Monday 25 January 2010

ငလျင်ကြောပေါ်တွင်တည်ရှိနေသည့်မြန်မာနိုင်ငံအဖို့ ငလျင် ကြီးများ ဖြစ်နိုင်ခြေ အတွက် လူထု နိုးကြားမှု နှင့် ပြင်ဆင် ထားမှု တို့ လိုအပ် နေဆဲ ဟုသိရ

ကြိုတင် ထုတ်ပြန် ကြေညာ နိုင်ခြင်းမရှိဘဲ ဆုံးရှုံး မှုလည်း ကြီးမား သော ငလျင် ကဲ့သို့ သဘာဝ ဘေးမျိုး အတွက် လူထု နိုးကြား မှုနှင့် ပြင်ဆင် ထားမှု တို့ကသာ ဆုံးရှုံးမှုကို လျော့ချရာ ရောက်နိုင်ပြီး မြန်မာ နိုင်ငံတွင် ယင်းသို့ ပြင်ဆင် ထားမှုများ လိုအပ် နေဆဲ ဖြစ်ကြောင်း ကျွမ်းကျင် သူများ၏ အဆိုအရ သိရှိရသည်။ မြန်မာ နိုင်ငံ သည် မြောက်မှ တောင် အရပ်အထိ ငလျင်ကြောပေါ် တွင် တည်ရှိ နေပြီး လှုပ်ရှား နေသေးသည့် ပြတ်ရွေ့ ရှင်ကြီးများ ရှိနေသည်ဟု သိရှိရသည်။

ပြီးခဲ့သည့် နှစ်အတွင်းက လည်း ဒေသတွင်းနိုင်ငံများအပါအ၀င် ကမ္ဘာ့နိုင်ငံများအဖို့ ငလျင်နှင့် မုန်တိုင်းသည် သတိပြုဖွယ်ရာ သဘာဝဘေးအန္တရာယ်များ ဖြစ်လာခဲ့ပြီး ယခုနှစ်ဦးပိုင်းတွင်လည်း ဆုံးရှုံးမှုကြီးမားသော ဟေတီငလျင်ဖြစ် ပေါ်ခဲ့သည့်အတွက် မည်သည့်နိုင်ငံ တွင်မဆို၊ မည်သည့်အချိန်တွင်မဆို ဖြစ်နိုင်ခြေရှိသော ငလျင်ဘေးနှင့် ပတ်သက်၍ ပြင်ဆင်ထားရန်လိုသည်ဟု ပညာရှင်များကသုံးသပ် ကြပါသည်။

''ငလျင်က တခြားသဘာဝ ဘေးအန္တရာယ်တွေလို ကြိုတင်ထုတ် ပြန်လို့မရဘူး။ ငလျင်ဆိုတာ နဂိုကတည်းက ပြင်ဆင်မှုရှိထားမှ၊ မဟုတ်ရင်အန္တရာယ်ကြီးပါတယ်''ဟု မင်္ဂလာမြန်မာမှ ဒေါ်ယူဇာမော်ထွန်းက ပြောကြားသည်။

မုန်တိုင်းကဲ့သို့သော သဘာဝဘေးမျိုးမှာမူ ကြိုတင်ပြင်ဆင်ချိန် ရရှိတတ်ကြောင်း၊ ယင်းသို့ ပြင်ဆင်ချိန်ရရှိသည့် မုန်တိုင်းကြောင့်ပင်လျင် ပျက်စီးဆုံးရှုံးမှု များပြားတတ် သည့်အတွက် ငလျင်မှာကြိုတင်ပြင်ဆင်မှုများစွာ လိုအပ်ကြောင်း ပညာရှင်များက ဆိုကြသည်။

''၂၀၀၄ ခုနှစ် ဆူနာမီပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံမှာငလျင်ငယ် လေးတွေ ဆက်လှုပ်တာ သတိ ပြုမိ ပါတယ်''ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင် ကပြော ပါသည်။ ဆုံးရှုံးမှုကြီးမားသော ငလျင် ကြီးများဖြစ်ပွားခဲ့ဖူးသည့် မြန်မာနိုင် ငံအနေဖြင့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုကို လျော့ချရန်ဆိုသည်မှာ စီမံခန့်ခွဲမှု၊ ကြိုတင်ပြင်ဆင်မှု အစီအစဉ်များ လိုအပ်သည်ဟု သိရှိရ ပါသည်။

ကြိုတင်ပြင်ဆင်မှုဟု ဆိုရာ တွင် ပြည်သူလူထုအနေဖြင့် ငလျင် ဖြစ်ပွားလာပါက မည်သို့လုပ်ဆောင်ကာ မိမိကိုယ်ကိုယ် ကာကွယ်သင့်သည်၊ မည်သို့နေထိုင်သင့်သည် စသည့် အခြေခံအချက်များကို သိရှိထားရန် လိုအပ်သကဲ့သို့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ကြသူများကလည်း အသက်မသေ ကျန်ရစ်ခဲ့ကြ သူများကို မည်သို့ကယ်ဆယ်ရမည် စသည့်နည်းလမ်းများကို စနစ်တကျ ပြင်ဆင်ထားရန် လိုအပ်သည်ဟု သိရသည်။

