Wednesday, 8 August 2012

၈၈ စိတ်ဓါတ် မှ တိုင်းပြည်ထူထောင်ရေးဆီသို့


၈.၈.၈၈ မှာ ပါဝင်ခဲ့သူတိုင်း ၈ လေးလုံးနှစ်ပတ်လည်ကို အမြဲတမ်းအမှတ်ရနေတာ
ကတော့ နိုင်ငံကိုကြီးပွါးတိုးတက်စေခြင်တဲ့ စိတ်ကိုဖြေဖျောက်၍ မရတာကြောင့်ဖြစ်
တယ်လို့ထင်တယ်။၂၄နှစ်ကြာ ရှိခဲ့ပြီဖြစ်တဲ့ပြည်သူ့အရေးတော်ပုံရဲ့အကျိုးဆက်တွေ
ကြောင့်၊ဒီနေ့ဖြစ်နေတဲ့ကိစ္စတွေ ဖြစ်နေရတယ်ဆိုပေမယ့်၊ဖြစ်သင့်သလောက် မဖြစ်
နေဘူးဆိုတာကိုတော့လက်ခံရမှာပါ။

၈၈ နဲ့အတူ အနစ်နာခံမှုတွေ၊ စွန့်လွတ်မှုတွေ၊ ဆုံးရှုံးရမှုတွေ၊မိသားစုနဲ့ပြန်မဆုံ
ရခြင်းတွေ စတဲ့ပေးဆပ်မှုတွေဟာ၊ မြန်မာပြည်ကို နိုင်ငံတကာအဆင့်မှီ ဖွံ့ဖြိုးသော
နိုင်ငံတခုဖြစ်စေလိုတာမှတပါး၊ အခြားဘာရည်ရွယ်ချက်မှမရှိခဲ့ဘူးဆိုတာ၊ ကာယကံ
ရှင်တွေ အားလုံးသိကြသလို၊ ပြည်သူလူထုတရပ်လုံးလည်းသိတဲ့ကိစ္စတခုပါ။ပေးဆပ်
ခဲ့ပြီးသလောက်၊အချိုးအစားညီမျှသော ပြန်လည်ရရှိမှုကို မြန်မာပြည်မှာရရှိခံစားနေ
ရတာမတွေ့ရသေးတာတော့ တရားမျှတတဲ့ရှုမြင်မှုတခုလို့ဆိုရမှာပါ။

ဂျပန်တွေဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးပြီးတော့၊ ဘာဆိုဘာမှမရှိတဲ့ဘဝကနေ၊ဆုံးရှုံးခြင်း
ငတ်မွတ်ခဲ့ခြင်းတွေကိုအခြေပြုလျှက်၊အလုပ်ကြိုးစားလုပ်ကိုင်ခြင်း၊ခံယူချက်ပြင်းပြစွာ
နဲ့၊ဥရောပနဲ့အမေရိကတို့ကနေသင်ယူလာတဲ့နည်းပညာတွေကို၊ပြန်လည်မွန်းမံတီထွင်
ခြင်းတွေနဲ့၊ အလျှင်အမြန်ဖွံ့ဖြိုးတဲ့ နိုင်ငံတခုဖြစ်လာအောင် လုပ်ဆောင်နိုင်ခဲ့တာကို
မြန်မာပြည်အနေနဲ့အတုယူစေခြင်တယ်။ ဒါပေမယ့်၊ အခြေခံနဲ့ပေးလာတဲ့ပတ်ဝန်း
ကျင်အနေအထားကတော့မတူဘူးပေါ့။ အဓိကအချက်ကတော့ (transparency)
လို့ခေါ်တဲ့ပွင့်လင်းညင်သာမှုအပေါ်မှာများစွာမူတည်နေတယ်။ဟန်လုပ်ပြီးပြောင်းလဲလို့
ကတော့၊ သင့်တော်တဲ့တန်ပြန်သက်ရောက်မှုကိုဘဲရမှာဘဲ။

