအမှတ်မပြုဘူးလို့ ပြောနေတုန်းပဲ” ဟု Seremban အခြေစိုက် မှတ်ပုံတင်ခွင့် လုပ်ဆောင် နေသည့် ကုမ္ပဏီ ပိုင်ရှင် တဦးက ဆိုသည်။

“ဒီလို ကိစ္စတွေ အများကြီးရှိနေပါတယ်၊ 6P မကလို့ 8P ပဲရှိနေနေ သူတို့က ပိုက်ဆံတောင်းတယ်၊ အဲဒီတော့ ကျနော်တို့ပေး ရတယ်၊ နည်းနည်းပဲပေးမှ ရတယ်၊ သူတို့ ပြောသလို လိုက်မလုပ်မိစေနဲ့” ဟု မှတ်ပုံတင်ခွင့် လုပ်ဆောင်နေသည့် တခြားသော ကုမ္ပဏီ တခုက ပြောသည်။ ယင်းကုမ္ပဏီက အဆိုပါ ကိစ္စများ ၅ ခုခန့်ကြုံတွေ့နေရသည်ဟုလည်း ပြောသည်။

ရဲများက ငွေညှစ်ရုံသာမက 6P စာရွက် စားတမ်းများကို မီးရှို့ဖျက်ဆီးလိုက်သည့်အတွက် အလုပ်သမားအနေဖြင့် စာရွက် စာတမ်း တစုံတရာ မရှိတော့ကြောင်းလည်း သူက ဆက်ရှင်းပြသည်။

6P အစီအစဉ်သည် တိုင်းပြည်ရှိ တရားဝင်နှင့် တရားမ၀င် အလုပ်သမားများကို မှတ်ပုံတင်ရန် ပြည်ထဲရေးဝန်ကြီးက စတင် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်း နှင့် နယ်နှင်ဒဏ်ပေးခြင်း စသည့်အဆင့် ၆ ဆင့်ကို ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။

လူကုန်ကူးသူများ၊ ငွေမဲခ၀ါချခြင်းနှင့် မူးယစ်ဆေးဝါး ခိုးသွင်းခြင်းတို့စသော နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုများအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်။

သြဂုတ်လ ၃၁ ရက်နေ့အထိ နိုင်ငံခြား အလုပ်သမား ၂၃၂၀၀၃၄ မှတ်ပုံတင်ခဲ့ကြရာ တရားဝင် အလုပ်သမား ၁၀၁၆၉၀၈ ဦး ဖြစ်ပြီး တရားမ၀င် ၁၃၀၃၁၂၆ ဦးဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီး Hishammuddin Hussein က ပြောသည်။

တရားမ၀င် နေထိုင်သူများကို ကိုယ်ရေး ရာဇ၀င် မှတ်ပုံတင်သည့် နည်းစနစ်ဖြင့် 6P အစီအစဉ်၏ ပထမအဆင့်ကို ဆောင်ရွက် ခဲ့သည်။

စနေနေ့က Ampang ရှိ စားသောက်ဆိုင်နှင့် အရက်ဆိုင်တွင် လုပ်ကိုင်နေသည့် ဘင်္ဂလားဒေ့ရှ် အလုပ်သမား ၂ဦးကိုလည်း ခွင့်ပြုချက် မရှိဘဲ အလုပ်လုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ရဲက ဖမ်းဆီးခဲ့သည်ဟု တခြား ကုမ္ပဏီ တခုက ပြောသည်။

“6P အစီအစဉ်နဲ့ အဖမ်းမခံရတော့ဘူးလို့ ယူဆလို့ မရဘူး၊ အဲဒါကို ဘာကြောင့် လွတ်ငြိမ်းခွင့်လို့ ခေါ်နေလဲမသိဘူး၊ သူတို့မှာ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းပြနိုင်ရင် ဒီအစီအစဉ်ရဲ့အောက်မှာ အလုပ်လုပ်ခွင့်ရှိရမှာပေါ့”ဟု ယင်းကုမ္ပဏီ ကိုယ်စားလှယ်က ပြောသည်။

ယင်းသို့ ဖမ်းဆီးခြင်းသည် ဖမ်းဆီးသည့် လူတယောက်၏ ယုံကြည်မှု၊ ပြည်ထဲရေး ၀န်ကြီးနှင့် လုပ်ဆောင်နေသည့် အစိုးရ ခန့်အပ်ထားသည့် ကုမ္ပဏီများကို သံသယရှိနေသည့် သံသယရှိနေတဲ့သဘောလားဟူသော မေးခွန်းများ ပေါ်ထွက်လာ သကဲ့သို့ 6P အစီအစဉ်သည်လည်း အသုံးမ၀င်တော့ဟု ဆိုလိုသည့်သဘောဖြစ်ကြောင်း၊ ရဲက ဖမ်းဆီးထားသူများ၏ စာရွက်စာတမ်းများကို လူဝင်မှုကြီးကြပ်ရေးတွင် စစ်ဆေးရန် ၃ ပတ်ခန့်ထိန်းသိမ်းထားစဉ်အတွင်း ဖမ်းဆီးခံရသူများမှာ ထောင်အတွင်း ခံစားနေရကြောင်း သူက ဆက်ပြောသည်။