''ငလျင်မှာက early warning မရှိဘူး။ ဒါပေမယ့် ဖြစ်လာရင် ဘယ်ကိုသွားရမယ်ဆိုတာကို သိထားဖို့လိုပါတယ်။ နောက်ပြီး ကိုယ်နေတဲ့ဒေသဟာ ငလျင်ဇုန်မှာ ရှိနေ ရင်ပိုသတိထားရမယ်''ဟု ဒေါ်ယူဇာမော်ထွန်းက ဆိုပါသည်။ မြန်မာနိုင်ငံ ငလျင်ဇုန်များပြ မြေပုံအရ ငလျင်ပြင်းထန်ဇုန်တွင် ကျရောက်နေသော မြို့ကြီးများမှာ တောင်ငူ၊ တောင်တွင်းကြီး၊ ပုဂံ- ညောင်ဦး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ရွှေဘို၊ ၀န်းသို၊ ခန္တီး၊ ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီးနှင့် ကွမ်းလုံတို့ ဖြစ်သည်ဟု သိရှိရ ပါသည်။

''ငလျင်ဖြစ်နိုင်ခြေကတော့ ဘယ်နေရာမဆို ရှိနိုင်တာပါပဲ။ ကင်းလွတ်တဲ့ ဒေသရှိပေမယ့် တစ်နိုင်ငံလုံးနဲ့ ယှဉ်ရင်တော့ ရာခိုင်နှုန်းနည်း ပါတယ်''ဟု ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း က အင်အားရစ်ခ်ျတာ စကေး၇.၇ အဆင့်ရှိ အင်အားအလွန် ပြင်းထန်သော ငလျင်တစ်ခုသည်ကပ္ပလီ ပင်လယ်ပြင်တစ်နေရာတွင် လှုပ်ခတ် ခဲ့ပြီး မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်စသည့် နိုင်ငံများတွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

မြန်မာနိုင်ငံ၏ အဓိကပြတ်ရွေ့ ရှင်တစ်ခုဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့ သည် သတိပြုဖွယ်ရာအဖြစ် ရှိနေပြီး ယင်းပြတ်ရွေ့တစ်လျောက်ရှိဒေသများ မှာ ငလျင်ဖြစ်နိုင်ခြေကို သတိပြုရန် လိုသည်ဟု ဆိုကြသည်။ ငလျင်ဘေးကို အမြဲသတိပြု နေရသည့် ဂျပန်ကဲ့သို့သော နိုင်ငံမျိုးတွင် နိုင်ငံသားများကိုသာမက ခေတ္တလာရောက်နေထိုင်သည့် နိုင်ငံခြားသားများကိုပါ ငလျင်ဖြစ်ပွားလာပါက မည်သို့နေထိုင်ရမည်ဆိုသည့် အခြေခံအသိပညာများကို ဖြန့်ဝေထားသည်ဟု သိရှိရပါသည်။

''ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်စပ်နေတဲ့အတွက် တစ်ကမ္ဘာလုံး သဘာဝဘေးဒဏ်တွေ ခံနေရတယ်။ မြန်မာလည်းပဲ ကင်းမနေဘူး''ဟု ပညာရှင်တစ်ဦးက ဆိုပါသည်။ ပျက်စီးဆုံးရှုံးမှုများကို လျော့ချနိုင်ရန်အတွက် ပြည်သူ လူထု၏ နိုးကြားမှု Public Awareness ရှိထားရန် စနစ်ကျသော ပြင်ဆင်မှုများ၊ လေ့ကျင့် ထားမှုများ ရှိရန် လိုအပ်သည်ဟု သိရှိ ရသည်။

''ငလျင်ကြီးတစ်ခု ဖြစ်ပြီးသွား ရင် မရပ်သေးဘူး။ ငလျင်ငယ်လေး တွေရှိသေးတယ်။ ငလျင်ငယ်လေး တွေလှုပ်နေတယ်ဆိုတာ ငလျင်ကြီး ပြီးသွားတယ်လို့ ယူလို့ရသလို ငလျင်ကြီးတစ်ခု ထပ်လှုပ်ဖို့ အားယူနေတယ်လို့လည်း ယူလို့ရပါတယ်။ ဒီလိုအသိမျိုးတွေကအစ ကလေး၊ လူကြီးတွေအားလုံးမှာ ရှိသင့်တယ်။ သတင်းစာ၊ မီဒီယာ၊ ရုပ်ရှင်၊ ပိုစတာ၊ ကြော်ငြာတွေက တစ်ဆင့် အသိပေးထားရပါမယ်''ဟု ဒေါ်ယူဇာမော်ထွန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကာလနှင့် အနီးစပ်ဆုံးအချိန်အတွင်း ဆုံးရှုံးပျက်စီးမှုများပြားသည့် အင်အားပြင်းထန်ငလျင်သည် ၁၉၇၅ ခု နှစ်တွင် ပုဂံဒေသ၌လှုပ်ရှားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment