Thursday 13 August 2009

အမေရိကန် အထက်လွတ်တော်အမတ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့မည်

NEJ / ၁၄ သြဂုတ် ၂၀၀၉

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်သည် ယနေ့မြန်မာနိုင်ငံသို့ ရောက်ရှိပြီးသည့်နောက်ပိုင်း မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရန်စီစဉ် ထားကြောင်း ၀ါရှင်တန် အေအန်အိုင် သတင်းတွင် ဖော်ပြသည်။

ယခုကဲ့သို့ မစ္စတာ ဂျင်ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရရှိခဲ့ပါက လွန်ခဲ့သည့် (၁၀) နှစ်အတွင်း အမေရိကန် ထိပ်တန်းအရာရှိတဦးနှင့် မြန်မာစစ်အစိုးရ ထိပ်တန်းအရာရှိတို့ ပထမဆုံးတွေ့ဆုံခြင်းဖြစ်မည်ဟု မစ္စတာဝက်ဘ်၏ရုံးမှ ကြေညာချက်ထုတ်ပြန်သည်။

ဗာဂျီးနီးယားပြည်နယ်မှ ဒီမိုကရက်ပါတီ ဆီးနိတ်လွှတ်တော်အမတ်တဦးလည်းဖြစ်၊ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆီးနိတ်‌ ဆပ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာဝက်ဘ်သည် (၃) ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး စစ်အစိုးရထိပ်တန်းအရာရှိများနှင့်တွေ့ဆုံရန် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ကြောင်း ရန်ကုန် အမေရိကန်သံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ယနေ့ အမေရိကန်အထက်လွှတ်တော်အမတ် မြန်မာနိုင်ငံသို့ရောက်ရှိမည့်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၄) ဦးအား နေပြည်တော်မှ ဖိတ်ခေါ်ထားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

“အန်အယ်လ်ဒီက စီအီးစီ (၄) ယောက်ကို နေပြည်တော်ကို ဖိတ်ပါတယ်။ ဒီနေ့သွားမှာပါ၊ ဦးသန်းထွန်းရယ်၊ ဦးလှဖေရယ်၊ ဦးညွန့်ဝေရယ်၊ ဦးစိုးမြင့်ရယ်ပါ။ (၄) ယောက်စလုံး သွားမယ်၊ မသွားမယ်ဆိုတာတော့ မသိဘူး” ဟု အန်အယ်လ်ဒီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။

အမေရိကန်အထက်လွှတ်တော်အမတ် မြန်မာနိုင်ငံသို့ လာရောက်ရာတွင် အန်အယ်လ်ဒီနှင့်တွေ့ဆုံရန် ရှိမရှိမေးမြန်းရာတွင် အကြောင်းကြားမှု တစုံတရာမရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
------------------------------------------------------------

