“ခွပ်ဒေါင်း မှသည် ကဒေါင်း သို့”
ရှစ်ရှစ်ရှစ်ရှစ်၊ နှစ်ပတ်လည်ကာ
နှစ်ဆယ်လေး နှစ်ပြည့်၊ တွေးစစ်ကြည့်သော်
ပြည်တော်ကောင်းစားမဲ့၊ ရည်မြော်အကြောင်းများဖွဲ့
ချီသော်ကျောင်းသားနဲ့၊ ကျောင်းသူလူငယ်
ထူသယ်ဒေါင်းအလံ၊ အောင်ပွဲခံဘို့
နွှဲကြံလို့မှန်း၊ ရှေ့တန်းကထွက် …….
ရဟန်းရှင်လူ၊ ပြည်သူအပေါင်းလဲ
လှည်းနေလှေအောင်း၊ မြင်ဇောင်းမကျန်
ပြည်တနှံတလျား၊ တက်ကြွနိုးကြား
အင်အားဖော်လျက်၊ လမ်းပေါ်တက် …….
စစ်အာဏာရှင်၊ မကြာခင်ချုပ်ငြိမ်း
ရုပ်သိမ်းစေလို၊ ပြည်စိုပြေမဲ့
ဒီမိုကရေစီ၊ ပြည်တခိုဝေစည်ဘို့
ရည်မှန်းလျက် …….
ရမ်းကားဖြိုခွင်း၊ နှိမ်နင်းပစ်ခတ်
သတ်ဖြတ်ခံကာ၊ စံရှာထောင်တွင်း
နှစ်ရှည်ညှင်းလဲ၊ တင်းဆဲဒေါင်းမွေး
ပြင်းဆဲဒေါင်းသွေး၊ ခွပ်ဒေါင်းသွေးသည်
စွေးစွေးနီလျက် …….
ခေတ်ရေစီးကြောင်း၊ တဆစ်ပြောင်းကာ
ကောင်းလာဘို့ဖန်၊ ပြည်မြန်မာရေး
အားပေးကူကာ၊ ကမ္ဘာအဝှမ်း
သဒ္ဓါလွှမ်းလျက်၊ မွှန်းပေးချက်…….
ရှစ်လေးလုံးမှတည်၊ ရည်မြော်ကြံစိတ်
သန္နိဋ္ဌာန်ဝေ၊ ဆန္ဒတွေပြည့်
အားလုံးရွေ့လို့၊ ရှေ့သို့ဆက် …….
ရှစ်လေးလုံးမှ၊ အမွေဆက်ခံ
တိုးတက်ရန်အရေး၊ ကျောင်းနံရံတဝိုက်
ဒေါင်းအလံစိုက်ရန်၊ အားသန်ညွှတ်ပြောင်း
“ခွပ်ဒေါင်း”မှသည်၊ “ကဒေါင်း” သွက် …….
{“ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး” ငွေရတုအကြို ၂၄ နှစ်ပြည့် အမှတ်တရ}
0 comments:
Post a Comment