Wednesday 16 December 2009

ကရင်နှစ်ကူးပွဲများ ကျင်းပကြ

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 16 ရက် 2009 ခုနှစ် 18 နာရီ 20 မိနစ်

ကရင်တိုင်းရင်းသားများက ရိုးရာနှစ်သစ်ကူးပွဲတော်များကို ရန်ကုန်နှင့် ကရင်ပြည်နယ်အတွင်း ယနေ့တွင် တပြိုင်တည်း ကျင်းပခဲ့ကြသည်။

သက္ကရာဇ် ၂၇၄၉ နှစ်မြောက် သလေလ ၁ ရက်နေ့ ကျရောက်သည့် နှစ်သစ်ကူး ပွဲတော်နေ့တွင် အထိမ်းအမှတ် အခမ်းအနားများကို အနည်းဆုံး ရန်ကုန်မြို့ အာလိမ်ငါးဆင့်ဘုရား၊ အလုံမြို့နယ် ကျမ်းစာကျောင်းနှင့် ကရင်ပြည်နယ် ဘားအံရှိ ပြည်နယ်ရုံး၊ မြဝတီမြို့ ရွှေကုက္ကို၊ မြိုင်ကြီးငူ၊ တောင်ကလေးတို့တွင် ကျင်းပခဲ့ကြသည်။

ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည့် ရွှေကုက္ကိုပွဲတွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (ဒီကေဘီအေ)၏ ၉၉၉ တပ်ရင်းမှ ဗိုလ်ကြီးမန်းသူရိန်က အမှာစကား ပြောကြားသွားခဲ့သည်။

“ကျနော်တို့ကရင် လူမျိုးတွေက နေ့ထူးနေ့မြတ်အဖြစ် နှစ်သစ်ကူးရက်ရယ်၊ လက်ချီပွဲနေ့ရယ်ပေါ့။ အဲဒါကျနော်တို့ ကရင်လူမျိုးတွေရဲ့ ရိုးရာမပပျောက်အောင်၊ နောင်လာနောင်သား ကလေးတွေ အတုယူလို့ရအောင် စည်းစည်းလုံးလုံးနဲ့ လာတက်ကြဖို့ မှာတယ်ပေါ့” ဟု တပ်ရင်း အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဒီကေဘီအေက ပွဲတော်တခုကို ဇွဲကပင်တောင်ခြေတွင် ပြုလုပ်နိုင်ရန် စီစဉ်ထားခဲ့သော်လည်း လုံခြုံရေး အခြေအနေကြောင့် တောင်ကလေးနှင့် မြိုင်ကြီးငူတို့တွင်သာ ဖြည့်တင်းလုပ်ခဲ့ရကြောင်း သူက ဆက်ပြောသည်။

သို့သော် ပြည်နယ်မြို့တော် ဘားအံတွင် ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်မှုမရှိတော့သလို ယနေ့ နှစ်ကူးပွဲကို ပြည်နယ်ရုံးတွင် အလံတင် အခန်းအနားတရပ်သာ ကျင်းပပြုလုပ်ကြောင်း ယင်းပွဲသို့သွားရောက်ခဲ့သူ ကရင်လူငယ်တဦးက ပြောသည်။

“ဘားအံမြို့ပေါ်မှာက မစည်တော့ဘူး။ မနက်က အယောက် ၂၀၀ လောက် အလံတင်အခမ်းအနား လုပ်ပြီး ပြန်သွားကြတယ်။ တောင်ကလေးကို သွားကြတာများတယ်။ အဲဒီ့မှာ စည်တယ်လေ။ ဈေးတန်း တွေလည်း ရှိတယ်လေ။ ညပွဲလည်းရှိတယ် ဒီမှာ ဘာမှမရှိပဲဟာ” ဟု သူက မဇ္ဈိမကို ပြောသည်။

နှစ်ကူးပွဲတော်ကို ပြုလုပ်ခွင့်မရရှိမှုများလည်း ရှိနေကြောင်း ကရင်အမျိုးသားတဦးဖြစ်သူ စောချာလ်နိုက ပြောသည်။

“အခြေအနေမကောင်းလို့ရှိရင် အာဏာပိုင်တွေနဲ့ ညှိနိုင်းလို့ မရလို့မလုပ်ရတဲ့နေရာတွေလည်း အများကြီး ရှိတာပေါ့။ တချို့နေရာတွေမှာဆိုရင် ကရင်တွေအပေါ်မှာ အမြင်နဲနဲစောင်းတဲ့ ဒေသခံအာဏာပိုင်တွေနဲ့ တိုးလို့ရှိရင် လုပ်ရကိုင်ရတာ ပိုခက်ခဲတာပေါ့ဗျာ။ စစ်ရေး အခြေအနေမကောင်းတဲ့ နေရာကလူတွေဆို လုပ်ခွင့်မရကြဘူးလေ။ အဲဒီနေရာမျိုးတွေကြတော့ ဘယ်အာဏာပိုင်နဲ့မှ ညှိလို့မရဘူး” ဟု သူက ပြောသည်။

ထိုင်း၊ မလေးရှား၊ ကနေဒါ၊ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဆွီဒင်၊ နယူးဇီလန်၊ ဂျပန် တို့တွင် ရောက်ရှိနေကြသည့် ကရင်လူမျိုးများကလည်း ရိုးရာနှစ်သစ်ကူးပွဲကို ပြုလုပ်ကြမည်ဟုလည်း သိရသည်။

ကရင်နှစ်သစ်ကူးနေ့ဖြစ်သော ကရင်ပြက္ခဒိန်အရ သလေလ (ထိုင်ခေါက်ဖိုး) လဆန်း ၁ ရက်နေ့သည် မြန်မာပြက္ခဒိန် ပြာသိုလဆန်း ၁ ရက်နေ့နှင့် ကိုက်ညီသည်။ သလေလ (ထိုင်ခေါက်ဖိုး) ကို ပထမလအဖြစ် သတ်မှတ်၍ လဆန်း ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

ကရင်သမိုင်း သုတေသီပညာရှင် စောအောင်လှ ရေးသားပြုစုထားသည့် ကရင့် ရာဇဝင်သမိုင်းစာအုပ် (စကောကရင်ဘာသာမှ မြန်မာဘာသာပြန်ထားသည့်စာအုပ်)တွင် ကရင်ဖြူ၊ ပလေကီး (ပလေချီ)၊ မွန်ကရင်၊ စကောကရင်၊ တလှေပွာ၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွဲ၊ ပိုးကရင် ဟု ကရင်လူမျိုး ၁ဝ မျိုးရှိကြောင်း ဖေါ်ပြထားသည်။ (မဇ္ဈိမ)



< Prev Next >


0 comments:

Post a Comment