Thursday 17 December 2009

အန်အယ်ဒီ ခေါင်းဆောင်မှု ပြင်ဆင်ရေး တိုင်းရင်းသားများ ကြိုဆို

မြင့်မောင် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၄၂ မိနစ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းမည့် အပေါ် ပြည်တွင်းရှိ တိုင်းရင်းသားများနှင့် ဝါရင့်အဖွဲ့များက ကြိုဆို လိုက်ကြသည်။

အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင် - CEC အဖွဲ့ဝင် ဦးလွန်းတင်တို့ ယမန်နေ့က တွေ့ဆုံပြီးနောက် CEC တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်ကို ပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့နှင့် တိုင်းရင်းသား ခေါင်းဆောင်များက ကြိုဆိုလိုက်ခြင်း ဖြစ်သည်။

“ဦးအောင်ရွှေ၊ ဦးလွန်းတင်၊ ဦးလွင်ကို ဒေါ်စုက ပြောတဲ့ စကားကို လူကြီးတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ သဘောတူတယ်။ အဲဒီလို ပါတီ ပြင်ဆင်ဖွဲ့စည်းမယ် ဆိုတာက ကောင်းတဲ့ လက္ခဏပါပဲ။ အဲဒီ အခြေအနေမှာ ကြိုဆိုထောက်ခံပါတယ်။ ပါတီအတွက် လူငယ်တွေနဲ့ သွေးသစ် လောင်းသင့်တယ်။ တိုက်ပွဲက ဘယ်လောက် ကြာဦးမယ်ဆိုတာ မသိနိုင်သေးတဲ့အတွက် ပါတီ သွေးသစ်လောင်းဖို့ လုပ်တာက မှန်ကန်တယ်လို့ ယူဆပါတယ်” ဟု ဝါရင့် နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက မဇ္ဈိမကို ပြောသည်။

CRPP ခေါ် လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က “ဥက္ကဋ္ဌ အပါအဝင် CEC အဖွဲ့ဝင် ၃ နဲ့ တွေ့တဲ့အခါကျတော့ သဘောတူညီမှု ရတာကို ကြိုဆိုပါတယ်။ လက်ရှိ CECတွေ အပါအဝင် နောက်ထပ် တိုးချဲ့ ဖွဲ့စည်းမယ်လို့တော့ ကြားတယ်။ ပထမအဆင့်အနေနဲ့ ကောင်းတဲ့ အလားအလာလိုတော့ ကျနော့်အနေနဲ့ မြင်ပါတယ်” ဟု ပြောသည်။

ZNC ခေါ် ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်ကလည်း “မြန်မာနိုင်ငံမှာ အင်အားအကောင်းဆုံး ပါတီကလည်း ဖြစ်တယ်။ သူတို့ ပါတီထဲမှာ အသက်ကြီးတဲ့ သူတွေ၊ အလုပ် မလုပ်နိုင်တဲ့သူတွေ အနားပေးပြီးတော့ လုပ်ဖို့ဆိုပြီး အမျိုးမျိုး ပြောပြဆိုကြတယ်။ အခုလို ဂါရဝပြုပြီးတော့ ဦးအောင်ရွှေ၊ ဦးလွန်းတင်၊ ဦးလွင် နေရာကို အစားထိုးဖို့ ဒေါ်စုက လုပ်တာကို ဟိုဘက်အားလုံး လက်ခံတယ်ဆိုတော့ ကောင်းတဲ့လက္ခဏာပါ။ အဖွဲ့တခုထဲ အတွက် မဟုတ်ဘဲနဲ့ ကျနော်တို့ နိုင်ငံတခုလုံးအတွက်ပါ မျက်နှာကို ထောက်တယ်၊ အပြုသဘော ဆောင်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သက်ရွယ်ကြီး ပါတီခေါင်းဆောင် ၃ ဦးကို ရန်ကုန်ရှိ အစိုးရ ဧည့်ဂေဟာ စိမ်းလဲ့ကန်သာ ဂေဟာတွင် ယမန်နေ့က တနာရီခန့်အကြာ တွေ့ဆုံပြီး CEC တိုးချဲ့ရေးကို အကြံပြု တောင်းဆိုခဲ့ရာ ခေါင်းဆောင်ကြီးများက သဘောတူခဲ့ကြသည်။

လက်ရှိ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေသည် အသက် ၉၂ နှစ်၊ CEC အဖွဲ့ဝင် ဦးလွန်းတင်သည် ၈၈ နှစ်နှင့် အတွင်းရေးမှူး ဦးလွင်မှာ ၈၅ နှစ်အရွယ် ရှိပြီဖြစ်သည်။

သခင်ချန်ထွန်းက “အသက်အရွယ်ကြီးပြီး ကျန်းမာရေးအရ ဦးဆောင်ဦးရွက် မပြုနိုင်တဲ့သူတွေ နားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါတော့တာကြောင့်မို့လို့ပါ။ သူတို့နေရာမှာ လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေကို အားဖြည့်ပြီး၊ သူတို့က နောက်ကနေ အကြံဥာဏ်ပေးပြီး လုပ်သင့်တယ်” ဟု အကြံပြုပြောဆိုသည်။

ဦးအေးသာအောင်ကလည်း “နောက်တက်လာမယ့် လူငယ်တွေ၊ လုပ်ရည်ကိုင်ရည် ရှိတဲ့သူတွေနဲ့ တိုးချဲ့ပြီးတော့ ကျန်းမာရေး မကောင်းတဲ့သူ၊ ဒါမှမဟုတ် လုပ်ရည်ကိုင်ရည်ကျ သွားတဲ့သူတွေရဲ့ နေရာကို အစားထိုးပြီးတော့ လဲလှယ်တာက ပါတီတိုင်းမှာ လုပ်ရိုးလုပ်စဉ်တခုပါပဲ။ အဲဒီလို လုပ်ခြင်းအားဖြင့် မြန်မာပြည်အတွက်၊ ဒီမိုကရေစီရေအတွက် ကောင်းတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ အလုပ်လုပ်နိုင်တဲ့ ပါတီတခု ဖြစ်လာမယ့်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်ရေးအတွက် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ပူးပေါင်း ဖြေရှင်းပေးမည်ဟု ကမ်းလှမ်းခဲ့သော စာထဲတွင် ပါတီ၏ CEC များနှင့် တွေ့ဆုံ ဂါရဝပြုခွင့်ကိုပါ တောင်းခံထားခဲ့ပြီးနောက် စစ်အစိုးရက ပါတီခေါင်းဆောင်များ တွေ့ဆုံပွဲကို စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ချုပ်၏ လက်ရှိ CEC တွင် ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေအတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး) နှင့် အဖွဲ့ဝင်များမှာ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ သခင်စိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေတို့ ဖြစ်သည်။(မဇ္ဈိမ)

0 comments:

Post a Comment