Friday 20 January 2012

အက်ကွဲသော်လည်း မပြိုကျသည့် အလုံမြို့နယ် ရှစ်ထပ်တိုက် ပြန်လည်နေခွင့်ပြုပြီ

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ
အက်ကွဲပြိုကျနိုင်သည် ဟု မြို့တော်စည်ပင်နှင့် သက်ဆိုင်ရာမှ ကနဦးယူဆထားသော အလုံမြို့နယ် အထက်ကြည့်မြင်တိုင်လမ်းရှိ ရှစ်ထပ်တိုက်နှင့် ၄င်းတိုက်၏ ဘေး ပတ်ဝန်းကျင်မှ လူနေတိုက်ခန်းများမှ အိမ်ထောင်စုများအား ဇန်နဝါရီလ ၂ဝ ရက်
နေ့တွင် မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန (ယာ/အုံ)မှ မူလအတိုင်း ပြန်လည်နေ ထိုင်ခွင့် ပြုလိုက်ကြောင်း သိရသည်။


အက်ကွဲပြိုကျနိုင်သည်ဟု သက်ဆိုင်ရာနှင့် အဆိုပါတိုက်တွင် နေထိုင်သူများ၏ ကနဦး
ယူဆသော တိုက်မှာ အလုံမြို့နယ်၊ စောရန်ပိုင်မြောက်ရပ်ကွက်၊ အထက်ကြည့်မြင်
တိုင်လမ်းပေါ် ရှိ အမှတ် (၃၆၇) မှ မြေပိုင်ရှင် ဒေါ် လေးစိန်၏ အလျား ၈၉ ပေ၊
အနံပေ ၂ဝ နှင့် အမြင့် ၇၉ ပေရှိသော ရှစ်ထပ်တိုက်ဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်
နေ့ ည ၁ဝ နာရီ ၄၅ မိနစ် အချိန်၌ ဒုတိယထပ်၏ ညာဘက် နောက်ဖေးအစွယ်တွင် ကြမ်းခင်း ကွန်ကရစ်မခိုင်မှုကြောင့် ညာဘက်သို့ ငါးပေခွဲခန့် ရုတ်တရက် အက်ကွဲ
သွားခဲ့ကြောင်း အဆိုပါတိုက်တွင် နေထိုင်သူများထံမှ သိရ သည်။ထိုသို့ အက်ကွဲသွားမှုကြောင့် အဆိုပါတိုက်တွင် နေထိုင်သူများမှာ မနေရဲတော့ဘဲ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ သက်ဆိုင်ရာမှ လာရောက်စစ်ဆေးခဲ့ပြီး အဆိုပါ တိုက်တွင် နေထိုင်သူများ အပါအဝင် ထိုတိုက်၏ ဘေးပတ်လည်တွင် ရှိသော လူနေအိမ်များမှ လူဦးရေ ၃၂၈ ဦးအား အ.ထ.က (၁) အလုံနှင့် အ.မ.က (၄) အလုံတို့တွင် ယာယီ ပြောင်းရွှေ့ပေးခဲ့သည့်အပြင် အထက်ကြည့်မြင်တိုင် လမ်းကိုလည်း ယာယီပိတ်ထားခဲ့ရသည်။
အဆိုပါနေရာသို့ ဇန်နဝါရီ လ ၂ဝ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန် ကြီး ဦးတင်ဝင်း၊ စည်ပင်ခရိုင်မှူး နှင့် မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (ယာ/အုံ) မှ တာဝန်ရှိသူများ မှ မြေညီထပ်ကို စစ်ဆေးခဲ့ရာ ထိုတိုက်၏ တိုင်ယက်မတန်းများမှာ ပျက်စီးမှုမရှိသဖြင့် အန္တရာယ်မရှိဟု ယူဆ၍ လူနေထိုင်ခွင့်အား ပြန်လည်ခွင့်ပြုခဲ့သည့်အပြင် ယာယီပိတ်ထားသော အထက်ကြည့်မြင်တိုင်လမ်းအား ပြန်လည်ဖွင့်ပေးခဲ့ကြောင်း ထပ်မံသိရသည်။ ထိုတိုက်မှာ ၂ဝဝ၈ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment