Monday 26 March 2012

ကချင်ပြည်နယ် စစ်ဘေးသင့် ဒုက္ခသည်များအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာများပေးအပ်


ကချင်ပြည်နယ်တွင်းရှိ ဝိုင်းမော်မြို့နယ် ဆဒုံ့ကျေးရွာအနီးရှိ စစ်ဘေးဒုက္ခသည်များ
အတွက် စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် လိုအပ်သည့် အသုံးအဆောင်တို့ကို
ကုလသမဂ္ဂ ထောက်ပံ့ရေးယာဉ်တန်းမှသွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
“အဓိကက စားနပ်ရိက္ခာရယ်၊တခြားအရေးကြီးတဲ့ပစ္စည်းတွေ ဥပမာဆိုရင်စောင်တို့၊
ခြင်ထောင်တို့ ၊စားနပ်ရိက္ခာ ဆိုရင်လည်း ဆန်၊ ဆီ၊ ဆား ပေါ့ဗျာ တချို့လူတွေ
အတွက်ကတော့ ဆေးဝါးတွေပေါ့ဗျာ” ဟု ရန်ကုန်မြို့ ကုလသမဂ္ဂ ပြန်ကြားရေး
အရာရှိ ဦးအေးဝင်းက ပြောသည်။

ကုလသမဂ္ဂ ထောက်ပံ့ရေးယာဉ်တန်းသည် ယနေ့ (၂၆) ရက်နေ့ နံနက်ပိုင်းတွင်
စစ်ပွဲများ ဖြစ်ပွားနေသောကချင်ပြည်နယ်အတွင်းမှဝိုင်းမော်မြို့နယ် ဆဒုံ့ကျေးရွာ
အနီးရှိ စစ်ဘေးဒုက္ခသည်များထဲမှ လူတစ်ထောင်အတွက် တစ်လစာ ဆန်၊ ဆီ၊
ဆား စသည့် စားသောက်စရာများ၊ အမိုးအကာများ အဖြစ်အသုံးနိုင်ရန်အတွက် တာလပတ်များနှင့် ဆေးဝါးအချို့တို့ကို ပေးအပ်ခဲ့သည်ဟု၎င်းကထပ်မံပြောသည်။

စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခများနှင့် ဆေးဝါးများအဓိကလိုအပ်နေ
ကြောင်းနှင့် မိုးတွင်းကာလ နီးကပ်လာပြီ ဖြစ်သောကြောင့် အမိုးအကာများ ထပ်
မံလိုအပ်နေကြောင်းနှင့် နိုင်ငံတော် အစိုးအနေဖြင့်လည်းကူညီထောက်ပံ့မှုများ ပြု
လုပ်သင့်နေပြီဖြစ်ကြောင်း KIO ဒုက္ခသည်စခန်းမှ ကူညီရေးအဖွဲ့ဝင်တစ်ဦးက
ပြောသည်။
“ဒုက္ခသည်တွေက အများကြီးပဲ သူတို့အတွက် စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ
အရမ်းကို လိုအပ်နေ တယ်။ စေတနာရှင်တွေ၊ ကူညီထောက်ပံ့ပေးမယ့် အဖွဲ့
အစည်းတွေလည်းအရမ်းလိုအပ်နေတယ်။အထူးသဖြင့် ကလေးငယ်တွေအတွက်
ဆေးဝါးတွေ လိုအပ်နေပါတယ်”ဟု ဒုက္ခသည်စခန်းမှ ကူညီရေးအဖွဲ့ဝင်တစ်ဦး
က ပြောသည်။

ဝိုင်းမော်မြို့နယ် ဆဒုံးဒေသဘက်မှ ဒုက္ခသည်များအတွက် ထောက်ပံ့မှုများပေး
ပြီးနောက် ကုသသမဂ္ဂ ထောက်ပံ့ရေးယာဉ်တန်းသည် တရုတ်-မြန်မာ နယ်စပ်
ဒေသများဖြစ်သော လွယ်ဂျယ်ဒေသနှင့် မိုင်ဂျာရန်ဒေသများဘက်သို့ဆက်လက်
ထွက်ခွာသွားကြောင်း သိရသည်။(မြစ်မခ)

0 comments:

Post a Comment