Saturday 2 October 2010

မဟာမိတ်ဖွဲ့ရေး ၆ ပါတီ ဆွေးနွေးမည်

ဆလိုင်းထွန်း | သောကြာနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၇ မိနစ်

ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ယှဉ်ပြိုင်ကာ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာမိတ်ဖွဲ့ရန်အတွက် နိုင်ငံရေးပါတီ ၆ ပါတီသည် ရန်ကုန်၌ မနက်ဖြန်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP က တပါတီလျှင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၃ ဦးစီ တက်ရောက်ပါရန် ပါတီပေါင်း ၆ ပါတီကို ဖိတ်ကြားထားပြီး၊ ရန်ကုန်တိုင်း တာမွေမြို့၌ ဆွေးနွေးမည်ဖြစ်ရာ ၅ ပါတီမှ ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ချင်းအမျိုးသားပါတီ CNP နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ PDP တို့ ဆွေးနွေးပွဲ တက်ရောက်မည်ဖြစ်ပြီး၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DP (M) ကမူ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

“ဒီမိုကရက်တစ် အင်အားစုပါတီတွေ စုစည်းရေးပါ။ ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) နဲ့ ဒီမိုကရက်တစ် အင်အားစုပါတီတွေ တခြားစီ၊ သီးခြားစီဆိုတာကို ပြည်သူကို အသိပေးတာပါ။ ပြည်ခိုင်ဖြိုးနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ ဒီမိုကရက်တစ် ပါတီတွေ အနိုင်ရရှိအောင် ကြိုးစားမှာပါ။ အဲဒီအတွက် အောင်နိုင်ရေးကော်မတီ ဖွဲ့မှာပါ” ဟု UDP ဥက္ကဋ္ဌ ဦးသိန်းဋ္ဌေးက မဇ္ဈိမကို ပြောသည်။

NDF မှ ဒေါက်တာမြတ်ဥာဏစိုး၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေတို့ တက်ရောက်ကြမည်။

“လက်ခံပါတယ်၊ ဒီညှိနှိုင်းရေးကို တက်ပါမယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပူးတွဲဆောင်ရွက်နိုင်တာ အများကြီး ရှိပါတယ်။ ဒီမိုကရေစီ အင်းအားစု စစ်စစ်တွေ ပူးပေါင်းရပ်တည်ပြီး အားတခုပြချင်တာပါ။ ရွေးကောက်ပွဲက ပြိုင်ပွဲမဟုတ်ပါဘူး။ ပြည်သူတွေက အသင့်တော်ဆုံးလို့ ရွေးချယ်တဲ့ ကိုယ်စားလှယ်ကို ပြည်သူရဲ့ ဆန္ဒခံယူရမှာ။ ဒီမိုကရေစီအင်အားစု စစ်စစ်တွေကို မဲပေးကြဖို့ အသိပေးချင်တာပါ” ဟု NDF မှ ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက မဇ္ဈိမကို ပြောသည်။

CNP အထွေထွေအတွင်းရေးမှူး ဦးကျဲအိုဘစ်ထောင်း Ceu Bik Thawng ကလည်း “ဒီမိုကရေစီဖိတ်ဘက်တွေ စုဆောင်းပြီး အတူတကွ ပူးပေါင်းပြီး လုပ်စရာတွေ ရှိတာပေါ့။ အနည်းဆုံးတော့ မဲပေးကြပါ၊ မဲမပေးဘဲ မနေကြပါနဲ့၊ ရွေးကောက်ပွဲ တရားမျှတဖို့၊ အောင်နိုင်ရေးအတွက် ဆိုတာလေးတွေပေါ့။ ဒီအစီအစဉ်ကို ကြိုဆိုပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

SNDP ပါတီကလည်း မနက်ဖြန် ဆွေးနွေးပွဲကို လက်ခံသည်။

“တက်မှာပါ။ ဘာတွေ ပြောမှာလဲ မသိရသေးဘူး။ ဘယ်ပါတီကပဲ ဖိတ်ဖိတ် သွားမယ်။ ပါတီအားလုံးနဲ့ မိတ်ဆွေ လုပ်သွားဖို့ ရည်မှန်းထားတာ။ ဘယ်ပါတီမဆို လွှတ်တော်ထဲရောက်ရင် နိုင်ငံ့အကျိုးအတွက် အားလုံး ဝိုင်းဝန်းလုပ်ဆောင်သွားမယ်။ ပါတီတိုင်းက ရွေးကောက်ပွဲကို အောင်ချင်တာပဲ” ဟု SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက မဇ္ဈိမကို ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) DP (M) က ဆွေးနွေးပွဲတက်ရောက်မည် မဟုတ်ကြောင်း ပြောဆိုသည်။

“သတင်းထဲမှာ ကျနော်တို့က မဟာမိတ်ဖွဲ့ကြဖို့ လုပ်လိုက်တယ်လို့ ပါလာတယ်။ အမှန်ကတော့ ဆွေးနွေးတာ ဘာမှမရှိဘူး။ ဆွေးနွေးထားတာ မရှိသေးဘဲနဲ့ သတင်းတွေမှာ ပါလာတော့ ကျနော်တို့က မဟာမိတ်လုပ်ဖို့ အခြေအနေမရှိဘူး၊ မစဉ်စားသေးဘူး။ ဗဟိုအလုပ်အမှုဆောင် ဆုံးဖြတ်ချက်ချပြီးမှ လုပ်လေ့ရှိတယ်၊ မဆုံးဖြတ်သေးတော့ အစည်းအဝေးကို သွားမတက်ဘူးလို့ ယူဆတယ်” ဟု DP (M) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။(မဇ္ဈိမ)

0 comments:

Post a Comment