Thursday, 24 September 2009

အောက်ချင်းငှက်တေးသံ

တစ်မနက် ချင်းကျောင်းသားများ ကျွန်တော်ထံ လာကြ သည်။ တက္ကသိုလ်ကျောင်းသားများဖြစ်ကြောင်း သိရသည်။ သူတို့မဂ္ဂဇင်းအတွက် ဖြစ်သည်။ သူတို့နှင့်အတူ ယခင်နှစ်က ထုတ်ဝေ ခဲ့သော ချင်းမဂ္ဂဇင်းအဟောင်းများပါလာ၍ ကျွန်တော်ဖတ်ရန် လက်ဆောင်ပေးသည်။
ကျွန်တော်သည် မဂ္ဂဇင်းများကို လှန်လှောကြည့်မိ သည်။ မဂ္ဂဇင်းတစ်ခု၏ အဖုံးတွင် နံရံကပ်ကျောက်စီပန်းချီဟန်ဖြင့် အောက်ချင်းငှက်ပုံကို ဖော်ထားသည်ကို တွေ့ရသည်။

“ဒါ ကျွန်တော်တို့ရဲ့ သင်္ကေတပါ” ဟု ကျောင်းသား တစ်ယောက်က ရှင်းပြသည်။ လူမျိုးအသီးသီးတွင် အမျိုးသား သင်္ကေတများရှိတတ်ကြသည်ကို သတိရမိသည်။ အင်္ဂလိပ်လူမျိုးက ခြင်္သေ့၊ ရုရှားလူမျိုးက လင်းယုန်၊ လောလူမျိုးက ဆင်၊ ဗမာလူမျိုးက ဒေါင်း၊ မွန်လူမျိုးက ဟင်္သာ၊ ရှမ်းလူမျိုးက ကျားစသည်ဖြင့် လူမျိုး အသီးသီးတွင် အမျိုးသားအမှတ်အသားများ ရှိကြသည်။
ချင်းအမျိုးသားများကလည်း အောက်ချင်းငှက်ကို သူတို့၏ အမျိုးသားအမှတ်အသားအဖြစ် သဘောထားသည်ကို တွေ့ရသည်။ လွတ်လပ်သောလူမျိုးများ နိုင်ငံတော်ဖွဲ့စည်း တည်ထောင်ကြသောအခါ မိမိတို့၏ အမျိုးသား နိုင်ငံတော်တံဆိပ် များ ရွေးသောအခါ အမျိုးသားအမှတ်အသားရုပ်ပုံများကို ထည့်သွင်းတတ်ကြသည်။ အမျိုးသားနိုင်ငံတော်တစ်ခုတွင် အမျိုးသား အလံ၊ အမျိုးသားတံဆိပ် စသည်တို့ရှိစမြဲဖြစ်ပေသည်။ကျွန်တော်ကသူတို့အား ချင်းလူမျိုးများအကြောင်း မေးမြန်းယင်း မျက်နှာဖုံးမှ အောက်ချင်းငှက်ကလေးကို ကြည့်လိုက် သည်။

သူတို့နှင့် စာပေ၊ ယဉ်ကျေးမှုအကြောင်းများ ပြောယင်းက ချင်းပြည်အကြောင်းရောက်ကာ ပြည်ထောင်စု၏ အဓိပ္ပါယ်အကြောင်း ပြောဖြစ်ကြသည်။ ကျွန်တော်က ကျွန်တော် နားလည်သိရှိသော ပြည်ထောင်စုသဘောတရားအကြောင်းကို ပြောပြမိသည်။
ပြည်ထောင်စုဆိုသည်မှာ ပြည်ထောင်များ ညီညွတ်စည်းလုံးစွာ စုစည်းထားခြင်းဟု အဓိပ္ပါယ်ရသည်။ အင်္ဂလိပ်ဘာသာဖြင့် ဓ့ညငသညဓ ၊ ပြည်ထောင်ဆိုသည်မှာ တိုင်းပြည်၊ သို့မဟုတ် ပြည်စသည်ဖြင့် ယေဘုယျအားဖြင့် ခေါ်ဝေါ် သုံးနှုန်းကြသည်။ အခေါ်အဝေါ်အသုံးအနှုန်းဆိုသည်မှာ အချိန်အခါ အခြေအနေအရ ခေါ်ဝေါ်သုံးနှုန်းကြခြင်း ဖြစ်သည်။ အရေးကြီး သည်မှာ အဓိပ္ပါယ်ဝေါဟာရစကားလုံး၏ အဓိပ္ပါယ်။ အဓိပ္ပါယ်က ဖော်ပြထားသည့်အတိုင်း လက်တွေ့ကျင့်သုံးရမည်ဖြစ်သည်။ ယင်းသို့ လက်တွေ့ကျင့်သုံးမှသာလျှင် အဓိပ္ပါယ်ရှိသည်ဟု ဆိုနိုင်ပေသည်။

