Thursday 17 September 2009

အကျဉ်းသား (၇၁၁၄) ဦးကို ယနေ့ လွှတ်ပေးတော့မည်

NEJ / ၁၈ စက်တင်ဘာ ၂၀၀၉

ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်မည့်အကျဉ်းသားများ လွှတ်ပေးမှုတွင် နိုင်ငံရေးအကျဉ်းသားအချို့ပါဝင်နိုင်ကြောင်း ထောင်အာဏာပိုင်များက ခန့်မှန်းပြောကြားသည်။

ယနေ့ထုတ် အစိုးရပိုင်သတင်းစာများတွင် အကျဉ်းသား (၇၁၁၄) ဦးကိုလွှတ်ပေးမည်ဟု ဖော်ပြထားသဖြင့် ယနေ့နံနက်ပိုင်းမှစကာ အင်းစိန်ထောင်အရှေ့နှင့် ထောင်ဝင်းအတွင်းတွင် အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်(၅၀၀) ခန့်တို့က စောင့်ဆိုင်းလျက်ရှိသည်ဟု မျက်မြင်များကပြောသည်။

ထောင်တာဝန်ကျဝန်ထမ်းတဦး၏ ပြောကြားချက်အရ ယနေ့ မွန်းလွဲ (၁)နာရီတွင် အခမ်းအနားဖြင့် လွှတ်ပေးမည်ဟု သိရသည်။

“ပြည်တွင်းသတင်းထောက်တွေရော၊ နိုင်ငံခြားသတင်းထောက်တွေကိုရော ဖိတ်ထားပါတယ်။ အစတုန်းကတော့ နံနက်မှာလုပ်မယ်ပြောထားပေမယ့် အစီအစဉ် ပြောင်းထားပါတယ်။ လောလောဆယ် သတင်းထောက်တွေ အပြင်ထွက်ခိုင်းထားပါတယ်၊ အစီအစဉ်စမယ့်အချိန်နီးမှ ၀င်ခွင့်ပြုမှာပါ” ဟု အကျဉ်းဦးစီမှ တာဝန်ရှိသူကပြောသည်။

ပြည်တွင်းနှင့်နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်များကို အင်းစိန်ထောင်သို့ သောကြာနေ့ နံနက် (၉) နာရီ အရောက်လာပါရန် စာပေစိစစ်ရေးက ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ယနေ့ မွန်းလွဲ (၁) နာရီတွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ အကျဉ်းသားလွှတ်ပေးသည့်အခါ ဓာတ်ပုံရိုက်ခွင့်၊ သတင်းရယူခွင့်ပေးမည်ဟုသိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ) ကမူ ယနေ့စတင်လွှတ်ပေးမည့် အကျဉ်းသားများသည် နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ ဖိအားလျှော့နည်းစေရန်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုနှုန်းမှာ မရှိသလောက်သာ ဖြစ်မည်ဟု ပြောသည်။

အဖွဲ့၏အတွင်းရေးမှူး ကိုတိတ်နိုင်က “မနေ့က နအဖကနေပြီး အကျဉ်းသား (၇,၁၁၄) ပြန်လွှတ်ပေးဖို့ ကြေညာတာရှိတယ်။ ယူအန်လုံခြုံရေးကောင်စီမှာ နအဖသံအမတ် ဦးသန်းဆွေကနေ၂၀၁၀ မတိုင်မီ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ကတိပေးထားတာ ရှိပါတယ်။ နိုင်ငံတကာက စဉ်ဆက်မပြတ်တောင်းဆိုနေတာက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးဖို့ဖြစ်တယ်။ နအဖကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုပြီး တောက်လျှောက်ငြင်းဆိုခဲ့တယ်” ဟု ပြောသည်။

အကျဉ်းသားများလွှတ်ပေးမှုသည် မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မဟုတ်ကြောင်း နအဖ၏ဟန်ပြလုပ်ဆောင်မှုသာ ဖြစ်သည်ဟုလည်း ကိုတိတ်နိုင်က ပြောသည်။

