Sunday 6 December 2009

“တစညပါတီ အလိုမရှိ” ပိုစတာကပ်သူများ အဖမ်းခံရ

Friday, 04 December 2009 19:15 ဘစောတင်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ “တစညပါတီ အလိုမရှိ” စာတန်းပါ ပိုစတာ ကပ်သော လူငယ် ၂ ဦး ယမန်နေ့က ဖမ်းဆီးခံရကြောင်း ဒေသခံများက ဆိုသည်။

သဘောင်္ဆိပ် အနီးရှိ အုတ်နံရံပေါ်တွင် အဆိုပါ ပိုစတာများကို ကပ်နေစဉ် လုံခြုံရေး လှည့်လာသည့် ရဲတပ်ဖွဲ့ က ည ၉ နာရီ ခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးပြီးတော့ မကြာခင်မှာဘဲ ဘူးသီးတောင်အခြေစိုက် စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ် (စကခ) ကို ခေါ် သွားပါတယ်၊ ဒီနေ့ ညနေပိုင်းထိတော့ ပြန်မလွတ်သေးဘူး”ဟု ဘူးသီးတောင် ဒေသခံ တဦးက ဆိုသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)သည် ရခိုင်ပြည်နယ် မောင်တော၊ ရသေ့တောင် မြို့ နယ် များအတွင်းရှိ ကျောက်ပန်းတူ၊ အလယ်သံကျော်၊ အင်းဒင်၊ မြင်းလွတ်၊ ကူတောင်ရွာများတွင် နိုဝင်ဘာလ၂၆ ရက်မှ စတင်၍ ၂၀၁၀ ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းလျက် ရှိကြောင်း၊ အိမ်ထောင်စု တစုလျှင် ခြုံ စောင်နှင့် အနွေးထည် တထည်၊ ဆန်တတင်းနှင့် စားဆီ တပုလင်းစီ ပေး၍ စည်းရုံးနေကြောင်းလည်းဒေသခံ များက ဆိုသည်။

ယင်းသို့ စည်းရုံးရေးဆင်းနေစဉ်အတွင်း ကျောက်ပန်းတူ ရွာမှ ကိုသန်းဝင်း ဆိုသူသည်လည်း တစည ပါတီကို အယုံအကြည်မရှိသကဲ့သို့ ထောက်ခံမဲမပေးနိုင်ကြောင်း ပြောသဖြင့် နယ်စပ်ဒေသ လုံခြုံရေးနှင့်ကွပ်ကဲရေး (နစက)အဖွဲ့၏ ခေါ်ယူ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရကြောင်း ရခိုင် ဒီမိုကရေစီအဖွဲ့ ချုပ်က ပြောသည်။

“တစည ပါတီက ဦးဘသိန်းတို့ စည်းရုံးဟောပြောနေစဉ်အတွင်း ကိုသန်းဝင်းက တစည ပါတီကို အယုံ အကြည် မရှိကြောင်း ထပြောခဲ့တယ်။ ဒါကြောင့် ကိုသန်းဝင်းကို နစက ရုံးစိုက်တဲ့မြင်းလွတ် ရွာကို ခေါ်သွား ပြီးတော့ တနေကုန် စစ်ဆေးခဲ့ပါတယ်”ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုကျော်ခိုင်က ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်များမှာမူ လှုပ်ရှားခွင့်မရှိခြင်းကြောင့် တရားမျှတခြင်း မရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တစညပါတီအပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်း(ကြံ့ဖွံ့)ကလည်း ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်များတွင် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရသေ့ တောင် မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ကိုထွန်းလှိုင်က ဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ပြည်ပ)မှ ဥက္ကဌ ဖြစ်သူ ဦးထွန်းဝင်းကလည်း တစည၊ ကြံ့ဖွံ့ တို့က စည်းရုံးလှုံ့ ဆော် ခွင့်ရပြီး ဒီမိုကရေစီ အင်အားစုများကို စည်းရုံးလှုံ့ ဆော်ခွင့် မပေးခြင်းသည် လုံးဝတရားမျှတမှုမရှိကြောင်းနှင့် ဒီမိုကရေစီနည်းမကျကြောင်း ပြောဆိုသည်။

“ကျနော်တို့ အနေနဲ့လာမယ့် ရွေးကောက်ပွဲ ဟာ ဒီမိုကရေစီစနစ်မကျတဲ့အတွက် လက်မခံနိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ၊ မထောက်ခံဘူးလို့ ပြောတဲ့သူကို ဖမ်းဆီးခေါ်ယူစစ်မေးတယ်ဆိုတာ ဒီမိုကရေစီ ရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်လိုက် တာဖြစ်တယ်လို့ ပြောချင်တယ်၊ အခုလို ပြည်သူက သူတို့ ဆန္ဒကို ဖော်ထုတ်တာကိုတောင် အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက် ဒီမိုကရေစီ မဲ့နေမလဲဆိုတာကို ဖော်ပြနေတယ်လို့ပြောချင်ပါတယ်”ဟု ၎င်းကဆိုသည်။(ဧရာဝတီ)

0 comments:

Post a Comment