Monday 15 November 2010

Suu Kyi speech at NLD Head Office



စစ်အစိုးရကို အာဃာတမထားဟု ဒေါ်စု ပြော

ဆလိုင်း ဟံသာစန်း | တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၀၀ မိနစ်

၇ နှစ်ကျော် နေအိမ်၌ ထိန်းသိမ်းခဲ့သည့် စစ်အစိုးရအပေါ် သူမအနေဖြင့် အာဃာတမထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

ယမန်နေ့တွင် ပြန်လွတ်ပြီးနောက် ရန်ကုန်တိုင်း ဗဟန်းမြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် ယနေ့ နေ့လည် ၁၂ နာရီမှ ၁ နာရီခန့်အထိ ပြည်သူ ၅ သောင်းကျော်ကို ပထမဆုံး ပြောခဲ့သည့် မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျမကို ထိန်းသိမ်းခဲ့တဲ့ လူတွေအပေါ် ဘာအာဃာတစိတ်မှ မရှိပါဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကိုမှ မုန်းတဲ့စိတ် မရှိဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

၂ဝဝ၃ ခု မေလ ၃ဝ ရက်နေ့ အထက်မြန်မာပြည် ခရီးစဉ် စစ်ကိုင်းတိုင်း မုံရွာမြို့၌ ဟောပြောမှုနောက်ပိုင်း ၇ နှစ်ကျော်အကြာတွင် ပြည်သူများကို ပထမဆုံး မိန့်ခွန်းပြောခြင်း ဖြစ်သည်။

အထိန်းသိမ်းကာလတွင် လုံခြုံရေးယူသူများက ကောင်းမွန်စွာ ဆက်ဆံသဖြင့် ကျေးဇူးတင်ကြောင်းနှင့် သူမကို ဆက်ဆံသကဲ့သို့ ပြည်သူလူထုကိုလည်း ကောင်းမွန်စွာ ဆက်ဆံလျှင် အလွန်ကောင်းမည်ဟု တွေးမိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယမန်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ပြန်လွတ်လာခဲ့ရာ နေအိမ်ရှေ့တွင် ကြိုဆိုနှုတ်ဆက်သည့် ၄ ထောင်ခန့်ရှိ လူထုကြီးကို စကားအနည်းငယ် ပြောကြားခဲ့အပြီး မနက်ဖြန် နေ့လည် ၁၂ နာရီ NLD ရုံးချုပ်ရှေ့ မိန့်ခွန်းပြောမည် ဖြစ်သဖြင့် လာရောက်ကြရန် ဖိတ်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် ပြည်သူလူထု၏ အသံကို နားထောင်လိုကြောင်းနှင့် ယခုအချိန်တွင် သူမ ဘာလုပ်မည်ကို ပြောဆိုနိုင်ခြင်း မရှိသည့်အပေါ် ခွင့်လွှတ်ရန် တောင်းပန်လိုက်သည်။

“အခု ဘာလုပ်နိုင်တယ်ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာချင်း ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ” ဟု သူမက ပြောသည်။

သို့သော် မြန်မာနိုင်ငံတွင် လိုအပ်နေသည့် အမျိုးသားရင်ကြားစေ့ရေးကို ဆက်လုပ်သွားမည်ဖြစ်ပြီး မည်သူမဆို စကားပြော ဆွေးနွေးလိုလျှင် လက်ခံမည်ဖြစ်ကြောင်း ပြည်သူကို ပြောကြားခဲ့သည်။

မိန့်ခွန်းပြောပြီးနောက် NLD ရုံးအတွင်း ပြည်တွင်းပြည်ပ သတင်းထောက်များကို သတင်းစာရှင်းလင်းပွဲ လုပ်နေသည်။ ထို့နောက် မွန်းလွဲ ၂ နာရီတွင် NLD အတွင်းရေးမှူး ဦးလွင်၏ ဇနီးဖြစ်သူ ဈာပနကို လိုက်လံပို့ဆောင်မည် ဖြစ်သည်။

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ပါတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်သည် အထက်မြန်မာပြည် စည်းရုံးရေးသွားစဉ် ၂ဝဝ၃ ခု မေ ၃ဝ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျီရွာအနီး၌ စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ဖွံ့အသင်းဝင်များ ပါဝင်သည့် လူအုပ်ကြီးက အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သေဘေးမှ လွတ်လာသည့် သူမကို စစ်အာဏာပိုင်များက နေအိမ်တွင် ထိန်းသိမ်းခဲ့သည်။ ပြန်လွတ်ရက် နီးကပ်လာချိန်တွင် နေအိမ်အတွင်း ရေကူးဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသားကို ဧည့်ခံခဲ့သဖြင့် စည်းကမ်းဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ် ၃ နှစ် ချခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထက်ဝက်လျော့ချပေးကာ ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံခဲ့ရာမှ ယမန်နေ့တွင် ပြန်လွတ်လာခြင်း ဖြစ်သည်။ (မဇ္ဈိမ)

0 comments:

Post a Comment