Tuesday 16 November 2010

ကြံ့ဖွံ့နှင့်လည်း လက်တွဲနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နရီလင်းလက် Monday, 15 November 2010 19:45

ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအရေးနှင့် ပတ်သက်လာပါက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့်ပင် လက်တွဲမည်ဟု ပြောဆိုလိုက်သည်။ယနေ့ NLD ရုံးချုပ်၌ ပါတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးနေသော ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - Getty Images)

ယနေ့ နေ့လယ် ၁ နာရီက ပြုလုပ်သော ပြည်နယ်နှင့်တိုင်း အသီးသီးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်းပြည်အတွက် စေတနာ ရှိမယ်ဆို၊ စေတနာမှန်မှန်နဲ့ လာပူးပေါင်းချင်တယ်ဆို ကြံ့ဖွံ့ ပါတီ ဆိုရင်တောင် ဘာမှ ငြင်းစရာ မရှိဘူး။ မြန်မာပြည်ထဲက လူတွေတင်မကဘူး ကမ္ဘာက လူတွေနဲ့တောင် ဖိတ်ခေါ်ပြီး အားလုံးကောင်းအောင် လုပ်နေကြတာ ဖြစ်လို့ ဘာမှ အထူးငြင်းစရာမရှိဘူး။ ဖြောင့်ဖြောင့်မတ်မတ်၊ စေတနာမှန်မှန်နဲ့ ဆောင်ရွက်မယ်ဆိုရင် ဘယ်သူနဲ့မဆို ပူးပေါင်း ဆောင်ရွက်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုကြောင်း NLD ပါတီ မွန်ပြည်နယ် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တဆင့်ပြန်ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် NLD မှ ခွဲထွက်ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အင်အား စု (NDF) ကိုလည်း ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သော ၃၇ ပါတီထဲမှ ပါတီတခု အနေနှင့်သာ မြင်ကြောင်း၊ ဒီမိုကရေစီအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း ပြော၍ ထူးထူးခြားခြား ရှုမြင် သုံးသပ်ထားခြင်း မရှိဟု သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ကိုယ်စားလှယ်များ၏ ပြောဆို တင်ပြချက်များကို ဒေါ်အောင်ဆန်း စုကြည်က နားထောင်ခဲ့ပြီး မေးမြန်းချက်များကို ခိုင်ခိုင်မာမာ ပြန်လည်ဖြေကြားကာ လူငယ်များ၊အမျိုးသမီးများနှင့်လည်း တိုင်းနှင့် ပြည်နယ် အလိုက် တွေ့ဆုံသွားမည်ဟု ပြောခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ တဦးက ပြောပြသည်။

NLD အနေဖြင့် ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် မှတ်ပုံ မတင်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ သစ်အရ ရွေးကောက်ပွဲတွင် မှတ်ပုံမတင်သည့် မည့်သည့်ပါတီမဆို ဖျက်သိမ်းခံရမည်ဖြစ်သည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ “NLD ဟာ ၈၈ ကတည်းက တရားဝင် မှတ်ပုံတင် ထားခဲ့တဲ့ ပါတီဖြစ်တယ်။ ဒီတော့ တရား ဥပဒေနဲ့ အညီ ဆက်လက်ပြီး ရပ်တည်ပိုင်ခွင့်ရှိတယ် ဆိုတာကို ဥပဒေ ကိုင်စွဲပြီး ရှင်းသွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ပြီးနောက်ပိုင်း NLD အဖွဲ့ဝင်များ အချင်းချင်း ပိုမိုစည်းလုံး လာကာ လူမှုရေး လုပ်ငန်းများအား တက်ကြွစွာ ဆောင်ရွက်လာနိုင်သည့် အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာသောကြောင့် ပိုမို ထိရောက်စွာ စွမ်းဆောင် နိုင်တော့မည်ဟု NLD အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောသည်။

“နယ်တွေက လမ်းပန်းဆက်သွယ်ရေး ခက်တဲ့ လူတွေတောင် ရောက်လာတယ်။ ကိုယ်တိုင်လည်း အားရစရာ အနေအထားကို မျက်ဝါးထင်ထင် တွေ့ရတယ်” ဟု သူက ဆိုသည်။

NDF ပါတီ အနေနှင့် ရိုးသား ဖြောင့်မတ်မှုရှိ၍ အနာဂတ် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် စေတနာမှန်မည် ဆိုပါက NLD နှင့် ပူးပေါင်း ဆောင်ရွက်ရေးတွင် အခက်အခဲမရှိနိုင်ဟု ထင်ကြောင်း ဦးအောင်ကြည်ညွန့်က ဆက်ပြောသည်။

ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ကိုယ်စားလှယ်များက ရွေးကောက်ပွဲ ကာလ မတရားမှုများ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး၊ လက်ရှိ နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) နှင့် ဆက်သွယ် ဆောင်ရွက်ထားသည့် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ကိစ္စရပ် များတွင် မှန်မှန်ကန်ကန် တရားဥပဒေနှင့် အညီ ဖြစ်ရေး စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်အား ပြောဆို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုတခု ဖြစ်သောကြောင့် အသေးစိတ် ဆွေးနွေးမှုများ မပြုလုပ်ခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ မတရားသဖြင့် ဖြစ်ပေါ်နေသည့် အရာအားလုံးကို ဥပဒေနှင့် အညီ အမြဲမပြတ် ဆောင်ရွက်သွားရန် ပြောဆိုခဲ့သည်။

ယနေ့ မနက်ပိုင်းက NLD အဖွဲ့ချုပ် ရုံးချုပ်အဖြစ် အနှစ် ၂၀ ကျော် ငွေကြေး လုံးဝမယူဘဲ ငှားရမ်းပေးခဲ့သည့် အိမ်ရှင်ကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါအိမ်ရှင်သည် အာဏာပိုင်များ၏ ခြိမ်းခြောက် ခံရခြင်းများ ရှိသည့် တိုင် ပါတီ မှတ်ပုံတင်ခြင်း မပြုသည့် နောက်တွင်လည်း NLD ရုံးချုပ်အဖြစ် ဆက်လက် ငှားရမ်းပေးထားဆဲ ဖြစ်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် သံတမန်တချို့၊ ပါတီ ကိုယ်စားလှယ်များနှင့် ဆက်လက်တွေ့ဆုံပြီး ညနေပိုင်း၌ ချမ်းမြေ့ရိပ်သာ ဘုန်းကြီးကျောင်း သို့ သွားရောက်ခဲ့သည်ဟု သိရသည်။(ဧရာဝတီ)

0 comments:

Post a Comment