ယင်းသို့ ပြည်ထောင်၊ တိုင်းပြည်၊ ပြည်ဟူသော စကားလုံးများမှာ အရပ်သုံးယေဘုယျ အသုံးဖြစ်သည်။ သို့သော်…
အတိအကျ အဓိပ္ပါယ်သတ်မှတ်ထားခြင်း မရှိပေ။ လွတ်လပ်သော ပြည်လား၊ မလွတ်လပ်သေးသော ပြည်လား၊ ကွဲပြားခြင်း မရှိပေ။ အဓိပ္ပါယ်ဖော်ပြမှု ရှင်းလင်းပြတ်သားခြင်းမရှိဟု ဆိုနိုင်သည်။ နိုင်ငံရေးသိပံ္ပပညာ ထွန်းကားလာသောခေတ် ရောက်လာသောအခါ နိုင်ငံရေးအတွေ့အကြုံများ ရင့်သန်လာသော အခါ နိုင်ငံတော်ဟု ခေါ်ဝေါ်သုံးနှုံး လာကြသည်။ အင်္ဂလိပ်ဘာသာ ဓှအအေနဓ ဟူသော ဝေါဟာရ အဓိပ္ပါယ်ယူထားခြင်းဖြစ်သည်။ နိုင်ငံတော်ဟူသည်မှာ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်မှုရှိ သောနိုင်ငံဟု အဓိပ္ပါယ်ရသည်။ လွတ်လပ်သောလူမျိုးဟူသည် နိုင်ငံတော်ရှိရပေမည်။

မူလက နိုင်ငံတော်သည် ပြည်သူလူအများ၏ ကောင်းကျိုးချမ်းသာရေး၊ အေးချမ်းသာယာရေးအတွက် ပေါ်လာရခြင်း ဖြစ်သည်။ ထို့နောက် စီးပွားရေးစနစ်များအရ နိုင်ငံတော်၏သဘာဝများ ပြောင်းလဲသွားသည်။ မြေရှင်ပဒေသရာဇ် နိုင်ငံတော်၊ ဓနရှင်နိုင်ငံတော်စသည်ဖြင့် ဖြစ်ပေါ်လာခဲ့ကြသည်။ ထိုအခါ မြေရှင်ပဒေသရာဇ်လူတန်းစား ၊ အရင်းရှင်လူတန်းစား စသည်တို့က နိုင်ငံတော်အာဏာရရှိကာ ပြည်သူများကို စိုးမိုးချယ် လှယ်နိုင်သည်။ ဆိုရှယ်လစ်နိုင်ငံတော်တွင်ကား အလုပ်သမား၊ လယ်သမားစသော ပြည်သူလူထုအများက နိုင်ငံတော်အာဏာ (၀ါ) နိုင်ငံရေးအာဏာရရှိသည်ဖြစ်၍ ပြည်သူလူအများက ရွေးချယ်တင် မြှောက်သော နိုင်ငံတော်အဖွဲ့အစည်းကို သမ္မတနိုင်ငံတော်ဟု ခေါ်ကြသည်။ ပြည်သူများက မဲဆန္ဒဖြင့် ရွေးကောက် တင်မြှောက် သော ကိုယ်စားလှယ်များအုပ်ချုပ်သော နိုင်ငံတော်သည် သမ္မတ နိုင်ငံတော်ဖြစ်သည်။ ယင်းတို့သည်ကား နိုင်ငံတော်သဘောတရား ဖြစ်သည်။
ပြည်ထောင်စုဆိုသည်မှာ ပြည်ထောင် (အမျိုးသား နိုင်ငံတော်)များ ညီညွတ်စည်းလုံးစွာ ကြီးငယ်မဟူတန်းတူ အခြေခံဖြင့် ဖွဲ့စည်းထားသော စုပေါင်းနိုင်ငံတော်စနစ်ဖြစ်သည်။ ယင်းသို့ ကျွန်တော်နားလည်ထားသည်။ နိုင်ငံရေးပညာရပ်ဆိုင်ရာ စာအုပ်များ ဖတ်ကာ ယင်းသို့ နားလည်ထားခြင်းဖြစ်သည်။