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု ထပ်တိုး

NEJ / ၁၄ သြဂုတ် ၂၀၀၉

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး သူ့၏အခြေခံအခွင့်အရေးများကို ချိုးဖောက်လိုက်သည့်အပေါ် တုံ့ပြန်အရေးယူသည့်အနေဖြင့် ဥရောပသမဂ္ဂ( အီးယူ) က မြန်မာစစ်အစိုးရကို ယမန်နေ့က ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တရပ် တိုးချဲ့ချမှတ်လိုက်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်၏အမှုကို စီရင်ချက်ချသည့် တရားသူကြီးများ၏ အမည်များကိုပါ အီးယူနိုင်ငံများသို့ ခရီးသွားလာခွင့်ဗီဇာပိတ်ပင်လိုက်ပြီး ၎င်းတို့၏ပိုင်ဆိုင်မှုများကိုပါ ပိတ်ဆို့ဟန့်တားလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်ဆက်နွှယ်သူများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ၊ ပိုင်ဆိုင်မှုများကိုလည်း ထပ်တိုးပိတ်ဆို့ဒဏ်ခတ်ခြင်းဖြစ်ကြောင်း ဥရောပသမဂ္ဂမှ သြဂုတ် (၃) ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ဥရောပသမဂ္ဂမှ ထပ်မံတိုးချဲ့လိုက်သည့် ပိတ်ဆို့အရေးယူမှုအသစ်သည် ၁၉၉၆ ခုနှစ်ကတည်းက အီးယူက မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့သည့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ စစ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုများအပါအ၀င် ၎င်းတို့နှင့်ဆက်နွှယ်နေသူများ၏ ခရီးသွားလာခွင့်ဗီဇာများ ပိတ်ပင်ထားခြင်း၊ မြန်မာနိုင်ငံနှင့် သံတမန်ဆက်သွယ်ရေး အကန့်အသတ်ထားရှိခြင်း၊ စစ်အစိုးရအဖွဲ့ဝင်များ၏ နိုင်ငံခြားဘဏ်ငွေစာရင်းများ ပိတ်ဆို့ထားခြင်း၊ လူသားချင်းစာနာမှု ဆိုင်ရာမဟုတ်သည့် အကူအညီအထောက်အပံ့များကို ဆိုင်းငံ့ထားခြင်းတို့အပေါ် ထပ်မံတိုးချဲ့ချမှတ်လိုက်ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုဖြင့် ပြီးခဲ့သည့်သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီးသည့်နောက် နေအိမ်အကျယ်ချုပ်အဖြစ် (၁) နှစ်ခွဲ ပြောင်းလဲချမှတ်ခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရက ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပေါ် ဥရောပသမဂ္ဂက တရားမျှတမှုမရှိကြောင်း ပြစ်တင်ရှုတ်ချလိုက်ပြီး အကန့်အသတ်မရှိပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
-----------------------------------------------------------------

မြန်မာနိုင်ငံအပေါ် အီးယူ၏ ပိတ်ဆို့မှုအသစ်တွင်တိုတယ် (Total) ပူးပေါင်းပါဝင်ရန် ဖိအားပေးခံရ

NEJ / ၁၃ သြဂုတ် ၂၀၀၉


မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်လိုက် သည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဥရောပသမဂ္ဂ (အီးယူ) မှ မြန်မာစစ်အစိုးရအပေါ် နောက်ထပ်ပိတ်ဆို့အရေးယူမှုတွင် မြန်မာစစ်အစိုးရအား ဒေါ်လာသန်းပေါင်းများစွာ ၀င်ငွေ ရရှိစေသည့် ပြင်သစ်နိုင်ငံမှ တိုတယ်ရေနံကုမ္ပဏီသည် အငြင်းပွားဖွယ် ပစ်မှတ်တခုအဖြစ် ရောက်ရှိနေသည်။

ပြင်သစ်သမ္မတ နီကိုလတ် ဆာကိုဇီက မြန်မာစစ်အစိုးရအပေါ် အီးယူ၏ နောက်ထပ်အရေးယူပိတ်ဆို့မှုကို မြန်မာနိုင်ငံမှ သစ်နှင့်ကျောက်မျက်ရတနာများ ၀ယ်ယူရာတွင် ပစ်မှတ်ထားအရေးယူသင့်ကြောင်း အကြံပြုထားပြီး မြန်မာ့ကမ်းလွန်ထွက် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံနေသည့် တိုတယ်ကုမ္ပဏီအား ချန်လှပ်ပြောဆိုခဲ့သဖြင့် လူ့အခွင့်အရေးအဖွဲ့များ နှင့် အတိုက်အခံပါတီတို့က ကန့်ကွက်ရှုတ်ချလိုက်ခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံ၏ အကြီးဆုံးရေနံကုမ္ပဏီဖြစ်သည့် တိုတယ်ကုမ္ပဏီသည် မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်မှ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းတွင် ၁၉၉၁ ခုနှစ်ကတည်းက စတင်ရင်းနှီးမြှုပ်နှံခဲ့သည်။ တိုတယ်ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၈) ဘီလီယံ ဝင်ငွေအမြတ်အစွန်းရရှိခဲ့ပြီး အကျိုးအမြတ်၏ (၉၀) ရာခိုင်နှုန်းသည် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ ရရှိနေသည်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချယ် (၁၈) လချလိုက်ပြီးနောက် မြန်မာစစ်အစိုးရအပေါ် ဖိအားပေးမှုတွင် တိုတယ်ကုမ္ပဏီအနေဖြင့် ပူးပေါင်းပါဝင်သင့်ကြောင်း ပြင်သစ်အစိုးရက တောင်းဆိုသင့်သည်ဟု အတိုက်အခံ နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေးအဖွဲ့တို့က ရှုမြင်ကြသည်။

