Tuesday 22 December 2009

မြန်မာ ၁၅၀ ခန့်ကို မလေးအာဏာပိုင်များက ဖမ်းဆီး

Tuesday, 22 December 2009 16:55 ၀ါးရှီးဖော

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မန်တာလီ ရပ်ကွက်ရှိ အိမ်ရာဝန်းတခုကို အာဏာပိုင်များက ၀င်ရောက် စီးနင်းခဲ့ရာ မြန်မာ ၁၅၀ ခန့် အပါအဝင် စုစုပေါင်း လူ ၅၀၀ ခန့်ကို ဖမ်းဆီးသွား ခဲ့ကြောင်း ကြားသိရသည်။

မန်တာလီ ရပ်ကွက်တွင် တရားမ၀င်နေထိုင်သူ မြန်မာ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် အာဖရိကတိုက် နိုင်ငံများမှ အလုပ်သမားများစွာ ရှိပြီး အဆိုပါ ဖမ်းဆီးမှုကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

“များသောအားဖြင့် မြန်မာတွေက ပတ်စ်ပို့စ် ရှိကြပါတယ်။ ဖမ်းသွားတဲ့ လူတွေကို ရဲစခန်းရောက်မှ စစ်ဆေးပြီး ပတ်စ်ပို့စ် ရှိရင်တော့ ပြန်လွှတ်ပေးတယ်။ ပတ်စ်ပို့စ်ရှိတဲ့ လူကြီးပိုင်းတွေကိုကျတော့ ရဲစခန်းအထိ ခေါ်မသွားတော့ဘူး” ဟု အဆိုပါ ဖမ်းဆီးမှုကို မြင်တွေ့လိုက်သူ ကိုစောကျော်နိုင်က ဧရာဝတီသို့ပြောသည်။

မလေးရှားနိုင်ငံသူတဦးကို အာဖရိက တိုက်သားတဦးက သတ်လိုက်သည့် လူသတ်မှု ကိစ္စအပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများနှင့် တရားမဝင် နေထိုင်သူ များအား မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ပြည်ထဲရေးတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ရရှိထားသော သတင်းများအရ ၀င်ရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု သူကဆိုသည်။

အဆိုပါအိမ်ရာတွင် A မှ G အထိ တိုက် ၇ လုံးရှိသည့်အနက် G၊ F၊ E၊ D လေးလုံးကိုသာ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

“အိမ်ရာအပြင်ကနေ ပိတ်ဆို့ပြီး ဖမ်းတယ်။ နောက်ပြီး ရဟတ်ယာဉ် တစ်စင်းက အိမ်ရာထဲကို ဆလိုက်ထိုးပေးထားပြီး ထွက်ပြေးတဲ့ သူတွေကို လိုက်ရှာတယ်” ဟု ကိုစောကျော်နိုင်က ပြောပြသည်။

မန်တာလီ ရပ်ကွက်သည် မူးယစ်ဆေးဝါးမှုများ၊ ဒုစရိုက်မှုများ နှင့်ပတ်သက်မှု ရှိသည်ဆိုသည့် သတင်းကို အာဏာပိုင်များ ရရှိထားသဖြင့် ယခုကဲ့သို့ ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းရပ်ကွက်တွင် နေထိုင်သော မြန်မာများက ပြောဆိုသည်။

အဖမ်းခံရသူများကို မူးယစ်ဆေးဝါး သုံးစွဲခြင်း ရှိမရှိ ချက်ချင်း ဆီးစစ်ပြီး ထွက်လာသည့် ရလဒ် အပေါ်မူတည်၍ တည်ဆဲ ဥပဒေအရ အရေးယူကာ ကျန်ရှိနေသော တရားမ၀င်နေထိုင်သူများကို စမုံညင်း စခန်းတွင် တရားစီရင်၍ ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

စမုံညင်း စခန်းသည် မလေးရှားနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများကို ဖမ်းဆီးထိန်းသိမ်းထားရာ နေရာ ဖြစ်သည်။

ယခုလမှစ၍ မလေးရှားနိုင်ငံအတွင်း ၀င်ရောက်လာသော နိုင်ငံခြားသားအားလုံးကို မလေးရှား အာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်ကာ ကွာလာလမ်ပူမြို့ အနောက်ဘက်တွင် ရှိသော ဒေသများကို ပစ်မှတ်ထား၍ ဖမ်းဆီး စစ်ဆေးနေသည်ဟု မလေးရှား နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့မှ ကိုထွန်းထွန်းကပြောသည်။

သိန်းနှင့်ချီသော မြန်မာအလုပ်သမားများသည် မလေးရှားနိုင်ငံအတွင်းသို့ လာရောက် အလုပ်လုပ်ကိုင် လျက်ရှိပြီး အလုပ်သမား အခွင့်အရေးကိစ္စ၊ လူမှုဆက်ဆံရေးကိစ္စရပ်တို့ကြောင့် မြန်မာအလုပ်သမားများနှင့် ၎င်းတို့၏ လုပ်ငန်းရှင်များ မကြာခဏ ပြဿနာများ ဖြစ်ပွားကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးထားသော မြန်မာအလုပ်သမားပေါင်း ၂၈၀၀ ခန့်ရှိသည်ဟု သိရသည်။(ဧရာဝတီ)

0 comments:

Post a Comment