ကျွန်တော်သည် လွန်ခဲ့သောအနှစ် (၃၀) ခန့်က ဆိုဗီယက်ပြည်ထောင်စုသို့ အလည်ရောက်သွားခဲ့သည်။ ဆိုဗီယက် ပြည်ထောင်စုဟူသည်မှာ အတိုကောက်ခေါ်သော အမည်ဖြစ် ပါသည်။ နာမည်အပြည့်အစုံမှာ ဆိုဗီယက်ဆိုရှယ်လစ်သမ္မတ နိုင်ငံတော်များ၏ ပြည်ထောင်စုဟူ၍ ဖြစ်သည်။

ကျွန်တော် ဆိုဗီယက်ပြည်ထောင်စုသို့ သွားရောက် လည်ပတ်သည့်အချိန်မှာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးကျေညာ ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် ဟူ၍ဖြစ်ထွန်းပြီးစ (၅) နှစ်ကြာဖြစ်သည်။ ဆိုရှယ်လစ်ပြည်ထောင်စုနိုင်ငံဖြစ်၍ စိတ်ဝင်စား မိသည်။ ကျွန်တော်တို့ငယ်စဉ် ကျောင်းသားဘ၀ အသက် (၁၈) နှစ်ခန့်ကတည်းက ဆိုရှယ်လစ်ဝါဒ သဘောတရားစာအုပ်များကို ဖတ်ရှုလေ့လာခဲ့သည် မဟုတ်ပါလား။

ကျွန်တော်သည် ဆိုဗီယက်သို့ မသွားခင်က သူတို့၏ အခြေခံဖွဲ့စည်းပုံဥပဒေစာအုပ်ကို ဖတ်သည်။ လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဟူသော ဆိုရှယ်လစ်သဘောတရားကို ဆိုရှယ်လစ်ပြည်ထောင်စု နိုင်ငံတော်စနစ်ဖြင့် ရုပ်လုံးဖော်ခြင်းတရပ်ဟု စဉ်းစားမိသည်။ ယင်းသို့ နားလည်လိုက်သည်။

မော်စကို ရောက်သောအခါ အိမ်ရှင်များက မည်သည့် နေရာများသို့ လည်ပတ်လိုသလဲဟု မေးကြသည်။ ကျွန်တော်က ဆိုဗီယက်ပြည်ထောင်ထဲတွင် လူဦးရေအများဆုံး (ရုရှားမှလွဲ၍) နှင့် အနည်းဆုံးသောပြည်သို့ ကြည့်ရှုလိုကြောင်း ပြောလိုက်သည်။ ကျွန်တော်က ယူကရိန်းနှင့် ဂျော်ဂျီယာကို ရွေးသည်။ အမည်အပြည့် အစုံများမှာ ယူကရိန်းဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံတော်နှင့် ဂျော်ဂျီယာဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံတော်။

