Monday 18 January 2010

ထောက်ခံစာဖြင့်သာ CDMA ဖုန်းဝယ်ယူနိုင်

Monday, 18 January 2010 17:48 လွင်ကို


ရန်ကုန်မြို့တွင် CDMA 800 MHz အမျိုးအစား တယ်လီဖုန်း တသိန်း တိုးချဲ့မည်ဟု ဆိုသော်လည်း အစိုးရ အရာရှိကြီးများ၏ ထောက်ခံစာဖြင့် လျှောက်ထား သူများသာ တယ်လီဖုန်း ၀ယ်ယူခွင့် ရရှိ နေသည်ဟု ဖုန်းဝယ်ရောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

ဖုန်း အရောင်း အ၀ယ် ပြုလုပ်ရန် လာရောက် စနည်းနာ သူများမှာ အစိုးရ ဝန်ထမ်း အများစု ဖြစ်ကြောင်း ရန်ကုန် မြို့လယ်တွင် ဖုန်းဝယ်ရောင်း လုပ်ကိုင် နေသူတဦးက ဆိုသည်။

“အဲဒီလိုလူတွေ များနေတော့ တကယ် သုံးမယ့်သူတွေ အတွက် လုံလောက် ပါ့မလား လို့တောင် စဉ်းစားမိတယ်” ဟု သူက ရှင်းပြသည်။

တယ်လီဖုန်း လျှောက်ထားသူ မြောက်ဥက္ကလာပ မြို့နယ်မှ ဒေသခံ တဦးကလည်း “ဒီလိုမျိုး ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့ လက်မှတ် အားကိုးနေမယ် ဆိုရင် အမှန်တကယ် လိုအပ်လို့ လျှောက်ထားတဲ့ သူတွေက နစ်နာတယ်” ဟု ပြောသည်။

အရာရှိကြီးများနှင့် နီးစပ်သူများကိုသာ တယ်လီဖုန်း အသုံးပြုခွင့် ပေးနေခြင်းကြောင့် သာမန် အရပ်သားများ အခက်တွေ့ရသည်ဟု ရန်ကုန်မှ သတင်းအယ်ဒီတာတဦးက ပြောသည်။

“အပြင်ပေါက်ဈေးနဲ့ ၀ယ်သုံးရတော့မယ့် အလားအလာ ဖြစ်နေတယ်” ဟု သူက သုံးသပ်သည်။

ကမ်းရိုးတန်းဖုန်း ဟုလည်း ထင်ရှားသည့် CDMA 800 MHz အမျိုးအစား ဖုန်းတလုံး၏ တန်ဖိုးမှာ ကျပ် ငါးသိန်း ဖြစ်သည်။

မကြာသေးမီက ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင် CDMA 800 MHz တပ်ဆင်ပေးမည်ဆိုသောကြောင့် ထို တယ်လီဖုန်းရလိုသူများက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ အလုအယက် လျှောက်ထားခဲ့ကြသည်။

ဒီဇင်ဘာလအတွင်းက မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ရုံးများမှ တဆင့် လျှောက်ထားခွင့်ပြုခဲ့ရာ မြို့နယ် အကျယ်အဝန်းပေါ် မူတည်၍ ဖုန်းအလုံးရေ ၁၅၀ မှ ၁၆၀၀ ထိ ချထားပေးရန် လျာထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

“ရန်ကုန်တိုင်းမှာ ၄၅မြို့နယ် ရှိတယ်။ အကုန်လုံး မချပေးဘူး။ စုစုပေါင်း ၃၁ မြို့နယ်ပဲ ချထားပေး မှာပါ။ ဒဂုံဆိပ်ကမ်း၊ မှော်ဘီ၊ တိုက်ကြီးတို့လို နေရာတွေကို မချပေးပါဘူး” ဟု ၎င်းက ဆိုသည်။

CDMA 800 MHz အမျိုးအစား တယ်လီဖုန်းသည် ကြိုးမဲ့ဖုန်း ဖြစ်သည်။ သို့သော်လည်း လျှောက်ထားသူ၏ မြို့နယ် အတွင်းသာ အသုံးပြုနိုင်သည်။ သတ်မှတ်ထားသည့် ဧရိယာပြင်ပသို့ ရောက်သွားပါက ဆက်သွယ်မှု ပြတ်တောက်သွားမည် ဖြစ်သည်။

CDMA 800 Mhzကို ကြိုတင်ငွေဖြည့်ကတ်စနစ်ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ပြည်တွင်းခေါ်ဆိုရန် ကျပ်ငွေ ၁သောင်း နှင့် ၃သောင်းတန်ကတ်၊ ပြည်ပ ခေါ်ဆိုရန် FEC ၂၀ နှင့် ၅၀ ကတ်များအဖြစ် အမျိုးအစား လေးမျိုး ခွဲထားသည်ဟု သိရသည်။

၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ လူဦးရေ ၃၅ သန်း ရှိခဲ့စဉ်က တယ်လီဖုန်းလိုင်း ၇၄၈၅၅ ရှိခဲ့ကြောင်း၊ လက်ရှိတွင် ဖုန်းလိုင်း ၂ သန်းခန့် တိုးချဲ့တပ်ဆင် နိုင်ခဲ့ကြောင်း၊ လူ ၂၅ ဦးတွင် ဖုန်းတလုံးနှုန်း အသုံးပြုနေကြောင်း တရားဝင် ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။(ဧရာဝတီ)

0 comments:

Post a Comment