Thursday 13 August 2009

ရှစ်လေးလုံး စိတ်ဓာတ်ကို လက်ဆင့်ကမ်း ဒီမိုကရေစီအောင်ပန်း ဆွတ်ကြစို့

NEJ / ၇ သြဂုတ် ၂၀၀၉

မြန်မာပြည်သူလူထု လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လိုက်ပါချီတက်ဆန္ဒပြခဲ့ကြသည့် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ သြဂုတ်လ (၈) ရက်နေ့ဆိုလျှင် (၂၁) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးသည် မြန်မာ့သမိုင်းတွင် ပေါ်ပေါက်ခဲ့သည့် လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှု အရေးတော်ပုံများအနက် အကြီးမားအကျယ်ပြန့်ဆုံးနှင့် အထင်ရှားဆုံး အရေးတော်ပုံကြီးဖြစ်လေသည်။

ထို့အပြင် ရှစ်လေးလုံးအရေးတော်ပုံသည် (၂၀) ရာစုနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သော ကမ္ဘာ့အနှံ့ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသည့် တိုက်ပွဲများအနက် အစောဆုံးဖြစ်ပွားခဲ့သည့် အရေးတော်ပုံကြီးဟုလည်း ပြော၍ရနိုင်ပေသည်။ ထိုအရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည့် ၁၉၈၈ ခုနှစ်က ကမ္ဘာတွင် စစ်အေးတိုက်ပွဲ မပြီးဆုံးသေးသလို ဆိုဗီယက်ပြည်ထောင်စုနှင့် အရှေ့ဥရောပနိုင်ငံများလည်း မပြိုကွဲသေးပေ။ အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှလွဲ၍ ကျန်နိုင်ငံများ၌ ဒီမိုကရေစီအလင်းရောင်ကို ထင်ထင်လင်းလင်း မမြင်ရသေးသည့် အချိန်အခါ ဖြစ်ပေသည်။

သို့သော် မြန်မာနိုင်ငံ၌ အစောဆုံးဖြစ်ပွားခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံကြီးသည် အောင်ပွဲရသည့်အနေအထားအထိ မရောက်ရှိခဲ့ဘဲ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တစစ်အုပ်စု) ၏ အာဏာသိမ်းယူခြင်းကို ခံရကာ မြန်မာပြည်သူပြည်သားများအနေဖြင့် အာဏာရှင်ဗိုလ်နေ၀င်းခေတ်ထက် ပို၍ဖိနှိပ်ရက်စက်သည့် ဖက်ဆစ်အာဏာရှင် အမှောင်တိုက်အတွင်းသို့ ထပ်မံသက်ဆင်းခဲ့ကြရလေသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီး (၂၁) နှစ်ပြည့်မြောက်ချိန်တွင် မြန်မာနိုင်ငံ၏နောက်မှ ဒီမိုကရေစီတိုက်ပွဲဖြစ်ပေါ်ခဲ့သည့် နိုင်ငံအတော်များများ ဒီမိုကရေစီစနစ်သို့ အောင်အောင်မြင်မြင် ကူးပြောင်းရောက်ရှိကုန်ကြပြီဖြစ်သလို ကမ္ဘာတွင်လည်း စစ်အေးတိုက်ပွဲ လဲပြိုခဲ့သည်မှာ ရာစုနှစ် နှစ်စုနီးပါး ရှိတော့မည်ဖြစ်သည်။ သို့သော် ဒီမိုကရေစီရရှိရေးအတွက် အစောဆုံး တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် မြန်မာပြည်သူလူထုသည်ကား (၂၁) နှစ်ကြာမြင့်ပြီဖြစ်သည့် ယနေ့အချိန်အထိ အာဏာရှင်စနစ်၏ ဖိနှိပ်ရက်စက်မှုအောက်တွင် ဆက်လက်တိုက်ပွဲဝင်နေရဆဲဖြစ်လေသည်။

ထိုသို့ဆက်လက်တိုက်ပွဲဝင်နေရသော်လည်း အရှုံးထဲက အမြတ်ဆိုသကဲ့သို့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအတွင်းမှ ထွက်ပေါ်လာသည့် အသီးအပွင့်များကို မြန်မာပြည်သူလူထု ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါသည်။ ရှစ်လေးလုံးအရေးတော်ပုံမတိုင်မီ မဆလခေတ်က ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုသည့် နိုင်ငံရေးအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်မရှိသလို ဖြစ်ပွားခဲ့သည့် တပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေးအရေးတော်ပုံများတွင် ဦးဆောင်ခဲ့သူများကိုလည်း အာဏာရှင်ဗိုလ်နေ၀င်း ဦးဆောင်သည့် မဆလအစိုးရက တောထဲသို့ မောင်းထုတ်ခဲ့သလို ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဆိုလျှင် ကြိုးပေးကွပ်မျက်သည်အထိ ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့လေသည်။

ထို့ကြောင့် ရှစ်လေးလုံးမတိုင်မီကာလတွင် ပြည်သူလူထုကို ကိုယ်စားပြုသည့် ခေါင်းဆောင်များ ထင်သာမြင်သာ မရှိခဲ့သော်လည်း ကျောင်းသားများ၏ ဦးဆောင်လှုံ့ဆော်မှုဖြင့် စတင်ဖြစ်ပွားခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း၌ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော လူထုခေါင်းဆောင်ကို မြန်မာပြည်သူတွေ ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ဦးခွန်ထွန်းဦး၊ ဦးပူကျင့်ရှင်းထန်၊ ဦးအေးသာအောင်၊ ဦးထောင်ခိုထန်း တို့ကဲ့သို့သော တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကိုလည်း မြန်မာပြည်သူတွေ ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟူသည့် ဦးဆောင်ပါတီတရပ်ကိုလည်း ရှစ်လေးလုံးအရေးတော်ပုံမှတဆင့် မွေးထုတ်ပေးနိုင်ခဲ့လေသည်။
ယနေ့ကာလတွင် ထိုရှစ်လေးလုံးအရေးတော်ပုံမှ ပေါက်ဖွားလာသည့် ခေါင်းဆောင်အသီးသီးက အဖမ်းအဆီး အနှိပ်အစက်ခံ၊ နှစ်ရှည်ထောင်ဒဏ်များကျခံပြီး လူထုရှေ့မှ မားမားမတ်မတ် ဦးဆောင်တိုက်ပွဲဝင်နေကြသကဲ့သို့ ရှစ်လေးလုံးအရေးတော်ပုံကြီး တွင် ပါဝင်ဆန္ဒပြခဲ့ကြသည့် ပြည်သူလူထုအနေဖြင့်လည်း ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲကာ ခေါင်းဆောင်များ နောက်မှ အဆက်မပြတ် ၀န်းရံတိုက်ပွဲဝင်ဖို့လိုသည်ဟု ထင်မြင်မိပါသည်။ ထို့အပြင် မိမိတို့၏ နောက်လာနောက်သား မျိုးဆက်သစ်များထံသို့လည်း ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်ကို လက်ဆင့်ကမ်းကာ ဒီမိုကရေစီအောင်ပန်း ဆွတ်လှမ်းနိုင် သည်အထိ ခေါင်းဆောင်များနှင့် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ကြပါစို့ဟု ခေတ်ပြိုင်က နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း…။

0 comments:

Post a Comment