မြန်မာစစ်အစိုးရအတွက် အမြတ်တော်ခွန် အများအပြား ရရှိစေသော တိုတယ်ကုမ္ပဏီနှင့် ပွင့်လင်းပြတ်သားစွာ ဆွေးနွေးသင့်ကြောင်းလည်း အတိုက်အခံ နိုင်ငံရေးပါတီတို့က ပြင်သစ်အစိုးရအား တောင်းဆိုလိုက်သည်။

“တိုတယ်ကုမ္ပဏီအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင် ရင်းနှီးမြှုပ်နှံနေတာကို ရပ်တန်းကရပ်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ပြင်သစ်နိုင်ငံရှိ အတိုက်အခံ (Greens) ပါတီမှ ဥက္ကဋ္ဌ ဆာစီလ် ဒေါ့လော့က ပြောကြားလိုက်ပြီး “ဒီနိုင်ငံတကာဖိအား ပိုပြီးထိရောက်အောင်မြင်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုတယ်ရဲ့ အခန်းကဏ္ဍကို ကျနော်တို့ အသုံးချဖို့လိုတယ်” ဟု ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တိုတယ်ကုမ္ပဏီ၏ စီမံကိန်းတခုဖြစ်သည့် တနင်္သာရီတိုင်းမှ ကရင်ပြည်နယ်အထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ မိုင်(၂၀၀) ကျော် ရှည်လျားသည့် လမ်းတလျှောက်ရှိ တိုင်းရင်းသား ရွာသားများ၏ လယ်ယာမြေ သိမ်းခံရခြင်း၊ ရွာရွှေ့ပြောင်းခံရခြင်း၊ လုပ်အားပေးခိုင်းစေခြင်းများအပါအဝင် မြန်မာစစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့တို့က စွပ်စွဲထားသည်။

မြန်မာနိုင်ငံတွင် တိုတယ်၏ ရင်းနှီးမြှုပ်နှံမှုသည် ကာလရှည်ကြာကတည်းက အငြင်းပွားခံနေရပြီး မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုတွင် တိုတယ်ကုမ္ပဏီကို ရုပ်သိမ်းရန် ခက်ခဲသော ဆုံးဖြတ်ချက်တရပ်အဖြစ် ပြင်သစ်အစိုးရက ရှုမြင်ထားသည်။
တိုတယ်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ခရစ္စတိုဖာ ဒီမာဂျာရီက ၎င်းတို့အား ပြစ်တင်ရှုတ်ချနေမည့်အစား ၎င်းတို့ရောင်းချသည့် ဓာတ်ငွေ့ကို ဝယ်ယူနေသည့် ထိုင်းအစိုးရနှင့် မြန်မာ့အိမ်နီးချင်း နိုင်ငံများနှင့်သာ သက်ဆိုင်သဖြင့် ထိုနိုင်ငံများကိုသာ ရှုတ်ချကြရန် နယူးစ်ဝိခ်မဂ္ဂဇင်းနှင့် မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

သို့သော် မြန်မာစစ်အစိုးရအား ပေးဆောင်နေရသည့် ငွေကြေးပမာဏကို ထုတ်ပြန်ခြင်းမရှိသည့်အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တို့က မေးခွန်းထုတ်လျက်ရှိသည်။

မြန်မာနိုင်ငံ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထုတ်လုပ်သည့် (၆၀) ရာခိုင်နှုန်းသော ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့နေသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံနေသော လောင်စာနှင့် စွမ်းအင်ဆိုင်ရာ ကုမ္ပဏီများတွင် တောင်ကိုရီးယားမှ ဒေဝူး၊ အင်တာနေရှင်နယ်၊ ပြင်သစ်မှ တိုတယ်၊ အမေရိကန်မှ ယူနီကယ်၊ ရှယ်ဗရွန်၊ ဂျပန်မှ နီပွန်အွိုင်းလ်၊ ထိုင်းမှ ပီတီတီအီးနှင့် မလေးရှားမှ ပက်ထရိုနာ့စ်တို့ ပါဝင်သည်။

0 comments:

Post a Comment