Wednesday 18 November 2009

မြေယာ သိမ်းပိုက်မူ သတင်းတွင် တပ်ရင်း နံပတ် မှားလွင့်၍ ရွာသားများ စစ်ဆေး မေးမြန်းခံရ

11/18/2009
ပြည်ပအခြေစိုက် မြန်မာ အသံလွင့် သတင်းဌာန တခုမှ ရခိုင်ပြည်နယ်တွင် နအဖ စစ်တပ် တပ်ရင်းတခုက ကျေးရွာ တရွာမှ လယ်မြေ သိမ်းပိုက်မူ သတင်းတပုဒ်ကို ထုတ်လွင့်ရာတွင် စစ်တပ် တပ်ရင်းအမည်ကို မှားယွင်းစွာ ထုတ်လွှင့်ခဲ့သဖြင့် ကျေးရွာသားများကို စစ်တပ်က ခေါ်ယူမေးမြန်း စစ်ဆေးခဲ့သည်။

အမည်မဖေါ်လိုသူ ကျေးရွာသား တဦးက “ကျွန်တော်တို့ ပုဏ္ဍားကျွန်းမြို့နယ် အမဲ ခင်ကျေးရွာက လယ်မြေဧက ၆၃ ဧကို သိမ်းပိုက်တဲ့ တပ်ရင်းက စစ်တွေ အခြေစိုက် ခမရ ၃၄၄ ဖြစ်ပါတယ်။ ဒါကို ပုဏ္ဍားကျွန်း အခြေစိုက် ခမရ ၅၅၀က ဆိုပီး ထုတ်လွင့်ခဲ့တဲ့ အတွက် အဲဒီ တပ်ရင်းက မကျေနပ်တဲ့အတွက် ရွာသားတွေကို ခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်တွေ အခြေစိုက် ခမရ ၃၄၄ က လွန်ခဲ့သည့် ဇွန်လအတွင်းက အမဲခင်ကျေးရွာမှ ရွာသားများ ပိုင်ဆိုင်သည့် လယ်မြေများနှင့် စားကျက်မြေ ၆၃ ဧက ကို လျော်ကြေး တစုံတရာမပါဘဲ သိမ်းပိုက်ခဲ့သည်။

“ သတင်းက ဇွန်လ ၁၂ ရက်နေ့မှာ ပါသွားတယ်လို့ သိရပါတယ်၊ အဲဒီသတင်းကြောင့် ခမ၇ ၅၅၀က တပ်ရင်းမှူးက ငါတို့တပ်ရင်း သိမ်းတာ မဟုတ်ဘဲ ဘာလို့ ငါတို့ တပ်ရင်းကို ဖေါ်ပြရမလဲ။ သူက ပုဏ္ဍားကျွန်းမြို့က မြေတိုင်း စာရေးတွေကို ခေါ်ပြီး ဘယ်လယ်တွေကို ငါတို့ သိမ်းသလဲ။ ရွာသားတွေကို ခေါ်ပြီးမေးပါတယ်။ ချက်ချင်း ဆိုသလိုဘဲ ခမရ ၃၃၄ တပ်ရင်းမှူးလည်း အဲဒီနေ့မှာဘဲ ရွာကိုရောက်လာ တော့ သူတို့ အချင်းချင်း စကားများကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ပြေလည် သွားကြပါတယ်။ ဒါပေမယ့် ခမရ ၅၅၀ တပ်ရင်းမှူးက ရွာသားတွေကို တပ်ရင်း နံပတ်မှားပြီး သတင်းပို့တယ်ဆိုပြီး လုံးဝ မကျေနပ်ဘဲ ဖြစ်နေပါတယ်” သူက ဆက်ပြောသည်။

ယခုအခါ အပတ်စဉ်တိုင်း အမဲခင်ကျေးရွာမှ ဆယ်အိမ်မှူး ခမရ ၅၅၀ ဌာနချုပ်သို့ သွားရောက်ပြီး အစစ်ဆေးခံနေရပြီး အမဲခင် ရယက ဥက္ကဌ ဦးဦးစိန်သာမှာ တိမ်းရှောင်နေရသည်ဟု သိရသည်။

ခမရ ၃၃၄ တပ်ရင်းမှ သိမ်းဆည်းလိုက်သည့် လယ်မြေများထဲတွင် အမဲခင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းပိုင်မြေ ဖြစ်ပြီး အဆိုပါ မြေထဲတွင် တည်ရှိသော ဘုန်းတော်ကြီး အရိုး အုဋ်ဂူများကို ဖြိုဖျက် ပစ်ခဲ့ပြီး ဗောဓိပင်များကိုမူ ခုတ်လှစ်ပစ်ခဲ့ဟု သိရသည်။(နိရဉ္စရာ)


0 comments:

Post a Comment