ယူကရိန်းမှာ လူဦးရေ (၄၇) သန်းရှိ၍၊ ဂျော်ဂျီယာမှာ ၁ သန်းခွဲရှိသည်။ ယူကရိန်းသည် ကုလသမဂ္ဂတွင် နိုင်ငံတစ်နိုင်ငံ အဖြစ် ပါဝင်ထားသည်။ ယင်း ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံ ၀င်များတွင် သူ့ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်သူ အသီးသီးရှိကြသည်။ ယင်းအခြေခံဥပဒေအရ လွှတ်တော်၊ သမ္မတ၊ ၀န်ကြီးချုပ်၊ ၀န်ကြီးအဖွဲ့၊ တပ်မတော်၊ အမျိုးသားတံဆိပ်၊ နိုင်ငံတော်အလံ စသည်ဖြင့် နိုင်ငံတော်အဆောင်အယောင်အားလုံး၊ အသီးသီးရှိကြရသည်။ ရုံးသုံးဘာသာစကားမှာလည်း မိမိတို့ဘာသာစကားဖြင့် မိမိတို့ ရှိကြရသည်ကို အခြေခံဥပဒေတွင် ဖော်ပြထားသည်ကို ဖတ်ရသည်။ စာအုပ်ပါအတိုင်း မည်မျှကျင့်သုံးသည်ကိုကား ကျွန်တော်လည်ပတ် သော ရက်ပေါင်း ၄၀ ခန့်နှင့် အတိအကျသိရန် လွယ်မည်မထင်ပါ။ သို့သော် ကျွန်တော်သည် တတ်နိုင်သမျှ အကဲခတ်ခဲ့ပါသည်။ ထိုအခါ က ကျွန်တော်သည် ကိုယ်စားလှယ်အဖွဲ့၏ ကိုယ်စားအခါအားလျော် စွာ အရက်ဖန်ခွက်ဆုတောင်းစကား၊ စင်မြင့်စကားများ ပြောကြား ရသည်။ ယူကရိန်းရောက်သောအခါ စကားပြန် (၂) အဆင့်ဖြင့် ပြောရသည်။ အိမ်ရှင်က ယူကရိန်းဘာသာဖြင့်ပြော သည်။ ယူကရိန်း စကားပြန်က ရုရှားလိုပြန်သည်။ ကျွန်တော်နှင့် အတူပါလာသော ရုရှားစကားပြန်က ကျွန်တော်တို့အား အင်္ဂလိပ် ဘာသာသို့ ပြန်ပေးသည်။ မိမိတို့အမျိုးသားဘာသာစကားကို သုံးသည့်သဘော။ ကျွန်တော်က မိမိပြောရမည့်စကားကို မြန်မာလို ရေးသားထားပြီး အပိုဒ်လိုက် အင်္ဂလိပ်လိုပြန် ပေးထားသည်။ ကျွန်တော်က မြန်မာလိုပြောပြီး စကားပြန်က ရုရှားဘာသာသို့ပြန် သည်။ ပြည်ထောင်စုဝင် နိုင်ငံတော်များအတွင်းတွင် စကားမတူသော လူမျိုးနွယ်စု အများအပြား ရှိနေပြန်သည်။ ယင်းမျိုးနွယ်စုများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်မူ ကျင့်သုံးရပြန်သည်။ ယင်းလူမျိုးနွယ်စု အနေ အထားများအလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေး အမျိုးသားဒေသများ ဖွဲ့စည်းပေးရသည်။ ကိုယ်ပိုင်အုပ်ချုပ်ရေး သမ္မတနိုင်ငံတော်များလည်း ရှိကြသည်။
ယင်းတို့သည်ကား ဆိုဗီယက်ပြည်ထောင်စု၏ ဖွဲ့စည်းမှု ပုံသဏ္ဍာန်များ ဖြစ်သည်။

လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်မူကို အခြေခံ၍ မိမိအမျိုးသား အနေအထားကိုလိုက်၍ တီထွင်ဖွဲ့စည်းနိုင်ခွင့်ရှိ သည်ဟု ယူဆသည်။ ဆိုရှယ်လစ်ပြည်ထောင်ဖွဲ့စည်းမှု ပုံသဏ္ဍာန် တစ်ခုကို ဖော်ပြခြင်းမျှသာ ဖြစ်သည်။ လူမျိုးအသီးသီးတွင် မိမိတို့၏ ဘာသာစကား၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ နေထိုင်ရာဒေသအလိုက် မိမိတို့နှင့် အကျိုးစီးပွားကိုက်ညီသော နိုင်ငံတော်ပုံသဏ္ဍာန်ကို ဖန်တီးကြရမည်သာ ဖြစ်သည်။

ကျွန်တော် ချင်းတောင်ကို မရောက်ဘူးပါ။ သို့သော် မြူခိုးများ ဝေမှိုင်းသော၊ တောင်ဇလပ်ပန်းများ ဆင်သသော၊ စိမ်းသော၊ ပြာညို့သောပြည် ဖြစ်မည်ထင်ပါသည်။ တောတောင် ထူထပ်မြင့်မားသဖြင့် မျိုးနွယ်စုများစွာဖြင့် ရောယှက်နေပါလိမ့်မည်။ ချင်းကျောင်းသားများလာသောအခါ အောက်ချင်းငှက် အကြောင်း မေးကြည့်သည်။ အောက်ချင်းငှက်သည် သစ္စာရှိခြင်း၊ ညီညွှတ်စည်းလုံးခြင်း၊ အေးချမ်းခြင်း တေးသံကို သီဆိုကျူးရင့်ပါစေ သတည်း။

_ ချင်းမဂ္ဂဇင်း ၁၉၈၁-၈၂


Type the rest of your post here.

0 comments:

Post a Comment