Tuesday 22 December 2009

ပလက်ဝက်မြို့နယ်တွင် စစ်သင်တန်းများပေးလျက်ရှိနေ

December 22, 2009

ရခိုင်ပြည်၊ ပလက်ဝမြို့နယ်တွင် အောက်တိုဘာလဆန်းမှစ၍ ပလက်ဝမြို့နယ် မီးသတ်တပ်ဖွဲ့ နှင့်ဒေသခံ စစ်တပ်တို့ ပူးပေါင်းလျက် ကျီးလေ၊ ထရွိင်အိုင်၊ ပန္နဲတစ်ပင်၊ ကွမ်းဘုတ်နှင့် လက်ပံတန်း ရွာများတွင် စစ်ရေးပြ သင်တန်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ် တလျှောက်ရှိ ရွာများမှ ဒေသခံရွာသူ/သားများအား တစ်ရွာမှ သင်တန်း တဖြတ်လျှင် အနည်းဆုံး ၅ ယောက်မှ ၇ ယောက်ကြား သွားရောက် တက်ရောက်နေရကြောင်း အဆိုပါ ပလက်ဝမြို့နယ်မှ ဒေသခံတစ်ဦးမှ Arakan Review သို့ ပြောသည်။


“ကျွန်မတို့ ရွာသူ/သားတွေကို မတက်မနေရ တက်ရမယ်ဆိုပီး ပလက်ဝမြို့နယ်မှာရှိတဲ့ ဘောလုံးကွင်းမှာ စစ်ရေးပြသင်တန်းကို အတင်းအားဓမ္မ တက်ရောက်စေတယ်။ စစ်ရေးပြ သင်တန်းက အနည်းဆုံး တစ်ပတ်လောက် ကြာတယ် တစ်ခါတစ်လေဆိုတော့ ၁၀ ရက်လောက် ကြာသွားတတ်တယ်။ သူတို့ပြောတာ ကတော့ “အမိမြန်မာနိုင်ငံတော်ကို ရန်ရှာလာရင်၊ နယ်မြေ ကျုးကျော်လာရင် မင်းတို့ကပဲ အရင်ခံရမှာ၊ ဒါကြောင့် မင်းတို့ကို အဲလိုမဖြစ်ရအောင်လို့ ခုကတည်းက ပြင်ဆင်ပေးနေတာ၊ စေတနာကို နားလည်စမ်း” ဆိုပြီးပြောတယ်။ ကျွန်မတို့ကို ဘယ်သူက ရန်ရှာလာမှာလဲ။ တစ်ချို့ကလေးတွေကတော့ သေနတ်တွေ ကိုင်ရလို့ ပျော်နေကြ တယ်လေ။ နောက်ဘာဖြစ်လာမယ် ဆိုတာကို သူတို့က မသိကြတော့ ပျော်နေကြတာကို” ဟု ပြောပြခဲ့သည်။

ဆက်လက်ပြီး ၎င်းက ပြောသည်မှာ “သင်တန်းက အခုထက်ထိ မပြီးသေးဘူး စစ်ရေးပြ သင်တန်းကို အောက်တိုဘာလ ကတည်းကနေ တက်နေရတာ၊ အခုထက်ထိပါပဲ၊ သင်တန်း တစ်ခါခေါ်ရင် အနည်းဆုံး လူအယောက် ၅၀ ကျော် ၆၀ လောက်ပါတတ်တယ်။ နေမကောင်း ဖြစ်နေတဲ့သူ၊ မသွားလာနိုင်ဖြစ်နေတဲ့ အဘိုးကြီးတွေကိုလည်း အဲဒီစစ်ရေးပြ သင်တန်း လုပ်နေတာကို ကြည့်ရမယ်ဆိုပြီး အနီးအနားက နေ ထိုင်ကြည့်ခိုင်းတယ်။ သင်တန်းတဖြတ် ပြီးသွားရင် နောက်တစ်ဖြတ် အဲလိုမျိုး ဆက်တိုက်ကို သင်ပေးနေတာပါ။ ကျွန်မတို့ အဖေ၊ အမေတို့ ပြောတာကတော့ ပလက်ဝအနီးအနားမှာ ရှိနေတဲ့ တိုင်းရင်းသား တပ်တွေကို ခြောက်လှန့် ပြနေသလိုမျိုးနဲ့ စစ်သားစုဆောင်းတဲ့ နည်းတစ်မျိုးလို့ ပြောတယ်” ဟု ပြောသည်။

ယခုလိုမျိုး စစ်ရေးပြသင်တန်းများ ပြုလုပ်နေသော ဘောလုံးကွင်း တကွင်းလုံးတွင် မြန်မာနိုင်ငံ အလံများကို ပတ်လည် တစ်လျှောက်တွင် စိုက်ထူထားသောကြောင့် ဒေသခံရွာသားများက ထင်ကြေး ပေးနေကြသည်မှာ မြန်မာ့တပ်မတော်အစိုးရ အနေနဲ့ တစ်ခုခုကို စနစ်တကျ ကြိုတင်ပြင်နေခြင်း ဖြစ်နိုင်ကြောင်း ၊ တိုက်ပွဲအတွက် နယ်မြေအပိုင်စီးထားသလိုမျိုးလည်း ဖြစ်နေပြီ ဟု ပလက်ဝမြို့နယ် ဒေသခံရွာသားများမှ ထင်ကြေးပေးနေကြ သည်။(ရခိုင်သတင်း)

0 comments:

Post a Comment