Saturday 27 October 2012

CNF စီးပွါးရေးတာဝန်ခံ စီးနင်းလာသော ဂျစ်ကားပေါ်မှ တားမြစ်ဆေးဝါးများ ဖမ်းမိ

October 27, 2012
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့ တွင် မြန်မာ- အိန္ဒိယ ကုန်သွယ်ရေးလမ်းမတစ်ခုဖြစ်သော ကလေး-တီးတိန်-ရိဒ်ခေါဒါရ်လမ်းမပေါ်ရှိ မံဆောင်းတံတားတွင် တာဝန်ကျသော ရဲများမှ သတင်းရရှိချက် အရ CNF တာဝန်ရှိ ပုဂ္ဂိုလ် နှစ်ဦး စီးလာသော ကားနံပါတ် ၅ခ/၂၅၅၂ ကို စုံစမ်းစစ်ဆေးခဲ့ရာ ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း (၆၅) သိန်းရှိသည့် တားမြစ် ဆေးလုံးများပါသည့် အထုပ်တစ်ခုကို ယာဉ်မောင်းသူ၏ ဘေး တွင် ရှာဖွေတွေ့ရှိကြောင်း တီးတိန် မြို့နေ ဒေသခံများထံမှသိရှိရ သည်။

၎င်းကားသည် နယ်စပ်ဒေသမှ မြန်မာပြည်အတွင်းဘက်သို့ ကလေးမြို့ကိုဦးတည် မောင်းဝင်လာခြင်း ဖြစ်ကြောင်း၊ ယာဉ်မောင်းသူ၏ဘေးတွင် ချင်းအမျိုးသားတပ်ဦး၏ စီးပွါးရေးတာဝန်ခံဖြစ်သူ Pu Ro Khawma စီးနင်းလိုက်ပါလာကြောင်း၊ ကားနောက်ခန်းတွင်မှု ဆလိုင်းပီတာဆိုသူမှ လိုက်ပါလာခဲ့ ကြောင်း၊ယင်းဆေးလုံးများကို Pu Ro Khawma နှင့် ယာဉ်မောင်းဖြစ်သူ ကိုခမ်ခန့်မာန် (ခ) မာန်(Kham Khan Mang) တို့ နှစ်ယောက် ကြားတွင် ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း၊ ယင်းဆေးလုံးများကို ယာဉ်မောင်းဖြစ်သူက သူ၏ ပစ္စည်းဖြစ်ကြောင်း ထွက်ချက်ပေးခဲ့ကြောင်း တာဝန်ကျ ရဲအဖွဲ့ထံမှ သိရှိရပါသည်။

ဤကိစ္စ နှင့် ပတ်သက်ပြီး တီးတိန် ချင်းအမျိုးသား တပ်ဦး ဆက်ဆံရေး ရုံးတာဝန်ခံ Pu Go Khan Nang ကို  မေးမြန်းခဲ့ရာ- "ဒီကိစ္စက တကယ်ဖြစ်တဲ့ ကိစ္စပါ။ ကျုပ်တို့စီးပွါးရေး တာဝန်ခံအနေနှင့်တော့ ကားကို ငှါးပြီး စီးလားတာ။ ယာဉ်မောင်းသူအနေနဲ့ ဘာပစ္စည်းတင်တင် သူတို့နှင့်မဆိုင်ဘူး။ ဒီကိစ္စက ချင်းအမျိုးသားတပ်ဦးနှင့် ပတ်သက်မှု မရှိပါဘူး။ ပူးရိုခိုမားကတော့ အဲဒီ အထုပ်ကို ကားထွက်ခါနီးမှာ ကမန်းကတန်းယူပြီး ငါ့ဘေးမှာထားသွားတာ။ ဘာထုပ်မှန်းတောင် မသိရဘူးလို့ ကျုပ်ကို ပြောသွား တယ်" ဟု ပြောကြားသွား သည်။

တီးတိန်မြို့ခံများမှ- ကိုခမ်ခန့်မာန်(Khan Khan Mang)ကဲ့သို့ ကားသမားတစ်ယောက်အနေဖြင့် ဤမျှတန်ဖိုးများပြားလှသော ပစ္စည်းများမှာ သူ့ကိုယ်ပိုင်ပစ္စည်းဟု ပြောသည့်အပေါ်တွင် စဉ်းစားစရာရှိသည်ဟု ဝေဖန်ပြောကြားလျက် ရှိသည်ဟု သိရသည်။

ယာဉ်မောင်း ခမ်ခန့်မာန် (ခ) မာန်အား လက်ရှိတွင် တီးတိန်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိရသည်။

0 comments:

Post a Comment