ပြည်ထဲရေး ၀န်ကြီးဌာနက 6P အစီအစဉ်ဖြင့် မှတ်ပုံတင်ထားသူတဦးအား အလုပ်လုပ်ခွင့်ရှိမရှိကို သေချာစွာ စိစစ်ပေး သင့်ကြောင်း၊ အကျင့်ပျက်ခြစားမှုပုံစံဖြင့် ငွေနောက်လိုက်သည့် ရဲများက တရားဥပဒေအပေါ်သို့ ရောက်နေကြောင်း သူကဆိုသည်။

၎င်းတို့ ဖမ်းဆီးထားသည့်သူများ၏ စာရွက်စာတမ်းမှန်မမှန် စစ်ဆေးရန်အတွက် စောင့်နေရုံမှ လွဲ၍ ရဲများအတွက် ရွေးစရာ နည်းလမ်းမရှိကြောင်း ဘင်္ဂလားဒေရှ့် လူမျိုး ၂ ဦးကို စစ်ဆေးနေသည့် ရဲ့အရာရှိက ပြောသည်။

သို့သော်လည်း 6P အစီအစဉ်အတွက် စာရွက်စာတမ်းများ လုပ်ဆောင်နေစဉ်အတွင်း တရားမ၀င် နေထိုင်သူများကို ကင်းလွတ်ခွင့်ပြုရေး အတွက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

6P အစီအစဉ်ဖြင့် မှတ်ပုံတင်ခဲ့သည့် အလုပ်သမားများကလည်း ရေတပ် အရာရှိများနှင့် ပြဿနာဖြစ်ပွားခဲ့ကြောင်း တခြား ကုမ္ပဏီတခုကလည်း ဆိုသည်။

မလေးရှား ရေပိုင်နက်စောင့်ကြည့်ရေးအဖွဲ့ (MMEA)၏ သတိပေးမှုကြောင့် 6P စာရွက်စာတမ်းများ ပျက်ပြယ်မသွားကြောင်း ငါးဖမ်းလုပ်သားများထံမှလည်း MMEAနှင့် ပတ်သက်သည့် တိုင်တန်းမှု အမြောက်အမြား ရရှိခဲ့ကြောင်း အသေးစား ရှယ်ယာ ရှင်များ အသင်း ဥက္ကဋ္ဌ Tan Tang Seongက ပြောသည်။

“6Pကို အသိအမှတ်မပြုဘူးလို့ ရေတပ်က သူတို့ကို ပြောတယ်၊ Sungai Besar၊ Tanjung Karang ငါးဖမ်းစက်လှေကို ရပ်ခိုင်း တော့လည်း အဲသလို ကိစ္စတွေတွေ့ရတယ်၊ တရားဝင်နဲ့ 6Pအစီအစဉ်နဲ့ မှတ်ပုံတင်ထားတဲ့ တရားမ၀င် အလုပ်သမား တွေကို သူတို့က Klang ဆိပ်ကမ်းကို ခေါ်သွားပြီးတော့ ဖမ်းလိုက်တယ်” ဟု သူက ပြောသည်။

MMEAသည် ပြည်ထဲရေး ၀န်ကြီးထက် ၀န်ကြီးချုပ်ရုံးလက်အောက်သို့ ရောက်ရှိနေသဖြင့် ယခုကဲ့သို့ ရှုပ်ထွေးမှုများနှင့် အငြင်းပွား ဖွယ်ရာများ ဖြစ်ပွားလျက်ရှိကြောင်း Tan က ပြောသည်။

ယင်းကိစ္စကို ပြည်ထဲရေး ၀န်ကြီးဌာန အထွေထွေ အတွင်းရေးမှူး Mahmood Adam ကိုလည်း တင်ပြခဲ့ကြောင်း သူက ပြောသည်။

အာဏာပိုင်များက အလုပ်သမားများကို နှောင့်ယှက်သည်ဟူသော စွဲချက်ကို ပြန်လည်စစ်ဆေးရန်လိုသည်ဟု Mahmoodက FMTသို့ပြောသည်။

“ဒီလိုဖြစ်နေတဲ့ အမှုတွေရှိနေလား၊ တကယ်လို့ ရှိတယ်ဆိုရင် အဲဒီလိုကိစ္စတွေ တကယ်မှန်မမှန် ရဲတွေနဲ့ စစ်ဆေးခိုင်းရမယ်” ဟု သူက ဆိုသည်။

6P အစီအစဉ်၏ ဒုတိယ အဆင့်မှာ တရားဝင်ဆောင်ရွက်ခြင်းဖြစ်ပြီး စတင်မည့်ရက်သည် ဒုတိယ ၀န်ကြီးချုပ် Muhyiddin Yassinဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် နိုင်ငံခြားအလုပ်သမားများနှင့် တရားမ၀င် ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက် သည့် ၀န်ကြီး အစည်းအဝေးပြီးမှ သိရမည်ဖြစ်သည်။

6P အစီအစဉ်နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများလည်း ရှိခဲ့သည်။ အစိုးရက ခွင့်ပြုချက်မရရှိထားသည့် ကုမ္ပဏီများက လုပ်ဆောင်ခြင်း၊ သတ်မှတ် ငွေထက်ပိုမိုကောက်ခံခြင်း၊ တရားဝင်အလုပ်သမားများ အလုပ်ရှင်ထံမှ ထွက်ပြေးခြင်း စသော တိုင်တန်းမှုများ မြောက်မြားစွာရှိခဲ့သည်။ (သူရိယ)

0 comments:

Post a Comment