Sunday 25 July 2010

သမ္မတ အိုဘားမားနှင့် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အိမ်ဖြူတော်တွင် ပထမဆုံးအကြိမ် တွေ့ဆုံ

မက္ကဆီကိုပင်လယ်ကွေ့ရေနံယိုဖိတ်မှုနှင့် လော့ကာဘီ ဗုံးခွဲမှု အဓိက တရားခံလွှတ်ပေးမှု စသည်တို့နှင့်ပတ်သက်၍

နှစ်နိုင်ငံဆက်ဆံရေး အနည်းငယ်ကျဆင်းမှု ဖြစ်ပေါ်နေစဉ် အမေရိကန်သမ္မတ အိုဘားမားနှင့် ဗြိတိန်ဝန် ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် အိမ်ဖြူတော်တွင် ဇူလိုင်လ ၂၀ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

လူ ၂၇၀ ဦး သေဆုံးစေခဲ့သော ပန်အမေရိကလေကြောင်းပိုင် လေယာဉ်ဗုံးဖောက်ခွဲခံရမှုတွင် တစ်ဦးတည်း ကျန်ရှိသော အဓိကတရားခံ အယ်လ်မီဂရာဟီကို စကော့တလန် တရားရုံးချုပ်က လွှတ်ပေးမှုကို ကင်မရွန်းက ကန့်ကွက်ရှုတ်ချခဲ့သည်။ သို့သော် ယင်းကိစ္စကို ဗြိတိန်အစိုးရက ပြန်လည် စစ်ဆေးရန် အမေရိကန်အစိုးရ တိုက်တွန်းနေသည်။

"ဒီဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဆိုတာ ပြီးခဲ့တဲ့ တစ်နှစ်ကတည်းက ကျွန်တော်ပြောခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုမှားယွင်းတဲ့ ဆုံးဖြတ်ချက်ဆိုတာကို စုံစမ်းစစ်ဆေးစရာ မလိုပါဘူး"ဟု ကင်မရွန်းက ပြောကြားခဲ့သည်။ ဗုံးခွဲတရားခံလွှတ်ပေးမှုတွင် ဗြိတိန်ရေနံကုမ္ပဏီ ဘီပီ ပါဝင်ပတ်သက်နေကြောင်း အမေရိကန်ဥပဒေပြု အမတ်များ၏ ပြောကြားချက်များကို ကင်မရွန်းက ပြန်လည်တုံ့ပြန်ခဲ့သည်

မက္ကဆီကိုပင်လယ်ကွေ့ ရေနံယိုဖိတ်မှု ဆိုးရွားနေခြင်းနှင့်ပတ်သက်၍ ရေနံယိုစိမ့်ထွက်မှုကို ပိတ်ဆို့ရန်၊ ရေနံယိုဖိတ်မှုကြောင့် ညစ်ညမ်းခဲ့သော နေရာများကို ပြန်လည်သန့်စင်ရန်နှင့် ထိခိုက်ခဲ့သူများကို လျော်ကြေးပေးရန် ဘီပီကုမ္ပဏီအား အိုဘားမားက ညွှန်ကြားချက်ကို ကင်မရွန်းကလည်း သဘောတူခဲ့သည်။


0 comments:

Post a Comment