Tuesday 16 November 2010

ဒုတိယပင်လုံညီလာခံက မြန်မာတမျိုးသားလုံးအတွက်ဟု တိုင်းရင်းသား ပါတီများပြော

ခင်ဦးသာ Monday, 15 November 2010 19:32

ဒုတိယအကြိမ် ပင်လုံညီလာခံတခု ပေါ်ပေါက်လာရေးသည် တိုင်းရင်းသား လူမျိုးစု များအတွက်သာမက မြန်မာတနိုင်ငံ လုံးအတွက် မရှိမဖြစ် လိုအပ်ကြောင်း ရွေးကောက်ပွဲ ၀င်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

“ပင်လုံညီလာခံကြီး ပေါ်ပေါက်လာမှ တိုင်းရင်းသားတွေ အားလုံးနဲ့ မြန်မာနိုင်ငံသားတွေ အားလုံးဟာ တန်းတူညီမျှ အခွင့်အရေး ရမှာမို့လို့ အမြန်ဆုံး ခေါ်ယူနိုင်လေ ကောင်းလေပါပဲ” ဟု ချင်း တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ ဦးလုံစီ က ဧရာဝတီကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အတွက်လဲ ကြိုဆိုပါတယ်။ ပင်လုံကိစ္စကို ပြောတဲ့ အပေါ်လည်း အပြည့်အ၀ ထောက်ခံ ပါတယ်” ဟု သူက ဆိုသည်။

၎င်းက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှုကိုလည်း ထောက်ခံကြောင်း ဆက်ပြောသည်။

နှစ်ရှည် ထောင်ဒဏ်ကျခံနေရာမှ ပြန်လည် လွတ်မြောက်လာသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေး လုပ်ဆောင်မှုကို အားပေးထောက်ခံကြောင်း ယမန်နေ့က မီဒီယာများ ကို ပြောဆိုခဲ့သည်။

ဒုတိယပင်လုံညီလာခံ ပေါ်ပေါက်လာပါက တိုင်းပြည်၏ ရှေ့ဆက်သွားမည့် လမ်းကြောင်းသစ်များ ပေါ်ထွက် လာမည်ဖြစ်၍ ပင်လုံ ညီလာခံ ဖြစ်မြောက်လာသည်အထိ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးစစ်ဆောင်ဆီ က ဧရာဝတီကို ပြောသည်။

ပင်လုံညီလာခံမှ တဆင့် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် ပေါ်ထွန်းလာရေးသည် အရေးကြီးပြီး ပြည်ထောင်စု စစ်စစ် ဖြစ်မှသာ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အပြည့်အ၀ ရရှိမည်ဟုလည်း ၎င်းက ဆိုသည်။

“ပြည်ထောင်စု စစ်စစ် ဖြစ်မှသာ မြန်မာနိုင်ငံဟာ ရေရှည်တည်တံ့ ဖွံ့ဖြိုးမယ်၊ အနာဂတ် မျိုးဆက်သစ်တွေ အတွက် အာမခံချက်ရှိမယ်၊ လူမျိုးတမျိုးနဲ့ တမျိုးကြားမှာလည်း ယုံကြည်မှုတွေ တည်ဆောက်ပြီးသား ဖြစ်မယ်” ဟု ၎င်းက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် ဖြစ်ပေါ်လာပါက အာဏာခွဲဝေမှု အပိုင်းတွင်လည်း တန်းတူညီမျှဖြစ်မည်ဟု သူက ဆိုသည်။

အလားတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းကလည်း ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက် လာရေးကို ကြိုဆိုကြောင်း၊ ညီလာခံ ပေါ်ပေါက်ရေးအတွက် အားလုံးက ၀ိုင်းဝန်းကြိုးပမ်းကြရန် လိုမည် ဖြစ်ကြောင်း၊ အမှန်တကယ် ဖြစ်မြောက်လာရန်လည်း ကြိုးစား ကြစေလိုကြောင်း ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးတွင် အားလုံးက ပူးပေါင်း ပါဝင်စေလိုကြောင်း၊ သို့သော် ညီလာခံမှနေ၍ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ရရှိမှသာ တိုင်းရင်းသား များအတွက် တန်းတူ အခွင့်အရေး၊ လွတ်လပ်စွာ ကိုယ်ပိုင်ပြဌာန်းခွင့်များ ရရှိမည် ဖြစ်ကြောင်း ပြောဆိုသည်။

“အားလုံးပါဝင်တဲ့ ညီလာခံတခု မရှိမဖြစ် လိုအပ်ပါတယ်။ အားလုံး ဆိုတဲ့ နေရာမှာ တိုင်းရင်းသားအားလုံး၊ လက်ရှိ အာဏာရ သူတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေက အစ ပါရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ပြည်သူ အားလုံးရဲ့ ချစ်ခင် ထောက်ခံမှု ရထားတဲ့သူဖြစ်လို့ ပါဝင်မှ ရမှာပါ” ဟုလည်း ဒေါက်တာ အေးမောင်က ဆိုသည်။

ပါဝင်သင့်သူ အားလုံး ပါဝင်ဆွေးနွေးမှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်အစိုးရ ရေးဆွဲအတည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး အတွက် အထောက်အကူ မဖြစ်သည့် အပြင် တိုင်းရင်းသား လူမျိုးများ၏ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စသည့် အရေးကိစ္စများကို ထည့်သွင်း ရေးဆွဲ မထားခြင်းကြောင့် ဒုတိယ အကြိမ် ပင်လုံ ညီလာခံ ပေါ်ပေါက်ရေးကို တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဒီမိုကရေစီ အင်အားစုများက သဘောတူ လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

၂၀၀၈ အခြေခံ ဥပဒေကို အသက်သွင်းရန် ကျင်းပခဲ့သော နိုဝင်ဘာလ ၇ ရက်နေ့ရွေးကောက်ပွဲသည် တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ဟုဆိုကာ ပြန်လည်စိစစ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီအများစုက တင်ပြတောင်းဆိုထားပြီး အငြင်းပွားဖွယ်ရာ ကိစ္စအများအပြားနှင့်လည်း ကြုံတွေ့နေကြရသည်။

ရွေးကောက်ပွဲတွင် ဒီမိုကရက် ပါတီအားလုံးနီးပါး ရှုံးနိမ့်ခဲ့ ကြကြောင်း သိရသည်။

ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းရင်းသား ပါတီများအနက် အထက်ပါ နိုင်ငံရေး ပါတီများမှာ သက်ဆိုင်ရာ တိုင်းရင်းသား ဒေသများ၌ မဲဆန္ဒနယ် တချို့တွင် အနိုင်ရခဲ့သော ပါတီများဖြစ်သည်။

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး အတွက် စစ်ကိုင်းတိုင်း ကလေးမြို့၌ အောက်တိုဘာလ ၂၄ ရက် နေ့တွင်ပြုလုပ်သော ဇိုမီးအမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားတွင် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။

လက်မှတ်ရေးထိုးခဲ့ကြ သူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ၀ါရင့်နိုင်ငံရေး သမားကြီ သခင်သိန်းမောင်၊ မွန်ဒီမိုကရေစီ အဖွဲ့ချုပ် (MNLD) မှ နိုင်ငွေသိန်း၊ နိုင်ထွန်းသန်း၊ ကရင်အမျိုးသား ကွန်ဂရက်မှ စောဟာရီ၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထောင်ခိုထန်း နှင့် တခြား တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။

ပထမ အကြိမ် ပင်လုံညီလာခံအား ၁၉၄၇ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြသည်။(ဧရာဝတီ)

0 comments:

Post a Comment