သမာသမတ်ကျသော၊ ရှုထောင့်ကနေရှုမြင်ခြင်း အားဖြင့် မြန်မာပြည်ကိုရှုမြင်ကြည့်
မယ်ဆိုလျှင်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ဟန်ပြ ဒီမိုကရေစီ အစိုးရတရပ်ကို
သာလုပ်ဆောင်ခြင်းအားဖြင့်၊မြန်မာပြည်ကိုတိုးတက်သော၊ နိုင်ငံတခုဖြစ်လာအောင်
မတွန်းပို့နိုင်လောက်ဘူးလို့ယုံကြည်တယ်။ တိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်
ခြင်တယ်ဆိုရင်၊ အနစ်နာခံမှုတွေ၊ ဆက်စပ်နေတာကိုတွေ့ရမယ်။ အဲဒီ လိုအပ်တဲ့
အနစ်နာခံမှုတွေကိုမလုပ်နိုင်ဘူးဆိုရင်၊ မြန်မာပြည်ကို ယခင်ကလို မွဲတေနေတဲ့အဆင့်
မှာဘဲ ရှိနေစေခြင်တယ်ဆိုတဲ့ရည်ရွယ်ချက် ကိုထင်ရှားအောင်လုပ်ပြသလိုဖြစ်မှာပါ။
မေးစရာရှိလာတာကဘာကြောင့်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ခွင့်မပြုရဲတာလဲ?

ဒီနေရာမှာအပိုင်းနှစ်ပိုင်းရှိလာတာကိုတွေ့ရတယ်။ပထမအပိုင်းက၊ဒေါ်စုတို့ပြောသလို၊
၈၈ မျိုးဆက်ခေါင်းဆောင်တွေပြောသလို၊ ၈၈နဲ့ အတူဆုံးရှုံးခဲ့မှု့တွေကို အားပြုပြီး၊
အားလုံးညီညီ ညာညာဝိုင်ဝန်းလုပ်ဆောင်ကြမယ်ဆိုတဲ့ သန္ဓေ တည်ခြင်းကို၊ လိုအပ်
သလောက်မလုပ်နိုင်ခဲ့သေးခြင်း ဆိုတဲ့အချက်ဟာ လုပ်ဆောင်ခဲ့သူအားလုံးလည်းမြင်
ကြတဲ့အချက်တခုပါ။ ဒီလိုအပ်ချက်ကိုမတည်ဆောက်နိုင်တဲ့အခါ၊ အခွင့်သာသလိုနေ
လို့ရတဲ့၊ခြစားနေတဲ့၊အာဏာရှင်တွေချုပ်ကိုင်ထားတဲ့ မြန်မာပြည်ဆိုတဲ့ ယန္တရားကြီး
ဟာလည်းတွန်းရွှေ့မယ့်သူမရှိသကဲ့သို့၊မူလနေရာမှာဘဲဆက်ရှိနေရတာလို့မြင်ပါတယ်။

ဒါပေမယ့်၊ တိုင်းပြည်နဲ့လူမျိုးကိုသာ အဓိကထားပြီး၊ အခြားသောအရာတွေအားလုံး
ဟာသာမညဖြစ်တယ်ဆိုတဲ့ အခြေခံသဘောထားနဲ့၊လုံလောက်သော တွန်းအားစိုက်
ထုတ်မှုကို၊ပြည်တွင်းပြည်ပ ၈၈ မျိုးဆက်များနှင့်ပြည်သူလူထုတရပ်လုံးဟန်ချက်ညီ
စွာပြုလုပ်နိုင်ခဲ့ပါလျှင်၊မြန်မာပြည်ကို တိုးတက်မှု့ဘက်ကိုဦးတည်မယ့်လမ်းကြောင်း
မှန်ပေါ်တွန်းတင်ပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။

0 comments:

Post a Comment