Monday 28 May 2012

ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်မည်

ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်သွားရန်စီစဉ်နေ
ကြောင်း ဒေသခံများထံမှသိရသည်။စက်ရုံတည်ဆောက်မည့်နေရာမှာကလေးမြို့နယ်
အင်ဒိုင်းကြီးရွာနှင့် ပေ(၃၅၀၀) ခန့်ရှိထုံးကျောက်တောင်နေရာတွင်ဖြစ်ပြီး ကုမ္ပဏီမှ
တာဝန်ရှိသူများ၊ခရိုင်စိုက်ပျိုးရေးလုပ်ငန်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ကျေးရွာအုပ်
ချုပ်ရေးမှူးတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ကွက်ဧရိယာ(၂၀၀၀)ခန့်ရှိကြောင်း
သိရသည်။

၎င်းစက်ရုံ နယ်နိမိတ်အတွင်းတွင် တောရိုင်းမြေနှင့် သစ်တောကြိုးဝိုင်းမြေ ဧက
(၁၀၀၀)ခန့်ပါဝင်နေပြီး အင်ဒိုင်းကြီးနှင့် အင်ဒိုင်းလေးကျေးရွာတို့မှတောင်သူ(၄၀)
ဦးတို့၏ စိုက်ပျိုးမြေ (၄၆)ဧကလည်း ပါဝင်နေကြောင်း သိရသည်။

ဒီထုံးကျောက်တောင်ကို အမှီပြုပြီး ဒီဒေသခံတွေက ထုံးလုပ်ငန်းတွေလုပ်ကိုင်နေ
တာရှိတယ်။ကုမ္ပဏီက၀င်ပြီးလုပ်ကိုင်မယ်ဆိုရင်တော့ ဒေသခံတွေအတွက်အလုပ်
တွေပျောက်သွားနိုင်တာပေါ့။ ဟု အင်ဒိုင်းကြီးရွာသားတစ်ဦးမှ ပြောခဲ့သည်။

မြို့နယ်သစ်တောဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း အစ်ကိုတို့ဌာနက သူတို့
ကုမ္ပဏီ)ရဲ့ ဆန္ဒအတိုင်း လုပ်ပေးရတာပါ။မလုပ်နဲ့လို့တားပိုင်ခွင့်မရှိပါဘူး။
သူတို့ရဲ့ လုပ်ကွက် ဧရိယာထဲမှာတော့စီးပွားဖြစ် အပင်ကြီးတွေ မရှိပါဘူး။
အပင်ငယ်တွေပဲ ရှိပါတယ် ဟု ပြောခဲ့သည်။

စက်ရုံဆောက်တာ ကောင်းပေမယ့် ဒီဒေသရဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်။
အထင်ရှားဆုံးက တောင်ကြီးပျောက်သွားမယ်။အနီးအနားကကျေးရွာတွေအတွက်
သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်မှု ပိုများလာမယ်။ကာကွယ်နိုင်စွမ်းအားနည်း
သွားမယ်။ ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူ
တစ်ဦးကပြောပြခဲ့သည်။

တောင်သူများ၏ စိုက်ပျိုးမြေများအတွက် လျော်ကြေးငွေများပေးသွားမည်ဟုသိရ
ပြီးတရားဝင်သတ်မှတ်ထားသော လျော်ကြေးနှုန်းထားများ မရှိသေးကြောင်းလည်း
သိရသည်။ နိုင်ငံအ၀ှမ်း ဘိလပ်မြေစက်ရုံတည်ဆောက်လုပ်ကိုင်ခွင့်ရရှိထားသော
ကုမ္ပဏီများမှာ ထွန်းသွင်ကုမ္ပဏီအပါအ၀င်( ၂၁ ) ခုခန့်ရှိပြီး လည်ပတ်နေသော
ဘိလပ်မြေစက်ရုံပေါင်းမျာ(၁၄)ရုံရှိသည်ဟု သိရသည်။

0 comments:

Post a Comment