“ပြန်လွှတ်တဲ့အထဲမှာလည်း ကောင်းမွန်စွာနေထိုင်သူ၊ နိုင်ငံတော်ရဲ့စေတနာကို သိမြင်လာသူတွေ လွှတ်ပေးတာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့၂၀၀၈ နဲ့၂၀၀၉ အစမှာ အကျဉ်းသား (၁၅,၀၀၀) ကျော် လွှတ်ပေးခဲ့တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား (၃၈) ဦးပဲပါတယ်။ အခုလည်းပဲ ပါဝင်မှုနှုန်းဟာ အင်မတန်နည်းလိမ့်မယ်လို့ မြင်ပါတယ်။ ပါဝင်တယ်ဆိုတာတောင်မှ လွတ်ရက်နီးသူတွေ၊ လွတ်ရက်စေ့သူတွေ၊ လွတ်ရက်ကျော်နေသူတွေ အများစုဖြစ်မယ်လို့မြင်တယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောသည်။

(အေအေပီပီ-ဘီ) အဖွဲ့၏ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုဇာဂနာ အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၂၁၁) ဦးရှိသည်။
-------------------------------------------------------------------------------------------

မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ အစီရင်ခံစာထုတ်ပြန်
NEJ / ၁၇ စက်တင်ဘာ ၂၀၀၉

ပြီးခဲ့သည့် (၂) နှစ်တာကာလအတွင်း မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများကို နှစ်ဆတိုးဖမ်းဆီးနေကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က စက်တင်ဘာ (၁၆) ရက်တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ယင်းသို့ ပြောကြားထားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ” ဟု အမည်ပေးထားသည့် စာမျက်နှာ (၃၅) မျက်နှာပါ အဆိုပါအစီရင်ခံစာတွင် ၂၀၀၇ ခုနှစ်မှစ၍ ဖမ်းဆီးခံရသည့် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများအကြောင်း ရေးသားတင်ပြထားပြီး ယခုအခါ နိုင်ငံရေးအကျဉ်းသား (၂,၂၀၀) ကျော်ရှိနေပြီဟုလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ယုံကြည်လေးစားမှုရှိရန်အတွက် စစ်အစိုးရအာဏာပိုင်များအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးသင့်ကြောင်းလည်း အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

ထို့အပြင် ၀ါရှင်တန်မှ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ဒါရိုက်တာ တွမ်မာလင်နောစကီးကလည်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများက အတိုက်အခံများကို ထောင်ထဲထည့်ထားပြီး နောက်နှစ်တွင် ကျင်းပရန်စီစဉ်နေသည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်လိမ့်မည်ဟု ပြောကြားလိုက်သည်။

လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ အစီရင်ခံစာထုတ်ပြန်ချက်နှင့်အတူ “၂၀၁၀ မတိုင်ခင် ၂၁၀၀” ဆိုသည့် လှုံ့ဆော်မှုအဖြစ် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများအားလုံးအား ပြန်လွှတ်ပေးရေး ကမ္ဘာလုံးဆိုင်ရာ စည်းရုံးလှုပ်ရှားမှုကြီးကိုလည်း ယမန်နေ့က တပြိုင်နက်တည်း စတင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသား (၂,၁၀၀) ကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျန်နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အရေးကြီးသဖြင့် နိုင်ငံတကာက ၀ိုင်းဝန်းတောင်းဆိုရန်အတွက်လည်း လူ့အခွင့်အရေးအဖွဲ့ကြီးက လှုံ့ဆော်ထားသည်။

ယမန်နေ့က ထုတ်ပြန်လိုက်သည့် “မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ” အစီရင်ခံစာတွင် စစ်အစိုးရ၏ မတရားဖမ်းဆီး ထောင်ချခြင်းခံနေရသည့် နာမည်ကြီး လူရွှင်တော် ဇာဂနာ၊ ၈၈ မျိုးဆက်ကျောင်းသားဖြစ်သည့် ကိုမင်းကိုနိုင်၊ မစုစုနွေးနှင့် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့် ဆရာတော်အရှင်ဂမ္ဘီရတို့ အပါအ၀င် အဖမ်းဆီးခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏အကြောင်းကို ဓာတ်ပုံများနှင့်တကွ တင်ပြထားသည်။(ခေတ်ပြိုင်)


0 comments:

Post a Comment